ကမ္ဘာက ဖြာလာတဲ့ ရုပ်ရှင်လှိုင်းဂယက်၊ မြန်မာက ကမ္ဘာကို ဘာနဲ့ ဖမ်းစားမလဲ

hollywood ဓာတ်ပုံ မူပိုင် Universal History Archive
Image caption ၁၉၁၆ က ဒေါက်ကလပ် ဖဲယားဘင့် စီနီယာ

မြန်မာပြည်မှာ အနောက်တိုင်းရုပ်ရှင်ကားတွေ စပြီးပြသတာ အနှစ် တရာကျော် ရှိနေပါပြီ။ ပေါ်ကာစက အရိပ်ပြပွဲလို့ ခေါ်တဲ့ ဒီဇာတ်ကားတွေမှာ ဇာတ်လမ်းမယ်မယ်ရရ မရှိဘဲ သတင်းကား ပုံစံမျိုးတွေ ပြခဲ့ပေမယ့် ၁၉၁ဝ လောက်ကစပြီး အက်ဒီပိုလို၊ ဇီကိုးမား၊ ပါးလ်ဝှိုက် စတဲ့ ဇာတ်လိုက်တွေရဲ့ ဇာတ်ကားအပိုင်းရှည်တွေ မြန်မာပြည်မှာ ရောက်ရှိလာပါတယ်။

မင်းသမီး ပါးလ်ဝှိုက်နာမည်ကို ယူပြီး ပလဝှိုက် မမြညွန့်ဆိုတဲ့ အငြိမ့်မင်းသမီး ပေါ်ခဲ့ပါတယ်။

ဒီအချိန်မှာပဲ ချာလီချက်ပလင်ရဲ့ အသံတိတ် ဟာသကားတွေ မြန်မာပြည်မှာ ခေတ်စားလာပါတယ်။

မြန်မာရုပ်ရှင်ရဲ့ ပေါ်ဦးစ မင်းသားမင်းသမီးတွေမှာ ဟောလီးဝုဒ် ဇာတ်ဆောင်တွေရဲ့ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ မိတ်ကပ်ထူထူ လိမ်းတာကစပြီး မင်းသားဆံပင်ပုံစံ ၊ စီးကရက်သောက်ပုံနဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေက အစ နည်းယူခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Myo Thant Tun
Image caption လန်ဒန်မှာ ပြခဲ့တဲ့ မောင်ညီပုရဲ့ ဆုထူးပန်

အသံတိတ်ခေတ်

အဲဒီခေတ်က နာမည်ကြီးတဲ့ ရူးဒေါ့ဖ် ဗလင်တီနိုပုံစံ ဆံပင်ပုံကို ဗလင်တီနို ဆံတောက်လို့ ခေါ်ပြီး ပထမဆုံး မြန်မာမင်းသား ဦးညီပုရဲ့ ဆံပင်ပုံကိုတော့ မောင်ဘဌေး ဆံတောက်ဆိုပြီး သူပါဝင်တဲ့ ဇာတ်ကားက ဇာတ်ဆောင်နာမည်နဲ့ တွဲသိကြပါတယ်။

ရုပ်ရှင်မင်းသား ဒေါက်ကလပ် ဖဲယားဘင့် စီနီယာနဲ့ ဂျူနီယာတို့ သားအဖကတော့ မြန်မာပြည်ကို ရောက်ခဲ့ဖူးပြီး ဖဲယားဘင့်ရဲ့ ပုံစံက မြန်မာမင်းသား မောင်ဘတင့်မှာ အများကြီး တွေ့နိုင်ပါတယ်။

ဖဲယားဘင့်နဲ့ မောင်ဘတင့်တို့ကို နှစ်ခြိုက်သူတွေထဲမှာ စာရေးဆရာမ ခင်မျိုးချစ်လည်း ပါပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟာသဘုရင် ချာလီချက်ပလင်

ချာလီချက်ပလင်ကို မြန်မာရုပ်ရှင်မှာ အသက်သွင်းခဲ့သူကတော့ ကာတွန်းဦးဘကလေးပါ။ သူ့ရဲ့ ဟာသကားတွေမှာ အလွမ်းနဲ့ အဆုံးသတ်တာဟာ ချာလီချက်ပလင် သြဇာပါပြီး ဦးရွှေရိုးအကလို့ နာမည်တွင်ခဲ့တဲ့ ဇာတ်ကောင်ကိုလည်း ၁၉၂၃ ကရိုက်တဲ့ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားမှာ သူတီထွင်ခဲ့ပါတယ်။

