မြန်မာအမျိုးသမီးတွေရဲ့ အသံကို ထင်ဟပ်ခဲ့တဲ့ မကြည်အောင်

burma ဓာတ်ပုံ မူပိုင် Than Hlaing
Image caption မကြည်အောင် ဓာတ်ပြားကြော်ငြာ

တိမ်ပြာမိလ္လာရီ တပေါင်းလအမီ လေညင်းသွေးလို့ မွှေးတော့သည် စတဲ့ ရာသီတော်ဦး သီချင်းကို ကြားသူတိုင်း မကြည်အောင်ရဲ့ အသံဝါကြီးကို သတိထားမိကြပါလိမ့်မယ်။

အမျိုးသမီးထဲမှာ ရှားတဲ့ ဘယ်သံနဲ့ ဆိုနိုင်တဲ့ အဆိုတော် မကြည်အောင်ကို လွန်ခဲ့တဲ့ နှစ် ၁၂ဝ က မွေးဖွားခဲ့ပြီး ၁၉၅ဝ ကျော်မှာ ကွယ်လွန်သွားပါပြီ။

ဒါပေမဲ့ သူ့သီချင်းတွေကို အင်တာနက်မှာ ရှာဖွေပြီး မြန်မာတေးချစ်သူတွေ ပြန်လည် နားဆင်နိုင်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Christopher Zaw Myint
Image caption ကိုလေအိုးသီချင်းနဲ့ နာမည်ကြီးလာ

ရန်ကုန် ပုဇွန်တောင်ရပ်က မကြည်အောင်ဟာ အငြိမ့်မင်းသမီး ဘဝကနေ ဓာတ်ပြားသွင်းပြီး အဆိုတော် ဖြစ်လာခဲ့ပါတယ်။

ကိုလေအိုး ဓာတ်ပြားနဲ့ သူ နာမည်ကျော်သွားခဲ့ပြီး နှစ်ပေါင်း ၂ဝ ကျော်အောင် သီဆိုသွားခဲ့ပါတယ်။

အစောပိုင်း သီချင်းတွေမှာ အချစ်သီချင်းပုံစံ ဟာသ စာသားတွေနဲ့ စပ်ဆိုတာကြောင့် လူတွေကြားမှာ ဆိုလွယ် သီချင်းတွေအဖြစ် ပေါက်သွားခဲ့ပါတယ်။

ကိုဘီအေ အုပ်ပေါင်းပေါင်းလို့ တုတ်တချောင်းနဲ့ လမ်းကိုလျှောက်တယ်၊ ခေါင်းပေါင်းစ ရှည်လွန်း ရှည်လွန်းတယ်၊ ဟိုက်စကူးကျောင်း ကျောင်းသားရယ်၊ ကောလိပ်ကျောင်း ကျောင်းသားရယ် စတဲ့ ကိုလေအိုး သီချင်းကို စစ်ကြီး မဖြစ်ခင်က မြန်မာပြည်မှာ ပညာတတ်တွေ လူကြိုက်များတဲ့ အကြောင်း ဖော်ပြတဲ့ သီချင်းလို့ ယူဆကြပါတယ်။

ဒီသီချင်း အပါအဝင် သူ့ရဲ့ တေးသီချင်း အတော်များများကို ၁၉၆ဝ၊ ၇ဝ ကနေ ၂ဝဝဝ ပြည့်နှစ်တွေအထိ ပြန်လည် သီဆိုခဲ့ကြလို့ မကြည်အောင် နာမည်ဟာ ခုထိ ကျန်နေပါသေးတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption ၁၉၂၅ ရန်ကုန် ရပ်ကွက်ထဲက မြန်မာအမျိုးသမီးတစု

သူ့အရင်က ပေါ်ခဲ့တဲ့ အဆိုတော် အများစုဟာ အငြိမ့်သီချင်း၊ ဇာတ်သီချင်းတွေကို အားပြုဆိုရပြီး သူတို့ဆိုဖို့ ဓာတ်ပြားသီချင်း သီးသန့် မရှိခဲ့ဘူးလို့ သိရပါတယ်။

သီချင်းရှားပါးမှုကြောင့် အမျိုးသား အဆိုတော်တွေ အမျိုးသမီး သီချင်းတွေ ဝင်ဆိုခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မကြည်အောင်တို့ ခေတ်က စပြီး စန္ဒရားနဲ့ သီဆိုနိုင်တဲ့ အနောက်တိုင်းပုံစံနဲ့ မြန်မာသံရောတဲ့ တေးတွေ ခေတ်စားလာပါတယ်။

