မြန်မာ မိန်းမများအသင်းနဲ့ အမျိုးသမီး နေရှင်နယ်ကောင်စီ

burma ဓာတ်ပုံ မူပိုင် Bettmann
Image caption လန်ဒန်မျက်နှာစုံညီ ဆွေးနွေးပွဲတက် ဒေါ်မြစိန်

မြန်မာအမျိုးသမီး လှုပ်ရှားမှုကို အနောက်နိုင်ငံတွေမှာလို ပြင်းထန်တက်ကြွတဲ့ လှုပ်ရှားမှု မဟုတ်ဘူးလို့ ယူဆကြသူများပါတယ်။

ဗြိတိန်နဲ့ အမေရိကန်စတဲ့ နိုင်ငံတွေမှာလို မြန်မာအမျိုးသမီးတွေ အရွေးခံပိုင်ခွင့်ရဖို့ အကြီးအကျယ် လှုပ်ရှားခဲ့တာ မရှိပေမယ့် ဆန္ဒပြပွဲတော့ ရှိခဲ့ပါတယ်။

၁၉၂၇ ခု ဖေဖော်ဝါရီလ ၃ ရက် မှာ ဒေါ်မြစိန်၊ အင်ဒီပင်းဒင့် ဒေါ်စန်းစတဲ့ အမျိုးသမီးတွေ ခေါင်းဆောင်တဲ့ ဆန္ဒပြပွဲ ရန်ကုန် မြို့တော်ခန်းမရှေ့က စခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Thant Myint-U
Image caption ရန်ကုန်မြို့တော်ခန်းမရှေ့က ပထမဆုံး အမျိုးသမီးဆန္ဒပြပွဲ

အရွေးခံခွင့် ရဖို့ ဆန္ဒပြပွဲဟာ လိင်အားဖြင့် ခွဲခြားထားတာကို အဲဒီနေ့မှာ ကျင်းပတဲ့ အစိုးရ ဥပဒေပြုကောင်စီက ပြန်လည်ဆုံးဖြတ်မယ့် အစည်းအဝေးအမီ အင်အားပြတာ ဖြစ်ပါတယ်။

အမျိုးသမီး ၁ဝဝ ကျော်ပါတဲ့ ဆန္ဒပြပွဲကို ဖြိုခွင်းခံရတာ မရှိခဲ့ဘဲ သူတို့လိုလားတဲ့ မဲပေးခွင့်လည်း ရရှိခဲ့ပါတယ်။

၁၉၂၂ က စပြီး မြန်မာပြည်မှာ ဥပဒေပြုကောင်စီ ရွေးကောက်ပွဲတွေ လုပ်ခဲ့ပေမယ့် အမျိုးသမီးတွေ လွှတ်တော်ထဲ ရောက်ဖို့ကိုတော့ ဗြိတိသျှ အုပ်ချုပ်သူတွေက စိတ်ဝင်တစား မရှိခဲ့ကြပါဘူး။

ဒါကြောင့် မြန်မာအမျိုးသမီး အဖွဲ့တွေက လှုပ်ရှား တုံ့ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၃၂ မှာပဲ ဒေါ်နှင်းမြ ပထမဆုံး အမျိုးသမီးအမတ် အဖြစ် မော်လမြိုင်ကနေ အရွေးခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Wikicommon
Image caption ပထမဆုံး အမျိုးသမီးအမတ် ဒေါ်နှင်းမြ

မြန်မာအမျိုးသမီးများ မကြောက်နဲ့

ကျွန်မတို့ အမျိုးသမီးများကို ဝန်ကြီးနေရာက ကန့်သတ်ထားတယ်

မြန်မာအမျိုးသမီးများ သတိထား စောင့်နေ

ဘိလပ်မှာတောင် အမျိုးသမီးတွေ ပါလီမန်မှာ နေရာရနေပြီ ဆိုပြီး ဆန္ဒပြခဲ့တဲ့ ဒီအမျိုးသမီးတွေကို အဲဒီအချိန်က နိုင်ငံတကာ အမျိုးသမီး မဟာမိတ် အဖွဲ့တွေနဲ့ ဗြိတိသျှ ဓနသဟာယ အမျိုးသမီးအဖွဲ့တွေက ထောက်ခံခဲ့ကြပြီး အိန္ဒိယမှာ ထုတ်တဲ့ အမျိုးသမီးစာစောင်တွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီလို ဆန္ဒပြဖို့ ရန်ကုန်က အမျိုးသမီး ၁ဝ ယောက်လောက်က အရင်ဆုံး စတင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ စည်းရုံးမှုကြောင့် အမျိုးသမီးတွေ ထွက်လာပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို မလုပ်ဖို့ နှစ်ကြိမ်တိုင်တိုင် သတိပေးတာ ခံခဲ့ရတယ်လို့ ဒေါ်မြစိန်က နောက် အနှစ် ၃ဝ လောက်အကြာမှာ အမေရိကန်က ထုတ်တဲ့ စာစောင်တခုမှာ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Education Images
Image caption အတွင်းဝန်ရုံးကြီးကိုလည်း သုံးဘက်မှာ ပိတ်ဆို့

