လူထုဦးလှနဲ့ ဒေါ်အမာ၊ ရည်းစားစာအစောင် ၁၅ဝဝ ရေးတဲ့ ချစ်သူများ

burma ဓာတ်ပုံ မူပိုင် Ludu
Image caption မန္တလေးက စာရေးဆရာ သတင်းစာဆရာ လူထုဦးလှနဲ့ ဒေါ်အမာ

မန္တလေးက စာရေးဆရာ သတင်းစာဆရာ လူထုဦးလှနဲ့ ဒေါ်အမာတို့ကို စာပေလောကမှာ လူသိများပါတယ်။ စာပေအမျိုးအစားစုံကို ပြုစုသွားတဲ့အပြင် တချိန်က နာမည်ကြီးခဲ့တဲ့ ကြီးပွားရေး မဂ္ဂဇင်း၊ လူထုသတင်းစာနဲ့ အနှစ် ၈ဝ ကျော် တည့်တံ့နေတဲ့ လူထုစာအုပ်တိုက်ကို တည်ထောင်သူတွေအဖြစ်ပါ သိကြပါတယ်။ နောက် နိုင်ငံရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ ဆောင်ရွက်ချက်တွေ ထင်ရှားသလို လူမှုရေး၊ ငြိမ်းချမ်းရေး တွေမှာ တက်ကြွသူတွေအဖြစ် တွင်ကျန်ခဲ့ပါတယ်။

ဒီမှာ သူတို့ရဲ့ ထူးခြားချက်တခုကတော့ သမီးရည်းစားဘဝက ပေးစာတွေကို တခုတ်တရ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ ၁၉၃ဝ ကျော် ရန်ကုန်မြို့မှာ မဂ္ဂဇင်းထုတ်နေတဲ့ ဦးလှက မန္တလေးက ဒေါ်အမာကို စာတွေရေးပြီး ဆက်သွယ် ခဲ့တာပါ။ သူတို့နှစ်ယောက် ၃ နှစ်အတွင်း တယောက်ကို တယောက် တရက်ကို စာသုံးစောင်လောက် ပုံမှန်ရေးဖြစ်ကြတယ် ဆိုပါတယ်။ ဦးလှက မနက်ည တစောင်စီနဲ့ ဒေါ်အမာက နေ့စဉ်တစောင် ရေးကြတာပါ။

ဦးလှက စာအစောင် တထောင်နဲ့ ဒေါ်အမာက စာ ၅ဝဝ လောက် ရေးခဲ့တယ်လို့ ငယ်ကကျွမ်းတဲ့ခင်ပွန်းသည် လူထုဦးလှ စာအုပ်မှာ လူထုဒေါ်အမာက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ကွိုင်
Image caption ဦးလှရဲ့ ကြီးပွားရေး မဂ္ဂဇင်းအဖုံး

စာကို အောင်သွယ်နဲ့ပို့

အဲဒီခေတ်က ရန်ကုန်- မန္တလေး တယ်လီဖုန်းဆက်သွယ်မှု မရှိသေးတာမို့ စာနဲ့ဆက်သွယ်ရေးသာ ရှိပါတယ်။ စာကို တိုက်ရိုက်ရေးလို့မရတဲ့ အခါတွေလည်း ရှိပါတယ်။ သူတို့ချစ်ခြင်းကို ဒေါ်အမာ့မိဘတွေက စဉ်းစားနေတဲ့ အချိန်မျိုးမှာ ဒေါ်အမာ့အိမ်ကို စာပို့လို့ မရလို့ သူငယ်ချင်းတွေဆီ လှည့်ပို့ရသလို မိတ်ဆွေတွေကလည်း ကူရပါတယ်။

ဓာတ်ပုံ မူပိုင် Zawgyi
Image caption အချစ်အကျိုးဆောင် စာဆိုကြီး ဇော်ဂျီ

အဲဒီအချိန်က မန္တလေး ဥပစာကောလိပ်မှာ မြန်မာစာဆရာ လုပ်နေတဲ့ ကဗျာဆရာကြီး ဇော်ဂျီဆီကို ဒေါ်အမာအတွက် စာတွေပို့ပေးရတာပါ။ ညနေကျောင်းဆင်းရင် ဒေါ်အမာ့ညီမ ကောလိပ်ကျောင်းသူ ဒေါ်တင်တင်နဲ့ ဆရာဇော်ဂျီ က ထည့်ပေး လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Keystone
Image caption စာတိုက်စာရေးက ဗိုလ်ချုပ်ကြီး ဖြစ်လာတဲ့ သခင်ရှုမောင်

