အလင်္ကာပုလဲပန်း၊ ၍၊ ၌၊ ၏၊ ၎င်း အက္ခရာတွေ ဖြစ်ပေါ်လာပုံ

ဖိုလ်ဝင်တောင်မှာ ၌ အစား နှ် လို့ ဘုရားလိုဏ်ဂူ မင်စာမှာ ရေးထိုးထားကြောင်း အထောက်အထားတွေ့ရှိ
Image caption ဖိုလ်ဝင်တောင်မှာ "၌" အစား "နှ်" လို့ ဘုရားလိုဏ်ဂူ မင်စာမှာ ရေးထိုးထားကြောင်း အထောက်အထားတွေ့ရှိ

အလင်္ကာပုလဲပန်း ပရိသတ်တဦးဖြစ်တဲ့ ရေဦးက ဦးမြင့်ကိုက မြန်မာအက္ခရာတွေ ဖြစ်ကြတဲ့ "၍၊ ၌၊ ၏၊ ၎င်း"ဆိုတဲ့စကားလုံးတွေ အကြောင်း သိချင်ပါတယ်လို့ မေးပါတယ်။ ဦးမြင့်ကိုရဲ့ မေးခွန်းက သိပ်ကောင်းတဲ့မေးခွန်းပါ။ မြန်မာအက္ခရာတွေ အနက်မှာ အဲဒီ ၄ လုံးဟာ မူလ အက္ခရာတွေ မဟုတ်ဘဲ လူဖန်တီး ဖြစ်ပေါ်လာတဲ့ အက္ခရာတွေဆိုတော့ အဲဒီအက္ခရာတွေ ဖြစ်ပေါ်လာပုံကိုက သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။

မြန်မာ အက္ခရာတွေထဲမှာ "ဧ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်" ဆိုတဲ့ အက္ခရာတွေလည်း ရှိပါသေးတယ်။ အဲဒီ အက္ခရာတွေကတော့ မူလကတည်းက ရှိနေတဲ့ အက္ခရာတွေပါ။ အဲဒီအက္ခရာတွေရဲ့ ပုံသဏ္ဌာန် ဟာ နည်းနည်းလောက်သာ အပြောင်းအလဲရှိပါတယ်။ သူတို့အကြောင်းက သိပ်များများစားစား ပြောစရာမရှိလှပါဘူး။

ဦးမြင့်ကို မေးတဲ့ "၍၊ ၌၊ ၎င်း၊ ၏" အက္ခရာ ၄ လုံး ဖြစ်ပေါ်လာပုံကတော့ ပြောစရာ တော်တော်ရှိပါတယ်။ မြန်မာစာအဖွဲ့က ဆရာကြီး ဒေါက်တာ ဦးထွန်းတင့်နဲ့ မေးမြန်းထားတာကို ပြန်တင်ပြ ပေးမှာပါ။

"၍"

"၍"ဆိုတာ "ရွေ့"ဆိုတဲ့စာလုံးနဲ့ တန်ဖိုးချင်း အတူတူပါ။ အနက် အဓိပ္ပာယ်ချင်းလည်း အတူတူပါ။ "ရွေ့"ကနေမှ "၍" ဆိုတဲ့အက္ခရာ ပေါ်ပေါက်လာတာပါ။ ပုဂံခေတ်တုန်းက "ရွေ့"ကို ရကောက် တချောင်းငင် ယပက်လက်သတ်နဲ့ ရေးပါတယ်။ အဲဒီတုန်းက ရကောက်က အခု ရကောက်ပုံစံမျိုး မဟုတ်ဘဲ ပုဒ်ထီးလို ပုံစံမျိုး ဖြစ်ပါတယ်။ အဲဒီတော့ ပုဒ်ထီးကို တချောင်းငင် ယပက်လက် သတ်ထားတဲ့ပုံမျိုး ထွက်ပါတယ်။ အဲဒီနောက် အခုရကောက်ပုံစံမျိုး ဖြစ်လာတဲ့ အခါမှာတော့ "ရုယ်" ဆိုတဲ့ပုံစံမျိုး ဖြစ်လာပါတယ်။ အသံထွက်ရင်တော့ ရွေလို့ ထွက်မှာပါ။ ပုဂံခေတ်မှာ အောက်မြစ်တို့ ဝစ္စပေါက်တို့ မသုံးခဲ့တော့ "ရွေ၊ ရွေ့၊ ရွေး" အသံအားလုံး အတွက် အဲဒီ "ရုယ်" သင်္ကေတ တမျိုးတည်းပဲ သုံးပါတယ်။ အဲဒီ "ရုယ်"ဟာ အခု ကျွန်တော်တို့ သုံးနေတဲ့ "၍"နဲ့ အတူတူပါပဲ။

