မွေးကတည်းက ပင်စင်ရတဲ့ ရတနာဂီရိပါ မင်းတရားရဲ့ နန်းမွေခံများ

burma ဓာတ်ပုံ မူပိုင် Print Collector
Image caption သီပေါမင်းနန်းစွန့်ခဲ့တဲ့ တောင်ဥယျာဉ်ထဲက နွေရာသီစံနန်းတော်

သီပေါမင်းကို နောက်ဆုံးမြန်မာဘုရင်အဖြစ် သိကြပါတယ်။ သူ့ကြောင့် မြန်မာပြည် ဗြိတိသျှအောက်ရောက်ရတယ်ဆိုပြီး အမျိုးသားရေးဝါဒီတွေ မကျေနပ်တာ ခံရတဲ့ ဘုရင်လည်း ဖြစ်ပါတယ်။ နောက် ပျောက်ဆုံးသွားတဲ့ ငမောက်ပတ္တမြား၊ ထက်မြက်တဲ့ မိဘုရား စုဘုရားလတ်တို့နဲ့ ယှဉ်ပြီးလည်း ရိုးအေးတဲ့ ဘုရင်အဖြစ် သူ့ကို သိကြပါတယ်။ ဒိုင်းခင်ခင်နဲ့ သူတို့ချစ်ပုံပြင်ကိုလည်း စာတွေဖွဲ့ခဲ့ကြသလို ထိုင်းက ရုပ်ရှင်ရိုက် ပြဇာတ်ကတာတောင် ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Print Collector
Image caption သီပေါမင်းစာသင်ခဲ့တဲ့ နန်းတွင်းက မှန်ကျောင်း

သူမရှိတဲ့နောက်မှာတော့ သူ့သမီးတော်တွေရဲ့ အချစ်ဇာတ်လမ်းတွေနဲ့ နန်းမွေခံ စတုတ္ထသမီးတော်ရဲ့ နန်းစဉ်ပစ္စည်းတွေ ပြန်လည်တောင်းဆိုတဲ့ စာတမ်းတွေကို လူသိများပါတယ်။ မြေးတော်တွေ ခေတ်မှာတော့ တော်ဘုရားအမည်နဲ့ မင်းသားတွေရဲ့ လှုပ်ရှားမှုတွေက မြန်မာသတင်းစာတွေမှာ တချိန်က တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သူတို့တတွေကို ပင်စင်အစောင့်အရှောက်ပေးထားပြီး ဗြိတိသျှက မျက်စိဒေါက်ထောက်ကြည့်နေတာပါ။ မြေးတော်တွေကို ဥရောပသာသနာပြုကျောင်းတွေမှာ ကျောင်းအိပ်ကျောင်းစားနေစေပြီး ဥရောပနာမည်ယူစေပါတယ်။ ဗြိတိသျှအမိန့်အရ မော်လမြိုင်ကို မန္တလေးကပြောင်းရွှေ့နေရတဲ့ စတုတ္ထသမီးတော်ဟာ သူ့သားတော်တပါးက နင်ငါသုံးပြီး စကားပြောတာကို တွေ့လို့ ဒီလိုမပြောရဘူးလို့ ဆုံးမခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Wikicommon
Image caption စတုတ္ထသမီးတော်နဲ့ ကိုကိုနိုင်

ဂျပန့်နန်းလျာ တော်ဘုရားကြီးခေါ် ဂျော့မင်းသား

ဓာတ်ပုံ မူပိုင် Wikicommon
Image caption တော်ဘုရားကြီးတို့ မိသားစု

တော်ဘုရားကြီးကို နန်းလျာမင်းသားအနေနဲ့ ဗြိတိသျှရော ဂျပန်အောက်မှာပါ သဘောထားခဲ့တယ်လို့ သိရပါတယ်။ ဘွားတော် စုဘုရားလတ် ရှိစဉ်ကတည်းက သူ့မယ်တော် စတုတ္ထသမီးတော်ကို စာချုပ်စာတမ်းနဲ့တကွ ထီးနန်းအမွေ လွှဲအပ်ပြီး ဖြစ်လို့ သားတော်ကြီး တော်ဘုရားကြီးကို ထီးနန်းအမွေခံအဖြစ် ယူဆကြတာပါ။

