ဗိုလ်ထိန်ဝင်း၊ တပ်မတော်ကို ဗိုလ်အောင်ဆန်းနဲ့ စခဲ့သူတယောက်
- ဘိုဘို
- ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ ရင်းမြစ်, Daw Ahmar
ဗိုလ်ထိန်ဝင်းခေါ် ကိုဆောင်း
ရဲဘော်သုံးကျိပ်ကို မြန်မာ့တပ်မတော်ရဲ့ တည်ထောင်သူ ဖခင်တွေ အဖြစ် သိကြပါတယ်။
ဒီတပ်မတော်ကို ၁၉၄ဝ ပြည့်လွန်နှစ်တွေမှာ ဂျပန်ပြည် တိုကျိုမြို့တော်မှာ ၁၉၄၁ ဖေဖော်ဝါရီလ ၇ ရက် ညသန်းခေါင်နားနီးမှာ မြန်မာလူငယ် သုံးယောက် တွေ့ဆုံရာက စပြီး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်အောင်ဆန်း၊ သခင်လှမြိုင်ခေါ် ဗိုလ်ရန်အောင်နဲ့ ဗိုလ်ထိန်ဝင်းဆိုပြီး ထင်ရှားလာတဲ့ ရဲဘော်သုံးကျိပ်ဝင် သုံးယောက် တွေ့ဆုံရာကနေ ဒီလိုတပ်မတော်ထူထောင်ဖို့ ဖြစ်လာပေမယ့် သူတို့ နိုင်ငံရေး နောက်ခံတွေက မတူပါဘူး။
ဗိုလ်အောင်ဆန်းတို့နှစ်ယောက်က သခင်အဖွဲ့က လာတာဖြစ်ပြီး ဗိုလ်ထိန်ဝင်းက ဂျပန်မှာ ပညာသင်နေတဲ့ကျောင်းသားပါ။
ဗိုလ်ထိန်ဝင်းဟာ စစ်ပြီးစမှာ ကွယ်လွန်သွားသူဖြစ်လို့ သူ့အကြောင်း လူသိပ်မသိကြပေမယ့် စိတ်ဝင်စားစရာကောင်းပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်များ
နန်းရင်းဝန်ကြီးမျိုး
ကိုဆောင်းခေါ် ဗိုလ်ထိန်ဝင်းဟာ ရွှေကျင်နယ်သား ဖြစ်ပြီး ညောင်လေးပင် အမတ် ဦးလွန်းမောင်ရဲ့သားပါ။
သူ့ဖခင်ဟာ ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို တည်ထောင်သူ လူကြီးတွေထဲမှာ တယောက်အပါအဝင် ဖြစ်လို့ မြန်မာပြည်နိုင်ငံရေး နိုးကြားစကတည်းက ပါလာသူ တယောက် ဖြစ်ပါတယ်။
သူ့ ဦးလေးတွေထဲက ရွှေကျင်ဦးပုဟာလည်း ဖေပုရှိန် ဆိုပြီး မြန်မာပြည် ကိုယ်ပိုင်အုပ်ချုပ်ရေး ရဖို့ လန်ဒန်မှာ ၁၉၁၉ ကသွားပြီး အရေးဆိုခဲ့တဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ နန်းရင်းဝန်ဦးပု အဖြစ် သိကြပါတယ်။
နောက်ဦးလေး တယောက်ကတော့ ဆာအမ်အေဦးမောင်ကြီး ဖြစ်ပြီး ဒုတိယကမ္ဘာစစ် မဖြစ်ခင်မှာ မြန်မာထဲက ပထမဆုံး ကာကွယ်ရေး အတိုင်ပင်ခံဝန်ကြီး ဖြစ်လာသူပါ။
ဒါကြောင့် ဗြိတိသျှ အစိုးရ၊ မြန်မာပြည်ကာကွယ်ရေး ဝန်ကြီးရဲ့တူက ဂျပန်နဲ့ပေါင်းပြီး ရဲဘော်သုံးကျိပ်ကို ထူထောင်ရာမှာ ပါခဲ့တဲ့ ထူးခြားမှု ရှိပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Bo Bo/ BBC Burmese
ဗိုလ်ထိန်ဝင်းဘိုးဘေးတွေ တည်ခဲ့တဲ့ ဘိုးတပ်မှူးဘုရားသုံးဆူ
၁၉၄၃ က မြဒေါင်းညို ပြုစုတဲ့ ရဲဘော်သုံးကျိပ် စာအုပ်မှာ ကိုဆောင်းဟာ မြန်မာဘုရင်လက်ထက်က စစ်ဘက်ဌာန အရာရှိကြီး မျိုးရိုးက လာတယ်၊ တပ်မှူးကြီးဦးမှိုင်းနဲ့ ဦးမှန်းက ဆင်းသက်တယ်လို့ ဆိုပါတယ်။
