အနှစ်တရာကျော်က မြန်မာနိုင်ငံသုတေသနအသင်းရဲ့ ကနေ့ထိ ရှိနေတဲ့အရိပ်များ

burma ဓာတ်ပုံ မူပိုင် NICOLAS ASFOURI
Image caption အနှစ်တရာပြည့်တော့မယ့် ရန်ကုန်တက္ကသိုလ်

၁၉၁ဝ ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရန်ကုန်မှာ ရှိတဲ့ ပညာတတ်တစု အစည်းအဝေးလုပ်ကြပါတယ်။ ယိုးဒယားခေါ် ထိုင်းနိုင်ငံမှာ အဲဒီအချိန်က ထုတ်ဝေနေတဲ့ ယိုးဒယားအသင်းဂျာနယ်ပုံစံ မြန်မာအသင်း တည်ထောင်ပြီး စာစောင်ထုတ်ဖို့ ဖြစ်ပါတယ်။

ရန်ကုန်မှာ မြန်မာပြည် အကြောင်း သုတေသနပြုကြတဲ့ နိုင်ငံခြားသားတွေနဲ့ မြန်မာထဲက အရာရှိပညာတတ်တချို့ ပါဝင်ပြီး မြန်မာနိုင်ငံသုတေသနအသင်း တည်ထောင်ဖို့ ဆွေးနွေးကြတာပါ။

ဓာတ်ပုံ မူပိုင် The Siam Society Under Royal Patronage
Image caption ဘန်ကောက်မြို့လယ်က ယိုးဒယားအသင်းတော်တိုက်

ထိုင်းမှာ အခုချိန်ထိ နှစ်ပေါင်း ၁၁၅ နှစ်တိုင်အောင် ယိုးဒယားအသင်း မပျက်မစီးဘဲ ဘုရင်အဆက်ဆက်ရဲ့ အထောက်အပံ့နဲ့ ဘန်ကောက်မြို့လယ်မှာ ခြံဝင်းကြီးနဲ့ ရုံးခန်း၊ စာကြည့်တိုက်တွေ ထားနိုင် ပေမယ့် မြန်မာနိုင်ငံသုတေသနအသင်းကတော့ အသင်းအဆောက်အအုံရယ်လို့ ပြစရာမရှိခဲ့ဘဲ အစိုးရအထောက်အပံ့ သေချာမရတဲ့ဘဝနဲ့ ၁၉၈ဝ မှာ ဇာတ်သိမ်းခဲ့ပါတယ်။

အခု အဲဒီအသင်းကို ပြန်ထူထောင်ဖို့ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ ပညာရှင်တချို့က အစပျိုးခဲ့ပေမယ့် အခုထိ မအောင်မြင်သေးတာကို တွေ့ရပါတယ်။

ထူထောင်စဉ်က ယိုးဒယားပုံစံ မင်းညီမင်းသားတွေကို နာယကတင်ပြီး ဖွဲ့ဖို့ ကြံစည်ခဲ့ပေမယ့် ထီးနန်းကျပြီး အာဏာမရှိတဲ့ မြန်မာမင်းသားတွေဘက်က မကူညီနိုင်တာကိုလည်း တွေ့ရပါတယ်။

အဲဒီအချိန်က မင်းတုန်းမင်းသားတော် အငယ်ဆုံးတွေထဲက ပျဉ်းမနားမင်းသား အိန္ဒိယမှာ ပညာသင်ပြီး ပြန်လာချိန် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် U Sein Maung Oo
Image caption ပျဉ်းမနားကိုယ်တော်ကြီး ငယ်နုစဉ်က

အမိန့်နဲ့ဖျက်

ဒီအသင်းကို ရန်ကုန်မှာ ရှိတဲ့ ပညာတတ်တစုက ကြီးမှူးအုပ်ချုပ်ခဲ့တာ ဖြစ်လို့ ပြင်ပ လှုပ်ရှားမှုထက် စာတမ်းဖတ်တာ၊ စာအုပ်စာစောင်ထုတ်တာတွေပဲ ပိုလုပ်နိုင်တာ တွေ့ရပါတယ်။

