ကမ္ဗောဇ၊ ပျောက်ကွယ်သွားတဲ့ ဖက်ဒရယ်ရှမ်းပြည်များ

Shan ဓာတ်ပုံ မူပိုင် Wikicommon
Image caption ပျောက်ကွယ်သွားတဲ့ ပဒေသရာဇ်ရှမ်းပြည်နယ်စု

ရှမ်းပြည်နယ် ဆိုတဲ့ စကားပေါ်လာတာ ၁၉၄၈ ကပါ။ ဒီအရင်က ပဒေသရာဇ်ရှမ်းပြည်နယ်စုလို့ ခေါ်ပါတယ်။ မြန်မာပြည်မနဲ့ ပူးတွဲအုပ်ချုပ်မှုအောက်မှာ မရှိဘဲ ဗြိတိသျှဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်တာ ဖြစ်ပါတယ်။

ရှမ်းနဲ့တကွ ကချင်တောင်တန်းနဲ့ ချင်းတောင်၊ ကရင်ပြည်နယ်ဖြစ်လာမယ့် သံလွင်ခရိုင်၊ နာဂတောင်တန်းတွေမှာလည်း နယ်ခြားအုပ်ချုပ်ရေးထားရှိလို့ ဒေသခံ စော်ဘွားနဲ့ ဒူးဝါး၊ တောင်အုပ်တွေက အာဏာကြီးခဲ့ပါတယ်။

ဒီပြည်နယ်တွေထဲမှာ ထိပ်ဆုံးက ကျိုင်းတုံ၊ မိုးနဲ၊ သီပေါ၊ ညောင်ရွှေဆိုတဲ့ အဓိက စော်ဘွားနယ်ကြီးတွေ ရှိပါတယ်။ ဒီနယ်က စော်ဘွားကြီးတွေ မြန်မာပြည်ဆင်းရင် ဘူတာမှာ အမြောက် ကိုးချက် ပစ်ဖောက် ကြိုဆိုရလို့ အမြောက်ရ စော်ဘွားလို့ ခေါ်ပါတယ်။

ဓာတ်ပုံ မူပိုင် Print Collector
Image caption ဒေလီဒါဘာကိုတက်လာတဲ့ ရှမ်းစော်ဘွားကြီး

အဲဒီနောက်က စော်ဘွားကြီးငယ်လတ် အဆင့်ဆင့် အာဏာခွဲထားမှာ အငယ်ဆုံးနယ်လေးတွေမှာတော့ မြို့စားနဲ့ ငွေခွန်မှူး အုပ်ချုပ်ပါတယ်။ ဒီစော်ဘွားနယ်တွေမှာ ပြည်မက တိုက်ရိုက် ချုပ်ကိုင်မှု တော်တော်နည်းပြီး ကာကွယ်ရေး၊ နိုင်ငံခြားဆက်သွယ်ရေးနဲ့ သတ္တုတွင်းလို အရေးကြီးတဲ့ ကိစ္စတွေမှာသာ ဗြိတိသျှဘက်က ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

၁၉၃၇ က ရှမ်း၊ ကရင်နီနဲ့ ဝ ပြည်နယ် ၅၂ နယ်မှာ လူဦးရေ တသန်းကျော် နေထိုင်ခဲ့ပြီး နယ်မြေအကျယ်အဝန်း စတုရန်းမိုင် ၆၇,ဝဝဝ ကျော်ရှိတယ်လို့ ဗြိတိသျှ မှတ်တမ်းတွေက ဆိုပါတယ်။ ဒီနယ်တွေက အခွန်တော် ၁၃ သိန်းခွဲ ရတယ် လို့လည်း ဆိုပါတယ်။

ဒီထဲမှာ တချို့ ဝ နယ်တွေက ဗြိတိသျှ ဝင်လို့မရသေးတဲ့နယ်မြေတွေ ဖြစ်ပြီး အုပ်ချုပ်မှု အာဏာစက် မရှိသလောက် ဖြစ်ပါတယ်။ ကရင်နီနယ်တွေကိုတော့ ဗြိတိသျှ အစောင့်အရှောက်ခံ ပုံစံမျိုးထားရှိပြီး မော်ချီးသတ္တုတွင်းနဲ့ ကျွန်းသစ်လုပ်ငန်း ကိုတော့ ဗြိတိသျှက ချုပ်ကိုင်ထားတာပါ။

