ပထမ မြန်မာ မွတ်ဆလင် အမျိုးသမီး သမိုင်း ပါရဂူ ဒေါက်တာရီရီ

burma ဓာတ်ပုံ မူပိုင် Historical Commssion
Image caption ဒေါက်တာဖေမောင်တင်၊ ဗိုလ်မှူးဘရှင်၊ ဒေါက်တာရီရီ၊ ဒေါ်ကြန်၊ မင်းသုဝဏ်၊ ဒေါက်တာသန်းထွန်းတို့ သမိုင်းကော်မရှင်ရုံးမှာ

၁၉၈၄ က ကွယ်လွန်ခဲ့တဲ့ ဒေါက်တာရီရီဟာ ခုရှိသေးရင် အသက် ၉ဝ ပြည့်ပါပြီ။ သံတွဲဇာတိ ကမန်အမျိုးသမီးဟာ မြန်မာပြည် ခေတ်ဟောင်း သမိုင်းနဲ့ ကျောက်စာ စစ်တမ်းတွေကို လေ့လာပြီး စာတမ်းနဲ့ ကျမ်းတွေ ပြုစုသွား ခဲ့ပါတယ်။

သူနဲ့ ဒေါ်ကြန်ကို ပညာရှင် တရှဉ်းလို့ သမိုင်းဌာနမှာ သိကြပါတယ်။ သူတို့နှစ်ယောက်ဟာ တမြို့ထဲကလာပြီး လူမျိုးဘာသာမတူပေမယ့် အင်မတန် အတွဲညီတဲ့ ပညာရှင် အမျိုးသမီးတွေ ဖြစ်ပါတယ်။

ဒါကြောင့် ဒေါက်တာရီရီ ကွယ်လွန်ချိန်မှာ လက်မောင်းတဘက် ပြုတ်တာပဲလို့ ဒေါ်ကြန်က ပြောဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Daw Kyan
Image caption ဆရာတော် ရွှေကိုင်းသား၊ ဒေါ်ကြန်နဲ့ ဒေါက်တာရီရီတို့ အင်းဝနန်းမြင့်ရှေ့မှာ

ဒေါက်တာရီရီဟာ အစောပိုင်း ပါရဂူဘွဲ့ရတဲ့ မြန်မာအမျိုးသမီးတယောက် ဖြစ်ပါတယ်။ လန်ဒန်တက္ကသိုလ်မှာ တရုတ်မြန်မာနွယ်ဖွား မသောင်း သမိုင်းပါရဂူဘွဲ့ရပြီးနောက် ၁၉၅၈ မှာ ဒေါက်တာရီရီက ဒုတိယမြောက် မြန်မာ အမျိုးသမီးထဲက သမိုင်းပါရဂူ ဖြစ်လာပါတယ်။

သူဘွဲ့ယူတဲ့ကျမ်းက မြန်မာပြည်အကြောင်း မဟုတ်ဘဲ တောင်တရုတ်ပင်လယ်က ကုန်သွယ်ရေးအကြောင်း ဖြစ်တာကလည်း ထူးခြားချက်တရပ် ဖြစ်ပါတယ်။

ဒေါ်ကြန်နဲ့အတူ ၁၉၅၉ မှာ လန်ဒန်ကို ပြန်သွားပြီး မြန်မာသမိုင်းအထောက်အထားတွေ စုဆောင်းရပါတယ်။

ဓာတ်ပုံ မူပိုင် Waring Abbott
Image caption ဝိတိုရိယနဲ့ အဲလဘတ်ပြတိုက်က မြန်မာဆင်းတုတော်

နောက်ပြီး သူ လန်ဒန် ဝိတိုရိယနဲ့ အဲလဘတ်ပြတိုက်မှာ တွေ့ခဲ့တဲ့ မြန်မာမင်းခမ်းတော်တွေကို ရန်ကုန်ပြန်ပို့နိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။

