ရန်ကုန်စည်ပင်ကော်မတီဝင်သစ်တွေနဲ့ ဘီလီယံချီဆုံးရှုံးနေဆဲ ရန်ကုန်အစိုးရဘတ်ဂျက် ပြဿနာ

စည်ပင် ရွေးကောက်ပွဲ မဲဆွယ် ဆိုင်းဘုတ် တစ်ခု ရှေ့က ရန်ကုန် မြင်ကွင်းကို မတ်လ ၈ ရက်နေ့က မြင်တွေ့ရပုံ ဓာတ်ပုံ မူပိုင် YE AUNG THU / AFP / Getty Images
Image caption စည်ပင် ရွေးကောက်ပွဲ မဲဆွယ် ဆိုင်းဘုတ် တစ်ခု ရှေ့က ရန်ကုန် မြင်ကွင်းကို မတ်လ ၈ ရက်နေ့က မြင်တွေ့ရပုံ

ဈေးပေါပေါနဲ့လုပ်ပိုင်ခွင့် ချပေးထားတဲ့ အများပိုင်နေရာ ပြဿနာက ရန်ကုန်မြို့တော်စည်ပင်သာယာရေး (YCDC) ကော်မတီဝင်သစ်တွေ အတွက် လက်ကျန်သက်တမ်းအတွင်း ဖြေရှင်းနိုင်ဖို့က အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ရန်ကုန်လွှတ်တော် အမတ်ဟောင်းနဲ့ လက်ရှိအမတ် တချို့ ထောက်ပြ နေကြပါတယ်။

ရန်ကုန်စည်ပင်က ငှားရမ်းခ ၁ စတုရန်းပေကို အနည်းဆုံး မြန်မာကျပ်ငွေ ၆ ကျပ် ကနေ အများဆုံး၂၁၀ ကျော်နဲ့ ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ ပြည်သူ့ရင်ပြင်၊ ကရဝိတ်ဥယျာဉ်၊ ကန်တော်ကြီး၊ ကန်တော်မင်ပန်းခြံနဲ့ မြိုင်ဟေဝန် ပန်းခြံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ အတွက် ၂၀၁၁ ခုနှစ်က စတင်ပြီး ငှားရမ်းပေးခဲ့တာပါ။

အဲဒီလိုငှားရမ်းပေးထားတာကြောင့် တစ်နှစ်ကို ကျပ်ငွေဆယ် ဂဏန်း ချီတဲ့ ဘီလီယံ ပမာဏဝင်ငွေကို မြို့တော်စည်ပင်က ဆုံးရှုံးနေတယ်လို့ ၂၀၁၈ ခုနှစ် သြဂုတ်လတုန်းက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၆-၁၇ ခုနှစ် ရန်ကုန်တိုင်းစာရင်းစစ် အစီရင်ခံစာကဆိုထားပါတယ်။

အဲဒီငှားရမ်းခတွေကို ခေတ်နဲ့ လျော်ညီတဲ့ ဈေးကွက် ပေါက်ဈေး ဈေးနှုန်းတွေကို ပြန်ရရှိဖို့၊ အဲဒီကနေရန်ကုန်စည်ပင် ဝင်ငွေတွေပိုမိုတိုးရရှိဖို့ ဆောင်ရွက်ရေးက ရွေးကောက်ခံစည်ပင်ကော်မတီဝင် အသစ် ၆ ဦးအတွက် အခက်အခဲအဖြစ် ရှိနေနိုင်တယ်လို့ ထောက်ပြကြသူတွေ ရှိပါတယ်။

"ရန်ကုန် စည်ပင် သာယာရေး ကော်မတီရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေမှာ ပွင့်လင်း မြင်သာမှုလို နေတယ်" လို့ ဒုတိယမြို့တော်ဝန် ရာထူး နေရာ အထိ တာဝန်ထမ်းဆောင်ခွင့်ရနိုင်မယ့် မြို့တော် စည်ပင်ကော်မတီဝင် အဖြစ် မဲဆန္ဒနယ်အမှတ် ၃ ကနေ ရွေးကောက်ခံမယ့် ကိုယ်စားလှယ် ကိုအောင်ခန့်က ပြောပါတယ်။

