ကွေတာလန်းနဲ့ ဆီဥကြော်၊ မြန်မာပြည်က တရုတ်အစားအသောက်များ

burma ဓာတ်ပုံ မူပိုင် Majority World
Image caption မန္တလေးက တရုတ်ညစျေးတန်း

နယ်နိမိတ်ချင်းဆက်နေတဲ့ တရုတ်ပြည်နဲ့ မြန်မာမှာ ယဉ်ကျေးမှု ကူးလူးဆက်နွယ်တာတွေ ရှိပါတယ်။ အထူးသဖြင့် စားဓလေ့မှာ ကမ္ဘာကျော်တဲ့ တရုတ်စာကို မြန်မာပြည်မှာလည်း နှစ်ခြိုက်စွာ စားသုံးကြတဲ့အတွက် မြန်မာပုံစံ တရုတ်စာအဖြစ် တွင်ကျယ်နေပြီ ဖြစ်ပါတယ်။

ဒီအစားအသောက်တွေကို မြန်မာနာမည်တွေ မှည့်ခေါ်ထားတဲ့အတွက် တရုတ်စာမှန်း မသိကြတော့တာလည်း ရှိပါတယ်။ တရုတ်စားပွဲရုံတွေမှာ ရတဲ့ ကုန်းဘောင်ကြီးကြော်၊ တောက်တောက်ကြော်၊ အစိမ်းကြော်၊ ချိုချဉ်ကြော် စတဲ့ ဟင်းလျာ တွေဟာ တရုတ်ဟင်းလျာတွေကို မြန်မာလို မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် South China Morning Post
Image caption ကမ္ဘာသိတဲ့ ကုန်းဘောင်ကြီးကြော်

ကောင်ပိုလို့ ခေါ်တဲ့ အသားလုံးနဲ့ ငရုတ်သီးမြေပဲကြော်ကို ကုန်းဘောင်ကြီးကြော်ဆိုပြီး မြန်မာမှုပြုခဲ့ကြပါတယ်။ ဒီဟင်းလျာကို တရုတ်ပြည်အနောက်ပိုင်း ဇီချွမ်နယ်မှာ ဘုရင်ခံ လုပ်သွားတဲ့ နန်းတွင်းအရာရှိတယောက်က တီထွင်တယ်လို့ ယူဆကြပြီး သူ့ရဲ့ ဘွဲ့နာမည်ကို အစွဲပြုပြီး ကောင်ပိုလို့ ခေါ်တာ ဆိုပါတယ်။ မြန်မာလိုက နန်းတော်စောင့်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီလို ပဒေသရာဇ်ဆန်တဲ့ နာမည်ကြောင့် တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ ဟောင်ပိုလို့ ပြောင်းခေါ်ခဲ့ကြပြီး တိန့်ရှောင်ဖိန်ခေတ်မှာ ပြန်ပြီး မူလအမည်ကို ခေါ်တယ်လို့ ဆိုပါတယ်။

မန္တလေးဘက်မှာ စားကြတဲ့ စဥကြော်ခေါ် ဆီဥကြော်ဟာလည်း ယူနန်နယ်မှာ စားလေ့ရှိတဲ့ ဝက်သားကို နုတ်နုတ်စင်းပြီး အမွှေးအကြိုင်များနဲ့ နယ်ကာ ဂျုံအုပ်ကြော်တဲ့ စားစရာ ဖြစ်ပါတယ်။ စဥကြော်ကို အညာမှာ မြီးရှေထဲထည့်ညှပ် စားလေ့ရှိပါတယ်။ စဥကြော်ဟာ မြန်မာဘုရင်တွေ ရှိကတည်းက နန်းတွင်းမှာ စားလေ့ရှိတဲ့ တရုတ်အစားအစာ ဖြစ်နိုင်တယ်လို့ လူထုဒေါ်အမာက တရုတ်ပြည် အချက်အပြုတ်သင်ကျောင်းကို သွားတဲ့မှတ်တမ်းမှာ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Godong
Image caption အာရှတလွှား နှစ်သက်သူများတဲ့ ခေါက်ဆွဲကြော်