မြေနန်းတော်မှာ ဘုရင်ညီလာခံရင် ပလ္လင်တဘက်တချက်က အစီအရီထားတဲ့ ကွမ်းလောင်း၊ ကွမ်းခွက်၊ ကွမ်းချပ်၊ စလင့်ကြာ၊ ထွေးခံ၊ ရွှေဖလား၊ တကောင်း၊ မြူတာ၊ ကျပ်လျား၊ အိုးပြစ်၊ ပြတို့၊ ဒေါင်းပေါင်၊ မကန်းကရား၊ မုနောလင်ပန်း၊ သလင်းမြောင်၊ ရတနာပန်းတောင်း၊ ခြေနင်း၊ ဖိနပ်၊ သားမြီးယပ်၊ သန်လျက်၊ တောင်ဝှေး၊ မေးထောက် စတဲ့ မင်းသုံးပစ္စည်းတွေ ဖြစ်ပြီး ဘုရင်သွားလေရာကို ယူသွားရတယ်လို့လည်း ဆိုပါတယ်။

ဒီခွက်တွေ အုပ်တွေကို ရွှေနဲ့ ကျောက်မျက်တွေ စီချယ်ထားပြီး လက်ဝဲလက်ယာ ၃၅ မျိုးထိ ရှိတာပါ။

ဓာတ်ပုံ မူပိုင် Victoria and Albert Museum
Image caption လန်ဒန်ရောက် မင်းခမ်းတော်တွေထဲက မြန်မာ အစိုးရ လက်ဆောင်ပြန်ပေးတဲ့ ဟင်္သာအုပ်

သူ့အကြံပေးချက်တွေကို တောင်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းက လက်ခံပြီး မင်းခမ်းတော်တွေ ပြန်ပို့ပေးဖို့ ဗြိတိသျှ အစိုးရကို တောင်းဆိုလို့ ၁၉၆၄ မှာ မြန်မာပြည် အမျိုးသား ပြတိုက်မှာ ပြန်ယူလာပြီး ပြသနိုင်တာ ဖြစ်ပါတယ်။

ဒေါက်တာရီရီဟာ မြန်မာပြည် ပြန်ရောက်တဲ့အခါ အသစ် တည်ထောင်စ သမိုင်းကော်မရှင်မှာ အမှုထမ်းပြီး ကုန်းဘောင်ခေတ် သုတေသန အရာရှိ ဖြစ်လာပါတယ်။

ကုန်းဘောင်ခေတ် မြန်မာနိုင်ငံအခြေအနေကို မှတ်တမ်း အထောက်အထားတွေ အခြေခံပြီး စာတမ်းတွေ ပြုစုခဲ့သလို စာအုပ်တွေလည်း ရေးပါတယ်။

ဓာတ်ပုံ မူပိုင် MHRC
Image caption ဒေါက်တာရီရီရဲ့ အမျိုးသားစာပေဆုရကျမ်း

ဒီထဲက မြန်မာနိုင်ငံအခြေအနေ (၁၇၁၄-၁၇၅၂) စာအုပ်နဲ့ ၁၉၇၅ မှာ သူ အမျိုးသားစာပေဆု ရခဲ့ပါတယ်။

ညောင်ရမ်းခေတ်အကုန် နိုင်ငံမပျက်မီ အခြေအနေတွေကို ရှားပါး အထောက်အထားတွေကို လက်ကုန်နှိုက် ပြုစုထားတဲ့ စာအုပ်ဖြစ်ပြီး ဒေါ်ကြန်၊ ဒေါ်နီနီမြင့် စတဲ့ အမျိုးသမီး ပညာရှင်တွေ ပြုစုတဲ့ မြန်မာသမိုင်းစာအုပ်တွေရဲ့ ရှေ့ပြေး နမူနာ တအုပ် ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ညောင်ရမ်းခေတ် မင်းတွေရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် အစာရေစာ ရှားပါးပြီး ပြည်သူတွေ အငတ်ဘေးသင့်ကြပုံကို ကွင်းကွင်းကွက်ကွက် ဖော်ပြခဲ့ပါတယ်။

၁၉၆၇ ခုနှစ်က မြန်မာနိုင်ငံမှာ ဆိုရှယ်လစ် မူတွေကြောင့် ဆန်ရေစပါး ရှားပါးပြီး အငတ်ဘေးဒုက္ခ ရောက်မတတ် ဖြစ်ခဲ့တာကို သွယ်ဝိုက်သတိပေးသလို ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Patrick AVENTURIER
Image caption အိန္ဒိယက ပြန်ပို့ပေးတဲ့ သီဟာသနပလ္လင်တော်

