အလင်္ကာပုလဲပန်း၊ ဗမာစကားမှာ လုံးဆင့်ပါဋ္ဌ်ဆင့်မရှိ၊ သေတ္တာဘာ့ကြောင့် ခြွင်းချက်ဖြစ်နေသလဲ

သေတ္တာလား၊ သစ်တာလား ဓာတ်ပုံ မူပိုင် Getty Images
Image caption သေတ္တာလား၊ သစ်တာလား

ဗမာစာ၊ ဗမာစကား စစ်စစ်မှာ နှစ်လုံးဆင့်နဲ့ရေးတာမရှိဘူး။ ပါဋ္ဌ်ဆင့်နဲ့ ရေးတာမရှိဘူး။ ပါဋ္ဌ်ဆင့်နဲ့ ရေးတဲ့စာလုံးတွေဟာ များသောအားဖြင့် ပါဠိစကားလုံးတွေသာဖြစ်တယ်။

ဒါဆိုရင် သဝေထိုးသ၊ တဝမ်းပူ နှစ်လုံးဆင့် ရေးချာနဲ့ ရေးတဲ့ သေတ္တာဟာ ပါဠိစကားပါလား။

ဗမာစကား သဖွယ် ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်နေကြတဲ့ မေတ္တာတို့၊ သစ္စာတို့၊ မင်္ဂလာတို့၊ ဝင်္ကပါတို့ဟာ အားလုံးပါဠိတွေပါ။

မိစစ်ဖစစ် ဗမာစကားများကတော့ နှစ်လုံးဆင့် မရှိပါဘူး။ ဒါပေမဲ့ သေတ္တာဆိုတဲ့ စကားဟာ တော်တော် အငြင်းပွားစရာ ဖြစ်လာပါတယ်။ နှစ်လုံးဆင့်နဲ့ ရေးထားတော့ ပါဠိကနေများ လာသလားလို့ ထင်စရာတွေ ဖြစ်ကုန်ပါတယ်။ မြန်မာစာပညာရှင် ဆရာကြီး ဒေါက်တာ ဦးထွန်းတင့်ကတော့ အခုလို ပြောပါတယ်။

"တကယ်တော့ သေတ္တာဟာ ဗမာစကားစစ်စစ်ဗျ။ သူ့ရဲ့ ဗျုပ္ပတ်ကိုကြည့်ရင် သူဟာ ဗမာစကားပဲ။ ဒါ့ကြောင့် သူ့ကို နှစ်လုံးဆင့်နဲ့ ရေးစရာ အကြောင်းကို မရှိဘူး။"

ဆရာပြောသလို ဗမာစကား အစစ် ဆိုရင် သေတ္တာကို ရေးထုံးအမှန်နဲ့ ရေးရင် ဘယ်လို ရေးသင့်ပါသလဲ။ အဓိပ္ပာယ်ကရော ဘယ်လိုပါလဲ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာစာသင်ကျောင်း

"သစ်တာရဲ့ အဓိပ္ပာယ်က တကယ်တော့ သစ်နဲ့ လုပ်တဲ့တာပဲ။ တာဆိုတဲ့ စကားရဲ့ မူလကတော့ တိုင်းတာ၊ တားဆီး၊ ကာထားတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ နောင်ကျတော့ တာဆိုတာ ထည့်စရာ ဆိုတဲ့ အဓိပ္ပာယ်ဆီ အထိ ရောက်သွားတယ်။ ပူတာတို့ မြူတာတို့မှာ သုံးတဲ့ တာကလည်း အလားတူ အဓိပ္ပာယ်ပဲ။ အတူတူပဲ။ ရေကာတာ မှာသုံးတဲ့ တာကလည်း ဒီအဓိပ္ပာယ်ပဲ။ တားထား၊ ဆီးထား၊ သိုလှောင်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။"