ဂျပန်ခေတ်မှာတော့ ဘုရင့်နိုင်ငံတည်ထောင်ရေးအဖွဲ့ ဆိုပြီး ဂျပန်လက်အောက်ခံ ရုပ်သေးဘုရင်တင်ဖို့ တော်ဘုရားကြီးကို ဂျပန်က မျက်စိကျခဲ့ပါတယ်။ သူ့အရင် မင်းတုန်းမင်းသားတော် ပျဉ်းမနား မင်းသားကြီးကို စစ်ပြေးနေတဲ့ ဒဟတ်တောရွာ အထိသွားပြီး ဘုရင်တင်ဖို့ ဂျပန်က ဆွေးနွေးခဲ့ပါသေးတယ်။ မင်းသားကြီးက အသက်အရွယ်အကြောင်းပြပြီး ငြင်းပယ်လိုက်လို့ တော်ဘုရားကြီးကို ရွေးချယ် လိုက်တာပါ။

တော်ဘုရားကြီးကို ဘုရင်လောင်းပုံစံမျိုး စစ်တပ်အစောင့်အရှောက်နဲ့ ဂျပန်က ထားတယ်ဆိုပါတယ်။ အဲဒီအချိန်က အဓိပတိ ဖြစ်နေတဲ့ ဒေါက်တာဘမော်ကို ဂျပန်က လုပ်ကြံပြီး တော်ဘုရားကြီးကို နန်းတင်ဖို့လည်း ကြံစည်ခဲ့ပါတယ်။ ဂျပန်စစ်ရှုံးချိန်မှာ တော်ဘုရားကြီးကို ဘန်ကောက်ထိ ဂျပန်က ခေါ်သွားပြီး နောက်မှ ထိုင်းအစိုးရနဲ့ ဗြိတိသျှတွေ ညှိနှိုင်းပြီး ပြန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နဲ့ ပါမသွားခင် မော်လမြိုင်မှာ ဂျပန်ဖမ်းထားတဲ့ အကျဉ်းသားတွေ လွှတ်ပေးဖို့ တော်ဘုရားကြီးက ၁၂ ဆက်မြောက်ကုန်းဘောင် ဘုရင်အဖြစ် လက်မှတ်ထိုးပြီး စာထုတ်ခဲ့ပါတယ်။

စစ်ပြီးခေတ်မှာတော့ တော်ဘုရားကြီး အားကစားရုံဖွင့်ပြီး ကိုယ်လက်ကြံ့ခိုင်ရေး ကိစ္စတွေကို တော်ဘုရားကြီးနဲ့ နှမတော် ထိပ်စုဘုရားထွေးခေါ် မာဂရက် မင်းသမီးတို့ အားသွန်ဆောင်ရွက်ခဲ့ပါတယ်။ လွတ်လပ်ပြီးနောက် ၁၉၄၈ မှာ မေမြို့ကို ကိစ္စတခုနဲ့သွားရင်း ပျဉ်းမနားအလွန်မှာ ကွန်မြူနစ်တွေရဲ့ လူမှားသတ်ဖြတ်တာ ခံရလို့ တော်ဘုရားကြီး ဆုံးပါးခဲ့ရပါတယ်။ ကျန်ရစ်သူ ဇနီး ဒေါ်ခင်ကြည်ကတော့ အမေရိကန်ကို ပညာသင်သွားပြီး ပထမဆုံး အားကစားမဟာဝိဇ္ဇာဘွဲ့ရတဲ့ မြန်မာအမျိုးသမီး ဖြစ်လာပါတယ်။

တော်ဘုရားကလေးအောင်ဇေ ခေါ် ဖရက်ဒရစ်မင်းသားနီ

ဓာတ်ပုံ မူပိုင် Tawpayagale
Image caption တော်ဘုရားကလေး ထောင်ကလွတ်တဲ့အခါ

တော်ဘုရားကလေးဟာ ကျောင်းနေစဉ်ကတည်းက ဖရက်ဒရစ်ဆိုတဲ့ ဂျာမန်နာမည်ကို ယူပြီး ဗြိတိသျှကို ဆန့်ကျင်ပြခဲ့ပါတယ်။ စစ်အတွင်းမှာ တော်လှန်ရေးရဲဘော်တွေနဲ့ ဆက်မိပြီး လက်ဝဲစာပေတွေ ဖတ်ခဲ့သလို နောင်တော် တော်ဘုရားကြီး ရဲ့ လက်ထောက်အဖြစ် သူသွားလေရာ လိုက်ခဲ့ရပါတယ်။ နောက်ဆုံး မော်လမြိုင်မှာ ဂျပန်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ ဒီလိုမပြေးခင်မှာ ဒေါက်တာဘမော် အစိုးရထဲက သခင်နုနဲ့ တခြားခေါင်းဆောင်တွေနဲ့ သူလျှို့ဝှက်တွေ့ဆုံပြီး လွတ်လပ်ရေးအတွက် ဘုရင်ဂိုဏ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ကြား သဘောတူညီမှုရဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

