တော်လှန်ရေးကောင်စီက မဆလ၊ နဝတ။ ဦးနေဝင်းက စတဲ့ အစိုးရပုံစံ
- ဘိုဘို
- ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ ရင်းမြစ်, Keystone
ဗိုလ်ချုပ်ကြီး နေဝင်း
၁၉၆၂ ခုနှစ်က စလို့ မြန်မာနိုင်ငံမှာ စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်ခဲ့တာ ၂ဝ၁၆ ခုနှစ်အထိ ဖြစ်ပါတယ်။ ဒီအတွင်း သူတို့ ဖွဲ့စည်းတဲ့ အစိုးရ စနစ်မှာ စစ်အရာရှိကြီးတွေက တာဝန်ယူပြီး နိုင်ငံကို အုပ်ချုပ်ခဲ့တာ ဖြစ်သလို အရပ်သား အရာရှိ တချို့ကိုလည်း ထည့်သွင်း သုံးခဲ့ပါတယ်။
ဒီအစိုးရ ပုံစံဟာ ၂ဝ၁၁ ပါတီစုံစနစ်ကို ပြန်ကျင့်သုံးမှ ပျောက်ကွယ်သွားပြီး စစ်အရာရှိဟောင်းတွေကို အစိုးရဝန်ကြီးခန့်တဲ့ စနစ်ကတော့ အခုထိ ရှိနေဆဲပါ။
စစ်တပ် အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ စစ်ခေါင်းဆောင်တွေ အစိုးရဖွဲ့တာ မထူးဆန်းပေမယ့် မြန်မာနိုင်ငံမှာ ကျင့်သုံးတဲ့ စနစ်မှာ စစ်တိုင်းမှူးတွေကို ထိပ်တင်ပြီး အစိုးရထဲ ထည့်တဲ့စနစ်ကို ကျင့်သုံးခဲ့တာပါ။
အင်ဒိုနီးရှားမှာ ၁၉၆၆ ခုနှစ်ကစပြီး ဖွဲ့တဲ့ ဆူဟာတို အစိုးရမှာ စစ်ဗိုလ်ချုပ်တွေ ပါပေမယ့် နိုင်ငံရေးသမားတွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ၁၉၅၈ ခုနှစ်က ဖွဲ့တဲ့ အိမ်စောင့်အစိုးရမှာပဲ အရပ်သား ဝန်ကြီးတွေ ခန့်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာတော့ ဦးသီဟန် တယောက်ပဲ နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ ပါခဲ့ပါတယ်။
ဦးသီဟန် ကိုယ်တိုင်ကလည်း တပ်မတော်မှာ အရပ်သား အရာရှိ အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Yvan Cohen
တိုင်းမှူးဘဝနဲ့ တော်လှန်ရေးကောင်စီမှာပါလာသူ ဦးကြည်မောင်
အာဏာသိမ်းကောင်စီ
၁၉၆၂ အာဏာသိမ်းချိန်မှာ ဗိုလ်မှူးကြီးကျော်စိုးရဲ့ စီစဉ်မှုနဲ့ သိမ်းခဲ့တာ ဖြစ်လို့ နယ်က စစ်တိုင်းမှူးတချို့ဟာ သူတို့နာမည်တွေ ရေဒီယိုက ကြေညာမှပဲ တော်လှန်ရေးကောင်စီမှာ ပါမှန်း သိကြပါတယ်။
ရန်ကုန်စစ်ရုံးမှာ နေတဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးကိုယ်တိုင်က အာဏာသိမ်းတဲ့ မနက် အိပ်ရာက နိုးမှ သိတယ်လို့လည်း အဲဒီအချိန်က ရှိနေခဲ့တဲ့ ကြည်ဝင်းစိန်က ရေးပါတယ်။
ဒါကြောင့် ဒီအာဏာသိမ်းမှုဟာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အရာရှိတချို့ စီစဉ်ပြီး နယ်က တိုင်းမှူးတွေကို တော်လှန်ရေး ကောင်စီဝင် နေရာပေး အုပ်ချုပ်ခဲ့တဲ့ စနစ် ဖြစ်ပါတယ်။