မဟာရာဇာရှင်းတမ်း

ဒီလို စော်ဘွား အုပ်ချုပ်မှု ပုံစံမျိုးကို အိန္ဒိယမှာလည်း တွေ့ရပြီး မဟာရာဇာခေါ် စော်ဘွားတွေရဲ့ အာဏာကို ဗြိတိသျှဘက်က တော်တော် ကာကွယ်ပေးထားခဲ့ပါတယ်။ အိန္ဒိယမှာ ၂၁ ချက် အမြောက်ရတဲ့ စော်ဘွားကြီးတွေအထိ ရှိပြီး တိဘက်က ဒလိုင်လားမားကတော့ ၁၉ ချက်ရတယ်ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ဟိုတယ်ဖြစ်သွားတဲ့ ဟိုက်ဒရာဘတ်နန်းတော်

အိန္ဒိယစော်ဘွားတွေကိုတော့ ဗြိတိသျှက လွတ်လပ်ရေးမပေးခင်မှာ ပါကစ္စတန်နဲ့ အိန္ဒိယ ကြိုက်တဲ့ဘက်ကို ပေါင်းခွင့်ပေးခဲ့ပါတယ်။ ဒီထဲက ဟိုက်ဒရာဘတ်မဟာရာဇာက သီးသန့်နိုင်ငံထူထောင်ဖို့ ကြံစည်လို့ အိန္ဒိယက ဝင်သိမ်းခဲ့ပါတယ်။ တခြား စော်ဘွားတွေရဲ့ အာဏာကိုလည်း လွတ်လပ်ရေးရပြီးနောက်မှ ပါကစ္စတန်နဲ့ အိန္ဒိယခေါင်းဆောင်တွေက ကန့်သတ်လျှော့ချခဲ့ပါတယ်။ မြန်မာပြည်မှာလို စော်ဘွားတွေကို ဖမ်းတာ၊ စော်ဘွားတွေဘက်က ဖက်ဒရယ်စနစ်တောင်းတာ၊ သူပုန်ထတာမျိုးတွေ ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် သံတမန်ရေး၊ စစ်ရေးနည်းတွေသုံးပြီး သိမ်းသွင်းခဲ့ရပါတယ်။

အိန္ဒိယမှာ ၁၉၇၁ ရောက်မှ စော်ဘွားအဆင့်အတန်းနဲ့ ရပိုင်ခွင့်တွေကို ဖွဲ့စည်းပုံမှာ အပြီးဖျက်သိမ်းနိုင်ခဲ့ပြီး ပါကစ္စတန်က ဘလူချီစတန်စော်ဘွားညီ စခဲ့တဲ့ ပုန်ကန်မှုကတော့ ၁၉၄၈ ကနေ ခုထိ ဖြစ်နေဆဲပါ။

၁၉၇၅ မှာတော့ အိန္ဒိယ အစောင့်ရှောက်ခံ ဆစ်ကင်စော်ဘွားနယ်မှာ အိန္ဒိယ အစိုးရက ဝင်သိမ်းပြီး စော်ဘွားကို ဆန္ဒခံပွဲနဲ့ ဖြုတ်ချခဲ့ပါတယ်။

အင်ဒိုနီးရှားမှာတော့ လွတ်လပ်ရေးမှာ ကူညီခဲ့တဲ့ ဂျော့ဂျာကာတာ စော်ဘွားကြီးကို ကနေ့အထိ စော်ဘွားအာဏာ ပေးထားဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Print Collector
Image caption အနှစ်တရာကျော်က ရှမ်းစော်ဘွားနဲ့ စော်ဘွားကတော်

ရာဇဝင်ထဲက စော်ဘွား

စော်ဘွားစနစ်ဟာ မြန်မာဘုရင်တွေ လက်ထက်ကတည်းက နှစ်ရာချီ ရှိခဲ့ပြီး မြန်မာသမိုင်းမှာ သိုဟန်ဘွား၊ အုန်းဘောင်ခုံမှိုင်း၊ မိုးဗြဲနရပတိစတဲ့ စော်ဘွားတွေကို မင်းမြှောက်အုပ်ချုပ်ခဲ့တဲ့ ခေတ်တွေ အင်းဝခေတ်က ရှိခဲ့ပါတယ်။