ဆန္ဒပြတဲ့နေ့က လမ်းတွေမှာ ရဲတွေ အများအပြား ချထားပြီး ဥပဒေပြုလွှတ်တော် ကျင်းပတဲ့ အတွင်းဝန်ရုံးကြီးကိုလည်း သုံးဘက်မှာ ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

ဖွင့်ထားတဲ့ ဂိတ်ပေါက်ရှေ့ကို သွားတော့ သူတို့ကို လှည့်ပြန် လူစုခွဲကြဖို့ ရန်ကုန် ပုလိပ်မင်းကြီးရဲ့ စာကို ထုတ်ပြပါတယ်။

အမျိုးသမီးတွေ လိုလားချက်တွေကို ထုတ်ပြနိုင်ခဲ့လို့ သူတို့ လူစုခွဲကြပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီး နိုင်ငံရေး အခွင့်အရေးတွေကို တန်းတူမပေးလို့ ဗြိတိသျှ ခေတ်မှာ ထွက်ပြီးတောင်းရတယ်လို့ ဒေါ်မြစိန်က ရေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Bettmann
Image caption မြန်မာဆေးလိပ်ခုံက အလုပ်သမများ

ဒီဆန္ဒပြပွဲ မတိုင်ခင်ကတည်းကလည်း အမျိုးသမီးအဖွဲ့တွေ တည်ထောင်ပြီး အမျိုးသမီးနဲ့ ကလေး အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို မြန်မာပြည်မှာ တောင်းဆိုခဲ့ကြပါတယ်။

ဒီလို တောင်းဆိုမှုတွေဟာ တို့ဗမာ သခင်တွေထက် ပိုပြီး စောတယ်လို့လည်း ကိုလိုနီခေတ် မြန်မာအမျိုးသမီးတွေကို ပြန်ပုံဖော်ခြင်း စာအုပ်ကို ပြုစုတဲ့ အမေရိကန် နိုင်ငံ ရတ်ဂတ်စ် တက္ကသိုလ်က တွဲဘက် သမိုင်း ပါမောက္ခ ချိအဲ အိကိယက ရေးသားပါတယ်။

ပီနန်မှာ အလုပ်ရှင်နဲ့ အဆင်မပြေဖြစ်ပြီး ဒုက္ခရောက်နေတဲ့ မြန်မာဆေးလိပ်သမတွေကို အစိုးရ စရိတ်နဲ့ ပြန်ခေါ်ဖို့လည်း ဒီအမျိုးသမီး အဖွဲ့တွေက တောင်းဆိုပေးခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေ လက်ထပ်ထိမ်းမြားခွင့်ကို ကာကွယ်ပေးတဲ့ ဥပဒေ ပြဋ္ဌာန်းပေးဖို့ သူတို့ တောက်လျှောက် တောင်းဆိုခဲ့ကြလို့ ၁၉၃၉ မှာ ဗြိတိသျှ အစိုးရက ပြဋ္ဌာန်းပေးခဲ့ရပါတယ်။

မြန်မာကျောင်းသူတွေ ကျောင်းသွားရင် သီးသန့် စီးနင်းနိုင်ဖို့ အမျိုးသမီးသီးသန့် ဓာတ်ရထားတွေ ထားရှိဖို့လည်း ၁၉၁၉ မှာ တည်ထောင်တဲ့ မြန်မာမိန်းမများအသင်း က တောင်းဆိုပေးခဲ့ပါတယ်။

ဒီအသင်းဝင်တွေက ကျောင်းသူတွေကို အပို့အကြို လုပ် ကူညီပေးပြီး ကျောင်းတက်နိုင်အောင် အားပေးခဲ့ကြပါတယ်။

ပြည့်တန်ဆာအက်ဥပဒေ ပြဋ္ဌာန်းပေးဖို့လည်း သူတို့ တောင်းဆိုလို့ ပေါ်ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Heritage Images
Image caption အိန္ဒိယက အမျိုးသမီးမဲပေးရေး လှုပ်ရှားသူများ