စစ်ပြီးခေတ်မှာတော့ စစ်မဖြစ်ခင်က ကျန်ခဲ့တဲ့ မြန်မာပညာတတ်တွေနဲ့ စစ်ပြီးမှာ ပြည်ပမှာ ပညာသင်ပြန်လာသူတွေ စုပြီး အသင်းကို ပြန်လည် လည်ပတ်ခဲ့ပါတယ်။

၁၉၆၂ အာဏာသိမ်းပြီးနောက်မှာ အသင်းအဖွဲ့ အများစု ဖျက်သိမ်းခံရပေမယ့် ဒီအသင်းကိုတော့ မဖျက်ဘဲ ထားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် New Vision Knowledge Bank
Image caption အသင်းကထုတ်ခဲ့တဲ့ ရှေးဟောင်းစာပေ

၁၉၇ဝ မှာ အသင်း နှစ် ၆ဝ ပြည့် စာအုပ် ထုတ်ခဲ့သလို ၁၉၈ဝ မှာတော့ အသင်းနှစ် ၇ဝ ပြည့်ပွဲ လုပ်နေစဉ်မှာ လမ်းစဉ်ပါတီ သမ္မတ ဦးနေဝင်း အမိန့်နဲ့ ဖျက်ခဲ့တာလို့ သိရပါတယ်။

ကိုလိုနီ အရာရှိတွေ ထောင်ခဲ့တဲ့ အသင်းမို့လို့ ခေတ်စနစ်နဲ့ မလျော်ညီလို့ ဖျက်တာ ဆိုသလို ပုဂ္ဂိုလ်ရေး အာဃာတကြောင့် ဖျက်တာလို့လည်း ဆိုပါတယ်။

သေချာတာကတော့ အသင်းတည်ထောင်သူ ပညာရှင် ဖာနီဗယ်နဲ့ လုစ်တို့ကို ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အစိုးရတွေက မြန်မာပြည်က ထွက်သွားစေခဲ့တာပါပဲ။

ဓာတ်ပုံ မူပိုင် Bettmann
Image caption လမ်းစဉ်ပါတီ သမ္မတ ဦးနေဝင်း

အသင်းနှစ်လည်ကို ခမ်းခမ်းနားနား မလုပ်ဖို့ သတိပေးခဲ့ပေမယ့် အသင်းအုပ်ချုပ်သူတွေက စကားကို နားမထောင်ကြကြောင်း အဲဒီအချိန်က ကုလသမဂ္ဂမှာ အလုပ်လုပ်နေပြီဖြစ်တဲ့ ဝန်ကြီးဟောင်း ဒေါက်တာညီညီက အမှတ်တရ ပြောပြခဲ့ပါတယ်။

အသင်းကို ဖျက်သိမ်းပြီးနောက် စက်မှုဝန်ကြီးဌာနက သုတေသနအဖွဲ့က အသင်းပိုင် ဘဏ္ဍာနဲ့ ပစ္စည်းတွေကို တာဝန်ယူကြောင်း အဲဒီအချိန်က သုတေသနဌာနမှာ လုပ်ကိုင်နေတဲ့ ရူပဗေဒ ပညာရှင် ဦးသိန်းဦးဘိုးစောက အသင်းအကြောင်း စုံစမ်းတဲ့ လန်ဒန်တက္ကသိုလ်က မြန်မာစာ ကထိက အန်နာအဲလော့ကို စာပြန်ခဲ့ပါတယ်။

အသင်းမရှိတဲ့နောက် ၁၉၉ဝ ကျော်မှာတော့ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့် စီစဉ်မှုနဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာနဲ့ သိပ္ပံပညာရှင် အသင်းစတဲ့ ပညာရှင်အသင်းတွေ ထူထောင်ခဲ့ပါတယ်။

ဒီအသင်းတွေရဲ့ ပညာရေး လွတ်လပ်မှုကတော့ ပြန်လည် သုံးသပ်ဖို့ လိုနေပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဒေါက်တာအောင်ထွန်းသက်