ဘုရင့်နောင်လက်ထက်မှာ စော်ဘွားနယ်တွေကို သိမ်းသွင်းပြီး အဲဒီဒေသတွေက စော်ဘွားသေရင် ကျွန်တွေကိုသတ်ပြီး မြှုပ်တဲ့စနစ်ကို ပယ်ဖျက်ခဲ့ပါတယ်။ စော်ဘွားသားတွေ ညီတွေကို ဘုရင့်နေပြည်တော်မှာ ခေါ်ပြီး ထီးမူနန်းရာနဲ့ ယဉ်ပါးအောင် ထားတဲ့အလေ့ကလည်း သူ့လက်ထက်ကနေ သီပေါမင်းခေတ်အထိ ရှိခဲ့ပါတယ်။ တကယ်တော့ ဒါဟာ စော်ဘွားတွေ မပုန်ကန်ရဲအောင် ဓားစာခံထားတာပါ။ ရှမ်းပြည်တောင်ပိုင်းက မိုးနဲမှာလည်း ဗိုလ်မှူးမင်းသားအဆင့် ရုံးစိုက်ပြီး မြန်မာတပ်ကို ချထားပါတယ်။

နောက် တနှစ်ကို သုံးကြိမ် မြန်မာဘုရင်ကို လက်ဆောင်ဆက်ရတဲ့ ဓလေ့လည်း စော်ဘွားတွေမှာ ရှိပါတယ်။ သင်္ကြန်နဲ့ ဝါဝင် ဝါထွက်မှာ အကန်တော့မရောက်တဲ့ စော်ဘွားကို ပုန်ကန်သူလို့ သတ်မှတ်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နန်းတော်ကို စော်ဘွားတွေ လာကန်တော့ရ

ဒါပေမဲ့ နယ်စပ်က တချို့စော်ဘွားတွေဟာ တရုတ်နဲ့ ယိုးဒယား စတဲ့ နီးစပ်ရာဘက်ကိုပါ လက်ဆောင်ဆက်နေရလို့ နှစ်ဘက်သုံးဘက် သစ္စာခံသလို ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာပြည် သိမ်းပြီးတဲ့နောက်မှာ သံလွင်အရှေ့ဘက်က ကျိုင်းရုံးကြီး၊ မိုင်းလျဉ်းစတဲ့ တချို့နယ်တွေကို တရုတ်ဘက်ကို ဗြိတိသျှက ပေးလိုက်တာကို ကြုံတွေ့ခဲ့ရပါတယ်။

သီပေါမင်းနန်းကျပြီးနောက်မှာတော့ တချို့စော်ဘွားတွေက ဗြိတိသျှ သစ္စာခံပြီး တချို့ကတော့ လင်းပင်မင်းသားကို နန်းတင်ဖို့ ပုန်ကန်ကြပါတယ်။ ရှမ်းပြည်ကို ဗြိတိသျှ သိမ်းပိုက်ပြီးနောက်မှာတော့ ချင်းနဲ့ ကချင်တောင်တွေလိုပဲ သွယ်ဝိုက်အုပ်ချုပ်ပြီး စော်ဘွားတွေက တဆင့်ခံကြိုးကိုင်ခဲ့ပါတယ်။ တောင်ကြီးမှာ ရှမ်းစော်ဘွားသားများကျောင်းဖွင့်ပြီး ပညာသင်ပေးသလို တချို့စော်ဘွားတွေကို ဆာဘွဲ့ပေးပြီး သူကောင်းပြုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Keystone-France
Image caption သီပေါစော်ဘွား ဆာစောချယ်နဲ့ မဟာဒေဝီ လေဒီချယ်

အစပိုင်းမှာ ဗြိတိသျှ ထိန်းချုပ်မှု နည်းသေးပေမယ့် ၁၉၂၂ မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စု ဖွဲ့ပေးပြီးနောက် စော်ဘွားတွေရတဲ့ အခွန်တဝက်ကို ဗြိတိသျှဆီပေးရပါတယ်။

မြန်မာပြည်ကို အုပ်ချုပ်ရေးတိုးပေးတဲ့အခါတိုင်း ရှမ်းပြည်ကို ချန်ထားခဲ့သလို မြန်မာနိုင်ငံရေးသမားတွေကိုလည်း ရှမ်းပြည်အလာမခံဘဲ ထားခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ရှမ်းကျောင်းသားတချို့နဲ့ ကိုအောင်ဆန်း၊ ကိုနုစတဲ့ သခင်ကျောင်းသားတွေ နီးစပ်မှုကြောင့် ဒုတိယကမ္ဘာစစ်အတွင်းကစပြီး ရှမ်းပြည်မှာ နိုင်ငံရေး နိုးကြားလာပါတယ်။