မြန်မာစာမှာ "ယပင့်"ဟာ "ယပက်လက်"နဲ့ တန်ဖိုးတူပါတယ်။ "ယပင့်"ဆိုတာ "ယပက်လက်"ရဲ့ အတိုကောက်လို့ ပြောရင်လည်း ရပါတယ်။ "ယပင့်"ဆိုတာဟာ "ယပက်လက်"နဲ့ ပင့်ထားတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ "ရရစ်"ဆိုရင်တော့ "ရကောက်"နဲ့ ရစ်ထားတယ်လို့ ပြောတာပါ။

ဒီတော့ အခုန "ရုယ်"ဆိုတဲ့ စကားလုံးကို နောက်ပိုင်းမှာ "ယပက်လက်"အစား "ယပင့်" နဲ့ အစားထိုး ပြောင်းရေးလာပါတယ်။ "ရကောက်တချောင်းငင် ယပင့်အသတ်" ဖြစ်ပါတယ်။ အဲသလို ပြောင်းရေးတော့ "၍" နဲ့ တော်တော်ဆင်တူတဲ့ စကားလုံး ဖြစ်လာပါတယ်။ ကွန်ပြူတာ မြန်မာစာ လက်ကွက်က အဲဒီစကားလုံးကို လက်မခံလို့ ရေးမရပေမယ့် လက်နဲ့ ချရေးကြည့်ရင် တော်တော်ဆင်တာကို တွေ့ရပါလိမ့်မယ်။ ချရေးကြည့်ပါ။

အဲဒီစကားလုံးမှာ တချောင်းငင်နဲ့ ယပင့်ကို နှစ်ခုဆက် ရေးလိုက်တဲ့အခါမှာ ဒီကနေ့ သုံးနေကြတဲ့ "၍" နဲ့ တထပ်တည်း ဖြစ်လာပါတယ်။

ကြိယာနဲ့ နာမဝိသေသန နေရာရွေ့သွားတာကို သုံးရင် "ရွေ့" ကို သုံးပြီး ဝိဘတ်အဖြစ် သုံးတဲ့အခါ "၍" အက္ခရာကို သုံးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မူလတန်း ကျောင်းသားဘဝမှာ ကတည်းက ဗျည်း၊ သရ၊ အက္ခရာတွေ သင်ကြားကြရပါတယ်။

"၌"