"ဘဏ္ဍာတွေကို ပြန်မရှင်းပြထားတာတွေလည်း အများကြီးပဲ၊ ပိုက်ဆံတွေကရှုံးနေတာ အများကြီးပဲ၊ ပြီးတော့မှ ပိုက်ဆံမရှိဘူး၊ မရှိဘူး၊ အော်နေတာ အဓိပ္ပာယ်မရှိဘူး" လို့ သူက ဆိုပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအစိုးရမတိုင်မီ အဆက်ဆက်က စီးပွားလုပ်ဖို့ ခွင့်ပြုပေးခဲ့တဲ့ အများပိုင်နေရာကိစ္စတွေသာမကပဲ လက်တလော မှာတင် ဖြစ်ခဲ့တဲ့ စည်ပင် ပိုင် နယ်မြေတွေ အပါအဝင် အစိုးရ ဌာနပိုင်မြေ တွေပေါ်မှာ စက်သုံးဆီဆိုင် ဖွင့်ခွင့်ရသွားတဲ့ ကိစ္စမျိုးတွေကိုလည်း ဖြေရှင်းနိုင်ဖို့ လိုအပ်နေတယ်လို့ ကိုအောင်ခန့်က ယူဆပါတယ်။

ရွေးကောက်ခံခဲ့ရရင် ကြုံလာရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ အတွက် မဲဆန္ဒရှင် လူထုရဲ့ ထောက်ခံမှုကို ရယူမယ်လို့ ကိုအောင်ခန့် က ပြောပါတယ်။

"ကျွန်တော်ကတော့ ရှင်းတယ်၊ ရွေးကောက်ခံထားရတဲ့ အခြေနေအတိုင်းနေရမှာပဲ၊ ကျွန်တော်တို့ အတွက် အကာအကွယ် အကောင်းဆုံးကတော့ ပြည်သူပဲ" လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် YCDC
Image caption ရန်ကုန်က နောက်ဖေးလမ်းကြား တစ်ခုမှာ မြို့တော်စည်ပင်က အမှိုက်ရှင်းနေတဲ့ မြင်ကွင်း

ရွေးကောက်ခံ ကော်မတီဝင်တွေအပါအဝင် ကော်မတီဝင်အားလုံးဟာ မြို့တော်ဝန်က တဆင့် ရန်ကုန်အစိုးရအတွက် တာဝန်ခံယူရမယ့်သူတွေဖြစ်နေတဲ့ ကန့်သတ်ချက်မျိုးတွေကြောင့် ကော်မတီဝင်အသစ်တွေအနေနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာမှာ အကန့်အသတ်တွေ ရှိလာနိုင်တယ်လို့ မဲဆန္ဒနယ် အမှတ် ၃ က ရွေးကောက်ပွဲဝင်မယ့် နိုင်ငံ့ အရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်ခဲ့သူ ဦးဝင်းချိုက ပြောပါတယ်။

ကော်မတီဝင်သစ်တွေထဲမှာလည်း နိုင်ငံရေးပါတီ ကျောထောက်နောက်ခံရှိသူတွေ ပါရှိခဲ့ရင်လည်း သူတို့အစိုးရ အဖွဲ့ နာမည်ပျက်စေမယ့် ကိစ္စမျိုးတွေကို လုပ်ဆောင်ဖို့ ရှောင်ရှားနိုင်ဖွယ် ရှိတဲ့ အနေအထေားကိုလည်း လက်ရှိမှာ ရန်ကုန်တိုင်း အတွင်းက ကိစ္စ ရေးရာတွေကို စောင့်ကြည့် နေတဲ့ Yangon Watch အဖွဲ့ တည်ထောင်သူ လွှတ်တော် အမတ်ဟောင်း ဒေါ်ညိုညိုသင်းက ထောက်ပြပါတယ်။