ရမည်းသင်းက ဆင်းလာတဲ့ ဘိုးတပ်မှူးဆိုတဲ့ တပ်မှူးကြီးတည်ခဲ့တဲ့ ဘုရားတွေကိုတော့ ညောင်လေးပင်မြို့နားမှာ ခုထက်ထိ တွေ့နိုင်ပါတယ်။
၁၉၁၄ မှာ မွေးတဲ့ ကိုဆောင်းဟာ ငယ်စဉ်ကတည်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်ကြွခဲ့ပြီး လူငယ်များကြီးပွားရေးအသင်းမှာလည်း ကွန်မြူနစ် သခင်သန်းထွန်းတို့နဲ့အတူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
အသက် ၂ဝ ကျော်မှာတော့ ရန်ကုန်က သူ့အစ်ကိုဝမ်းကွဲတော်တဲ့ လူထုဦးလှဆီမှာ နေရင်း ဗိုလ်ထိန်ဝင်းဟာ မြန်မာဇာတ်သဘင်ကို ပြည်ပမှာ ကပြနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
သူနဲ့အတူ ကြံစည်ခဲ့သူကတော့ နောင်မှာ ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ အဖြစ် ကျဆုံးခဲ့တဲ့ သခင်ဇင် ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Tun Win Nyein
ဗိုလ်ထိန်ဝင်းနဲ့ ရန်ကုန်မှာ ဇာတ်ထောင်ခဲ့တဲ့ ဗကပ ဥက္ကဋ္ဌ သခင်ဇင်
ဂျပန်ပညာသင်ဘဝ
နောက် ဒေါက်တာဘမော် အစိုးရထဲက ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးချုပ် ဒေါက်တာသိန်းမောင် အကူအညီနဲ့ ဂျပန်မှာ သွားပြီး ပညာသင်ပါတယ်။
ဂျပန်နဲ့ အဆက်အသွယ်ရှိတဲ့ ဒေါက်တာသိန်းမောင်ကြောင့်ပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်နဲ့ ဆက်မိတာ ဖြစ်ပါတယ်။
ဂျပန်မှာ ရာဘာလုပ်ငန်းသွားသင်မယ် ဆိုပြီး ထွက်သွားတဲ့ ကိုဆောင်းဟာ တိုကျိုက လက်မှုပညာသင် တက္ကသိုလ်မှာ သတင်းစာနဲ့ စာပုံနှိပ်ပညာ၊ ဝါဒဖြန့်ချိရေးပညာတွေ သင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Thein Maung
ကိုဆောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ပြည်သွားရေးမှာ ကူညီခဲ့တဲ့ ဒေါက်တာသိန်းမောင်နဲ့ မိသားစု
အဲဒီမှာ ရှိတဲ့ အိန္ဒိယ ကျောင်းသားတွေ၊ ဂျာမန်နဲ့ ဆက်လို့ နယ်နှင်ခံရတဲ့ အိန္ဒိယက မဟာရာဇာ စော်ဘွား စတဲ့သူတွေနဲ့ ဆက်သွယ်ပြီး ကမ္ဘာ့အရေးတွေ အမြင်ချင်း ဖလှယ်ခဲ့ပါတယ်။
အဲဒီနောက် သူနဲ့ လာဆက်တဲ့ ဂျပန်နိုင်ငံရေးကိုယ်စားလှယ် က တဆင့် ဗိုလ်မိုးကြိုး ခေါ် ဗိုလ်မှူးကြီး ဆူဇူကီး၊ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမယ့် သခင်အောင်ဆန်းတို့နဲ့ တွေ့ပြီး တပ်မတော် ထူထောင်ဖို့ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆူဇူကီးနဲ့ တွေ့ချိန်မှာ ကိုဆောင်းက လွတ်လပ်ရေးအတွက် အကြမ်းနည်းနဲ့ လှုပ်ရှားဖို့ လက်နက်တောင်းပါတယ်။