ဒီလို ကောက်ကာငင်ကာ ထည့်သွင်းခဲ့လို့ နောက်ပိုင်းမှာ အဆင်မပြေဖြစ်ပြီး ရာထူးက ထွက်ရတာတွေ ဖြစ်လာခဲ့ပါတယ်။
အနောက်တောင်ပိုင်း တိုင်းမှူး ဗိုလ်မှူးကြီးကြည်မောင်ဟာ ဒူးယား လယ်သမား နှီးနှောဖလှယ်ပွဲကို မတက်လို့ ဆိုပြီး အဆင်မပြေဖြစ်ကာ ၁၉၆၃ မှာ ထွက်ရပါတယ်။ အဲဒီနောက် အထိန်းသိမ်းခံရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Frank Barratt
လန်ဒန်ကို သံအမတ်အဖြစ် အပို့ခံရတဲ့ ဗိုလ်မှူးကြီး ချစ်မြိုင်
သူ့လိုပဲ တခြား တော်လှန်ရေး ကောင်စီဝင်တွေထဲမှာ နုတ်ထွက်ပြီး အဖမ်းခံရသူတွေကတော့ ဗိုလ်မှူးချုပ် အောင်ကြီး၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး ချစ်မြိုင် တို့ ဖြစ်ပါတယ်။
ဖွဲ့ပြီး ၁ဝ နှစ်အကြာမှာ တော်လှန်ရေး ကောင်စီရဲ့ မူလ အဖွဲ့ဝင်တွေထဲက ကျန်ရစ်သူ ဆိုလို့ တပ်က နားလိုက်တဲ့ ဦးနေဝင်းနဲ့ ဦးစိန်ဝင်း၊ တပ်ချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးစန်းယု စသူတို့လောက်ပဲ ရှိပါတယ်။
နောက်တက်လာတဲ့ စစ်တိုင်းမှူး အသစ်တွေကိုလည်း ကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့ရာမှာ ဗိုလ်မှူးကြီး သူရတင်ဦး၊ ဗိုလ်မှူးကြီး လွင် စသူတွေ ပါလာပါတယ်။
၁၉၇၂ မှာတော့ အရပ်သားထဲက ဦးဘညိမ်၊ ဦးဘငြိမ်း၊ မန်းသာမြိုင်နဲ့ ဒေါက်တာမောင်မောင်ကို တော်လှန်ရေး ကောင်စီမှာ ခန့်အပ်ပါတယ်။
ဒီထဲက ဒေါက်တာမောင်မောင် တယောက်ပဲ လမ်းစဉ်ပါတီခေတ်ကုန်ခါနီးမှာ သမ္မတ ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, LAW EH SOE
ဦးလွင်နဲ့ ဦးအောင်ရွှေ
တိုင်းမှူးထဲက တချို့ကို အငြိမ်းစားပေးပြီး ဒုတိယဝန်ကြီး ခန့်တဲ့ စနစ်ကို ၁၉၇၂ အုပ်ချုပ်ရေး ပြောင်းချိန်က စခဲ့ပါတယ်။
အတွင်းဝန်စနစ်ကို ဖျက်ပြီး ပြည်သူ့အုပ်ချုပ်ရေး အသစ်စချိန်မှာ ဒုတိယဝန်ကြီး ရာထူးကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
မဆလခေတ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
၁၉၇၄ မှာ လမ်းစဉ်ပါတီအစိုးရ ဖွဲ့ချိန်မှာတော့ တော်လှန်ရေး ကောင်စီမှာ ပါခဲ့သူတွေထဲက ဦးသန်းစိန်၊ ဦးလှဟန် ၊ ဦးသောင်းကြည် စတဲ့သူတွေကို နိုင်ငံတော်ကောင်စီမှာ ခန့်အပ်ခဲ့ပါတယ်။
