ချဉ်ပေါင်ဟင်းကြိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးခရီး

aung san ဓာတ်ပုံ မူပိုင် SOE THAN WIN
Image caption အာဇာနည်ပုဂ္ဂိုလ်ကြီးအဖြစ် လေးစားခံရဆဲ ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးခေါင်းဆောင် အာဇာနည်ပုဂ္ဂိုလ်ကြီးအဖြစ် နိုင်ငံနဲ့ချီပြီး လေးစားခံရဆဲ ဖြစ်ပါတယ်။ ၃၂ နှစ်မှာ ကွယ်လွန်ခဲ့ပေမယ့် သူ့အကြောင်းတွေ အနှစ် ၇ဝ ကျော်တိုင် ရေးသား ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ပြီး ဂုဏ်ပြုဖို့လည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။

သူ့ရဲ့ကြိုးစားမှုတွေကို ရေးဖွဲ့ရာမှာ မှားယွင်းပြောဆိုတာတွေ ရှိခဲ့လို့ ဒေါက်တာဘမော်၊ ဦးညိုမြစတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရှင်းလင်းမှုတွေလည်း ၁၉၇ဝ ကျော်ကတည်းက ရှိခဲ့ပါတယ်။ ၂ဝ၁ဝ နောက်ပိုင်း မြန်မာပြည်နိုင်ငံရေး တံခါးပွင့်လာချိန်မှာတော့ ဗိုလ်ချုပ်အကြောင်း စာပေတွေ ဒါဇင်နဲ့ချီ ထွက်ခဲ့ပါတယ်။ အများစုက စာအုပ်ဟောင်းတွေနဲ့ ဆောင်းပါးဟောင်းတွေကို စုစည်းထုတ်တာ ဖြစ်ပြီး အချက်အလက်သစ် ရှာဖွေရေးသားသူက နည်းပါတယ်။

အလားတူပဲ သူ့အတ္ထုပ္ပတ္တိကို သမိုင်းသုတေသနဌာနက ၁၉၈ဝ ကျော်ကတည်းက ရေးသားထုတ်ဝေဖို့ ပြင်ဆင်ခဲ့ပေမယ့် မထုတ်ဖြစ်ဘဲ အခုမှ ပြန်ထုတ်ဖို့ ပြင်ဆင်တည်းဖြတ်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်း အကြောင်းကို အပေါ်ယံသိသူတွေများသလောက် သေချာသိသူနည်းတယ်လို့ ဆိုနိုင်ပါတယ်။

သူ့အကြောင်းနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ ကိစ္စတချို့လည်း ရှိပါသေးတယ်။ ဒီထဲက ကောက်နုတ်ပြရရင်တော့

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဗိုလ်ချုပ်ပုံကို နဖူးမှာမင်ကြောင်ထိုးသူ

ဗိုလ်ချုပ်ကြိုက်တဲ့အစာ

ဗိုလ်ချုပ်အောင်ဆန်းက ဇနီးဒေါ်ခင်ကြည်ဆီကို ကြည် ပဲပြုတ်နှင့် နံပြားရရင် စားချင်တယ် လို့ ရေးတဲ့စာကြောင့် ပဲပြုတ်နံပြားကို ဗိုလ်ချုပ်ကြိုက်တဲ့အစားအသောက်လို့ ယူဆစားသုံးသူတွေ များပါတယ်။ ဒေါ်ခင်ကြည် ပြောကြားချက်အရ ဗိုလ်ချုပ်က ချဉ်ပေါင်ဟင်းနဲ့ ရှောက်သီးသုပ်လို ဟင်းမျိုးကိုသာ စားချင်တယ်လို့ ပြောတတ်ကြောင်း သိရပါတယ်။

သူတက္ကသိုလ် တက်စဉ်က အဆောင်မှာ စားချင်တဲ့ဟင်းလျာရှိရင် ပေးဖို့ စာရင်းတောင်းတော့ ဝက်ခြေထောက်စွတ်ပြုတ်လို့ စာရင်းပေးဖူးကြောင်း သူနဲ့ကျောင်းနေဘက်တယောက်က ပြန်ရေးခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် မွေးနေ့မှာ ဝက်ခြေထောက် စွတ်ပြုတ် ကျွေးလိုသူတွေလည်း ရှိနေပြီလို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ မှာတော့ ငယ်စဉ်ကတည်းက အသားကြိုက်ကြောင်း၊ အမဲသားစိမ်းကိုတောင် ယူစားဖို့ လုပ်လို့ အမေဖြစ်သူက ဟန့်တား ခဲ့ရကြောင်း ပါရှိပါတယ်။