သေနတ်အပေါ့စားနဲ့ လက်ပစ်ဗုံးတွေ ပေးဖို့လည်း တောင်းပါတယ်။
နောက် တရုတ်ပြည်က ရောက်လာတဲ့ သခင်အောင်ဆန်း၊ သခင်လှမြိုင်တို့နဲ့ သူတို့ မြန်မာသုံးယောက် တိုကျိုနားက ဂျပန်သူဌေးတယောက်ရဲ့ နွေရာသီစံအိမ်တခုမှာ တွေ့ကြတာ ဖြစ်ပါတယ်။
အဲဒီမှာ ကိုဆောင်းကို သခင်လှမြိုင်က ဂျပန်ထင်ပြီး ''ခင်ဗျား ဗမာလား'' လို့ မေးကြောင်း မြဒေါင်းညိုက ဖော်ပြခဲ့ပါတယ်။
သူတို့ နှစ်နာရီကြာ တွေ့ပြီးနောက် လွတ်လပ်ရေးအတွက် အသက်သေသေသ အရေစုတ်စုတ် လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ရေးပါတယ်။
အဲဒီတွေ့ဆုံပွဲ မတိုင်ခင်ကလည်း ကိုဆောင်းက ဂျပန်ပြန် ကိုဘရင် ဆိုသူနဲ့ သခင်သန်းထွန်းတို့ဆီ နိုင်ငံရေး လျှို့ဝှက် စာတစောင် ပို့ခဲ့ပါသေးတယ်။
ဓာတ်ပုံ ရင်းမြစ်, Bo Bo/BBC Burmese
ညောင်လေးပင် ဗိုလ်ထိန်ဝင်းလမ်းက ဗိုလ်ထိန်ဝင်းဖခင်အိမ်နေရာ
အဲဒီလို သုံးယောက်တွေ့ပြီး တပ်ကြီးဖွဲ့ဖို့ စီစဉ်ပြီးတဲ့နောက် သခင်အောင်ဆန်းက ဂျပန်သင်္ဘောသား ယောင်ဆောင်ပြီး ကိုဆောင်းနဲ့ သခင်လှမြိုင်တို့က ဂျပန်ကုန်သည် ယောင်ဆောင်ပြီး ထိုင်းကို ထွက်သွားကြပါတယ်။
သူပုန်ခရီး
ကိုဆောင်းဟာ မြန်မာပြည်က ထွက်လာမယ့် နိုင်ငံရေးသမားတွေကို ကူညီဖို့၊ အတွင်းသူပုန်ထဖို့အတွက် လက်နက်တွေပို့ဖို့ ထိုင်းမြောက်ပိုင်းက နယ်စပ်မြို့ကလေးတခုမှာ ခြံစိုက် နေခဲ့ပါတယ်။
ဇင်းမယ်မြို့မှာလည်း ဂျပန်ကုန်သည် အယောင်ဆောင်ပြီး နေခဲ့ပါတယ်။
ငယ်ကတည်းက မျက်လှည့်ပညာကို ဝါသနာပါလို့ သင်ယူပြီး ပြသခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ထိုင်းမှာနေတဲ့အချိန်မှာ ရုပ်ပြောင်းရုပ်လွှဲလုပ်တဲ့နေရာမှာ အများကြီး အသုံးကျခဲ့တယ်လို့ သိရပါတယ်။
အဲဒီမှာ ရှိတဲ့ မြန်မာကုန်သည်တွေနဲ့ သူအဆက်အသွယ်ရပြီး သူတို့က အင်္ဂလိပ်ကို တိုက်ဖို့ လူစုပေးခဲ့ကြတာပါ။
ထိုင်းမြောက်ပိုင်းမှာ ငါးလလောက်ကြာပြီးမှ တခြား ရဲဘော်သုံးကျိပ်တွေနဲ့အတူ စစ်ပညာသင်ဖို့ တိုင်ဝမ်ကျွန်းကို သွားခဲ့တယ်လို့ မြဒေါင်းညိုက ရေးပေမယ့် စစ်ပညာသင်ရာမှာ သူနဲ့ သခင်ထွန်းအုပ် မပါဘူးလို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ရေးပါတယ်။
စစ်ပညာသင်ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်ကို ပြန်လာပြီး ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့ဖို့ လက်မောင်းသွေးဖောက်ပြီး သစ္စာရေသောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Nyi Zay