ခေါက်ဆွဲ

မြန်မာပြည်က တရုတ်ဟင်းလျာတွေထဲမှာ လူသိအများဆုံးက ခေါက်ဆွဲကြော် ကြာဆံကြော်နဲ့ ပေါက်စီ၊ အီကြာကွေး စတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းတဲ့ မုန့်တွေ ဖြစ်ပါတယ်။ ခေါက်ဆွဲကြော်ကတော့ တကမ္ဘာလုံး လူကြိုက်များတဲ့ ဟင်းလျာဖြစ်ပြီး မြန်မာပြည်မှာလည်း ဒေသအလိုက် မျိုးစုံချက်ပြုတ်ကြပါတယ်။ ဗမာခေါက်ဆွဲ၊ ပန်းသေးခေါက်ဆွဲ၊ တရုတ်ခေါက်ဆွဲ စတဲ့ ခေါက်ဆွဲကြော်နည်း အမျိုးမျိုး ရှိသလို ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲသုပ် စသဖြင့် ခေါက်ဆွဲကို ချက်ပြုတ်စားသောက်နည်းတွေလည်း စုံပါတယ်။ စင်စစ် ခေါက်ဆွဲဆိုတဲ့ အမည်ကိုက မြန်မာစကားလုံးဖြစ်နေပြီး ထိုင်းရှမ်းဘာသာ ဆန်ထမင်းဆိုတဲ့ စကား ခေါက်ကလာတယ်လို့ ယူဆကြပါတယ်။ ခေါပုတ်၊ ခေါစီ၊ ခေါပြင် စတဲ့ ရှမ်းမုန့်တွေဟာလည်း ဆန်ကို ပြုပြင်ထားတဲ့ မုန့်တွေ ဖြစ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Melina Mara
Image caption ထိုင်းက ခေါက်ဆွိုင်ခေါ် အမဲသားအုန်းနို့ခေါက်ဆွဲ

ဒါကြောင့် မြန်မာပြည်မှာ အုန်းနို့ခေါက်ဆွဲခေါ်တဲ့ စားစရာကို ခေါက်ဆွိုင်ဆိုပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စားသုံးကြပါတယ်။ ဒီခေါက်ဆွဲက တရုတ်ပြည် ယူနန်နယ်က ရွှေ့ပြောင်းလာသူတွေဆီက လာတယ်လို့လည်း ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်က ရွှေ့ပြောင်းလာတဲ့ အိန္ဒိယနွယ်ဖွားတွေ ပြုလုပ်ရောင်းချလို့ အိန္ဒိယမှာလည်း ခေါက်ဆွဲကို ခေါက်ဆွဲလို့ ခေါ်ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် South China Morning Post
Image caption မြီးရှေနဲ့ သဏ္ဍာန်တူတဲ့ ယူနန်က တံတားကူးခေါက်ဆွဲ

ယူနန်က လာတဲ့ နောက်ထပ် ခေါက်ဆွဲတမျိုးကတော့ တံတားကူးခေါက်ဆွဲခေါ် မီရှန်ခေါက်ဆွဲပါ။ မြန်မာနိုင်ငံအထက်ပိုင်း ဗန်းမော်၊ မိုးကုတ် စတဲ့ နေရာတွေနဲ့ မန္တလေး၊ မုံရွာဘက်မှာ ပြုပြင် စားသုံးနေကြလို့ မြီးရှေလို့ လူကြိုက်များပါတယ်။ မူလယူနန်ပုံစံ မြီးရှေခေါက်ဆွဲပြုတ်ကိုတော့ မိုင်းသာမြီးရှေ၊ မြေအိုးမြီးရှေ အဖြစ် လူသိများပါတယ်။ မြန်မာပြည်က မြီးရှေကို တရုတ်မြီးရှေနဲ့ မြန်မာမြီးရှေဆိုပြီးလည်း ခွဲခြား ခေါ်ကြပါတယ်။ အချဉ်အစပ်များတဲ့ မြီးရှေကို မြန်မာမြီးရှေ၊ အဖြူထည် မြီးရှေကိုတော့ တရုတ်မြီးရှေ ခေါ်ပါတယ်။

ဓာတ်ပုံ မူပိုင် Jerry Redfern
Image caption လွယ်မွေက ရှမ်းခေါက်ဆွဲ

ကချင်နဲ့ ရှမ်းပြည်ဘက်မှာ စားကြတဲ့ ရှမ်းခေါက်ဆွဲဟာလည်း ယူနန်နယ်ဘက်က ရှမ်းခေါက်ဆွဲတွေက ဆင်းသက်တယ်လို့ ဆိုပါတယ်။ မူလ ခရမ်းချဉ်သီးအနှစ် ငါးခြောက်နဲ့ ချက်တဲ့ ရှမ်းခေါက်ဆွဲကို နောက်ပိုင်းမှာ ဝက်သား ကြက်သားစင်းပြီး ထည့်ချက်ကြပါတယ်။

ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption ပီနန်က ခေါက်ဆွဲဖို

မလေးရှား ပီနန်ဘက်ကနေပြီး မြန်မာပြည်ကို ရေလမ်းက ဝင်လာတဲ့ ခေါက်ဆွဲတွေထဲမှာ ကြေးအိုး၊ ကော်ရည်၊ ကတ်ကြေးကိုက် စတဲ့ ခေါက်ဆွဲတွေပါပါတယ်။ ကြေးအိုးဟာ ဘီဟွန်လို့ ခေါ်တဲ့ ကြာဆံပြုတ်ကလာတယ် ဆိုသလို ထိုင်းလို ကွေတီယိုခေါ် ခေါက်ဆွဲနဲ့ ဆင်တယ်လို့လည်း ပြောကြပါတယ်။ ၁၉၆၈ က ရန်ကုန်မှာ ဖွင့်တဲ့ ကြေးအိုးဘုရင်ဆိုင်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးကြေးအိုးဆိုင်ကြီးလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် The Washington Post
Image caption ကမ္ဘာကျော် ပတ်ထိုင်းခေါက်ဆွဲ

ကတ်ကြေးကိုက်ခေါ်တဲ့ မြိတ်ခေါက်ဆွဲကြော်ကတော့ ထိုင်းနဲ့ မလေးရှားမှာ ရှိတဲ့ ပတ်ထိုင်းခေါက်ဆွဲ၊ ချာကွေတီယို စတဲ့ ဆန်ပြားကြော်တွေနဲ့ နီးစပ်ပြီး ကမ်းရိုးတန်းမှာ ကုန်သွယ်သွားလာကြတဲ့ တရုတ်လူမျိုးတွေရဲ့ အစားအသောက် ဖြစ်ပါတယ်။ ကတ်ကြေးကိုက်ရဲ့ ထူးခြားချက်ကတော့ ပဲပြုတ်ပါတာပါ။ ဒီဆန်ပြားကြော်ဟာ တရုတ်ပြည်တောင်ပိုင်း ဂွမ်ဒေါင်းနယ်က တေအိုချူးတရုတ်လူမျိုးတွေရဲ့ အစာဖြစ်ပြီး သူတို့ရွှေ့ပြောင်းသွားတဲ့ တောင်ပိုင်းနိုင်ငံတွေမှာ ရောက်ရှိသွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Wikicommon
Image caption ထိုင်းမုန့်ဟင်းခါးခေါ် ခနုံကျင်

ကော်ရည်ခေါက်ဆွဲကတော့ အရည်ပျစ်ပျစ် တရုတ်ခေါက်ဆွဲ တမျိုးက လာပုံရပြီး ငါးပိထောင်းနဲ့ တွဲစားတဲ့ဓလေ့ကို မြန်မာပြည်က ရပုံပေါ်ပါတယ်။ ကြာဆံဟင်းခါးခေါ် ကြာဆံဟင်းရည်ကလည်း ကြာဆံနဲ့ မှိုခြောက်ပြုတ်ကို အခြေခံတဲ့ တရုတ်ခေါက်ဆွဲပုံစံမျိုးက ဆင်းသက်ပုံရပါတယ်။ မုန့်ဟင်းခါးကိုတော့ ထိုင်းနိုင်ငံမှာ ခနုံကျင်လို့ ခေါ်ပြီး မွန်က ဆင်းသက်တဲ့ ဝေါဟာရလို့ ဆိုသလို ကျင်ရဲ့ဆိုလိုရင်းက တရုတ်ကို ညွှန်းတာလို့လည်း သိရပါတယ်။ မုန့်ဟင်းခါးနဲ့ ဆင်တဲ့ ငါးဆန်ခေါက်ဆွဲပြုတ်မျိုးစုံကိုတော့ အရှေ့တောင်အာရှမှာ စားသုံးကြတာ တွေ့ရပါတယ်။

