ဒွာရာဝတီနဲ့ ဟံသာဝတီ၊ ထိုင်းနဲ့မြန်မာကို ခွနေခဲ့တဲ့ မွန်နိုင်ငံတွေ

burma ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption မွန်ဝတ်စုံနဲ့ ပွဲတက်လာသူတွေ

မြန်မာနိုင်ငံမှာ မွန်တွေဟာ အစောဆုံး အခြေချတဲ့ လူမျိုးစုတခုဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။ မွန်လို့ မြန်မာတွေက ခေါ်တဲ့ လူမျိုးစုတွေ နေရာဒေသ မြန်မာပြည် အောက်ပိုင်းကို ရာမညဒေသလို့ တချိန်က ခေါ်ခဲ့ပါတယ်။

မွန်တွေဟာ အခု မြန်မာပြည် ခေါ်တဲ့ နေရာတွေအပြင် ထိုင်းနိုင်ငံ ဖြစ်နေတဲ့ နယ်မြေတွေမှာလည်း နိုင်ငံတွေ ထူထောင်ပြီး အုပ်စိုးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Education Images
Image caption ကော့ဂွန်းဂူက ရှေးမွန်လက်ရာတွေ

တချိန်က မြန်မာပြည် အထက်ပိုင်း ကျောက်ဆည်လွင်ပြင်မှာလည်း မွန်တွေ အခြေချ နေထိုင်ပြီး စိုက်ပျိုးရေးတွေ လုပ်သွားတယ်လို့ သမိုင်းပညာရှင်တွေက ယူဆပါတယ်။

မွန်နဲ့ပတ်သက်ပြီး သမိုင်းမှာ အငြင်းပွားနေတာတွေလည်း ရှိပါတယ်။ သုဝဏ္ဏဘူမိဟာ သထုံပြည်လား၊ သထုံကို အနော်ရထာ တကယ်သိမ်းမသိမ်းနဲ့ ရွှေတိဂုံစေတီကို ဘယ်လူမျိုးတွေ တည်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းတွေ အပြင် မြန်မာပြည် အောက်ပိုင်း မြို့ရွာတွေကို ပျူနဲ့မွန် ဘယ်သူတည်သလဲ ငြင်းခုံနေကြတာတွေ ရှိပါတယ်။

ဒီထဲမှာ ထူးခြားတဲ့ အချက်တွေကတော့

ဓာတ်ပုံ မူပိုင် John S Lander
Image caption မွန်လက်ရာတွေထဲ အကောင်းဆုံးလို့ သတ်မှတ်တဲ့ ပုဂံအာနန္ဒာဘုရား

မွန်ပုဂံ မြန်မာပုဂံ

ပုဂံခေတ်မှာ မွန်ဘာသာနဲ့ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တာပါ။ ကျန်စစ်သား လက်ထက် ပုဂံပြည်မှာ မွန်ဘာသာဟာ နန်းတော်သုံးဘာသာ ဖြစ်လာပြီး မွန်ပုံစံ ဗိသုကာ တွေလည်း ထွန်းကားခဲ့ပါတယ်။

ပုဂံမှာ ကနေ့အထိ အထင်အရှားရှိတဲ့ အာနန္ဒာစေတီနဲ့ ပုဂံခေတ်ဦးက ဘုရားစေတီတွေမှာ မွန်ပုံစံ အလင်းမှိန်ဖျော့ဖျော့နဲ့ ပြတင်းမုခ်ပေါက် ကျဉ်းကျဉ်း၊ နံရံဆေးရေးပန်းချီ အရောင်ရင့်ရင့် ရေးခြယ်တာကို တွေ့ရကြောင်း သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ရေးသားခဲ့ပါတယ်။

နရပတိစည်သူလက်ထက်ကစပြီး ပုဂံမှာ မြန်မာဘာသာ ပိုမိုဖွံ့ဖြိုးလာပြီး မြန်မာပုံစံ ခေါ်တဲ့ မုခ်ပြတင်းကျယ်ကျယ်နဲ့ ဆေးရောင်ရွှင်ရွှင် ရေးခြယ်မှုတွေ ပိုတွေ့လာရကြောင်းလည်း သိရပါတယ်။

ဒါပေမဲ့ မြန်မာဘာသာ အက္ခရာတွေကို မွန်ဘာသာကနေ တီထွင်ခဲ့တာ ဖြစ်ပါတယ်။

ပုဂံခေတ်ကစပြီး မြန်မာတွေ ပင်လယ်ထွက်ပေါက်ယူဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ပဲခူး၊ တနင်္သာရီ စတဲ့ အောက်ပိုင်းဒေသတွေကို အကြိမ်ကြိမ် သိမ်းပိုက် အုပ်ချုပ်ခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Werner Forman
Image caption ထိုင်းမြောက်ပိုင်းက မွန်စေတီ

ထိုင်းမွန်

ပုဂံထက်စောတဲ့ ထိုင်းနိုင်ငံက မွန်မင်းဆက်တွေရဲ့ လက်ရာတွေကလည်း ခုထိ ထင်ရှားရှိနေပြီး ဒွာရာဝတီ၊ လော့ပူရီ၊ ဟရိဘုဉ္စ စတဲ့ နယ်မြေတွေမှာ မင်းဆက်တွေ ထူထောင်ခဲ့ပါတယ်။