အသံထွက်ဇာတ်ကား သီချင်းရုပ်ရှင်

၁၉၃ဝ ကျော်မှာတော့ ကမ္ဘာရော မြန်မာပါ အသံထွက် ဇာတ်ကားတွေ ရိုက်နေကြပါပြီ။

ဒီထဲမှာ လူဆိုးဂိုဏ်း ဇာတ်လမ်းတွေနဲ့ အဆိုအကကားတွေလည်း အသစ် ပေါ်လာခဲ့ပါတယ်။

မြန်မာပြည်မှာ ဗိုလ်နာမည်ပါတဲ့ ကားတွေ ခေတ်စားလာပြီး ဗိုလ်ဝ ကနေ ဗိုလ်တကာ့ဘုရင်ထိ ရှိပါတယ်။

ဒီထဲက ခုထိ ခေတ်မမှိန်တာကတော့ ဗိုလ်အောင်ဒင်ပါ။

ဓာတ်ပုံ မူပိုင် မြန်မာ့စွယ်စုံကျမ်း
Image caption အချစ်အကြမ်း စွယ်စုံရ မင်းသား ခင်မောင်ရင်

ဗိုလ်အောင်ဒင်ကို ရိုက်တဲ့ ခင်မောင်ရင်ဟာ အဲဒီခေတ်က ဟောလီးဝုဒ်မှာ ခေတ်စားတဲ့ ဂျိမ်းစ်ကက်ဂနီနဲ့ ဝီလျံပေါင်းဝဲလ်စတဲ့ နာမည်ကြီး ဇာတ်ဆောင်တွေရဲ့ လူဆိုးဂိုဏ်းရုပ်ရှင်တွေကို ကြိုက်နှစ်သက် ပုံရပါတယ်။

ဒီဇာတ်လိုက်တွေရဲ့ စွန့်စားခန်း၊ စီးကရက်သောက်ခန်း၊ ချစ်ခန်းကြိုက်ခန်း ပုံစံတွေဟာ အဲဒီခေတ်က မြန်မာရုပ်ရှင်တွေမှာလည်း ရိုက်ခတ်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကတော့ မက္ကဆီကို တော်လှန်ရေး နောက်ခံ ဇာတ်ကားမျိုးကို ကြိုက်တယ်လို့ သူ့ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှက ပြန်ရေးခဲ့ပါတယ်။

လူထုဦးလှကတော့ သူစွဲလမ်းခဲ့တဲ့ ဆွီဒင်မင်းသမီး ဂရီတာ ဂါးဘိုးအကြောင်း ဆောင်းပါး ရေးခဲ့ပြီး ပြင်သစ် ဟာသမင်းသား မောရစ် ရှဗေးလီးယား ဆုံးတော့လည်း ရေးပါတယ်။

ဓာတ်ပုံ မူပိုင် Silver Screen Collection
Image caption ဂျိမ်းစ်ကက်ဂနီရဲ့ နာမည်ကြီး သရုပ်ဆောင်ကွက်

အဲဒီခေတ်က အဆိုအကပုံစံ ဇာတ်ကားတွေကိုလည်း ဆရာခန့်က နည်းယူပြီး မြန်မာမှု ပြုခဲ့ပါတယ်။

ခင်ခင်ရီနဲ့ မောင်မောင်အေးတို့ရဲ့ ဣတ္ထိယ ဇာတ်ကားမှာ အငြိမ့်ခန်းအပြင် ရဲတပ်ဖွဲ့ယိမ်းလည်း ပါပါတယ်။ ခင်ခင်ရီရဲ့ ကားတကားမှာတော့ မင်းသမီးက စန္ဒရားပေါ် တက်ကတယ်လို့ စာရေးဆရာ ဒါရိုက်တာ ပြည့်စုံက ရေးသားခဲ့ပါတယ်။

ဒီအဆိုအက ရုပ်ရှင်တွေကို နှစ်သက်သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်လာမယ့် ဦးကြည်မောင်နဲ့ ကဗျာဆရာ ဒဂုန်တာရာ တို့လည်း ပါပါတယ်။