စစ်အတွင်းမှာ ကျိုင်းတုံနဲ့ မိုင်းပန်နယ်ကို ဂျပန်က ထိုင်းကို ပေးတာနဲ့ ကရင်နီအရှေ့ပိုင်းကို ထိုင်းတပ်တွေ ဝင်လာတာတွေကြောင့်လည်း စော်ဘွားတွေရဲ့ အာဏာစက် ကျလာပါတယ်။

ဓာတ်ပုံ မူပိုင် Anadolu Agency
Image caption ပင်လုံစာချုပ်အမွေနဲ့ ငြိမ်းချမ်းရေးယူဖို့ ဒေါ်အောင်ဆန်းစုကြည် ကြိုးစား

ပင်လုံနဲ့ ရှမ်းပြည်

စစ်အပြီးမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလအဖွဲ့နဲ့ ရှမ်းနိုင်ငံရေးသမားတွေ ပူးပေါင်းပြီး ပင်လုံစာချုပ် ချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရှမ်းပြည်ကို အဓိကချုပ်ကိုင်ထားဆဲ ဖြစ်တဲ့ စော်ဘွားတွေ ပြည်ထောင်စုထဲ ဝင်ဖို့အတွက် ခွဲထွက်ခွင့်နဲ့ အရွေးချယ်မခံဘဲ အမတ်ဖြစ်ခွင့်အပါအဝင် ကိစ္စတွေကို ဖွဲ့စည်းပုံမှာ ထည့်သွင်းပေးခဲ့ရတာကို မြန်မာတပ်မတော်ဘက်က အဲဒီတည်းက မကျေနပ်ခဲ့ဘူးလို့ ကြည်ဝင်းစိန်ရဲ့ တော်လှန်ရေးကောင်စီ ဗိုလ်ချုပ်ကြီးများနဲ့ကျွန်တော် စာအုပ်မှာ ဖော်ပြပါတယ်။

ဒီလို စော်ဘွားတွေအကြိုက် လိုက်လျောရတာဟာ ဗြိတိသျှလူဖြစ်တဲ့ ဦးတင်ထွဋ်အကြံပေးမှုကြောင့် ဖြစ်တာဆိုပြီး မကျေနပ်ခဲ့တဲ့အတွက် လွတ်လပ်ရေးရပြီး နောက်ပိုင်း အာဏာလုပွဲတွေအတွင်း ဗြိတိသျှနဲ့ နီးစပ်တယ်လို့ ယူဆခံရသူတွေ ရာထူးဖြုတ်ခံရတာ၊ လုပ်ကြံခံရတာတွေ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Keystone
Image caption လွတ်လပ်ရေးယူချိန်က ရှမ်းသမတ စဝ်ရွှေသိုက်

ဗြိတိသျှလူလို့ သတ်မှတ်ခံရတဲ့အထဲမှာ ပါတဲ့ စော်ဘွားတွေနဲ့ မြန်မာအစိုးရ ဆက်ဆံရေးကတော့ အစပိုင်းမှာ ကောင်းသလို ရှိပေမယ့် တရုတ်ဖြူ ကျူးကျော်မှုကြောင့် ရှမ်းပြည်မှာ မြန်မာတပ်တွေ ချခဲ့ပြီးနောက်ပိုင်း ယိုယွင်းလာပါတယ်။ ဗြိတိသျှတပ်တွေ အများအစားချတာ မကြုံခဲ့ရတဲ့ ရှမ်းစော်ဘွားတွေ အတွက် ဒါဟာ သူတို့အာဏာကို ထိပါးတာအဖြစ် ယူဆခဲ့သလို စော်ဘွားတွေကို ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တွေ၊ ဗြိတိသျှလူတွေလို့ အမြင်ရှိတဲ့ တပ်မတော် ခေါင်းဆောင်ပိုင်း ကလည်း စော်ဘွားတွေ အာဏာကန့်သတ်ဖို့ စဉ်းစားလာပါတယ်။