ဒီအမျိုးသမီး လှုပ်ရှားမှုတွေဟာ နိုင်ငံတကာ လှုပ်ရှားမှုတွေနဲ့ အဆက်အစပ် ရှိခဲ့ပြီး အိန္ဒိယက အမျိုးသမီး အဖွဲ့ ခေါင်းဆောင်တွေ မြန်မာပြည်ကို ၁၉ ရာစုနှောင်းပိုင်းကတည်းက လာတာတွေ ရှိခဲ့ပါတယ်။

မြန်မာပြည်ဘက်က ကိုယ်စားလှယ်တွေ အိန္ဒိယမှာ ကျင်းပတဲ့ အာရှ အမျိုးသမီးညီလာခံကို ၁၉၃၁ က သွားတက်တာတွေလည်း ရှိပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း နေရူးနဲ့ ဆွေမျိုးတော်တဲ့ ရာမီရွှာရီ နေရူးဟာ မြန်မာပြည်မှာ အမျိုးသမီးအသင်းတွေ ဖွဲ့ဖို့ ၁၉၁ဝ ပြည့်လွန်နှစ်တွေက လာခဲ့ဖူးကြောင်းလည်း ပါမောက္ခ ချိအဲ အိကိယက ရေးပါတယ်။

ဒီလှုပ်ရှားမှုတွေမှာ ဥရောပနဲ့ အာရှ လှုပ်ရှားမှုတွေကြား ဆက်စပ်မှုလည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် LSE Library
Image caption ဗြိတိန်က အမျိုးသမီးမဲပေးခွင့် လှုပ်ရှားသူများ

ဗြိတိန်က ကိုလိုနီစနစ် ဆန့်ကျင်တဲ့ အမျိုးသမီး ခေါင်းဆောင်တွေဟာ အိန္ဒိယနဲ့ ကိုလိုနီတွေမှာ ဗြိတိသျှ အစိုးရရဲ့ မူဝါဒကို ဆန့်ကျင်သလို ကိုလိုနီတွေမှာ ရှိတဲ့ အမျိုးသမီးတွေ အခြေအနေနဲ့ အခွင့်အရေးအတွက်လည်း အဲဒီက အမျိုးသမီး တွေနဲ့ ဆက်သွယ် လှုပ်ရှားပါတယ်။

ဒါကြောင့် မြန်မာပြည်က အမျိုးသမီး လှုပ်ရှားမှုတွေကို အိန္ဒိယနဲ့ နိုင်ငံတကာ အမျိုးသမီးကောင်စီတွေက ထောက်ခံပေးကြတာ ဖြစ်ပါတယ်။

မြန်မာပြည်က အမျိုးသမီးရေး လှုပ်ရှားသူတွေဟာ ဗြိတိန်မှာလို မြင်းနဲ့တိုက် တုတ်နဲ့ရိုက် ဖမ်းဆီးခံရတာတွေ မရှိပေမယ့် ၁၉၂၁ က ဆရာတော် ဦးဥတ္တမ ဖမ်းဆီးခံရမှုကို ကန်ကွက်ပွဲမှာတော့ အမျိုးသမီးတွေ မြင်းနဲ့တိုက်ဖမ်းတာတွေ ခံခဲ့ရပါတယ်။

၁၉၂၉ မှာ မြန်မာပြည်အုပ်ချုပ်ရေး တိုးပေးဖို့ ဗြိတိန်ကလာစုံစမ်းတဲ့ ဆိုင်မွန်ကော်မရှင်ကို အမျိုးသမီးတွေက ရန်ကုန်၊ ဖျာပုံနဲ့ သမိန်ထောရွာမှာ အလံနက်တွေလွှင့် ဆန္ဒပြခဲ့ပါတယ်။

ဝံသာနု လှုပ်ရှားမှုတွေမှာ ကုမ္မာရီ အမျိုးသမီးအသင်းတွေကို နောက်လိုက်လောက် သဘောထားပေမယ့် မြန်မာမိန်းမများအသင်းနဲ့ တခြားအဖွဲ့တွေကတော့ အမျိုးသမီးအရေးကို အနောက်တိုင်းပုံစံ ကူးချတာတွေ မလုပ်သလို ဝံသာနုအသင်း တွေရဲ့ လက်အောက်ခံလည်း မဖြစ်ခဲ့ဘူးလို့ ဒေါက်တာအိကိယက ဆိုပါတယ်။

ဒီအမျိုးသမီးအဖွဲ့တွေ တောင်းဆိုမှုနဲ့ ၁၉၃၁ မှာ လန်ဒန်မှာ ကျင်းပတဲ့ မြန်မာပြည် ခွဲရေးတွဲရေး မျက်နှာစုံညီ အစည်းအဝေးကို ဒေါ်မြစိန်ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption ကျန်းမာရေးပြပွဲရောက် ဘုရင်ခံကတော်နဲ့ ဒေါ်မြမေ၊ ဒေါ်စန်း