ဟောင်းအိုးမကြည်အောင် ဝှပ်ဆိုတာဘာလဲအိုင်ဆေး၊ ပလီတာတီးပါတီ စတဲ့ တေးတွေဟာ အင်္ဂလိပ်နာမည်ကို ယူတာသာ မကဘဲ တေးသွားကိုပါ ယူတာတွေလည်း ရှိပါတယ်။

ဗီတာမို ကိုကိုးနဲ့ အမျိုးစုံညီ၊ ဟမ်ပတီ ဖရင့်ရိုးနဲ့ ဂိုးလ်ကော်ဖီ ကိုလံဘီယာအဖွဲ့နဲ့ ဧည့်ခံမည်၊ အဆော့တစ်ကိတ် ဂိုးဖလိပ်လည်း ကျွန်မဝယ်မည် စတဲ့ တီးပါတီ သီချင်းဟာ ကပ္ပရီကျွန်း သီချင်းကို မှီးတယ် ဆိုပေမယ့် ဗြိတိသျှခေတ်မှာ အနောက်တိုင်း လူနေမှုစနစ် ဝင်လာတာကို ဖော်ပြတဲ့ တေးတပုဒ် အဖြစ် ယူဆကြပါတယ်။

နောက်ပြီး သူ့တေးတွေမှာ အိန္ဒိယတေးသံတွေ လွှမ်းမိုးမှု ရှိတယ်လို့လည်း ဆိုပါတယ်။

တာရာ ယုဂန်နန်းက ကြယ်အပေါင်းရယ် ထာဝစဉ် ထွန်းလင်းလို့ ထိန်ကြည်တယ် စတဲ့ သားရွှေခဲသီချင်းဟာ ဒီအဆိုကို ထောက်ခံသလို ရှိပါတယ်။

Image caption ဇာတိမာန်တေးရဲ့ မူလအဆိုရှင် ဥသြဘသောင်

သူနဲ့ခေတ်ပြိုင် အမျိုးသား အဆိုတော်တွေထဲက သူ့ထက်နောက်ကျတဲ့ ဥသြဘသောင်၊ ခင်မောင်ရင်၊ ပြည်လှဖေ စတဲ့သူတွေကိုသာ နှောင်းခေတ် လူတွေက သိကြပါတော့တယ်။

မကြည်အောင်ရဲ့ နာမည်ကြီးခဲ့တဲ့ တေးတွေကတော့ ဒီအဆိုတော်တွေရဲ့တေးတွေနဲ့ ယှဉ်ရင် သူကတောင် ပိုမိုများပြား စုံလင်နိုင်ပါတယ်။

ဒါကြောင့် သူ့ကို မြန်မာပြည်ရဲ့ အစောဆုံး ခေတ်ပေါ် အဆိုတော် တယောက်လို့ သတ်မှတ်ခဲ့ကြပါတယ်။

သူ့သီဆိုပုံနဲ့ အသံကောင်းမှုမှာ စစ်ပြီးခေတ် အဆိုတော်တွေလို ပါးနပ်ချိုသာမှု နည်းပေမယ့် အသံသြဇာကောင်းမှုနဲ့ မြူးကြွမှု၊ စိတ်ခံစားချက်ကို ဖော်ပြနိုင်မှုတွေမှာ သူ့တေးတွေကလည်း မညံ့ဘူးလို့ ဆိုနိုင်ပါတယ်။

အထူးသဖြင့် သူ့ရဲ့ မိဘမေတ္တာဘွဲ့တေးတွေနဲ့ ဘာသာရေးတေးတွေ၊ မျိုးချစ်စိတ်ကို နှိုးဆော်တဲ့တေးတွေဟာ တခြားခေတ်ပြိုင်တွေ ဆိုတာထက် ပိုပြီး လူကြိုက်များသလို တင်ကျန်ခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ရန်ကုန်မှာ လမ်းလျှောက်ဖို့ နှိုးဆော်နေတဲ့ ဦးဇော်ဝိတ်

မကြည်အောင်ရဲ့ တေးတွေဟာ ခေတ်ကို ထင်ဟပ်ပြီး ခေတ်စားတဲ့ အကြောင်းတွေကို စပ်ဆိုတာလည်း ရှိပါတယ်။

ဘာလင်မြို့ကို ကြည်အောင်သွားကာ ချန်ပီယံ ဘွဲ့ယူမယ် စတဲ့ ကမ္ဘာတလွှား သီချင်းနဲ့ ၁၉၃၆ က မြန်မာပြည်က ဦးဇော်ဝိတ် ဂျာမနီကို အိုလံပစ် သွားပြိုင်တဲ့ အကြောင်းကို မကြည်အောင်က ဂုဏ်တင်ပေးခဲ့ပါတယ်။

သမဝါယမ အသင်းတွေကို အားပေးဖို့လည်း သူသီဆိုခဲ့သလို လေယာဉ်ပျံမိန်းမဂျော်ကီ စတဲ့ တေးတွေကိုလည်း ဆိုပါတယ်။