ဒီမင်းဆက် နယ်မြေတွေဟာ အရှေ့ပိုင်းက မွန်နဲ့ ဘာသာစကားဆင်တဲ့ ခမာမင်းနိုင်ငံ နယ်မြေတွေထိ ကျယ်ပြန့်ခဲ့ပြီး မြန်မာနဲ့ ထိုင်းမင်းဆက်တွေရဲ့ သိမ်းပိုက်မှုကြောင့် ပျက်စီးခဲ့ပါတယ်။

ခုထိ ထိုင်းမှာ ဉာဏ်တော်အမြင့်ဆုံး ဖြစ်တဲ့ နခုံပထုံက ပရပထုံ စေတီကို ဒွာရာဝတီခေတ်မှာ တည်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် John S Lander
Image caption မွန်တွေတည်ခဲ့တဲ့ ပရပထုံစေတီ

အနော်ရထာ ဝင်တိုက်တဲ့ သထုံဟာ နခုံပထုံ ဖြစ်မယ်လို့ ယူဆသူတွေလည်း ရှိကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ပါပါတယ်။

မြန်မာဘက်က သထုံနဲ့ ပဲခူးမှာ အစောပိုင်း နန်းစိုက်ခဲ့တယ်ဆိုတဲ့ မင်းဆက်တွေဟာလည်း ဒွာရာဝတီရဲ့ လက်အောက်ခံ နိုင်ငံတွေ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

နောက် အစောဆုံး မွန်ကျောက်စာ အရေးအသားတွေကို မြန်မာထက် ထိုင်းဘက်မှာ ပိုပြီး များများနဲ့ စောစော တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Ben Davies
Image caption ပဲခူးက ကျိုက်ပွန်ဘုရားကြီး

ဟံသာဝတီရွှေခေတ်

ပဲခူးဟံသာဝတီခေတ်မှာ မွန်နိုင်ငံနဲ့ မြန်မာ စစ်ခင်းတာတွေကို ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာ ဖော်ပြထားပါတယ်။

ပုဂံပျက်ပြီးနောက် အင်းဝနဲ့ ဟံသာဝတီ နိုင်ငံတွေ အနှစ်လေးဆယ် စစ်ခင်းကြတဲ့အချိန်မှာ နာမည်ကြီး သူရဲကောင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

မွန်သမိန်ဗရမ်း အင်းဝမှာ တရုတ်သူရဲကောင်းနဲ့ အပြိုင်စစ်ထိုးတဲ့ ဇာတ်လမ်းကိုလည်း ပြည်ထောင်စု ချစ်ကြည်ရေး အဖြစ် ဖဆပလခေတ်မှာ ဖော်ကျူးခဲ့ပါတယ်။

ပဲခူးနဲ့ ရန်ကုန် ဖြစ်လာမယ့် ဒဂုံမှာ မွန်ဘုရင်တွေရဲ့ ကုသိုလ် ဘုရားတွေ ပေါ်ထွက်ခဲ့ပြီး မြန်မာပြည်ရဲ့ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ ရွှေမော်ဓောနဲ့ ရွှေတိဂုံကို ဒီခေတ်ပိုင်းမှာ ဒီပမာဏထိ ရောက်အောင် ဉာဏ်တော်မြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် monthon wachirasettakul
Image caption ရွှေတိဂုံစေတီကို ရှင်စောပု ဉာဏ်တော်မြှင့်ပေးခဲ့

ပဲခူးမြို့ကြီး ကြီးကျယ်စည်ကားပုံကို ဥရောပ ခရီးသွားတွေရဲ့ မှတ်တမ်းတွေမှာ ဖော်ပြခဲ့ပါတယ်။

တောင်ငူ ဘုရင့်နောင်လက်ထက်မှာတော့ ပဲခူးကိုသိမ်းပြီး နန်းစိုက်ခဲ့ပါတယ်။

ညောင်ရမ်းမင်းဆက် အကုန်ပိုင်းမှာ အင်းဝကို မွန်တွေ ခဏသိမ်းနိုင်ခဲ့ပေမယ့် အလောင်းဘုရားရဲ့ ချေမှုန်းမှုကြောင့် မွန်နိုင်ငံ အပြီးပျက်သုဉ်းခဲ့ပါတယ်။

မွန်သံနဲ့ စပ်တဲ့ သီချင်းတွေကတော့ ကုန်းဘောင်ခေတ်မှာ ဆက်လက် ပေါ်ထွန်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းက မွန်လက်ရာ အိုးအလှ

စစ်ကျန်မွန်

မြန်မာနိုင်ငံမှာ မွန်လူဦးရေ တသန်းကျော်ရှိပြီး ထိုင်းမှာ တသိန်းကျော်တယ်လို့ စာရင်းဇယားတွေက ဖော်ပြ ပါတယ်။