သရက်ခရိုင်မှာ တော်လှန်ရေးစစ်ထွက်တော့လည်း ရွာထုံးစံ ခရမ်းချဉ်သီးသုပ်၊ သရက်သီးစိမ်းသုပ်တွေကို သူအားပါးတရစားသလို မန်ကျည်းသီးစိမ်း၊ မင်းတုန်းကြက်သွန်နီ၊ မျှင်ငပိမီးဖုတ်နဲ့ ချက်တဲ့ မန်ကျည်းဟင်းချိုကို သူကြိုက်တယ်လို့ လမ်းစဉ်သတင်းမှာပါတဲ့ ဆောင်းပါးတပုဒ်မှာ ပါပါတယ်။

သခင်ဘဝမှာ အနေအစားဆင်းရဲလွန်းလို့ ခင်တဲ့သူတွေက သခင်တွေကို ထမင်းကျွေးရပါတယ်။ အငတ်ငတ်အပြတ်ပြတ် နေရပေမယ့် တို့ဗမာအစည်းအရုံး ငွေထိန်း သခင်နုဆီကနေ ပိုက်ဆံတောင်းပြီး ထမင်းကျွေးခိုင်းတာ မရှိဘူးလို့ သိရပါတယ်။ စာရေးဆရာ ဒဂုန်တာရာကတော့ သူစာမူခရရင် သခင်အောင်ဆန်းနဲ့ သခင်တင်မောင်ကို သွားကျွေးကြောင်း၊ တခါတလေ သူ့မှာ ပိုက်ဆံသိပ်မပါရင် စားမယ့်သူတွေကို သတိပေးရကြောင်း အမှတ်တရ ပြောကြား ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption အာဇာနည်နေ့ အာဇာနည်ကုန်းမှာ ဗိုလ်ချုပ်တို့ကို အလေးပြုကြသူတွေနဲ့ တိုးမပေါက်

ဗိုလ်ချုပ်ထောင်ကျခဲ့ဖူး

ဗိုလ်ချုပ်အောင်ဆန်း သခင်ဘဝက ထောင်ရက်အနည်းငယ်ကျခဲ့တဲ့အကြောင်းက လူသိနည်းပါတယ်။ ၁၉၃၉ ဇန်နဝါရီမှာ အဖမ်းခံရပြီး ၁၅ ရက်ထောင်ကျတယ်လို့ သိရပါတယ်။ အဲဒီအချိန်က ဗိုလ်အောင်ကျော်ကျဆုံးပြီး ၁၃ဝဝပြည့် အရေးတော်ပုံ သပိတ် အရှိန်တက်နေချိန် ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အာဇာနည်ခေါင်းဆောင်ကြီးနဲ့ ဓါတ်ပုံရိုက်ခဲ့တဲ့ အမေ့ခံ ပုံရိပ်

၁၉၃၉ ဇန်နဝါရီ ၂၃ မနက်လင်းအားကြီးမှာ ရွှေတိဂုံဘုရားစောင်းတန်းက မော်လမြိုင်ဇရပ်မှာ ရှိတဲ့ တို့ဗမာအစည်းအရုံး ဌာနချုပ်ကို စစ်ပုလိပ် ၁ဝဝ နဲ့ဝိုင်းပြီး ခေါင်းဆောင်တွေ ဖမ်းရာမှာ နာယက သခင်ကိုယ်တော်မှိုင်းကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဥက္ကဋ္ဌ သခင်ထိပ်တင်ကိုယ်တော်ကြီးနဲ့ အတွင်းရေးမှူး သခင်အောင်ဆန်း၊ သခင်သန်းထွန်းစတဲ့ ခေါင်းဆောင်တွေကို ဖမ်းပါတယ်။ အဲဒီနောက် အရေးပေါ်ဥပဒေနဲ့ နေ့ချင်း ထောင်ချခဲ့တာ ဖြစ်ပါတယ်။

နောက်တခါ ၁၉၄ဝ မှာ သူ့ကိုဖမ်းဖို့ ဝရမ်းထုတ်ချိန်မှာတော့ အဖမ်းမခံဘဲ ပုန်းအောင်းနေပြီး ပြည်ပထွက်သွားခဲ့ပါတယ်။