စစ်ပြီးခေတ်မှာ သီပေါရောင်းဝယ်ရေးဆင်ဒီကိတ်ဖွဲ့ပြီး စီးပွားရေးလုပ်ခဲ့သလို သခင်ကိယ်တော်မှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့၊ တရုတ်မြန်မာမိတ်ဆွေဖြစ်အသင်းတွေမှာလည်း ပါခဲ့ပါတယ်။ ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေး အတွက် တတိယသမီးတော်ကို နာယကတင်ပြီး အဖွဲ့ထူထောင်တော့ သူက အတွင်းရေးမှူး ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် တရုတ် ဗမာအရေးအခင်းအပြီး ၂ နှစ်ခန့်တိမ်းရှောင်နေရပြီးနောက် တော်ဘုရားကလေး အဖမ်းခံ ခဲ့ရသလို ၁၉၈၉ မှာလည်း မနတခေါ် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံရပြန်ပါတယ်။

မြန်မာနန်းစဉ်ရတနာတွေ ပြန်ရရေးအပါအဝင် သီပေါအနွယ်တော်တွေအကြောင်း စာအုပ်တွေရေးသားခဲ့လို့ သူ့ကို သမိုင်းဆရာအဖြစ်လည်း လူသိများပါတယ်။ ကွယ်လွန်ပြီးနောက်မှာ သူ့အမှတ်တရ စာပေဆုကို မိသားစုက ပေးနေသလို သူ့သမီးတော် ဒေဝီသန့်စင်ခေါ် ရတနာဒေဝီကလေးကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေ ဆောင်ရွက်နေပါတယ်။

မေမြို့ တော်ဘုရား ခေါ် အက်ဒွပ်

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption မန္တလေး နန်းတော်ထဲမှာ တော်ဘုရားကို ရှိခိုးနှုတ်ဆက်နေသူ

နောင်တော်နဲ့ ညီတော်လောက် လူသိမများပေမယ့် တော်ဘုရားမှာလည်း ထူးခြားတဲ့ သမိုင်းကဏ္ဍတွေ ရှိခဲ့ပါတယ်။ အဲဒီခေတ်က သတင်းစာတွေအရ တော်ဘုရားဟာ ရေကူးနဲ့ ပြေးပွဲတွေမှာ အောင်ဆုတွေ ရခဲ့တဲ့ မင်းသားလို့ သိရပါတယ်။ စစ်အတွင်းမှာ မေမြို့ ပြင်ဦးလွင်က မိကြီးတော် တတိယသမီးတော်ကြီးနဲ့ နှမတော် ထိပ်စုကြီးဘုရားတို့ သားမယ်တော်နှစ်ပါး စစ်ကိုင်းမှာ ဒုက္ခရောက်နေလို့ သွားရောက် စောင့်ရှောက်ဖို့ သူနဲ့ တော်ဘုရားကြီးကို သခင်ကိုယ်တော်မှိုင်းက မှာခဲ့ပါတယ်။ ရန်ကုန်ကို ရောက်လာတဲ့ တတိယသမီးတော်က တော်ဘုရားနဲ့ ထိပ်စုကြီး ခေါ် ရီတာမင်းသမီးဟာ သီပေါမင်းနဲ့ စုဘုရားလတ် လိုပဲ နေ့နံတူလို့ လက်ထပ်ပေးကြဖို့ စုဘုရားလတ် နတ်ရွာမစံခင်က အမှာတော် ရှိခဲ့တဲ့အကြောင်း ဆရာမှိုင်းကို ပြောပြပြီး လက်ထပ်ပေးဖို့ တိုင်ပင်ပါတယ်။ နောက် ဂျပန်ခေတ် လွှတ်တော် ဥက္ကဋ္ဌ သခင်ကိုယ်တော်မှိုင်းအိမ်မှာပဲ သူကိုယ်တိုင် အသိသက်သေပြုကာ စေ့စပ်ပေးခဲ့ပါတယ်။