ဆီချက်ခေါက်ဆွဲခေါ် ဂျုံခေါက်ဆွဲတမျိုးကိုလည်း ထိုင်းနဲ့တခြား အရှေ့တောင်အာရှ နိုင်ငံတွေမှာ တွေ့ရပြီး မြူစွမ်ခေါ် ခေါက်ဆွဲမျှင်ကိုလည်း မြန်မာပြည်မှာ စားသုံးကြပါတယ်။ ဖက်ထုပ်ကိုလည်း အကြော်အပေါင်း ဆီချက်ပုံစံတွေနဲ့ စားသုံးကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘီးမုန့်ခေါ် အသားအစာသွပ်မုန့်

တရုတ်မုန့်များ

တရုတ်လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းချတဲ့ပေါက်စီနဲ့ အီကြာကွေး၊ အန်စာမုန့်စတဲ့ မုန့်တွေကို လူသိများပါတယ်။

ဓာတ်ပုံ မူပိုင် Tessa Bunney
Image caption ယုချာကွေးခေါ် အီကြာကွေး

အီကြာကွေးကို မြန်မာပြည်မှာ လူကြိုက်များလို့ စာရေးဆရာနာမည်တောင် ရှိခဲ့ပါတယ်။ အီကြာကွေးကို ပဲ၊ မလိုင်နဲ့စားတာ၊ အစာသွပ်တာတွေလည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် SAM YEH
Image caption ဝက်နှစ်အတွက် ဝက်ရုပ်ပေါက်စီ

ပေါက်စီကိုတော့ ဝက်သား၊ ကြက်သားအပြင် အုန်း၊ ပဲစတဲ့ အချိုပေါက်စီတွေ စားကြတဲ့အပြင် မလိုင်ပေါက်စီဆိုပြီး မန္တလေးမြို့ အိမ်တော်ရာဘုရားမှာ ရောင်းချစားသောက်ပါတယ်။

လမုန့်ကို တရုတ်ပွဲတော်တွေမှာ စားတာအပြင် ဧလမုန့်အဖြစ် ရောင်းချတာကိုလည်း မန္တလေးဘက်ကစ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် NurPhoto
Image caption တီကေ့ခေါ် အီကွေးမုန့်ကို ဖိလစ်ပိုင်မှာလည်းရောင်းချ

တရုတ်နှစ်ကူးမုန့်အဖြစ် စားကြတဲ့ အီကွေးခေါ် တီကေ့မုန့်အချိုတွေကိုတော့ တရုတ်ပြည် ပြင်ဘက်က အရှေ့အာရှနိုင်ငံတွေမှာ စားကြတာကို တွေ့ရပါတယ်။ ပိန်းဥမုန့်နဲ့ ဖရုံသီးမုန့်၊ အန်ကူးမုန့်တွေကိုလည်း အာရှတလွှားမှာလိုပဲ မြန်မာပြည်က တရုတ် နှစ်ကူးမှာ စားကြပါတယ်။ ဒင်ဆမ်းခေါ် အသားပေါင်းစုံ မြန်မာပြည်မှာ ခေတ်စားလာတာကိုလည်း ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမှာ တွေ့ရပါတယ်။

အထပ်မုန့်၊ ကွေတာလန်း၊ ကွေပင်ကား၊ ကွေလာပေးစတဲ့ မလေးရှားဘက်က ပသျှူးတရုတ် ကျောက်ကျောနဲ့ မုန့်အချိုတွေကိုလည်း ရန်ကုန်၊ မြိတ်စတဲ့ အောက်ပိုင်းက မြို့တွေမှာ စားကြပါတယ်။

တိုဟူး

ဓာတ်ပုံ မူပိုင် Tessa Bunney
Image caption အင်းလေးက တိုဟူး

တရုတ်တိုဟူးကို ပဲပိစပ်နဲ့လုပ်ပေမယ့် မြန်မာတိုဟူးကိုတော့ ကုလားပဲမှုန့်နဲ့လုပ်လို့ အရောင်နဲ့ အရသာ ကွာခြားပါတယ်။ ရှမ်းပြည်မှာ စားတော်ပဲနဲ့ လုပ်တဲ့ တိုဟူးကို ရှမ်းတိုဟူးခေါ်ပြီး ဆန်တိုဖူး၊ ဝမ်တိုဖူး၊ တိုဖူးနွေး၊ တိုဟူးခြောက် စသဖြင့် ပြုလုပ်စားသုံးကြပါတယ်။ ဆီတိုဟူးခေါ် တိုဟူးအချဉ်ကိုလည်း ရှမ်းပြည်နဲ့ ကချင်၊စစ်ကိုင်းတိုင်းမြောက်ပိုင်းတွေမှာ စားလေ့ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Than Htay Maung
Image caption ဝက်သားတုတ်ထိုးကို အစောဆုံးဖော်ပြတဲ့ ကာတွန်း