တံခါးပွင့်ချိန်

မြန်မာနိုင်ငံ တံခါးပွင့်လာပြီးနောက် ဒီအသင်း ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကို ခေတ္တပြန်လာတဲ့ ဒေါက်တာညီညီနဲ့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်က စာကြည့်တိုက်မှူးဟောင်း ဒေါက်တာ သော်ကောင်းတို့ အပါအဝင် အသင်းကို မီလိုက်တဲ့ တခြားပညာရှင် လူကြီးတွေ တိုင်ပင်ခဲ့ကြပါတယ်။

အသင်းပြန်တည်ရေးအတွက် ကမကထ ပြုဖို့ကိုတော့ စီးပွားရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်ကို လျာထားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်က သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဖြစ်လာလို့ ဒေါက်တာအောင်ထွန်းသက် အသင်းကိစ္စကို ရှေ့မဆက်နိုင်ခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် လက်ထက်ရောက်တဲ့အခါ ဒီအသင်းပြန်ဖွဲ့ဖို့ လုံးပန်းတဲ့ အသံတွေ ကြားလာရပေမယ့် ဘယ်ဘက်က ခေါင်းဆောင်မှာလဲ ဆိုတဲ့ မေးခွန်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Myawaddy
Image caption ရန်ကုန်တက္ကသိုလ်က ကမ္ဘာသိ ပညာရှင် ပါမောက္ခချုပ် စည်သူ ဒေါက်တာထင်အောင်

၁၉၁ဝ တုန်းကလို ပြင်ပပညာရှင်တွေဘက်က ကမကထပြု ဦးဆောင်မယ်ဆိုရင်လည်း ၁၉၈ဝ အသင်းပျက်ချိန်အထိ နောက်ဆုံးရုံးစိုက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဘက်က ကန့်ကွက်နိုင်ပါတယ်။

နောက်ပြီး ဒီမှာ အရေးကြီးတဲ့ ကိစ္စက သုတေသန စာစောင်တွေ ပြန်ထုတ်ဖို့ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုနဲ့ သုတေသန အရည်အချင်း စံမီမှုတွေက လိုလာပါတယ်။

ပြည်ပကို တင်ပို့မယ့် စာစောင်တွေမှာ ကမ္ဘာအရပ်ရပ်က ပညာရှင်တွေ လက်ခံနိုင်မယ့် အရည်အသွေးရှိတဲ့ စာတမ်းတွေ ပါဖို့ အရေးကြီးပါတယ်။

လက်ရှိ ပြည်တွင်းမှာ ထုတ်နေတဲ့ တချို့ ပညာရပ်စာစောင်တွေမှာ ပြည်ပပညာရှင်တွေရဲ့ စာတမ်းတွေကို ကိုးကားမှု မပေးတဲ့ ပြဿနာရှိနေကြောင်း၊ ဒါကြောင့် ဒီစာတမ်းတွေကို ပြည်ပမှာ ထုတ်လို့ မရနိုင်ကြောင်း ရန်ကုန်တက္ကသိုလ်က အငြိမ်းစား ပါမောက္ခ တယောက်က ထောက်ပြခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar Affairs
Image caption ပြန်ကြားရေးထုတ်တဲ့ မြန်မာရေးရာ

လက်ရှိ ပြန်ကြားရေး ဌာနက ထုတ်နေတဲ့ မြန်မာရေးရာ လို စာစောင်တွေမှာလည်း စာတမ်းဟောင်းတွေ ပြန်လည်ဖော်ပြတာနဲ့ ဆောင်းပါးပုံစံ အရေးအသားတွေပဲ များပါတယ်။

မြန်မာပြည် ပြင်ပမှာ ထုတ်ဝေနေတဲ့ စာစောင်တွေထဲမှာတော့ မြန်မာပြည်လေ့လာရေး ဘားမားစတာဒီဂျာနယ် ကို အမေရိကန်တက္ကသိုလ်တခုမှာ ၁၉၉၇ က စပြီး အခြေစိုက် ထုတ်ဝေနေပါတယ်။