အလောင်းဘုရားခေတ်မှာ ထိုင်းကို ထွက်ပြေးသွားတဲ့ မွန်လူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ စာပေတွေကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သလို မွန်သီချင်းတွေလည်း ထိုင်းဘက်မှာ လူကြိုက်များလာပါတယ်။

စစ်ကြောင့် ပျက်စီးခဲ့တဲ့ စာပေကျမ်းဂန်တွေကိုလည်း ထိုင်းဘက်မှာ ပြန်လည်ပြုစုပါတယ်။

ထိုင်းမှာ လက်ရှိအုပ်ချုပ်နေတဲ့ ချက္ကရီ မင်းဆက်ကိုလည်း မွန်သွေးပါတယ်လို့ ရေးသားကြပါတယ်။

မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းပိုက်ချိန်မှာ မွန်တချို့ကို အုပ်ချုပ်ရေး ရာထူးတွေ ပေးခဲ့ပြီး သူတို့မျိုးဆက်တွေ ခုချိန်ထိ အစိုးရ ရာထူးကြီးတွေ ရရှိနေတာ တွေ့ရပါတယ်။

မြန်မာအောက်မှာ မွန်တွေ တိမ်ကောသွားပေမယ့် ၁၉၃၉ လောက်ကစပြီး မွန်အသင်းတွေ ပေါ်လာလို့ သန်းခေါင်စာရင်းမှာလည်း မွန်လူဦးရေတက်လာတယ်လို့ သုတေသီ နိုင်ပန်းလှက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption အနှစ် ၇ဝ လက်နက်ကိုင်လာတဲ့ မွန်တပ်ဖွဲ့ဝင်တွေ

မွန်ပြည်နယ် လှုပ်ရှားမှု

မွန်အမျိုးသားရေးစိတ် ပြန်လည်ပေါ်လာပြီးနောက် မွန်ပြည်နယ် ရရှိရေး လှုပ်ရှားမှုတွေ စစ်ပြီးခေတ်မှာ ပေါ်လာပါတယ်။

ပထမဆုံး မြန်မာဘုရင်ခံ ဆာဂျေအေမောင်ကြီးနဲ့ ဂျီစီဘီအေခေတ်က သမ္မတဟောင်း ဦးချစ်လှိုင်စတဲ့ လူကြီးတွေလည်း ဒီမွန်လှုပ်ရှားမှုမှာ ပါလာပါတယ်။

မွန်လူငယ်တွေရဲ့ လှုပ်ရှားမှုတွေကြောင့် မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ ပေါ်လာပြီး မကြာမီမှာ မွန်သူပုန်ထခဲ့ပါတယ်။

ဦးနုခေတ် ၁၉၅၈ မှာ မွန်ပြည်သူ့တပ်ဦး အလင်းဝင်ပြီး မွန်ပြည်နယ် ရရှိရေးအတွက် နိုင်အောင်ထွန်းကို ဝန်ကြီးပေးခဲ့ပေမယ့် ၁၉၆၂ အာဏာသိမ်းပွဲကြောင့် မွန်ပြည်သစ်ပါတီ လှုပ်ရှားမှု ထပ်ပေါ်လာပါတယ်။

ဓာတ်ပုံ မူပိုင် Education Images
Image caption ဝင်းစိန်တောရက လျောင်းတော်မူကြီး

၁၉၇၄ မှာ မွန်ပြည်နယ် ပေးခဲ့ပေမယ့် မြန်မာပြည် အရှေ့တောင်ပိုင်း နယ်စပ်ဒေသတွေမှာ မွန်တပ်တွေနဲ့ ကရင်လက်နက်ကိုင်တွေ ဆက်ကြီးစိုးနေခဲ့ပါတယ်။

၁၉၉၆ မှာတော့ မွန်ပြည်သစ်နဲ့ စစ်အစိုးရ အပစ်ရပ်စဲရေး ယူခဲ့ပါတယ်။

၂ဝ၁ဝ နောက်ပိုင်းမှာ မွန်ပြည်နယ် အစိုးရ ပေါ်လာပေမယ့် မွန်ပါတီတွေ အာဏာမရခဲ့ပါဘူး။

နယ်ခြားစောင့်တပ်ပြောင်းဖို့ ငြင်းဆန်ခဲ့ပြီးနောက် ၂ဝ၁၈ မှာ မွန်ပြည်သစ်ဟာ တနိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ဒုက္ခသည်စခန်းက မွန်ကျောင်းသားငယ်

မွန်နိုင်ငံရေးလှုပ်ရှားမှု ပြန်ပေါ်လာပြီးနောက် ကျောင်းတွေမှာ မွန်စာပေ သင်ကြားရေးနဲ့ မွန်အမျိုးသား လှုပ်ရှားမှုတွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။

မွန်အက၊ မွန်စာပေ၊ မွန်အစားအသောက်၊ မွန်လုံချည်ရယ်လို့ တသီးတသန့် ထင်ရှားခဲ့တဲ့ မွန်လူမျိုးတွေရဲ့ ယဉ်ကျေးမှု လက္ခဏာ နဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကတော့ ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption မွန်ပြည်သစ်ပါတီက နိုင်ဟံသာ