ဦးစန်းယုက ကောင်စီ အတွင်းရေးမှူးနဲ့ ဦးစိန်ဝင်းက ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။
နောက်ထပ် တိုင်းမှူးအသစ်တွေနဲ့ စစ်အရာရှိဟောင်းတွေကို ဒုတိယဝန်ကြီး၊ ဝန်ကြီးပေးတဲ့ စနစ်ကလည်း လမ်းစဉ်ပါတီ တခေတ်လုံးမှာ ရှိခဲ့ပြီး ၁၉၈၈ နောက်ပိုင်းအထိ တည်တံ့ခဲ့ပါတယ်။
ပညာရှင် အရပ်သားတွေကို ဒုဝန်ကြီးကနေ ဝန်ကြီးထိ ခန့်တဲ့ စနစ်လည်း ရှိလာပြီမို့ ဒေါက်တာညီညီ၊ ဒေါက်တာခင်မောင်ဝင်း စတဲ့သူတွေ ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။
ပုံမှန်အားဖြင့် စစ်အရာရှိဟောင်းတွေက ဝန်ကြီးလုပ်ပြီး ပညာရှင်က ဒုဝန်ကြီးလုပ်တဲ့ စနစ်ကို လမ်းစဉ်ပါတီခေတ်မှာ တွေ့ရပြီး အခုထိလည်း စစ်အရာရှိဟောင်းတချို့ ဝန်ကြီးလုပ်တဲ့ဌာနတွေမှာ အရပ်သားအရာရှိတွေက ဒုဝန်ကြီးလုပ်တဲ့ စနစ်ကျန်နေပါတယ်။
ပါတီ ကောင်စီ ခေတ်မှာ လမ်းစဉ်ပါတီဘက်က နိုင်ငံရေးပိုင်း တာဝန်ယူပြီး ကောင်စီအဆင့်ဆင့်က အုပ်ချုပ်ရေး တာဝန်ယူတာ ဖြစ်ပါတယ်။
ဒါကလည်း ဆိုရှယ်လစ်နိုင်ငံပုံစံ ဖြစ်အောင် တည်ဆောက်ခဲ့တာပါ။
မြန်မာပြည်ရဲ့ ဆိုရှယ်လစ် တော်လှန်ရေးဟာ အီဂျစ်လိုပဲ စစ်တပ်က ခေါင်းဆောင်တာမို့ စစ်အရာရှိတွေကပဲ ကြီးစိုးခဲ့တာ ဖြစ်ပြီး နိုင်ငံရေးသမားတွေက အဖြည့်ခံလို ဖြစ်ခဲ့ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦး
ဗိုလ်ချုပ်ကြီးနေဝင်းက ထိပ်ကနေပြီး မကြိုက်သူဖြုတ်၊ ကြိုက်သူထား စနစ်ဟာ အခြေခိုင်တယ် ထင်ရပေမယ့် ၁၉၇၇ မှာတော့ ဒီစနစ်ကို ကိုင်လှုပ်တဲ့ ဖြစ်ရပ်တခု ပေါ်လာပါတယ်။
တတိယအကြိမ် ပါတီညီလာခံမှာ လျှို့ဝှက်မဲပေးစနစ်နဲ့ ဦးစန်းယုကို တင်ဖို့ ကြိုးစားမှုဟာ သူ့ရဲ့ အာဏာကို ကိုင်လှုပ်မှုအဖြစ် ဦးနေဝင်းက ယူဆခဲ့ပါတယ်။
ဒါကြောင့် ထွန်းလင်း၊ သန်းစိန်၊ ကျော်ဇော အုပ်စု ဆိုတဲ့ ပါတီထဲက စစ်အရာရှိဟောင်းတွေ ပြုတ်တာ၊ ထောင်ကျတာတွေ ဖြစ်ခဲ့ပါတယ်။
ဒီမတိုင်ခင်ကလည်း ဗိုလ်ချုပ်ကြီး တင်ဦးကို ရာထူးကဖြုတ်တာနဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်ရဲ့ နိုင်ငံတော် လုပ်ကြံမှု ဖြစ်ခဲ့ပါတယ်။
အဲဒီခေတ်က ဝန်ကြီးရာထူးက ပြုတ်ရင် အခေါ်အပြော နည်းသွားတဲ့ အကြောင်းကိုလည်း မိုးမိုးအင်းလျားရဲ့ ရွှေတိဂုံကိုမြင်လျှင် ဝတ္ထုမှာ ဖော်ပြခဲ့ပါတယ်။
၁၉၈၈ အရေးအခင်း ဖြစ်ချိန်မှာတော့ အသက် ၇၇ နှစ် အရွယ် ဦးနေဝင်းနဲ့ အစိုးရအဖွဲ့ဝင်တွေကြား အသက်ကွာခြားမှုက ၁ဝ နှစ်က အနှစ် ၂ဝ ထိ ရှိခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