"၌" ဆိုတဲ့ စကားလုံး ဖြစ်ပေါ် ပြောင်းလဲလာပုံကလည်း "၍" နဲ့ ခပ်ဆင်ဆင်ပါပဲ။ "၌" နဲ့ "နှိုက်" ဟာလည်း အတူတူပါပဲ။ "နှိုက်" ကနေမှ "၌" အဖြစ် ပြောင်းလဲလာတာပါ။ ရှေးက ကျောက်စာ ရေးသားကြရာမှာ တချို့စာလုံးတွေကို အတိုကောက် သင်္ကေတတွေနဲ့ တခါတလေ ရေးတတ်ကြပါ တယ်။ "သည်"ကို "သှ်" ဆိုပြီး အတိုကောက် ရေးတာမျိုး တွေ့ဖူးကြမယ် ထင်ပါတယ်။ အခု "နှိုက်"ကိုလည်း "နှ"ဆိုတဲ့ဗျည်းနဲ့ "အိုက်" ဆိုတဲ့ သရကို ပုဒ်ခွဲပြီး "အိုက်"သရတခုလုံး ကိုယ်စား အသတ်ကလေးကိုပဲ အတိုကောက် ယူရေးလိုက်တဲ့အခါ နှ အပေါ်မှာ အသတ်ကလေးနဲ့ ဖြစ်လာပါ တယ်။ "နှ်" ဆိုတဲ့ပုံစံမျိုးပါ။ အဲဒီ "နှ်" ကို အပေါ်က နငယ်ခေါင်းလေး ဖြုတ်လိုက်ရင် အခုရေးနေကြတဲ့ "၌" နဲ့ လုံးဝ တထပ်တည်း တူသွားပါပြီ။ လက်နဲ့ချ ရေးကြည့်ကြရင် ပိုပြီး ဆင်တူတာကို တွေ့ရပါလိမ့်မယ်။ ပြောင်းလဲလာပုံ ပိုပေါ်လွင်ပါလိမ့်မယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ဖိုလ်ဝင်တောင် ဘုရားလိုဏ်ဂူအတွင်းက ရှေးဟောင်းမင်စာမှာ "၌" ကို"နှ်" ဆိုတဲ့ ပုံစံအတိုင်း ရေးထားတာကို အထင်အရှား တွေ့နိုင်တယ်လို့ ဆရာကြီး ဦးထွန်းတင့်က ပြောပါတယ်။ အဲဒီလိုဏ်ဂူက မင်စာဟာ ညောင်ရမ်းခေတ် လက်ရာ ဖြစ်တော့ အဲဒီခေတ်မှာ "နှ်" ကို အဲသလို ရေးခဲ့တယ် ဆိုတာနဲ့ အရေးအသား အဆင့်ဆင့် ပြောင်းလဲလာပုံကို သိနိုင်တယ်လို့ ဆိုပါတယ်။

အတွင်းထဲကို နှိုက်တဲ့ ကြိယာအဖြစ် သုံးရာမှာ နှိုက်လို့ ရေးပြီး အချိန်ပြဝိဘတ်၊ နေရာပြဝိဘတ်အဖြစ် သုံးတဲ့အခါ "၌" ကို သုံးပါတယ်။ တနေ့သ၌ မှာလည်း "၌" ကိုပဲ သုံးပါတယ်။

"၏"

"၏" အကြောင်း ဆက်ပြောချင်ပါတယ်။ "၏" ကို ဝါကျ အဆုံးသတ်မှာ ကြိယာ နောက်ဆက်အဖြစ် သုံးလေ့ ရှိသလို ပိုင်ဆိုင်မှု ဖော်ပြတဲ့ ဝိဘတ် အနေနဲ့လည်း သုံးပါတယ်။ သွား၏၊ လာ၏၊ စား၏ ဆိုတာမျိုး၊ သူ၏ခဲတံ၊ သူ၏စာအုပ် ဆိုတာမျိုးပါ။

"၏" ဆိုတာ ပုဂံခေတ်တုန်းကတော့ "ဧ"ကို "အ"နဲ့ သတ်ထားတာလို့ ဆရာကြီး ဦးထွန်းတင့်က ပြောပါတယ်။ "ဧအ်" ပါ။ သူ့ရဲ့ အသံထွက် အမှန်က "အေ"သို့မဟုတ် "အေ့"သို့မဟုတ် "အေး" ဖြစ်ပါတယ်။ "သွား၏၊ လာ၏၊ စား၏" ဆိုရင် "သွားအေ့၊ လာအေ့၊ စားအေ့" ဒါမှမဟုတ် "သွားအေ၊ လာအေ၊ စားအေ"လို့ အသံထွက်ပါတယ်။ အခု တချို့ကျေးရွာတွေမှာ ပြောနေကြတဲ့ "သွားပါအေ၊ လာပါအေ၊ စားပါအေ"ဆိုတဲ့ စကားနဲ့ အတူတူပါပဲ။ "၏"၊ "အေ့" ဆိုတာ "ရဲ့" ဆိုတဲ့ စကားနဲ့လည်း အဓိပ္ပာယ် အတူတူပါပဲ။ စာမှာ "၏" သုံးပြီး အပြောမှာ "အေ"သို့မဟုတ် "ရဲ့"ကို သုံးလေ့ရှိပါတယ်။ "သွားအေ၊ လာအေ" ရယ်၊ "သွား၏၊ လာ၏" ရယ် "သွားရဲ့၊ လာရဲ့" ရယ်ဟာ အတူတူပါပဲ။ "မောင်မောင်၏စာအုပ်"နဲ့ "မောင်မောင်ရဲ့စာအုပ်"ကလည်း အတူတူပါပဲ။ "မောင်မောင်အေ့စာအုပ်"လို့တော့ သုံးလေ့ မရှိပါဘူး။