ဒါ့အပြင် ရွေးကောက်ခံကော်မတီဝင်တွေ တာဝန် စတင် မထမ်းဆောင်မီ ကျမ်းသစ္စာကျိန်ဆိုရာမှာလည်း 'နိုင်ငံတော်လျို့ဝှက်ချက် ဥပဒေကိုလိုက်နာပါ့မယ်' ဆိုတဲ့အချက်ပါဝင်နေပြီး အဲဒီအချက်ကြောင့် အစည်းအဝေးအတွင်း ဆွေးနွေး ကြတဲ့ အချက်အလက်တွေကို အများပြည်သူထံ ပြန်လည် တင်ပြတာမျိုး ရှိခဲ့ရင် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ငြိစွန်း နိုင်နေလို့ ဒါဟာ စည်ပင်သာယာရေး ကော်မတီဝင်တွေရဲ့လုပ်ဆောင်နိုင်မှု ကို ကန့်သတ်ခံရတာမျိုး ရှိနိုင်တယ်လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

"ကော်မတီဝင်အသစ်တွေရဲ့ရဲရင့်မှုပြတ်သားမှုက ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ တိုက်ရိုက်ပက်သက်နေတယ်" လို့ သူက သုံးသပ်ပါတယ်။

ရန်ကုန်စည်ပင်က ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်းမေးခွန်းတွေ မေးမြန်းကာ ထောက်ပြခဲ့ဖူးတဲ့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကလည်း "ရွေးချယ်ခံရမယ့်ကော်မတီဝင်တွေအတွက် ကိစ္စတိုင်းကစိန်ခေါ်မှုတွေချည်းပဲ" လို့ ဆိုပါတယ်။

ရွေးကောက်ခံရမယ့် စည်ပင်ကော်မတီဝင်သစ်တွေအနေနဲ့ တိုင်းဒေသကြီးလွှတ်တော်အမတ်တွေနဲ့အတူ ရန်ကုန်မြို့တော်အရေးကို ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေ ထားဖို့ မရှိဘူးလို့ လည်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေအနိုင်ရရှိပါက ပူးပေါင်းလုပ်ဆောင် ရမယ့်အခြေအနေကို ဒေါ်ကြည်ပြာက ပြောပါတယ်။

ရန်ကုန်တိုင်း လွှတ်တော်ကလည်း နှစ်စဉ်ဆုံးရှုံးနေတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေထပ်မံတိုးမြှင့်ရရှိဖို့ ပြီးခဲ့တဲ့ တိုင်းလွှတ်တော်အစည်းအဝေးတွေကနေ ရန်ကုန်အစိုးရနဲ့ စည်ပင်သာယာရေးကော်မတီတို့ကို တိုက်တွန်း ထားပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို အခုလကုန်ပိုင်း ၃၁ ရက်နေ့မှာကျင်းပမှာပါ။

ကော်မတီဝင် ၆ နေရာ အတွက် ရန်ကုန်တိုင်းစည်ပင်သာယာရေး နယ်နိမိတ်ပါ ၃၃ မြို့နယ်ရှိ လူဦးရေ ကို အချိုးအစား အလိုက်မဲဆန္ဒနယ် ၆ ခုပိုင်းခြား သတ်မှတ်ထားပါတယ်။ အဲဒီမဲဆန္ဒနယ် ၆ ခုအတွက် ကော်မတီဝင် ကိုယ်စားလှယ်လောင်း ၂၇ ယောက် တို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားကြပြီး မဲဆွယ် လှုပ်ရှားမှုတွေလည်း ဆောင်ရွက်နေကြပါပြီ။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရန်ကုန်လွှတ်တော်ကနေ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ ရွေးကောက်ခံ စည်ပင်ကော်မတီဝင် ၆ ဦးနဲ့အတူ ရန်ကုန်အစိုးရက ခန့်အပ်မယ့် အခြားကော်မတီဝင် ၄ ဦး၊ နိုင်ငံတော်သမ္မတကခန့်အပ်မယ့် မြို့တော်ဝန် အပါအဝင် စုစုပေါင်း ၁၁ ဦး နဲ့ ကော်မတီကို ဖွဲ့စည်းမှာပါ။

မတ် ၃၁ ရက် စည်ပင် ရွေးကောက်ပွဲ အပြီးမှာ အသစ်ဖွဲ့စည်းမယ့် စည်ပင်ကော်မတီက လက်ရှိ အစိုးရ သက်တမ်းကုန်တဲ့ အချိန်အထိ တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