၁၉၃ဝ နောက်ပိုင်း မြန်မာပြည်မှာ နိုင်ငံရေး အတက်ကြွဆုံး အချိန်တခု ရောက်လာချိန်မှာ ကိုလံဘီယာ ဓာတ်ပြားတိုက်ကနေ ရွှေတိုင်ညွန့်စပ်တဲ့ မကြည်အောင်ရဲ့ သီချင်းတွေ ထွက်လာပါတယ်။

ဒီတေးတွေဟာ မြန်မာပြည်ကို မျိုးချစ်တွေအမြင်မှာ ပုံဖော်တာကို ခေတ်ပေါ်တီးလုံးဆန်းတွေနဲ့ ရေးစပ်ထားလို့ ဆိုလို့ကောင်းပြီး အမျိုးသားရေး တက်ကြွဖွယ် တေးတွေအဖြစ် တဟုန်ထိုး နာမည်ကြီးခဲ့ပါတယ်။

ဒီထဲက သီတာရတနာအိုးဝေဝေဗမာ့သွေးနဲ့ သုံးရောင်ခြယ် စတဲ့ တေးတွေ ပါပါတယ်။

နေတနှုန်းပမာ ဘုန်းသမ္ဘာ ကြီးမြတ်ကြတော့သည်၊ ဇာတိသွေးကို မွေးကာ အားပေးကြသင့်သည် စတဲ့ ဗမာ့သွေး သီချင်းဟာ ကနေ့ထက်ထိ မတိမ်ကောသေးတဲ့ မြန်မာ မျိုးချစ်စိတ် လှုံ့ဆော်တဲ့ တေးတွေထဲမှာ ပါနေပါတယ်။

ဒုတိယ ကမ္ဘာစစ်ကြီးနဲ့အတူ ပေါ်ပေါက်လာတော့မယ့် ဗမာ့ လွတ်လပ်ရေး တပ်မတော် အတွက် ဒီလိုတေးတွေကနေ စစ်သား စုဆောင်းပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ko Ko Myint
Image caption မကြည်အောင်ရဲ့ ခရမ်းရောင်ဓာတ်ပြားတချပ်

ရွှေတိုင်ညွန့် စပ်ဆိုခဲ့တဲ့အထဲက ဝိစိတြ နဲ့ မိဘမေတ္တာ တေးတွေဟာ မကြည်အောင်ရဲ့ အအောင်မြင်ဆုံး သီချင်းတွေထဲမှာ ပါပါတယ်။

ဗောဓိပင်နှင့် ရွှေပလ္လင်နီးအောင်ပင်လှမ်း သာသနာ့အမွေခံ ပဉ္စင်းအမ စတဲ့ တေးတွေကတော့ ခုထိ အလှူမင်္ဂလာတွေနဲ့ ဘာသာရေး အခမ်းအနားတွေမှာ ဖွင့်နေဆဲ တေးတွေ ဖြစ်ပါတယ်။

ဗြဟ္မာနတ်လူအပေါ် ဒေသနာကြားလိုက်သော်၊ ကမ္ဘာလောကမြေပြင်ပေါ် သုံးကြိမ်တိုင်အောင် အင်မတန် သာဓုခေါ် စတဲ့ ဓမ္မစကြာ တေးကို ဝါဆိုချိန်မှာ နှစ်စဉ်နားဆင်ရမှာ ဖြစ်သလို ကြားရတိုင်း ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ကို ညွတ်နူးလာအောင် စည်းရုံးနိုင်တဲ့ အသံသြဇာ မကြည်အောင်မှာ ရှိပါတယ်။

သပြေခက်နဲ့ ရေပက် သီချင်းမှာတော့ ငွေဖလားကြီးနဲ့ ရေကစားကြတာ အလွန်ကြမ်းကြောင်း ကနေ စပြီး ရှေးခေတ်က သင်္ကြန် ယဉ်ကျေးပုံကို တမ်းတမိအောင် သီဆိုပြီး အတိတ်နဲ့ စပ်တဲ့ အမျိုးသားရေးကို ပေါ်အောင် မကြည်အောင် သီဆိုခဲ့ပါတယ်။

သြော် လွမ်းတတ်ပါတော့သည် ရာသီကထန် ချိန်တော်ရုံမှန်းပါလို့ တိတ်လိုက်စမ်းပါအတည် စတဲ့ မိုးပစ္စုန် မှာတော့ မိုးနဲ့ အလွမ်းကို သိမ်မွေ့အောင် ဖွဲ့ခဲ့တာမို့ မလှရွှေဆိုတဲ့ မိုးဒေဝါနဲ့ အပြိုင် ထင်ရှားခဲ့ပါတယ်။