၁၉၈၈ မှာ အာဏာသိမ်းတဲ့ ဗိုလ်ချုပ်ကြီး စောမောင်
တကျော့ပြန် အာဏာသိမ်း
အရေးအခင်းအပြီး အာဏာသိမ်းပြီး တက်လာတဲ့ နဝတ ခေတ်မှာလည်း အလားတူ စစ်တိုင်းမှူးတွေက နဝတ အဖွဲ့ဝင် လုပ်တဲ့ခေတ် ပြန်ပေါ်လာပါတယ်။
ကျန်းမာရေး ဝန်ကြီး ဒေါက်တာဖေသိန်းပဲ အရပ်သားအဖြစ် နဝတ အစိုးရ အစမှာ ပါခဲ့ပေမယ့် သူ့ကိုလည်း ဗိုလ်မှူးကြီး အဖြစ် နောက်ပိုင်းမှာ သုံးနှုန်းခဲ့ပါတယ်။
၁၉၉၂ မှာ တန်ခိုးကြီးတဲ့ တိုင်းမှူးတွေကို ရန်ကုန်မှာ ဝန်ကြီးခေါ်ခန့်ပြီး တိုင်းမှူးသစ်တွေ တင်ပါတယ်။
၁၉၉၇ မှာ နဝတကနေ နအဖ ပြောင်းဖွဲ့တဲ့ အခါမှာ အရင် ဝန်ကြီးတွေကို ဖယ်ပြီး နောက်တိုင်းမှူးတွေက ဝန်ကြီး ဖြစ်လာပါတယ်။
နဝတ ခေတ်မှာ တပ်ကို ပိုချဲ့လာတဲ့အတွက် ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ ဝန်ကြီးအဖွဲ့ဝင်တွေ ပိုများလာပြီး ထိပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကတော့ ရာထူး တည်မြဲခဲ့ပါတယ်။
ပညာရေးနဲ့ ကျန်းမာရေး၊ နိုင်ငံခြားရေး စတဲ့ဌာနတချို့မှာတော့ စိတ်ချရတဲ့ အရပ်သား အရာရှိတွေကို ဝန်ကြီးပေးပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
တပ်နဲ့အရပ် ပူးတွဲအုပ်ချုပ်ရေး
၂ဝ၁၁ ကစပြီး ဦးသိန်းစိန် သမ္မတ အစိုးရမှာ အရွေးမခံရသူကို ဝန်ကြီး ခန့်လို့ ရတဲ့ ဖွဲ့စည်းပုံစနစ်ကြောင့် အရင်လိုပဲ စိတ်ချသူကို ရာထူးပေးတဲ့ စနစ်က ဆက်ရှိနေပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဝန်ကြီးအများစုကလည်း တပ်အရာရှိဟောင်းတွေ များပါတယ်။
အရေးကြီးတဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ် ဌာနတွေကိုတော့ တပ်က ဆက်ကိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာလည်း အလားတူ ကျင့်သုံးပါတယ်။
ကြံ့ခိုင်ရေးထဲက စစ်အရာရှိဟောင်း နှစ်ယောက် ဝန်ကြီးဖြစ်လာသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခန့်တဲ့ အမတ်ဝန်ကြီးတချို့ကလည်း အရာရှိကနေ ဝင်အရွေးခံသူတွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အတွက် အတိုင်ပင်ခံရာထူးကို တီထွင်ခဲ့တာပဲ ထူးပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၆၂ အာဏာသိမ်းပွဲ မြင်ကွင်း
ဖြုတ်ထုတ်ရှင်း
၁၉၆၂ နောက်ပိုင်း နိုင်ငံရေးသမားစစ်စစ်ထဲက ရွေးကောက်ခံပြီး ဝန်ကြီးဖြစ်တာ အင်မတန် နည်းသွားပါတယ်။