ဓာတ်ပုံ မူပိုင် Warner Bros
Image caption ဂျူဒီဂါးလန်းရဲ့ အဆိုအကသရုပ်ဆောင်ကွက်

ဒဂုန်တာရာဟာ အနောက်တိုင်းအကကို နှစ်သက်လို့ မေရိုမရင်း ကပွဲရုံမှာ ညစာစားတတ်တယ်လို့ သူ့ရဲ့ ဆောင်းပါးတပုဒ်မှာ ပါရှိပါတယ်။

အဆိုအက ရုပ်ရှင် ဇာတ်မြူးလိုင်းဟာ စစ်ပြီးခေတ်မှာ ပြဇာတ်အသွင်ကူးသွားပြီး နောက်ပိုင်းမှာတော့ ဝင်းဦးရဲ့ ပရက်စလေပုံစံ အဆိုအကကားတွေ ဖြစ်လာပါတယ်။

အနောက်တိုင်းပုံစံတွေ ခေတ်စားလို့ မြန်မာရုပ်ရှင်ကားကို ရောမအဝတ်အစားတွေနဲ့ ရိုက်တာတွေလည်း ၁၉၄ဝ လောက်က ရှိခဲ့ပါတယ်။

ဒါကို ကာတွန်းဆရာတွေက ဟာသထုတ်ကြပါတယ်။

ပြီးတော့စနိုးဝှိုက် နဲ့ မစ်ကီးမောက်စ် စတဲ့ ကာတွန်းကားတွေကို ဒစ္စနီက ပွဲထုတ်ခဲ့ပြီးနောက် မြန်မာပြည်မှာလည်း ဦးဘဂျမ်းရဲ့ ကြက်တောင်ကွ နဲ့ ကိုကိုဆောင်း စတဲ့ ကားတိုလေးတွေ တီထွင်ကြိုးစားခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption လေရူးသုန်သုန် ဇာတ်ကား ပိုစတာ

၁၉၃၉ မှာတော့ ဟောလီးဝုဒ်ကားတွေထဲမှာ နာမည်ကြီးတဲ့ လေရူးသုန်သုန် ဇာတ်ကား ထွက်လာပါတယ်။ ဒီကားရဲ့ အရှိန်ကြောင့် ဝတ္ထုကို စာရေးဆရာ နန္ဒက မြန်မာမှုပြုပြီး သာယာဝတီ သူပုန် နောက်ခံနဲ့ ရေးခဲ့ပါတယ်။

အော့ဇ်က ဝိဇ္ဇာ ဇာတ်ကားရဲ့ ကျောရိုးသီချင်း သက်တံပေါ်မှာ ကိုလည်း အေဝမ်းမင်းသမီး မေနုက အုံးစက်ရာ အမည်နဲ့ မှီးပြီး သီဆိုခဲ့ပါတယ်။

သိန်းဖေမြင့်ရဲ့ ဦးစောဘိလပ်သွားပြဇာတ် မှာတော့ အမေရိကန်သမ္မတနဲ့ လွတ်လပ်ရေး ကိစ္စ စကားပြောဖို့ ဦးစောရောက်နေခိုက်မှာ ဂျူဒီဂါးလန်းနဲ့ မစ်ကီရွန်နီ ကလေးဇာတ်လိုက်တွေက ရုပ်ရှင်ကြည့်ဖို့ သမ္မတကို လာခေါ်သွားလို့ ဦးစောကျန်ခဲ့တယ်လို့ ဟာသထုတ်ပါတယ်။

ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်မှာပဲ အနောက်တိုင်းနဲ့ အိန္ဒိယ ရုပ်ရှင်တွေကို ဇာတ်လမ်းယူ ရေးတဲ့ ဝတ္ထုတွေ မြန်မာပြည်မှာ ပေါ်လာပါတယ်။