ဝက်သားတုတ်ထိုးကို စစ်ပြီးမှ မြန်မာပြည်မှာ ခေတ်စားလာတယ် ထင်ကြပေမယ့် စစ်မဖြစ်ခင် အင်္ဂလိပ်ခေတ်ကတည်းက ရန်ကုန်မှာ စားကြတာကို ဦးဘဂျမ်းရဲ့ ၁၉၄၁ က ကာတွန်းတပုဒ်မှာ တွေ့ရပါတယ်။ လှီးလိုက်စမ်းဟေ့ အူမကြီးတပဲဘိုး လို့ ပါရှိတဲ့ ဒီကာတွန်းမှာ ခေါင်းပေါင်းနဲ့မြန်မာအမျိုးသားက တရုတ်စျေးသည်ဆီမှာ ဝက်သားတုတ်ထိုး ဝယ်စားနေပါတယ်။ အဲဒီအချိန်က တုတ်ထိုးကို မြန်မာလို ဘယ်လိုခေါ်တယ်တော့ မသိပါ။

ထမင်းပေါင်း၊ ဆီချက်နဲ့ အသားကင် အခေါက်ကင် ရောင်းတဲ့ ဆိုင်ကလေးတွေကို စစ်မဖြစ်ခင်က ရန်ကုန်မှာ အကော်လိဖန်ဆိုင်တွေလို့ ခေါ်တတ်ကြောင်း၊ စျေးပေါလို့ စာရေးဆရာ၊ ရုံးစာရေးစတဲ့ လူလတ်တန်းအောက်လွှာတွေ စားလေ့ရှိကြောင်း ဦးသုခရဲ့ စာတပုဒ်မှာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Long Duk Yiw
Image caption ရန်ကုန် တရုတ်တန်းက စားစရာဆိုင်တွေ

ကော်ပြန့် ၊ မရွေးစတဲ့ တရုတ်မုန့်တွေကိုလည်း မြန်မာတွေ ကြိုက်ကြပေမယ့် ဘာကြောင့် ဒီနာမည်တွေ ပေးတယ်ဆိုတာတော့ မသိရပါဘူး။ မန်းမရွေးဆိုတဲ့ မြန်မာမုန့်ကတော့ တရုတ်မရွေးနဲ့ မတူပါဘူး။

နန်တုံခေါ် ဝက်လက်အေး၊ တည်သီးခြောက်၊ စွန်တန်၊ မုန်ညင်းချဉ်၊ ဝက်အူခြောက်စတဲ့ ရှမ်းတရုတ် စားစရာတွေကိုလည်း အထက်ပိုင်းက မြန်မာလူမျိုးတွေ စားသုံးကြပါတယ်။ ကြာညို့၊ ကြံဆင့် ဆိုပြီး ပဲငံပြာရည် အနောက်နဲ့ အကြည်ကို တရုတ်အမည်နဲ့ ခေါ်ဝေါ် တာကိုလည်း အထက်ပိုင်းမှာ တွေ့ရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ဘက်က ရှမ်းထမင်းဆိုင်တွေမှာလည်း ရှမ်းတရုတ်ပုံစံ ဟင်းလျာတွေကို ရောင်းချကြပြီး မြန်မာပြည် အောက်ပိုင်းနဲ့ ထိုင်းနိုင်ငံဘက်မှာလည်း ယူနန်နဲ့ ရှမ်းစာအဖြစ် လူကြိုက်များတာကို တွေ့ရပါတယ်။

ခေါက်ဆွဲ၊ မြီးရှေနဲ့ လမုန့်ကစတဲ့ မြန်မာတရုတ်စာ ယဉ်ကျေးမှုဟာ အကင်စုံနဲ့ မာလာဟင်း၊ မာလာရှမ်းကောအထိ ခရီးဆက်နေတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Ben Davies
Image caption တရုတ်နယ်စပ် မိုင်းလားက တောကောင်ထမင်းဆိုင်