ဒါကြောင့် မောင်နှမဝမ်းကွဲချင်း ပြန်လည်လက်ဆက်ကြပြီး မေမြို့ အိမ်တော်ကို သူတာဝန်ယူ စောင့်ရှောက်ရပါတယ်။ တတိယသမီးတော်ရှိတဲ့ မေမြို့အိမ်တော်မှာ ထီးနန်းစဉ်လာတွေကို ရန်ကုန်မှာထက် ပိုလိုက်နာပါတယ်။ ဒီအိမ်တော်ကို ဘိုးဘွားတွေနဲ့အတူ အကန်တော့ရောက်ခဲ့ဖူးတဲ့ စာရေးဆရာလူထုစိန်ဝင်းက မင်းသမီးကြီး ရှေ့တော်ဝင်ရာမှာ ဒူးတွား၊ ရင်တွား၊ မိကျောင်းတွားဆိုပြီး အဆင့်ဆင့် တိုးလျှိုးပြီး ခစားကြရတယ်လို့ ပြန်ပြောင်းပြောခဲ့ပါတယ်။ လွတ်လပ်ပြီး နောက် မင်းသမီးကြီး မှတ်ပုံတင်လုပ်ရာမှာ မေးသူအရာရှိတွေက ဖခင်အမည်ကို မေးတော့ သီပေါမင်းလို့ ပြန်ဖြေဖူးတယ်ဆိုတဲ့ ပြောစမှတ်ကလေးလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/ Burmese
Image caption မေမြို့သစ်တောလမ်းက တော်ဘုရားအိမ်တော်ဟောင်း

သူတို့ မိသားစုဟာ နိုင်ငံရေး ကိစ္စတွေမှာ မပတ်သက်ဘဲ နေခဲ့ပေမယ့် သူတို့ကို ထုတ်သုံးသူတွေ ရှိခဲ့ပါတယ်။ ၁၉၅၉ က တပ်မတော် အိမ်စောင့်အစိုးရရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး ဓမ္မန္တရာယ် စစ်ဆင်ရေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ထွန်းကားရေး အတွက် သူ့နည်းသူ့ဟန်နဲ့ ဆောင်ရွက်နေတဲ့ သီပေါမင်း အနွယ်တော်တွေကို ဒီစစ်ဆင်ရေးမှာ ထုတ်သုံးဖို့ တပ်မတော် အရာရှိတွေက အာရုံကျပြီး ရွှေဘိုကို ကြွခဲ့ဖို့ သူတို့ကို ဖိတ်ပါတယ်။ ရွှေဘိုဟာ ကုန်းဘောင်မင်းဆက်ရဲ့ အစ ဖြစ်တာမို့ သူတို့မလာခင်ကတည်းက စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးဟာ ရောက်လာတဲ့ သီပေါအနွယ်တော်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြ ပါတယ်။ အလောင်းဘုရားရဲ့ အောင်မြေမှာ သမီးတော်ကြီးနဲ့ တော်ဘုရားတို့ကို အမျိုးသမီးတွေက ဆံပင်တွေကို ဖြန့်ခင်းပြီး ကြိုတာကို မြင်ရပြီးနောက် တပ်မတော်က သူတို့နဲ့အပြိုင် အာဏာထူထောင် လာနိုင်တယ်လို့ ယူဆပြီး သီပေါမိသားစုတွေကို ဆက်မသုံးတော့ပါဘူး။

နဝတ အစိုးရလက်ထက်မှာတော့ နာမည်မှာ ဘုရားတွေ ပါတဲ့ သီပေါမင်း မြေးတော်တွေရဲ့ နာရေးကြော်ငြာတွေ အစိုးရသတင်းစာတွေမှာ ထည့်ဖို့ ခက်ခဲခဲ့ပါတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာတော့ တပ်မတော်ခေါင်းဆောင်ပိုင်းက အနွယ်တော် တွေကို နန်းတော်ထဲမှာ စုဝေးခွင့် ပြုတာနဲ့ ရတနာဂီရိကို သီပေါမင်းနတ်ရွာစံ ရာပြည့်အတွက် တပ်ချုပ်ကိုယ်တိုင် လိုက်တာမျိုးတွေ ရှိလာပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption ပါတော်မူ သီပေါမင်းကို လူတွေစိတ်ဝင်စားမှုမလျော့သေး