နောက် ရန်ကုန်မှာ မီးရထားစာတိုက်ကနေ ဦးလှစာတွေကို အမြဲတံဆိပ်နှိပ်ပေးတဲ့ စာတိုက်ဗိုလ်ကတော့ မြန်မာပြည် ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းခေါ် သခင်ရှုမောင် ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ရဲ့ စာပေးစာယူ ဇာတ်လမ်းက အဲဒီခေတ်က စာပေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ သိသူများပါတယ်။

နောက် ဒေါ်အမာကို အဲဒီခေတ်က နာမည်ကြီးပုဂ္ဂိုလ်တယောက်ကလည်း ချစ်ရေးဆိုတဲ့အတွက် တက္ကသိုလ်အသိုင်းအဝိုင်းနဲ့ သမဂ္ဂဘက်မှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ကြပါတယ်။

အဲဒီပုဂ္ဂိုလ်ကြီးဟာ နောက်ပိုင်းမှာလည်း နိုင်ငံရေးနဲ့စာပေမှာ ထင်ရှားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ငယ်နုစဉ်က ဒေါ်အမာ

နေ့တိုင်းစာတွေရေးတဲ့အတွက် သူတို့ရေးတဲ့စာတွေဟာ ချစ်ရေးကြိုက်ရေးအပြင် စာပေအကြောင်းနဲ့ အဲဒီခေတ်နိုင်ငံရေးအကြောင်းတွေလည်း ပါပါတယ်။ ဒါကိုသိလို့ စာအုပ်ရိုက်ထုတ်ဝေဖို့ ရင်းနှီးတဲ့ စာရေးဆရာတွေက တိုက်တွန်း ကြပေမယ့် ဒေါ်အမာက ကန့်ကွက်ခဲ့ပါတယ်။

ဒီစာတွေကို ဒေါ်အမာက နှစ်ပေါင်း ၇ဝ ကျော် တရိုတသေသိမ်းထားခဲ့လို့ စစ်ဘေး၊ မီးဘေး ဘေးပေါင်းစုံ ကျော်ပြီး ကျန်ရစ်တဲ့ စာတွေ ဖြစ်ပါတယ်။ ဒီစာတွေမှာ သူတို့အချစ်ခရီးတလျှောက် အမြင်အတွေးတွေ ပြောင်းလာပုံ နဲ့ ရင်ခုန်သံတွေ ပါသလို အဲဒီခေတ်က မိဘသဘောမတူဘဲ အိမ်ထောင်ပြုရခက်တဲ့ မြန်မာအမျိုးသမီးတွေရဲ့ လူမှုဘဝကိုလည်း တွေ့နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption သပိတ်မှောက်ကျောင်းသူအဖြစ် ထင်ရှားခဲ့တဲ့ ဒေါ်အမာ

ဒါကြောင့် တက္ကသိုလ်ကျောင်းထွက် နိုင်ငံရေးတက်ကြွသူ စာရေးဆရာမပေါက်စ ဒေါ်အမာဟာ သူ့အချစ်ရေးကို သူ့ဘာသာဆုံးဖြတ်လို့မရဖြစ်ပြီး မိဘတွေ သဘောတူအောင် ၂ နှစ် ၃ နှစ်ကြာတဲ့အထိ အချိန်ယူပြီး လက်ထပ်ခွင့် ကြိုးစား ခဲ့ရပါတယ်။

နောက်ပြီး အဲဒီအချိန်က စာရေးဆရာ နိုင်ငံရေးသမားတွေကို သမီးရှင်တွေက သိပ်ပြီး စဉ်းစားချင်ပုံ မရပါဘူး။ ပုံမှန် တည်ငြိမ်တဲ့ ဝင်ငွေရှိသူ၊ ငွေကြေးချမ်းသာသူတွေကိုသာ ပိုပြီး အလေးပေး စဉ်းစားကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ဦးလှရဲ့ ၁၉၃၆ ကပေးစာ