ဒါကြောင့် ကရင်နဲ့ ပအိုဝ်းပုန်ကန်မှုနဲ့ ကွန်မြူနစ်သူပုန်ထမှုတွေအတွင်း မြန်မာဘက်က ရပ်ပေးခဲ့တဲ့ စော်ဘွားတွေ လျော်ကြေးပေးပြီး အာဏာစွန့်ဖို့ကိစ္စဟာ မြန်မာတပ်က အာဏာသိမ်းထားချိန် ၁၉၅၉ မှာ ဖြစ်ပေါ်လာပါတယ်။ အခြေခံဥပဒေ အရ ၁ဝ နှစ်ကျော်လို့ ခွဲထွက်ခွင့် ရှိနေချိန်မှာ စော်ဘွားတွေ အာဏာစွန့်ရပြီး မြန်မာလို မတတ်တဲ့ တချို့စော်ဘွားတွေဟာ သူတို့ဘာကို လက်မှတ်ထိုးလိုက်မှန်းကို မသိဘူးလို့ အာဏာစွန့်ချိန်က တပ်မတော် တပ်မင်းအဖြစ် ကြုံခဲ့ရတဲ့ စာရေးဆရာ မြတ်ထန်က ရေးသား ခဲ့ပါတယ်။

အဲဒါနဲ့ မရှေးမနှောင်းမှာပဲ စော်ဘွားအမျိုးတွေပါတဲ့ ရှမ်းသူပုန်ပေါ်လာပြီး ရှမ်းဆိုးပုန်ကန်မှုလို့ မြန်မာသတင်းစာတွေက သတ်မှတ်ပါတယ်။ ပါလီမန်ထဲက စော်ဘွားအမတ်တွေနဲ့ စော်ဘွားဝန်ကြီးတွေကလည်း ရှမ်းနိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီး ဖက်ဒရယ်မူခေါ် ရှမ်းမူကို ၁၉၆၁ မှာ တင်သွင်းပြီး အခြေခံဥပဒေပြင်ဖို့ ကြိုးစားပါတယ်။

ဓာတ်ပုံ မူပိုင် Jean-Michel COUREAU
Image caption ကမ္ဘာလှည့်တွေ လာနေကြတဲ့ သီပေါဟော်

အကျိုးဆက်အဖြစ် တပ်က အာဏာထပ်သိမ်းတာ ခံရပြီး အခြေခံဥပဒေပါ ပယ်ဖျက်ခံရပါတယ်။ စော်ဘွားအများအပြား အဖမ်းခံရသလို ရှမ်းနိုင်ငံရေးသမားတွေကိုလည်း ဖမ်းပါတယ်။ သမ္မတဟောင်း ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် ထောင်ထဲမှာ ကွယ်လွန်ပြီး သီပေါစော်ဘွားကတော့ အကျဉ်းစခန်းမှာ သတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး ခုထိ လက်စမပေါ်ဘဲ ဖြစ်နေပါတယ်။

အဲဒီနောက် ရှမ်းလက်နက်ကိုင်လှုပ်ရှားမှု ပိုကြီးလာပြီး ၁၉၆၈ နောက်ပိုင်းမှာတော့ ကွန်မြူနစ် လှုပ်ရှားမှုပါ ပိုကြီးလာပါတယ်။ အဲဒီအကျိုးဆက်အဖြစ် ဝနဲ့ ကိုးကန့်၊ မိုင်းလားတပ်တွေ ရှမ်းပြည်မှာ ခုထိ ကျန်နေပါတယ်။

တောင်ပေါ်မြေမှာ မေတ္တာပန်းတွေပျောက်

စစ်မီးတောက်နေတဲ့ ရှမ်းပြည်မှာ ရှမ်းစာပေသင်ကြားရေး အပါအဝင် လူမျိုးစု အခွင့်အရေးတွေ ဖိနှိပ်ခံခဲ့ရပါတယ်။ ၁၉၆၂ နောက်ပိုင်း စော်ဘွားနယ်တချို့ ပျောက်ကွယ်သွားပြီး မြို့နယ်သစ်တွေထဲ ထည့်လိုက်လို့ တိမ်မြုပ်သွားတာ ရှိသလို ကျိုင်းတုံဟော်ကို ဖျက်ဆီးပစ်တာမျိုးနဲ့ ပင်လုံစာချုပ်အတွက် ပဏာမညှိနှိုင်းခဲ့တဲ့ ညောင်ရွှေဟော်ကို သိမ်းလိုက်တာမျိုးတွေ ဖြစ်ခဲ့ပါတယ်။