ပုဂံခေတ်တုန်းက အ က အင်္ဂလိပ်စာလုံး H နဲ့ဆင်တူတယ်လို့ ဆရာကြီး ဦးထွန်းတင့်က ပြောပါတယ်။ အဲဒီ အင်္ဂလိပ်စာလုံး H ရဲ့ အလယ်က ကန့်လန့်ဖြတ်တုံးကလေးပျောက်သွားတဲ့အခါ ပုဒ်မ "။" နဲ့တူသွားပါတယ်။ "ဧ"ရယ် "ပုဒ်မ"ရယ် "အသတ်"ရယ်ပေါင်းလိုက်တဲ့အခါ "ဧ။်" ဆိုတာဖြစ်လာပါတယ်။ အဲဒီသင်္ကေတဟာ ဒီနေ့ခေတ်သုံးနေတဲ့ "၏"နဲ့ တပုံစံတည်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခြေခံအဆင့် သင်ပုန်းကြီး မြန်မာစာကို မူလတန်းမှာ စတင်သင်ကြား

"၎င်း"

"၎င်း" ကိုတော့ နာမဝိသေသနအဖြစ် ဖြစ်စေ၊ နာမ်စားအဖြစ် ဖြစ်စေသုံးပါတယ်။ ဝါကျဆက် သမ္ဗန္ဓ အဖြစ်သုံးတဲ့အခါမှာတော့ "၎င်း" အက္ခရာနဲ့ မရေးဘဲ "လည်းကောင်း"လို့ ရေးပါတယ်။

ပုဂံခေတ်တုန်းက "လေကောင်" သို့မဟုတ် "လေည်ကောင်" လို့ ရေးပါတယ်။ ပုဂံခေတ်က ဝစ္စပေါက် မသုံးပါဘူး။ အသံထွက်တာကတော့ "လေ"ကို "လေး"လို့ အသံထွက်ပါတယ်။ "လေည်" ကို "လည်း"လို့ အသံထွက်ပါတယ်။ အဲဒီတော့ "လေးကောင်း" သို့မဟုတ် "လည်းကောင်း"လို့ အသံထွက်ပါတယ်။ အဓိပ္ပာယ်၊ အနက် အတူတူပါပဲ။ "လေးကောင်း"ကို အတိုကောက် ရေးချင်တဲ့အခါ "လေး"အစား ဂဏန်းသင်္ချာ "၄" နဲ့ အစားထိုးပါတယ်။ "ကောင်း"ဆိုတဲ့ အသံတခုလုံး ကိုယ်စား "ငသတ် ဝစ္စပေါက်"ပဲယူပါတယ်။ အဲသလို ယူပြီး ရေးလိုက်တော့ "၎င်း" ဖြစ်သွားပါတယ်။

"ဣ"

"ဧ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်" ဆိုတဲ့ မူလ အက္ခရာတွေနဲ့ ပတ်သက်ပြီး ပြောစရာ များများ မရှိပါဘူး။