ဒေါ်အမာက တက္ကသိုလ် အင်းလျားဆောင်မှာ စာကြည့်တိုက်မှူးလုပ်ရင်း ဦးလှထုတ်တဲ့ ကြီးပွားရေးမဂ္ဂဇင်းကို မှာဖို့ စာရေးရင်း သူတို့ အဆက်ရကြတာ ဖြစ်ပါတယ်။ အဲဒီမှာ ဦးလှက အရင်က ပေးခဲ့တဲ့ ဆောင်းပါး တပုဒ်ကို လက်ရေး တိုက်ကြည့်ပြီး စာပြန်ရင်း သူတို့ မိတ်ဆွေဖြစ်သွားကြပါတယ်။

အဲဒီကနေ တဆင့်တက်ပြီး သူတို့ချစ်သူတွေဖြစ်၊ အိမ်ထောင်ကျခဲ့ပါတယ်။

ဒီတုန်းက ဒေါ်အမာ ဆေးလိပ်သောက်နေတဲ့ အချိန်မို့ ဦးလှက မသောက်ဖို့ တိုက်တွန်းပါတယ်။ ဒါကြောင့် ဒေါ်အမာရဲ့ ပေးစာတစောင်မှာ ဆေးလိပ်ပြတ်တာ နာရီ ၃ဝ ရှိသွားပြီလို့ ပါပါတယ်။

နောက် သူတို့လက်ထပ်ခါစက တွေ့ဆုံဖူးတဲ့ စာရေးဆရာပါရဂူကတော့ သူတို့ဇနီးမောင်နှံ တယောက်ကိုတယောက် သူကတော့ ကျွန်မရဲ့ စက္ကူ ဖောက်သည်၊ သူက ကျွန်တော့ ပင်တိုင် ဆောင်းပါးရှင် ဆိုပြီး ရည်ညွှန်းကာ ဧည့်သည်တွေကို မိတ်ဆက်ကြတဲ့ အကြောင်းကို အမှတ်တရ ရေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ကိုလူရေးလို့ နာမည်တွင်တဲ့ ဦးလှ

တကယ်ပဲ သူတို့ဘဝဟာ စာပေ အနုပညာ နိုင်ငံရေး ဝါသနာတူသူချင်း ဆုံစည်းကြတဲ့အတွက် စာအကြောင်း ပေအကြောင်းကို အပြန်အလှန် ရေးသားရင်း သံယောဇဉ် ဖြစ်သွားကြတာပါ။ အခုခေတ် ဆိုရင် အင်တာနက်မှာ ချတ်တင် လုပ်ရင်း မိတ်ဆွေဖြစ်တဲ့ အနေအထားမျိုးပါပဲ။ သူတို့ခေတ်ကတော့ စာရွက်ခေတ်မို့ မှတ်မှတ်သားသား သိမ်းဆည်းနိုင်လို့ ကျန်ရစ်ခဲ့တာ ဖြစ်သလို အချိန်ယူရေးတဲ့အတွက် ပိုပြီး လေးလေးနက်နက် ဖြစ်ခဲ့ပါတယ်။

နောက်ပြီး သူတို့နှစ်ယောက်စလုံး ဝါသနာပါတဲ့ စာပေအလုပ်ကိုပဲ တသက်လုံး ဇောက်ချ ရပ်တည်သွားကြပါတယ်။

ကိုလူရေး

ဦးလှဟာ ဒေါ်အမာဆီကိုသာ ဒီလို စိတ်လိုလက်ရ စာရေးတာ မဟုတ်ပါဘူး။ သူခင်တဲ့ မိတ်ဆွေတွေဆီကို စာတွေ အမြဲရေးတယ်လို့ သိရပါတယ်။ ဒါကြောင့် သူ့ကို ခေတ်စမ်းစာဆို သိပ္ပံမောင်ဝက ကိုလူရေးလို့ နာမည်ပေးခဲ့ပါတယ်။