မြန်မာအဘိဓာန်မှာတော့ တာ ဆိုတဲ့စကားလုံးကို သစ်သား စသည်ဖြင့် ပြုလုပ်ထားသော အဖုံးပါသည့် ပစ္စည်း ထည့်စရာ တမျိုးလို့ ဆိုထားပါတယ်။

အကိုးအကားအနေနဲ့ မုံရွေးဆရာတော် ရေးသားတဲ့ မဟာသီလဝပျို့ အပိုဒ် ၁၆၂ ကိုလည်း ကိုးကားထားပါတယ်။ အဲဒီမှာ ရေးသားထားတာကတော့

"နန်းတွင်းဌာန စောရမင်းအား ဝတ်စားစိမ့်ငှာ လုံခြုံစွာဖြင့် ရွှေတာတော်ထဲ သော့စုံစွဲလျက် မခဲစတောင်း ထားကုန်ရှောင်းသား"

လို့ ဖြစ်ပါတယ်။

ဒီနေရာမှာ တာဆိုတဲ့ အသုံးကိုရော ရွှေတာဆိုတဲ့ အသုံးကိုပါ တပြိုင်တည်း သတိထားလိုက်မိပါတယ်။ ရွှေသေတ္တာလို့ သုံးမထားပါပဲကလား။

ဓာတ်ပုံ မူပိုင် Getty Images

စောစောက ဆရာဦးထွန်းတင့် ပြောသွားတဲ့အထဲမှာ ပူတာတို့ မြူတာတို့ ဆိုတာလည်း ပါပါသေးတယ်။ အဲဒါတွေကရော ဘယ်လို အဓိပ္ပာယ်ပါလဲ။

မြန်မာ အဘိဓာန်မှာတော့ ပူတာဆိုတာ နှီး သို့မဟုတ် သစ်သား စသည်ဖြင့် ပြုလုပ်ထားသော အဖုံးပါ ကျည်တောက်ပုံ ထည့်စရာတမျိုးလို့ အဓိပ္ပါယ် ပေးထားပါတယ်။ မြူတာကိုတော့ ရေချမ်းတည်သော အိုးငယ်၊ ဝမ်းသို့မဟုတ် လည်တံရှည်သော ညောင်ရေအိုးလို့ ဆိုထားပါတယ်။

ဆရာယုဒသန်ရဲ့ ပထမဆုံး အဘိဓာန်မှာလည်း သေတ္တာကို သစ်တာလို့သာ ရေးထားပါတယ်။ ဒီလို ရေးထားတာဟာ ကျေနပ်စရာကောင်းတယ်လို့ ပညာရှင်အများက မှတ်ယူကြပါတယ်။ ဒါ့ကြောင့် ဆရာ မင်းသုဝဏ်ကလည်း မြန်မာရေးထုံးကျမ်းမှာ သေတ္တာကို သစ်တာ ဆိုတဲ့ ရေးထုံးနဲ့သာ ပြဋ္ဌာန်းထားခဲ့ ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ စကားလုံး တလုံးက ဗမာတွေ ဆဲရေးတဲ့ အခါ သုံးတတ်တဲ့ ဗိုင်းတာမ ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ဗိုင်းတာဆိုတာ ရက္ကန်းစင်မှာ သုံးတဲ့ ဗိုင်းတောင့်လေးတွေထည့်တဲ့ တာကို ပြောတာပါ။ အရင်ခေတ်က ဗိုင်းတောင့်လေးတွေထည့်တဲ့တာဟာ ဘယ်လို တာမျိုးလဲ ဆိုတော့ ထန်းလျှော်နဲ့လုပ်တဲ့ ဖာအသေးလေးတွေပါ။ ဒါ့ကြောင့် ဗိုင်းတာမလို့ ဆဲတာဟာ ဖာမလို့ နည်းနည်း ယဉ်ယဉ်ကလေးနဲ့ ဆဲလိုက်တာဖြစ်ပါတယ်။