ဒါပေမယ့် ဣ ဆိုတဲ့ အက္ခရာကို ဒီနေ့ခေတ်လူငယ် တော်တော်များများ အသံမထွက်တတ်တာ သတိထားမိပါတယ်။ သူ့အသံထွက်က "အိ" ဖြစ်ပါတယ်။ "၏" နဲ့ အသံထွက် တူပါတယ်။ ဣန္ဒြေ၊ ဣန္ဒနီလာ၊ ဣရိယာပုတ်၊ ဣစ္ဆာသယ၊ ဣတ္ထိယ စတဲ့ စာလုံးတွေမှာ သုံးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

"ဥ၊ ဦ၊ ဦး"

"ဥ၊ ဦ၊ ဦး" နဲ့ ပတ်သက်ပြီး ပြောစရာ နည်းနည်း ရှိပါတယ်။ အဲဒီအက္ခရာသုံးလုံးဟာ တလုံးစီ သတ်သတ်စကားလုံးတွေ ဖြစ်ပါတယ်။ "ဥ"ကို လုံးကြီးတင် ဆန်ခတ်ထားလို့ "ဦ" ဖြစ်လာတာ မဟုတ်ပါဘူး။ အုကို လုံးကြီးတင် ဆန်ခတ်ရင် "အူ"လို့ အသံမထွက်ဘဲ အိုလို့သာ အသံထွက် ပါလိမ့်မယ်။ "ဥ" ကတလုံး "ဦ"က တလုံး တလုံးစီ သတ်သတ်စီ ဖြစ်ပါတယ်။ ရှေးအခါက "ဦ"ကို လုံးကြီးတင် ဆန်ခတ်သင်္ကေတနဲ့ ရေးခဲ့ တာလည်း မဟုတ်ပါဘူး။ "ဥ"ရဲ့ အထက်မှာ နောက်ပစ်နဲ့ ခပ်ဆင်ဆင်တူပြီး နည်းနည်းကွေးတဲ့ သင်္ကေတလေး တင်ရေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် "ဦ"ဟာ "ဥ"ကို လုံးကြီးတင် ဆန်ခတ်တာ မဟုတ်ကြောင်း ပိုထင်ရှားပါတယ်။ "ဦး" ဟာလည်း သတ်သတ်တလုံးပါပဲ။ "ဦး"ဟာလည်း "ဥ"ကို လုံးကြီးတင် ဆန်ခတ် ဝစ္စပေါက် ထည့်ထားတာ မဟုတ်ပါဘူး။ ရှေးအခါက နောက်ပစ်နဲ့ ဆင်ဆင်တူတဲ့ အကွေး သင်္ကေတကလေး တင်ပြီးတော့ပဲ ရေးခဲ့ပါတယ်။ မောင်သိမ်းမြတ်ကို နာမည် အတိုကောက် ရေးရင် "မသမ" လို့ ရေးလေ့ရှိပါတယ်။ ကိုကိုဦးကို နာမည်အတိုကောက် ရေးရင်တော့ "ကကဥ"လို့ မရေးရပါဘူး။ "ကကဦး"လို့ပဲ ရေးရပါမယ်။ ဘာ့ကြောင့်လဲ ဆိုတော့ "ဦး"ဟာ "ဥ"ကို လုံးကြီးတင် ဆန်ခတ်ထားတာ မဟုတ်ဘဲ သူ့ နဂိုသင်္ကေတကိုက အဲသလို ပုံစံထွက်နေတာ ဖြစ်လို့ပါ။

"သြ"ဟာလည်း "သ"ကို "ရ"ရစ်ထားတာ မဟုတ်ပါဘူး။ သူ့နဂိုသင်္ကေတကိုက အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ "သ"ကို "ရ"ရစ်ရင် "သရ" လို့ အသံထွက်မှာပါ။ "သ"ကို "ရ"ရစ်တဲ့စကားလုံးကို ရှေးက သုံးဖူးပါတယ်။ "သရဝဏ်"ကို "သြဝဏ်"လို့ တခေတ်တခါက သုံးခဲ့ဖူးပါတယ်။

ဆက်စပ် အကြောင်းအရာများ