Image caption ဦးလှနဲ့ စာအစောင် ၇ဝဝ လောက် အပြန်အလှန် ရေးခဲ့တဲ့ သိပ္ပံမောင်ဝ

ဦးလှနဲ့ သိပ္ပံမောင်ဝ ၅ နှစ်လောက်အတွင်း စာအစောင် ၇ဝဝ လောက်ရေးကြတယ်လို့လည်း ဆိုပါတယ်။ ညောင်တုန်းမှာ နယ်ပိုင်ဖြစ်နေတဲ့ မောင်ဝဆီကို ဦးလှက ရန်ကုန်ကနေ ရေးတာမို့ သူတို့ရေးတဲ့ စာတွေဟာ တွံတေးတူးမြောင်းထဲမှာ ဆုံမိကြမယ်လို့လည်း ဦးလှက ရယ်စရာ ပြောပါတယ်။ အဲဒီစာတွေကို မောင်ဝက စုသိမ်းထားတဲ့အတွက် စစ်အတွင်း ဖျာပုံမှာ ဗုံးကျပြီး မီးလောင်သွားပါတယ်။ မောင်ဝဆီ မပေးလိုက်မိဘဲ ကျန်နေတဲ့ စာတွေနဲ့ ဦးလှက ၁၉၆ဝ ကျော်မှာ သူ့စာများက ပြောခဲ့တဲ့ သိပ္ပံမောင်ဝအကြောင်း စာအုပ်ထုတ်ခဲ့ပါတယ်။

ဦးလှအတွက် ပေးစာရေးတာဟာ ဝါသနာဖြစ်သလို သူ့စာရေးဆရာဘဝကိုလည်း အထောက်အပံ့ ဖြစ်ပါတယ်။ သူ့စကားပြေ ညက်ညောမှုဟာ ဒီလိုစာရေးတဲ့အကျင့်က လာတယ်လို့လည်း ဆိုပါတယ်။ ရေးဟန်ညက်ပြီး လေသံရွှင်တဲ့ ဦးလှရဲ့ပေးစာတွေကို သူရေးသမျှထဲမှာ အနှစ်ခြိုက်ဆုံး ဖြစ်ကြောင်းလည်း စာရေးဆရာ မြသန်းတင့်က ရေးသားခဲ့ပါတယ်။

ဦးလှနဲ့ ဒေါ်အမာဆီကို ရေးတဲ့ မိတ်ဆွေတွေရဲ့ စာတွေကိုလည်း သူတို့ သေချာ သိမ်းဆည်းကြပါတယ်။

ဓာတ်ပုံ မူပိုင် Yan Naung Oo
Image caption ဦးလှရဲ့ ထောင်တွင်းမှပေးစာများ

ထောင်တွင်းက သားချော့တေး

ဦးလှဟာ ချစ်သူဆီ စာရေးတဲ့အပြင် သားသမီးတွေဆီကိုလည်း စာရေးပါတယ်။ နောက် ဒီစာတွေကိုလည်း စုပြီး စာအုပ်ထုတ်ပါတယ်။

ပထမဆုံးအကြိမ် စစ်အတွင်းမှာ သားကြီး မောင်စိုးဝင်းအတွက် ဆုထူးပန်ယောက်ျား ဆိုတဲ့ စာအုပ်ရေးပါတယ်။ အဖေတယောက်က သားကို သူဖြစ်စေချင်တဲ့ နိုင်ငံကို ကာကွယ်မယ့် ယောက်ျားတယောက် ဖြစ်လာအောင် ပေးစာပုံစံ ရေးသားပြီး သားသုံးနှစ်ပြည့် မွေးနေ့လက်ဆောင် ပေးခဲ့တာပါ။ ဒီသားကို ဗြိတိန်လွှတ်ပြီး သတင်းစာပညာ သင်ခိုင်းကာ သူ့လုပ်ငန်းကို ဦးစီးဖို့ စိတ်ကူးခဲ့ပေမယ့် ဒီသားက အဖမ်းမခံရအောင် တောခို သွားပါတယ်။ နောက် အသက် ၂ဝ ကျော်နဲ့ ကွန်မြူနစ်ပါတီ တောတွင်း အာဏာလုပွဲမှာ သေဆုံးခဲ့လို့ ဦးလှရဲ့ မျှော်မှန်းချက်တွေ ပျက်ခဲ့ရပါတယ်။

၁၉၅ဝ ကျော်မှာ ထုတ်တဲ့ သူ့ရဲ့ ဇနီးနှင့်သားသမီးများသို့ ထောင်တွင်းမှပေးစာများ စာအုပ်ကတော့ မြန်မာစာပေမှာ ပေးစာကို စနစ်တကျထုတ်တဲ့ ပထမဆုံးစာအုပ်အဖြစ် ထင်ရှားခဲ့ပါတယ်။ အဲဒီစာအုပ်ကို အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာပြီး မိသားစုနဲ့ မဆက်သွယ်နိုင်သူတွေအတွက် ရည်စူးရေးတယ်လို့ သူက ရေးသားခဲ့ပါတယ်။ အဲဒီ ၁၉၅ဝ ကျော်ကာလမှာ ပြည်တွင်းစစ်ကြောင့် မြန်မာပြည်မှာ လူတွေ သိန်းချီပြီး အိုးအိမ်စွန့်ခွာပြေးခဲ့ရသလို မိသားစု တွေလည်း တကွဲတပြား ဖြစ်ကြရပါတယ်။