ဗိုလ်ချုပ်ကို ကယ်တဲ့အမျိုးသမီး

Image caption ရဲမင်းကြီးကတော် ဒေါ်ခင်ဦးတော

ရဲမင်းကြီးကတော် ဒေါ်ခင်ဦးတောခေါ် မာရီလှတောဟာ ဗိုလ်ချုပ်အောင်ဆန်း မဖြစ်သေးတဲ့ သခင်အောင်ဆန်းကို ဝရမ်းပြေးဘဝက ကယ်တင်ခဲ့ပါတယ်။ ဇလွန်မှာ ချင်းတောင်အကြောင်းဟောပြောမှုနဲ့ ရာဇဝတ်ဝန် ဇေးဗီးယားက ဆုငွေ ၅ ကျပ်ထုတ်တာ ခံရတဲ့ သခင်အောင်ဆန်းဟာ ကျုံမငေးသခင်တင်မောင်နဲ့အတူ သခင်တင်မောင်ရဲ့အသိ ရဲမင်းကြီး ဦးလှတောအိမ်ကို ရောက်လာပါတယ်။ အခြေအနေကို နားလည်တဲ့ ဒေါ်ခင်ဦးတော က ခင်ပွန်းကို ကလပ်သွားခိုင်းပြီး သူကိုယ်တိုင်ကားမောင်းကာ ယုန်တလင်းရွာက ကရင်အမျိုးသား ခြံပိုင်ရှင်မန်းဘခိုင်ဆီ ပို့ပေးခဲ့ပါတယ်။ မန်းဘခိုင်က ငှက်ပျောလှေနဲ့ ဧရာဝတီ မြစ်ကြောင်းက ဆင်းဖို့ စီစဉ်ပေးပြီး သခင်အောင်ဆန်း တို့ကို ကယ်ခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ မန်းဘခိုင်ဟာ ဗိုလ်ချုပ်အောင်ဆန်း အစိုးရဝင်ဝန်ကြီးဘဝနဲ့ ဗိုလ်ချုပ်နဲ့အတူ ကျဆုံးခဲ့ပါတယ်။

သခင်အောင်ဆန်းတို့ကို မဖမ်းဘဲ လွှတ်ပေးလိုက်တဲ့ ဦးလှတောဟာ လွတ်လပ်ပြီးနောက် ဒုတိယရဲချုပ်အဖြစ် ပင်စင်ယူခဲ့ပြီး ဒေါ်ခင်ဦးတောကတော့ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ၂ဝဝ၄ ခုနှစ်မှာ ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ မြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီနဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေး အသင်းတွေမှာ အမှုဆောင်အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ဒေါ်ခင်ဦးတောဟာ အမျိုးသမီးအဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်ထောက် အတွင်းရေးမှူးလည်း ဖြစ်ခဲ့ပါတယ်။

Image caption ကိုအောင်ဆန်းနဲ့ ကိုညိုမြတို့ အိုးဝေအယ်ဒီတာအဖွဲ့

ကွန်မြူနစ်ကော ဆိုရှယ်လစ်ပါတီပါဝင်တဲ့ ဗိုလ်ချုပ်

ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၃၉ သြဂုတ်လ ၁၅ မှာ ထူထောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပထမဆုံး အတွင်းရေးမှူးလို့ လူသိများပါတယ်။ အလားတူပဲ သူဟာ မရှေးမနှောင်း ၁၉၃၉ စက်တင်ဘာ ၁ မှာ တည်ထောင်တဲ့ ပြည်သူ့အရေးတော်ပုံ ပါတီခေါ် မြေအောက်ယူနစ် ဗဟိုအာဏာပိုင်အဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီပါတီဟာ စစ်ပြီးခေတ်မှာ ဆိုရှယ်လစ်ပါတီ ဖြစ်လာပြီး အဲဒီပါတီခေါင်းဆောင်တွေက မြန်မာပြည်ကို ၁၉၄၈ ကနေ ၁၉၈၈ ထိ ကြီးစိုးခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗိုလ်ချုပ်စျာပနကို ပို့ဆောင်ခဲ့တဲ့ ရေတပ်အရာရှိ

နောက် ဒုတိယကမ္ဘာစစ်အတွင်းမှာ လက်ဝဲပါတီနှစ်ခု ပူးပေါင်းပြီး ဂျပန်ကို တော်လှန်ဖို့အတွက် ဗိုလ်ချုပ်ကြိုးစားခဲ့ပါတယ်။ ပါတီနှစ်ခု ပူးပေါင်းပြီး ကွန်မြူနစ်ပါတီ ဗမာပြည်ဖွဲ့ဖို့ ဗိုလ်ချုပ်အောင်ဆန်း ကြိုးစားရာမှာ အောင်မြင်လို့ သူရော၊ ဗိုလ်မှူးကြီးနေဝင်းနဲ့ ဦးဗဆွေပါ ဗဟိုကော်မတီဝင်တွေ ဖြစ်လာကြပါတယ်။ ဒါပေမဲ့ တလခွဲအကြာမှာပဲ မြစ်ဝကျွန်းပေါ် စည်းရုံးရေး ကိစ္စနဲ့ သခင်စိုးနဲ့ ရန်ကုန်ဘဆွေတို့စကားများပြီး သခင်စိုး တယောက်တည်းသဘောနဲ့ ပေါင်းစည်းမှုကို ဖျက်သိမ်းခဲ့ပါတယ်။