မကြာခင်ကလည်း သိစပ်မြင်နှံ့လွတ်လပ်သော မြန်မာ့သုတေသန ဂျာနယ် ဆိုပြီး အမေရိကန်၊ ဥရောပနဲ့ မြန်မာပြည်မှာ အခြေစိုက်တဲ့ ပညာရှင်တစု ထုတ်ဝေတဲ့ စာစောင် ထွက်လာပါတယ်။

ဓာတ်ပုံ မူပိုင် JBS
Image caption အမေရိကကထုတ်တဲ့ ဘားမားစတာဒီဂျာနယ်

အရင်လို မြန်မာပြည်မှာ အခြေစိုက်ထုတ်တဲ့ သုတေသနအသင်း စာစောင်တခုတည်း ရှိတဲ့ခေတ်မဟုတ်တဲ့အတွက် ပြည်တွင်းမှာ ပြန်ထုတ်မယ့် စာစောင်မှာ ဘယ်သူတွေ ရေးပြီး ဘယ်ပညာရှင်တွေက စိစစ် တည်းဖြတ်မှာလဲ စတဲ့ အခက်အခဲတွေ ရှိပါတယ်။

ပညာရှင်ခါးပြတ်

မြန်မာပြည်မှာ ၁၉၆၂ မတိုင်ခင်က ပြည်ပစေလွှတ်ပညာသင်စေခဲ့တဲ့ ပညာရှင် အများစု ကွယ်လွန်ခဲ့ပြီ ဖြစ်သလို ကျန်သူတွေကလည်း အသက် ၈ဝ၊ ၉ဝ ကျော်တွေ ဖြစ်နေပါတယ်။

နောက်ပိုင်းမှာ ပြည်တွင်း တက္ကသိုလ်တွေရဲ့ ပညာရေး ကျဆင်းမှုကြောင့်လည်း ကမ္ဘာသိ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပေါ်ထွက်မှု အားနည်းခဲ့ပါတယ်။

အထူးသဖြင့် ဆိုရှယ်လစ်ခေတ်မှာ အရေးပေးခံရတဲ့အထဲ မပါခဲ့တဲ့ ဝိဇ္ဇာပညာရပ်တွေမှာပါ။

မနုဿဗေဒလို မြန်မာပြည်က လူမျိုးပေါင်းစုံကို လေ့လာနိုင်တဲ့ ဘာသာတွေမှာ အားပေးထောက်ပံ့မှု နည်းသလို သမိုင်းလို ပညာတွေမှာလည်း စိစစ်ဖြတ်တောက်မှုနဲ့ နိုင်ငံရေးအကဲဆတ်မှုတွေကြောင့် ပွင့်ပွင့်လင်းလင်း လေ့လာနိုင်မှု မရှိသလောက် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Journal of Burmese Scholarship
Image caption ဆွေးနွေးပွဲတွေလုပ်ပြီး စာတမ်းတွေထုတ်နေတဲ့ သိစပ်မြင်နှံ့

ဒါကြောင့် အခုပြန်တည်ထောင်မယ့် သုတေသနအသင်းမှာ ပြည်တွင်း ပြည်ပ ပညာရှင်အစုံပါသင့်တယ်လို့ သုံးသပ်ကြပေမယ့် ပြည်တွင်းနဲ့ ပြည်ပ ပညာရှင်တွေကြား ညီညီမျှမျှ ပူးတွဲ အုပ်ချုပ်နိုင်ဖို့က အရေးကြီးပါတယ်။

ဒါမှ မျိုးဆက်သစ်တွေအတွက် လေ့လာနိုင်စရာ ခိုင်မာတဲ့ စာတမ်းသုတေသနတွေ ထွက်လာမှာ ဖြစ်သလို ပညာရေး လွတ်လပ်မှုကိုလည်း အထောက်အကူ ပြုနိုင်မှာပါ။

မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့် တော်တော်ရလာပြီ ဆိုပေမယ့် တက္ကသိုလ်တွေကို အစိုးရ ချုပ်ကိုင်မှုက ကျန်နေပါတယ်။