တော်ဘုရားဟာ ညီတော် တော်ဘုရားကလေးလို နိုင်ငံရေး မတက်ကြွပေမယ့် သူ့ဆီလာတွေ့တဲ့ ပြည်ပ သတင်းထောက်တွေကို မြန်မာ့နိုင်ငံရေး အကြောင်း ဝေဖန်ပြောဆိုတာတွေ လုပ်ခဲ့ပါတယ်။ သူ့တူတော် ဗိုလ်မှူးချုပ်ဝင်းမြင့် ခေါ် စာရေးဆရာ လှိုင်သင်းက နဝတ အစိုးရမှာ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဖြစ်ခဲ့ပေမယ့် တော်ဘုရားကတော့ ရဲရဲရင့်ရင့်ပဲ သူ့အမြင်တွေကို ပြောနေခဲ့တာပါ။ စစ်အစိုးရကလည်း သူ့ကို စောင့်ကြည့်ထောက်လှမ်းနေတာရှိတဲ့အတွက် သူ့အိမ်ထဲမှာ လေလည်တာတောင် သိတယ်ဆိုပြီး တော်ဘုရားက ဟာသထုတ်ခဲ့ပါတယ်။

အနွယ်တော်တွေအပေါ် မြန်မာကျေးလက်လူထုရဲ့ စွဲလမ်းမှုကလည်း အနှစ်တရာကျော်ပေမယ့် လျော့မသွားသေးပါဘူး။ တော်ဘုရားရဲ့ သားတော်တပါးက မတ္တရာဘက်မှာ ဥယျာဉ်မှူးသွားလုပ်တဲ့အခါ သီပေါမင်းမြစ်တော်ရောက်နေတယ် ဆိုတဲ့ သတင်းက ရွာထဲရောက်သွားပြီး ညနေစောင်းမှာ လူတွေ သူ့ကိုလာကြည့်တာ၊ သူစကားပြောတာကို လာနားထောင်တာတွေ ရှိခဲ့တယ်လို့ အိန္ဒိယစာရေးဆရာမ ဆူဒါရှားက နန်းကျဘုရင် စာအုပ်မှာ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် SOE THAN WIN
Image caption နောက်ဆုံးကျန်ရစ်တဲ့ မြေးမတော် ထိပ်စုဘုရားကြီး

ကျန်တော်မူ

၂ဝ၁၉ ဇန်နဝါရီလမှာ တော်ဘုရား ကံကုန်သွားပြီးနောက် သီပေါမင်း မြေးတော် အရင်းတွေထဲမှာ ထိပ်စုဘုရားကြီးခေါ် Tessie မင်းသမီးတပါးသာ ကျန်ခဲ့ပါတယ်။ သီပေါမင်း မိသားစုမှာ အစဉ်အဆက် နတ်ရွာစံသွားသူတွေရဲ့ အရိုးပြာ တွေကို ရန်ကုန်က ဘွားတော် စုဘုရားလတ်ရဲ့ ဂူမှာ ထည့်သွင်းလေ့ ရှိပြီး ရတနာဂီရိမှာ နတ်ရွာစံတဲ့ သီပေါမင်းနဲ့ စုဘုရားကလေး၊ ပထမသမီးတော်၊ မော်လမြိုင်မှာ အနိစ္စရောက်တဲ့ စတုတ္ထသမီးတော်တို့ကလွဲရင် ကျန်တဲ့ သမီးတော်တွေနဲ့ မြေးတော်တွေရဲ့ အရိုးပြာတွေကို ဒီဂူမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Theebaw's Family
Image caption ငယ်နုစဉ်က သီပေါမောင်နှမတစု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မင်းတုန်းမင်းမြစ်တော် ထိပ်စုဘုရားကြီးနဲ့ ထိုင်းဘုရင်လောင်း

ထိပ်စုဘုရားကြီးအတွက် ဂူတနေရာစာကိုလည်း မိသားစုက အစီအစဉ်တကျ ချန်လှပ်ထားတယ်လို့ ဆိုပါတယ်။ ၁၉၂၅ က နတ်ရွာစံတဲ့ စုဘုရားလတ်ဂူအနားမှာလည်း သူနဲ့ရင်းနှီးတဲ့ သခင်ကိုယ်တော်မှိုင်းဂူရှိတဲ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းဦးသန့် နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဂူတွေပါ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Wikicommon
Image caption ရွှေတိဂုံ တောင်ဘက်မုခ်အဆင်းက စုဘုရားလတ်အုတ်ဂူ
ဓာတ်ပုံ မူပိုင် Devi Khin
Image caption ဘွားတော်ဂူအတွင်း မြေးတော်တွေရဲ့ အရိုးပြာတွေ ထည့်သွင်းမြှုပ်နှံ