စစ်ပြီးနောက် ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်တင်ချိန်မှာ ဆိုရှယ်လစ်ပါတီကလည်း တင်ဖို့လုပ်တော့ ဗိုလ်ချုပ်က တပါတီတည်းဖြစ်အောင် ပေါင်းစည်းဖို့ ကြိုးစားခဲ့ပြန်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် WORLD NEWS
Image caption ၁၉၈၈ မှာ ပြန်ထွက်လာတဲ့ ဗိုလ်အောင်ကြီးနဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်

ဗိုလ်ချုပ်ကို ပြန်ပေးဆွဲဖို့ ကြံသူအုပ်စု

၁၉၄၄ မှာ ဂျပန်ကိုတော်လှန်ဖို့ စိတ်စောနေတဲ့ တပ်အရာရှိငယ်တစုက တော်လှန်ရေးအစီအစဉ်ကို သဘောမတူရင် ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်တွေကို ပြန်ပေးဆွဲဖို့ စီစဉ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးဘသန်းရဲ့ တော်လှန်ရေးရဲ့ ရင်းမြစ်များ စာအုပ်မှာ ပါရှိပါတယ်။ ဒီအရာရှိငယ်တွေဟာ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိဖြစ်နေတဲ့ ဗိုလ်မှူးကြီးနေဝင်းကိုလည်း ချဉ်းကပ်ပြီး ၁၉၄၄ ဇူလိုင် ၂၂ မှာ တော်လှန်ဖို့ ဆွေးနွေးကြတယ် ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လွှတ်လိုက်လို့ လာတယ်ဆိုပြီး ယုံကြည်မိတဲ့အတွက် နောင်ဒီသတင်းပေါက်သွားတဲ့အခါ ဗိုလ်ချုပ်က စိတ်ဆိုးပြီး ဗိုလ်နေဝင်းကို ရာထူးချခဲ့ပါတယ်။ မန္တလေးက တပ်တွေကိုလည်း တပ်မကျွံအောင် ဗိုလ်ရဲထွဋ်ကို လွှတ်ပြီး တားခိုင်းခဲ့ရပါတယ်။

ဒီမှာ ပါဝင်ခဲ့တဲ့ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင် နဲ့ အရာရှိငယ်တွေဟာ နောက်ပိုင်းမှာ ဆိုရှယ်လစ်ခေါင်းဆောင်တွေ အဖြစ် ထင်ရှားလာပြီး ဗိုလ်ချုပ်နေဝင်းကို ခေါင်းဆောင်တင်ပြီး တပ်မတော်ချဲ့ထွင်ရေးနဲ့ ဆိုရှယ်လစ် ဝါဒတည်ဆောက်ရေးတွေ ကြိုးပမ်းခဲ့ကြပါတယ်။

အဲဒီအချိန်က သူတို့ ဗိုလ်ချုပ်အောင်ဆန်းကို ပြန်ပေးဆွဲဖို့ ကြံတာဟာ မီးလောင်မြေ စာအုပ်ကို ဖတ်ပြီး အဲဒီမှာပါတဲ့ တရုတ်ခေါင်းဆောင် ချန်ကေရှိတ်ကို ကွန်မြူနစ်နဲ့ပေါင်းပြီး ဂျပန်ကို တိုက်ဖို့ ပြန်ပေးဆွဲ အကျပ်ကိုင်ခဲ့တဲ့ တရုတ်ဗိုလ်ချုပ် ချန်ဆိုးလင်းကို အားကျတာလို့လည်း ယူဆကြပါတယ်။ မြန်မာပြည်မှာတော့ ဗိုလ်ချုပ်က သူတို့ကို စစ်ရုံးပြန်ခေါ်ပြီး သူ့မျက်စိအောက် ထားကာ တော်လှန်ရေးအတွက် စစ်ဆင်ရေးတွေ ဆွဲခိုင်းခဲ့သလို သူမသိဘဲ နယ်တပ်တွေနဲ့ မဆက်ဖို့ တားမြစ်ခဲ့ပါတယ်။