ဒီတော့ အဓိပ္ပာယ်အရ ရေးထုံးအမှန်အရ ဆိုရင် သစ်တာလို့ ရေးတာက ပိုသင့်တော်ပါတယ်။ ဒါပေမဲ့ မြန်မာစာသတ်ပုံကျမ်းမှာ ဘာ့ကြောင့် သေတ္တာလို့ ပြဋ္ဌာန်းထားတာပါလဲ။ ဆရာဦးထွန်းတင့်က အခုလို ပြောပါတယ်။

"အမှန်ကတော့ သစ်တာ ကအမှန်ပဲ။ ဒါပေမဲ့ သစ်တာလို့ ရေးရင် ဘာဖြစ်မလဲ။ သစ်နဲ့လုပ်ထားလို့ သစ်တာ လို့ ကျွန်တော်တို့က ပြောရင် တခြား ဝေါဟာရတွေက ပြင်ရမှာတွေ အများကြီးဖြစ်သွားမယ်။ သစ်နဲ့ လုပ်ထားတာက သစ်တာဆိုရင် သံနဲ့လုပ်ထားတာဆိုရင် သံတာလို့ ပြောရတော့မယ်။ သားရေနဲ့ လုပ်ရင် သားရေတာပေါ့။ ရွှေနဲ့လုပ်ထားရင် ရွှေတာပေါ့။ သားရေသစ်တာတို့ ရွှေသစ်တာတို့ ဆိုပြီး ရေးရင် အဲဒီ သစ်က တော်တော် ဂွကျသွားပြီ။ ဒီတော့ သစ်တာဆိုတာက အဓိပ္ပါယ်သစ် ထွန်းလာပြီး သေတ္တာ ဆိုတာ ထည့်စရာလို့ လူတွေက အများလက်ခံလာတဲ့ အတွက် သေတ္တာကို အတည်ပြုပေးလိုက်ရတာပါပဲ။"

ဘာသာစကားဆိုတာ linguistic ဆိုတာ သိပ္ပံဘာသာ ဖြစ်ပေမယ့် ရူပဗေဒ၊ ဓာတုဗေဒတို့ဆိုတဲ့ pure sciecnce ၊ natural science တွေနဲ့ မတူပါဘူး။ ဓာတုဗေဒ ရူပဗေဒတို့ဆိုတာက ဓာတ်ငွေ့တွေ၊ သတ္တုတွေ၊ ရေ၊ လေ၊ နေတွေကို လေ့လာတဲ့ ဘာသာဆိုတော့ လူတွေကြိုက်ကြိုက်မကြိုက်ကြိုက် သူ့သဘာဝ သူ့အမှန်တရားဟာ အပြောင်းအလဲ မရှိပါဘူး။ တချိန်က လူအများက ကမ္ဘာကို ပြားတယ်လို့ ထင်ကြပေမယ့် အများထင်တာနဲ့ ကမ္ဘာကပြားမသွားပါဘူး။ လုံးမြဲလုံးပါတယ်။ ကမ္ဘာလုံးသလား၊ မလုံးသလားကို မဲခွဲ ဆုံးဖြတ်လို့ မရပါဘူး။ မီးဆိုတာက လူတွေက ဘာပဲထင်ထင် ပူမြဲပူမှာပါပဲ။

ဘာသာစကားဆိုတာကတော့ လူအချင်းချင်း ဆက်သွယ်ရာမှာ အသုံးပြုတဲ့အရာ ဖြစ်ပါတယ်။ လူအများကြိုက်ရင် အတည်ဖြစ်ပါတယ်။ လူအများမကြိုက်ရင် လူအများလက်မခံရင် ပြောင်းလဲပေးရပါတယ်။ အများညီရင် ဤကို ကျွဲဖတ်ရတယ်ဆိုတာဟာ ဘာသာစကားနယ်ပယ်မှာ အမှန်တကယ် ကျင့်သုံးလေ့ရှိတဲ့ ကျင့်ထုံးတခုဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