ဒီပညာရေး လွတ်လပ်မှုအတွက် သုတေသနနယ်ပယ်ကို ပျိုးထောင်ပေးရမှာ ဖြစ်သလို သုတေသန တိုးတက်ဖို့ အစိုးရက ခွင့်ပြု ကူညီရမှာပါ။

ဒီနေရာမှာ ဆိုရှယ်လစ်ခေတ်ကလို ဆိုရှယ်လစ်စနစ်ကို အားပေးတဲ့ သုတေသနတွေကိုပဲ ရွေးချယ်အားပေးတာမျိုး၊ အစိုးရဝါဒနဲ့ မကိုက်လို့ ချောင်ထိုးတာမျိုး မလုပ်ဘဲ လွတ်လပ်စွာ ဝေဖန် သုံးသပ်ခွင့်ကို ပေးမှ ကမ္ဘာ့အဆင့်မီ ပညာရပ် လေ့လာမှုတွေ ပေါ်လာနိုင်ပါတယ်။

အထူးသဖြင့် ဝိဇ္ဇာနဲ့ လူမှုရေး ပညာရပ်တွေမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ပညာရေးမတည်ငြိမ်မှုတွေကြားက ပြန်အားယူလာတဲ့ ရန်ကုန်တက္ကသိုလ်

ဗြိတိသျှက တနိုင်ငံလုံးသိမ်းပြီး ၂၅ နှစ်အတွင်းမှာ နိုင်ငံ ခေတ်မီရေးအတွက် ပညာတတ်တွေ စုစည်းကာ သုတေသနအသင်း တည်ထောင်ခဲ့တဲ့ စိတ်ဓာတ်မျိုးကို အခုလို အနှစ် ၅ဝ တံခါးပိတ်ခံရပြီးနောက် နိုင်ငံ ဖွံ့ဖြိုးရေး အားစိုက်လုပ်ရမယ့် အချိန်မျိုးမှာ ပြန်ပြီး ထားကြဖို့လည်း သင့်ပါတယ်။

ဒီအတွက် ခေါင်းဆောင် နောက်လိုက် မစဉ်းစားဘဲ ပြည်တွင်းပြည်ပ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုသလို အစိုးရပိုင်းကလည်း နိုင်ငံအတွက် အရေးကြီးတဲ့ ပညာရပ်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာအောင် အားပေးဖို့ လိုပါတယ်။

သွားရမည့်ခရီးကား ဝေးသေး၏၊ ခြေသာလျှင် ယာဉ်ရှိကုန်၏ ဆိုတဲ့ ရှေးဟောင်း မင်စာမှာ ပါသလိုပဲ မြန်မာနိုင်ငံ ပညာရေးနဲ့ သုတေသန ရှေ့တန်းရောက်ဖို့က အတော် အားထုတ်ရမယ့် အခြေအနေမှာ ရှိပါတယ်။

Image caption ခေတ်သစ်မြန်မာ စာတမ်းနဲ့ မျက်စိဖွင့်ပေးခဲ့တဲ့ ဦးမေအောင်

ပြန်လည်တည်ထောင်မယ့် အသင်းမှာ ကိုလိုနီပုံစံ ရိုးရာယဉ်ကျေးမှု မနုဿဗေဒ အားပြု လေ့လာမှုတွေအပြင် ခေတ်ပေါ် လူ့အဖွဲ့အစည်းကို ချဉ်းကပ်လေ့လာတာ၊ မြန်မာနိုင်ငံမှာ လေ့လာဖို့ အားနည်းနေတဲ့ နေရာတွေ၊ ပိတ်ပင်ခံရတဲ့ အကြောင်းအရာတွေကို အရေးထား လေ့လာဖို့လည်း လိုပါတယ်။

ဒါမှ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင် ဆိုတဲ့ သုတေသနအသင်း ဆောင်ပုဒ်နဲ့ ကိုက်ညီမှာပါ။

ဆက်စပ် အကြောင်းအရာများ