ဒီအချိန်မှာ သတင်းစာမှာ သတင်းမှားထည့်တယ်ဆိုပြီး ပုဒ်မ ၅ နဲ့ သုံးနှစ်ကြာ ရန်ကုန်ထောင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးလှက ဒေါ်အမာနဲ့ သားသမီးတွေဆီ စာရေးပြီး အကြံပေးတာ အားပေးတာ ဆုံးမတာတွေ လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption မောင်ငြိမ်းချမ်းမွေးစက တာ့ရှ်ကင့်ဝတ်စုံတွေနဲ့ လူထုမိသားစု

သူ့ကို ဖမ်းစဉ်က အငယ်ဆုံးသားက တနှစ်ကျော်သာ ရှိသေးတာမို့ သူပြန်လွတ်လာတဲ့အခါ ကလေးက အဖေကို မမှတ်မိ ဖြစ်ခဲ့ပါတယ်။ ဦးလှစာအုပ်မှာတော့ ဒီအငယ်ဆုံးသား မောင်ငြိမ်းချမ်းဆီကို စာရေးပြီး ပုံပြင်တွေ ပြော၊ သားချော့သီချင်းတွေ ဆိုပြတာကို တွေ့ရပါတယ်။ ထောင်ထဲမှာ သူစပြီး စုဆောင်းလာခဲ့တဲ့ ရိုးရာပုံပြင်တွေဟာ နောင်မှာ သူထုတ်မယ့် ပုံပြင်တွေရဲ့ ရှေ့ပြေး ဖြစ်လာပါတယ်။

နောက် ဒီအငယ်ဆုံးသားဟာ ဦးလှမရှိတဲ့နောက်မှာ စာရေးဆရာ ညီပုလေးဆိုပြီး ဝတ္ထုတိုတွေ ရေးလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ludu
Image caption သတင်းစာစားပွဲက ဒေါ်အမာ

ဒီထောင်တွင်းက ပေးစာတွေမှာပဲ ဇနီးဖြစ်သူ ဒေါ်အမာကို သတင်းအရေးအသား သတိထားဖို့နဲ့ စေတနာမှန်မှန်နဲ့ တင်ပြတဲ့ အရေးအသားမျိုး ဖြစ်ဖို့ အကြံပေးခဲ့ပါတယ်။ ထောင်ထဲမှာ ကိုယ်ရှိတယ်ဆိုပြီး သိပ်လုပ်မနေနဲ့။ လူ့ပြည်နဲ့ နတ်ပြည်မှာသာ အတူတူနေရတာ။ ငရဲပြည်မှာ အတူတူနေရတာ မဟုတ်ဘူး။ ဒါကြောင့် ထောင်ထဲ လိုက်လာဖို့ စိတ်မကူးနဲ့ ဆိုပြီး သူ့ပေးစာမှာ ဒေါ်အမာကို သတိပေးခဲ့ပါတယ်။

အဲဒီအချိန်က ဖဆပလ အစိုးရရဲ့ ခါးပိုက်ဆောင် ပြူစောထီးတပ်တွေ ရမ်းကားတဲ့အကြောင်းကို ဝေဖန်တဲ့ ပြူစောထီးခေါင်းကြီးကြောင့် အယ်ဒီတာချုပ် ရွှေဥဒေါင်းကို ဖမ်းဆီးပြီး ဒေါ်အမာကိုလည်း ဖမ်းမယ်လို့ သတင်းဖြစ်နေတဲ့ အချိန်ပါ။

ဒီလို သတိပေးခဲ့ပေမယ့် နောက်အနှစ် နှစ်ဆယ်ကျော်အကြာမှာ ဦးလှနဲ့ ဒေါ်အမာတို့နှစ်ယောက် သားအငယ်ဆုံးနဲ့အတူ အဖမ်းခံကြရပါတယ်။ ဒီတခါမှာတော့ ဒေါ်အမာက တနှစ်ကျော် နေခဲ့ရပြီး နောက်ဆုံးမှ ထွက်ရ တာပါ။ ဦးလှဘဝမှာ ငါးကြိမ်အဖမ်းခံခဲ့ရဖူးပြီး ဒေါ်အမာက တကြိမ်နဲ့ သားညီပုလေးက နှစ်ကြိမ် အဖမ်းခံရကာ နောက်ဆုံးအကြိမ်မှာ ၈ နှစ်ကျော် နေခဲ့ရပါတယ်။