မဆလခေတ် နိုင်ငံတော်ကောင်စီမှာ နိုင်ငံရေးသမား တချို့ ပါပေမယ့် လုပ်ပိုင်ခွင့် နည်းပါတယ်။
၁၉၆၂ က ၁၉၈၈ ကာလအတွင်း ဝန်ကြီးဖြစ်ခဲ့တဲ့ တပ်အရာရှိကြီးတချို့ အစိုးရကို ပုန်ကန်တာ ၊ အတိုက်အခံ ဖြစ်သွားတာတွေကိုလည်း တွေ့ရပါတယ်။
ဗိုလ်မှူးချုပ် တီကလစ်၊ ဗိုလ်မှူးကြီး စိန်မြတို့ ထိုင်းမှာ ဦးနုနဲ့ ပေါင်းပြီး စစ်အစိုးရကို တော်လှန်ခဲ့ကြသလို ဦးလွင်၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဦးရွှေ၊ ဦးလွန်းတင် စတဲ့ တော်လှန်ရေး ကောင်စီဝင်တွေလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို ရောက်လာခဲ့ပါတယ်။
ဒီလို ဦးနေဝင်းဆီက ပဲ့ထွက်သွားတဲ့ စစ်အရာရှိတွေထဲမှာ နိုင်ငံရေးသမားဘဝကလာသူတွေ ပါသလို ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေလည်း ပါတာကို တွေ့ရပါတယ်။
နောက် ဦးနေဝင်းရဲ့ တပ်တွင်းမှာ ပြိုင်လာသူကို ဖယ်ရှားပြီး အာဏာထိန်းချုပ်တဲ့ စနစ်ဟာ သူ သေနာပတိချုပ် ဖြစ်ပြီးနောက်ပိုင်း ၁၉၄၉ က စလို့ ထင်ထင်ရှားရှားတွေ့ခဲ့ရပါတယ်။
ပထမဆုံး ကရင်အရာရှိတွေနဲ့ ဗြိတိသျှတပ်ကလာတဲ့ မြန်မာ အရာရှိတွေကို ဖယ်ရှားပြီး ၁၉၆၁ မှာ ရွေးကောက်ပွဲ ဘက်လိုက်တယ် ဆိုပြီး တပ်မင်းကြီးတွေကို ထုတ်ပယ်ခဲ့ပြန်ပါတယ်။
၁၉၆၂ အာဏာသိမ်းချိန်မှာ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်တင်ဖေတို့ရဲ့ အုပ်စုပြိုင်ပွဲကို အကြောင်းပြုပြီး တယောက်ပြီး တယောက် ရှင်းလင်းသွားရာမှာ ၁၉၇၄ မှာ သူ့နောက်မှာ ထင်ထင်ရှားရှားကျန်သူ ဆိုလို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးစန်းယုပဲ ကျန်ပါတယ်။
ဒီလို ဖယ်ရှားမှုတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၁၉ နှစ် အစိုးရမှာလည်း တွေ့ခဲ့ရပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်စတဲ့ ဗိုလ်ချုပ်တွေ ဖယ်ရှားခံခဲ့ရပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်တယောက် ဝန်ကြီး ဖြစ်ချိန်မှာ သူအကျယ်ချုပ်ကျရင် လမ်းလျှောက်စရာရှိအောင် ခြံကလေး ချန်ပေးပါလို့ အိမ်ဆောက်သူကို ပြောဖူးကြောင်း စစ်အစိုးရခေတ်မှာ ပြောစမှတ် ရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ ဇနီးတွေဟာလည်း မီးဖိုချောင် ကက်ဘိနက်လို့ တင်စားခံရတဲ့အထိ အာဏာကြီးခဲ့တယ်လို့ ဆိုပါတယ်။