ဒေါက်တာရီရီရဲ့ သုတေသန ပညာစွမ်းကို မြန်မာနိုင်ငံစစ်တမ်းများက ပြောတဲ့ ကုန်းဘောင်ခေတ် ကျေးလက်အုပ်ချုပ်ရေးနဲ့ ဘဝ စာအုပ်မှာ တွေ့ရပြန်ပါတယ်။

အမေရိကန် နယူးယောက် တက္ကသိုလ် က ပါမောက္ခ ဝီလျံထရေဂါ၊ ဝီလျံကိုးနစ်တို့နဲ့ ၁၉၇၉ က အတူပြုစုတဲ့ ဒီစာအုပ်မှာ ဒေါ်ရီရီ ကူညီပြီး စစ်တမ်းတွေကို သုတေသနပြုချက်တွေ ပါပါတယ်။

ဓာတ်ပုံ မူပိုင် UHRC

ရွှေတိဂုံစေတီတော်ကြီးမှ ကြေးအုတ်များ ကို သူနဲ့ ဒေါ်ကြန်တို့ ပူးတွဲ ပြုစုခဲ့ပြီး မြန်မာတနိုင်ငံလုံးကနေ ရွှေတိဂုံ ဘုရားမှာ လှူဒါန်းခဲ့တဲ့ အနှစ်တရာကျော်က ကြေးအုတ်တွေကို လေ့လာပြီး လူနေမှု ဘဝတွေ၊ အမည်တွေကို သုံးသပ်တဲ့ စာတမ်းကြီး ဖြစ်ပါတယ်။

၁၈၆၉ မှာ ဘုရားကို ပြုပြင်ဖို့ လှူခဲ့တဲ့ ကြေးအုတ်တွေ ဖြစ်ပါတယ်။

၁၉၇၆ မှာ စေတီတော်ကို ပြန်ပြင်တဲ့အခါမှာ ထွက်လာတဲ့ ကြေးအုတ် ခြောက်ထောင်ကို အမျိုးသမီး ပညာရှင် နှစ်ယောက် သုတေသနပြုပြီး စာတမ်းရေးကြတာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို သူကွယ်လွန်တာ အနှစ် ၂ဝ ကျော်ကြာ ၂ဝဝ၇ ကျမှ ထုတ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Yar Zar Aung

ဒေါက်တာရီရီ ၁၉၇၄ က ပြုစုခဲ့တဲ့ သုတေသနအဘိဓာန်များမှတ်စု ရဲ့အဆက် ဦးသိန်းလှိုင်ရဲ့ ခေတ်ဟောင်း မြန်မာ့သမိုင်း သုတေသန အဘိဓာန် ကတော့ ၂ဝ၁၁ က ထွက်ရှိခဲ့ပါတယ်။

သူမရှိတဲ့နောက် ခေတ်ဟောင်းမြန်မာသမိုင်း လေ့လာသူ အမျိုးသမီး ပညာရှင်တွေ ဆက်ပြီး ပေါ်ထွက်ခဲ့ပေမယ့် သူ့လို ဝီရိယဇွဲနဲ့ ပိုင်းခြားသုံးသပ်မှု ကောင်းတဲ့ ပညာရှင်တွေကတော့ မြန်မာပြည်မှာ လိုအပ်နေဆဲ ဖြစ်ပါတယ်။

သူနဲ့ ဒေါက်တာသန်းထွန်းတို့ ပြုစုခဲ့ကြတဲ့ မြန်မာအင်္ဂလိပ် ပြက္ခဒိန် နှစ်တစ်ထောင်ပြက္ခဒိန် တွေကို သုံးပြီး ပညာရှင်တွေနဲ့ ကျောင်းသားတွေ မြန်မာသက္ကရာဇ်နဲ့ ခရစ်နှစ် ဖလှယ်နေကြဆဲလည်း ဖြစ်ပါတယ်။