နောက် သားလတ် ဖိုးသံချောင်း ခေါ် မောင်ချစ်ခင်ကတော့ ကိုကိုးကွန်း အကျဉ်းစခန်းမှာ နှစ်ချီ ထိန်းသိမ်းခံရပြီး သားအပေါ် ထားတဲ့ မိခင်တယောက်ရဲ့သောကတွေကို ဒေါ်အမာက ထောင်နဲ့မိခင် ဆိုပြီး ရေးသား ထားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu

ခင်လဝင်း

ဦးလှနဲ့ ဒေါ်အမာ သိခါစမှာပဲ အိန္ဒိယ ခေါင်းဆောင်ကြီး နေရူးရဲ့ ထောင်တွင်းက ပေးစာတွေကို ဒေါ်အမာကို ဘာသာပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ခင်လဝင်း အမည်နဲ့ ဘာသာပြန်တဲ့ ဒီပေးစာတွေဟာ အဲဒီခေတ်က လွတ်လပ်ရေး လိုလားတဲ့ မြန်မာလူငယ် စာဖတ်သူတွေအတွက် စိတ်ဝင်တစား ဖတ်ရှု နည်းယူစရာတွေ ဖြစ်ခဲ့ပါတယ်။

သူတို့ဘဝကို ဒီလို ထောင်ပေးစာတွေနဲ့ စခဲ့လို့လား၊ နိုင်ငံရေးနဲ့ ပတ်သက်နေခဲ့လို့လား မသိ။ ဦးလှနဲ့ ဒေါ်အမာတို့ဘဝမှာ ထောင်အကျဉ်းစခန်း၊ စာပေနဲ့ နိုင်ငံရေး ကိစ္စတွေ အမြဲပတ်သက်နေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ထောင်ကထွက်လာတဲ့ ဦးလှ

ဒေါ်အမာက သူ့ခင်ပွန်းဖြစ်လာမယ့်သူဟာ သူ့စာတွေမှာ ဖော်ပြတဲ့အတိုင်း အပြင်မှာလည်း အဲဒီစိတ်ထား အမှန်နဲ့ သူ့ကို ရိုးရိုးသားသား ကောင်းကောင်းမွန်မွန် ပေါင်းသင်းသွားတဲ့အတွက် နိဗ္ဗာန်မရမီ ဘဝတွေမှာ ပါရမီဖြည့်ဘက် ဆက်ဖြစ်ကြပြီး သတ္တဝါတွေအကျိုး သယ်ပိုးနိုင်ကြပါစေလို့ နေ့တိုင်းဆုတောင်းမိကြောင်း ရေးသားခဲ့ပါတယ်။

နောက် ဒေါ်အမာ မကွယ်လွန်မီကလည်း ငယ်ကကျွမ်းတဲ့ခင်ပွန်းသည်သို့ ဆိုပြီး ဆုံးသွားတဲ့ခင်ပွန်းကို တိုင်တည်ရေးသားတဲ့ ပေးစာပုံစံ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ ပထမဆုံးရေးတဲ့ ခတ္တာပွင့်ချိန် ဆောင်းပါးမှာ ခတ်ထားတာတွေ ပွင့်အောင် ခတ္တာပွင့်တွေ တင်ပြီး ဆုတောင်းတတ်တဲ့ ဦးလှအကြောင်း ပါရှိပါတယ်။ အဲဒီအချိန်က ဒီဆောင်းပါးကို သူတို့သားငယ် ညီပုလေး အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ စာတပုဒ်အဖြစ် ပရိသတ် တွေက ယူဆခဲ့ကြပါတယ်။

သူတို့ရေးခဲ့တဲ့ စာ ၁၅ဝဝ ကိုလည်း ခင်ပွန်းဆန္ဒအတိုင်း ထုတ်ဝေဖို့ ဒေါ်အမာက စီစဉ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption အသက် ၂ဝ ကျော်နဲ့ မဂ္ဂဇင်းအယ်ဒီတာ ဖြစ်တဲ့ ဦးလှ