ကျုံး၊ ပွေးလှ၊ ပင်မှီ စတဲ့ မြေလပ်ပိုင်းက ရှမ်းနယ်တွေဟာ ကျေးရွာအုပ်စုအဆင့် ကျသွားပြီး အင်းလေးနားက စံကားမြို့တဝက်ကတော့ ရေအောက်မြုပ်သွားပါတယ်။ အနှစ် ၄ဝ ကျော် ပြည်တွင်းစစ် ပြင်းထန်ခဲ့လို့ ရှမ်းပြည် အရှေ့ပိုင်းနဲ့ အတွင်းပိုင်းဒေသတွေရဲ့ တိုးတက်မှုလည်း ဆုတ်ယုတ်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် AGF
Image caption အစဉ်အလာမပျက် စော်ဘွားခေတ်ကလို လှည့်လည်ဆဲ အင်းလေးဖောင်တော်ဦးပွဲ

၁၉၇၄ မှာ ပေါ်လာတဲ့ လမ်းစဉ်ပါတီအစိုးရမှာ ရှမ်းလူကြီးတချို့ကို နိုင်ငံတော်ကောင်စီမှာ ခန့်အပ်ခဲ့ပေမယ့် အာဏာမရှိတဲ့နေရာတွေ ဖြစ်ခဲ့ပါတယ်။ စိုင်းထီးဆိုင်စတဲ့ ရှမ်းအဆိုတော်ရဲ့တေးတွေမှာလည်း စစ်တလင်းဖြစ်နေတဲ့ ရှမ်းပြည် အခြေအနေကို သွယ်ဝိုက်ဖွဲ့ဆိုခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း မြေပေါ် ရှမ်းနိုင်ငံရေး ပြန်ပေါ်လာပေမယ့် နှစ်ရှည်ဖမ်းဆီးခံရမှုတွေနဲ့ ဖိနှိပ်ခံခဲ့ရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ကိုးကန့်၊ ဝ၊ ပလောင်၊ ပအိုဝ်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေ ရှမ်းပြည်နယ်ထဲမှာ ပေးလိုက်တာကလည်း ရှမ်းနဲ့ တခြားလူမျိုးစုတွေကြား တင်းမာစေပါတယ်။

၂ဝ၁၅ နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရှမ်းမဟုတ်သူကို ခန့်တာလို ကိစ္စတွေမှာလည်း ရှမ်းနိုင်ငံရေးသမားတွေနဲ့ သဘောကွဲခဲ့ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပခဲ့ပေမယ့် ၁၉၄၇ က ပင်လုံကတိတွေကို ပြန်ပေးနိုင်မလားဆိုတာကတော့ မှန်းလို့မလွယ်သေးပါဘူး။

ဓာတ်ပုံ မူပိုင် Xiaolu Chu
Image caption လောက်ကိုင်က အနှစ်ရာကျော် ကိုးကန့်ဘုံကျောင်းကြီး

နောက်ပြီး စော်ဘွားစနစ်ဖျက်ပြီးနောက် ဖျက်ဆီး သိမ်းပိုက်ခံရတဲ့ ဟော်တွေနဲ့ ရှမ်းသမိုင်းအမွေတွေကို ပြန်လည်ထိန်းသိမ်းပေးဖို့လည်း တောင်းဆိုမှုတွေ ရှိနေပါတယ်။

ရာစုနှစ်တွေနဲ့ချီပြီး တဆင့်ခံအုပ်ချုပ်ရေးနဲ့ နေခဲ့တဲ့ ရှမ်းပြည်မှာ မြေပြန့်အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်ရေးဟာ ဘယ်လောက်ထိ အောင်မြင်သလဲ၊ ပြည်ထောင်စု စိတ်ဓာတ်ကို ပေါ်ထွန်းစေသလားဆိုတာကတော့ အနှစ် ၆ဝ အတွင်း ဖြစ်ရပ် တွေက သက်သေပြနေပါတယ်။

အိန္ဒိယနဲ့မတူဘဲ ပြည်တွင်းစစ် သက်တမ်းရှည်နေတာနဲ့ လူမျိုးစုနိုင်ငံရေး ကွဲပြားမှုပိုကြီးတာ၊ နိုင်ငံရေးမရင့်ကျက်တာ၊ စစ်တပ်အာဏာချုပ်ကိုင်မှု နှစ်ရှည်တာတွေကြောင့် မြန်မာပြည်က ရှမ်းစော်ဘွားအုပ်ချုပ်ရေးဟာ ပျက်သုဉ်း သွားပေမယ့်လည်း ဒဏ်ရာဒဏ်ချက်တွေ အသားမသေဘဲ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AGF
Image caption ယဉ်ကျေးမှုပြတိုက်ဖြစ်သွားတဲ့ ညောင်ရွှေဟော်