ဒီထဲမှာ ထင်ရှားတာက ဒဂုန်ခင်ခင်လေးရဲ့ ဂုဏ်မြင့်သူဂုဏ်နိမ့်သူ ဝတ္ထုတွေ ဖြစ်ပါတယ်။

ဂုဏ်နိမ့်သူက ဝါတာလူး ဇာတ်ကားကို မှီငြမ်းထားတာပါ။

Image caption အနောက်တိုင်းရုပ်ရှင်ကို မှီးတဲ့ ဝတ္ထု

ဆေးရောင်စုံနဲ့ စီနီမာစကုပ်

စစ်အတွင်းမှာ မြန်မာကားတွေ မထွက်လာသလို အနောက်တိုင်း ရုပ်ရှင်တွေလည်း ရောက်မလာခဲ့ပါဘူး။ လူဘိုင်စကုပ်ခေါ် ပြဇာတ်တွေက ရုပ်ရှင်နေရာ အစားယူလာပါတယ်။

စစ်ပြီးနောက် မြန်မာဇာတ်ကားတွေ ပြန်ရိုက်ချိန်မှာတော့ အိန္ဒိယကားတွေ တခေတ်ဆန်းလာချိန်နဲ့လည်း ကြုံပါတယ်။

ဒါကြောင့် မားသား အင်ဒီးယားစတဲ့ ကားတွေကို မြန်မာမှုပြုခဲ့သလို ပထမဆုံး အကယ်ဒမီရတဲ့ ချစ်သက်ဝေ နဲ့ ဒေါက်တာအောင်ကျော်ဦး စတဲ့ ကားတွေဟာ အိန္ဒိယကားတွေကို ယူတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ရုပ်ရှင်တွေရဲ့ အရှိန်ကလည်း ဆက်လက်ဝင်နေပြီး ရောင်စုံနဲ့ မြင်ကွင်းကျယ် ရိုက်ကူးမှုတွေလည်း မြန်မာပြည်မှာ စခဲ့ပါတယ်။

မြန်မာပြည်ကနေ ပထမဆုံး ဟောလီးဝုဒ်မင်းသားနဲ့ တွဲရိုက်တဲ့ ဝင်းမင်းသန်းရဲ့ ခရမ်းရောင်လွင်ပြင် ဇာတ်ကားလည်း ပေါ်ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Memory Film Festival Yangon
Image caption ၁၉၅ဝ က ဆေးရောင်စုံ မြန်မာရုပ်ရှင် ပျို့ချစ်လင်

အနောက်တိုင်းက ကောင်းဘွိုင်နဲ့ အက်ရှင်ကားတွေလည်း မြန်မာပြည်မှာ ခေတ်စားလာပြီး ကျော်ဆွေ၊ မြတ်လေး စတဲ့ မြန်မာ မင်းသားတွေရဲ့ တောင်တန်းဒေသ အခြေခံ ရုပ်ရှင်တွေကို ပေါ်ထွန်း လာစေခဲ့ပါတယ်။

နိုင်ငံခြားက ဝင်လာတဲ့ ကားတွေကို မြန်မာပြည်က ဆင်ဆာ ပိတ်တာတွေလည်း ရှိခဲ့ပါတယ်။ ဗုဒ္ဓဆင်းတုတွေကို ကြမ်းပြင်မှာ ချထားတာလို ပြကွက်တွေကို ဖြတ်တောက်ရကြောင်း ဟောလီးဝုဒ်ကို အလည်ရောက်သွားတဲ့ စာရေးဆရာမ ဒဂုန်ခင်ခင်လေးက အဲဒီက ရုပ်ရှင် လူကြီးတွေကို ရှင်းပြခဲ့ပါတယ်။

၁၉၅၉ မှာတော့ လမ်းသရဲ ဇာတ်ကားတချို့ကို မြန်မာပြည်က ဆင်ဆာပိတ်ပါတယ်။ ဒီထဲမှာ နာမည်ကြီး မင်းသား ဂျိမ်းစ်ဒင်းရဲ့ အကြောင်းမဲ့ ပုန်ကန်မှု ဇာတ်ကားလည်း ပါပါတယ်။

ဓာတ်ပုံ မူပိုင် Warner Bros.
Image caption သုံးကားထဲနဲ့ နာမည်ကျန်ရစ်တဲ့ ဂျိမ်းစ်ဒင်း

ဂိုးလ်ဖင်းဂါးနဲ့ ဘရုစ်လီ

၁၉၆ဝ နောက်ပိုင်းမှာတော့ ဂျပန်နဲ့ ဟောင်ကောင် ရုပ်ရှင်ကားတွေ မြန်မာပြည်မှာ ခေတ်စားလာပြီး သိုင်းကားတွေ ရောက်လာပါတယ်။ သိုင်းဝတ္ထု ပြန်ဆိုမှုတွေလည်း ခေတ်စား လာပါတယ်။

ဆိုရှယ်လစ်ခေတ်မှာ ပြည်ပ ရုပ်ရှင်တွေကို ကန့်သတ်ပေမယ့် ဂျိမ်းစ်ဘွန်းကားတွေက မြန်မာပြည်မှာ ခေတ်စားခဲ့ပါတယ်။

ဂျိမ်းစ်ဘွန်းပုံစံ ရုပ်ပြနဲ့ ဝတ္ထုတွေလည်း ထွက်ခဲ့ပါတယ်။

လှိုင်းသစ် လှုပ်ရှားမှု နိုင်ငံတကာမှာ ခေတ်စားလာချိန်မှာတော့ မြန်မာပြည်က ခင်မောင်ရင်ရဲ့ နှမလက်လျှော့နေလေတော့၊ မောင်ဝဏ္ဏနဲ့ သဘာဝအုပ်စုရဲ့ ကားတွေ ထွက်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Sunset Boulevard
Image caption ဒေါက်တာနိုးကားထဲက ခေတ်စားခဲ့တဲ့ ဂျိမ်းစ်ဘွန်း

၁၉၈ဝ ကျော်မှာ စတားဝါး နဲ့ အီးတီ စတဲ့ သိပ္ပံ ခေတ်လွန်ကားတွေ မြန်မာပြည်ကို ရောက်လာခဲ့ပေမယ့် မြန်မာရုပ်ရှင်နယ်မှာ တုပ ရိုက်နိုင်ခြင်းတော့ မရှိဘဲ စက်ရုပ်ကြီး မောင်ပြုံးချို လို ကားမျိုးပဲ ရှိခဲ့ပါတယ်။

အာနိုးနဲ့ စတားလုံးတို့ရဲ့ ရော့ကီရမ်ဘို စတဲ့ အကြမ်းအရမ်း ကားတွေ လူကြိုက်များခဲ့ပါတယ်။

မြန်မာပြည် အခြေခံတဲ့ ရမ်ဘို တကားတောင် ရိုက်ခဲ့ပေမယ့် မြန်မာပြည်မှာတော့ ဆင်ဆာ အခက်အခဲကြောင့် စစ်အစိုးရခေတ်မှာ တော်လှန်ရေး နောက်ခံ ကားတွေမှာပဲ သေနတ်ကိုင်ခွင့် ရခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရမ်ဘို မင်းသား စတားလုံး

၂ဝဝဝ ပြည့်လွန်နှစ်တွေမှာတော့ ကိုရီးယားလှိုင်း ရောက်လာပြီး မြန်မာပြည်က လူသိန်းချီ သွားရောက် လုပ်ကိုင်နေကြတဲ့ ထိုင်းက ရုပ်ရှင်ရဲ့ သြဇာလည်း မြန်မာမှာ တွေ့လာရပါတယ်။

အနှစ်တရာ သက်တမ်းပြည့်တော့မယ့် မြန်မာရုပ်ရှင်မှာ ပြည်ပ သြဇာရှိသလို ပြည်တွင်းက အစဉ်အလာ ဇာတ်ပုံစံ အိုင်ကျင်းဖွဲ့မှုနဲ့ နိပါတ်တော်၊ ရာဇဝင်ကားတွေ ရိုက်ကူးမှု ကြီးတာကိုလည်း တွေ့ရပါတယ်။

အိန္ဒိယရုပ်ရှင်၊ ဟောင်ကောင်ရုပ်ရှင်တွေလို ကမ္ဘာသိ ဖြစ်မလာပေမယ့် မြန်မာရုပ်ရှင်မှာလည်း သရုပ်ဆောင်ပုံနဲ့ ဇာတ်အိမ်တည်ဆောက်ပုံ လေးနက်ပြီး အဆင့်မြင့်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် မြန်မာရုပ်ရှင်ဇာတ်ကားအဟောင်း နှစ်သက်သူများ
Image caption ရာဇဝင်ကားတွေ လူကြိုက်များဆဲ