သစ္စာရေသောက်ခဲ့တဲ့ ဖလားကို စစ်သမိုင်း ပြတိုက်မှာထား
အဲဒီနောက် ကိုဆောင်းဟာ ဗိုလ်ထိန်ဝင်းဘွဲ့ခံပြီး မြန်မာပြည်ထဲ ဝါဒဖြန့်ဖို့ ရေဒီယိုက အသံလွှင့်ခဲ့သလို လေယာဉ်ပေါ်ကနေ စာတွေကြဲဖို့အတွက် ရေးသားပေးခဲ့ပါတယ်။
ဒီလိုကြဲချတဲ့ စာတွေကို တွေ့ခဲ့တဲ့အကြောင်း စာရေးဆရာ သိပ္ပံမောင်ဝက သူ့ရဲ့ စစ်အတွင်းနေ့စဉ်မှတ်တမ်းမှာ ရေးခဲ့ဖူးပါတယ်။
ရန်ကုန်လမ်းတွေပေါ်မှာ လေယာဉ်နဲ့ ကြဲတဲ့ စာတွေထဲမှာ မြန်မာမြင်းစီး သူရဲကောင်းပုံနဲ့ အင်္ဂလိပ်တွေကို တိုက်ထုတ်ဖို့ လှုံ့ဆော်ထားပါတယ်။
မြန်မာပြည်ထဲကို စစ်ကြောင်းကြီး လေးကြောင်း ဘီအိုင်အေတပ်ကြီး ဝင်သွားပြီးနောက် ကျန်ရစ်တဲ့ ထိုင်းမြန်မာစစ်သားတွေရဲ့ မိသားစုတွေအတွက် ဗိုလ်ထိန်ဝင်းနဲ့ ဦးလွန်းဘော်တို့က ကူညီဆောင်ရွက် ပေးကြပါတယ်။
ဗိုလ်ထိန်ဝင်းဟာ မန္တလေးကို ဂျပန်သိမ်းပြီးတဲ့နောက် ဝါဒဖြန့်အလုပ်တွေအတွက် လေယာဉ်နဲ့ မြန်မာပြည် ပြန်လိုက်လာပါတယ်။
ရန်ကုန်မှာ ဂျပန်စစ်ဘက် ဝါဒဖြန့်ချိရေးရုံးမှာ လုပ်ပြီး တခြား တပ်ရာထူးတွေ မယူဘဲ နေခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Bettmann
မြန်မာပြည်ထဲ ဝင်လာတဲ့ ဂျပန်တပ်များ
ဒါကြောင့် သူဟာ မြန်မာပြည် နိုင်ငံရေး၊ တပ်မတော်တို့နဲ့ ကင်းကွာသွားခဲ့တာ ဖြစ်ပါတယ်။
ဘူရှီဒိုနဲ့ ဘုရင့်ဂိုဏ်း
အဲဒီမှာ လုပ်ရင်း စက်ဘီးစုတ်စီးပြီး သာမန်လူလိုနေတဲ့ ဗိုလ်ထိန်ဝင်းဟာ စာရေးဆရာအသင်း ပြန်ဖွဲ့ရေး၊ ဘူရှီဒိုခေါ် ဂျပန်သူရဲကောင်းဝါဒ ပြန့်ပွားရေးတွေကို ဆောင်ရွက်ခဲ့ပါတယ်။
ဂျပန်ဆီမှာ စစ်ပညာသင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်တွေမှာ ဖက်ဆစ်ဝါဒလွှမ်းမိုးတဲ့ သဘောတွေ ရှိခဲ့တယ်လို့လည်း သူနဲ့အတူ ပညာသင်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ရေးခဲ့ဖူးပါတယ်။
ဒါကြောင့် ဘူရှီဒို ခေါ် သူရဲကောင်းစိတ်ကို မြန်မာပြည်မှာ ပြန့်ပွားဖို့ ဗိုလ်ထိန်ဝင်းလို သတင်းစာပညာ သင်ခဲ့သူကို ဂျပန်က အသုံးချခဲ့တာပါ။
ဒီစစ်ဝါဒဖြန့် စာအုပ်တွေ မထင်ရှားခဲ့ပေမယ့် တရုတ်-ဂျပန်စစ်မှာ တိုက်ခဲ့တဲ့ ဂျပန်စစ်သားတွေဘဝကို ပြန်ဆိုတဲ့ ရွှံ့နှင့်စစ်သား၊ ပန်းနှင့်စစ်သား စာအုပ်တွေကတော့ အောင်မြင်ခဲ့ပါတယ်။
စစ်အတွင်း စာအုပ်ငတ်နေချိန်မှာ ဒီစာအုပ်တွေ ဖတ်ခဲ့ရပြီးနောက် စစ်ပြီးခေတ်မှာ မြန်မာ စစ်ဗိုလ်စစ်သားတွေရဲ့ တော်လှန်ရေး အတွေ့အကြုံတွေကို ရေးတဲ့ စာအုပ်တွေ အများအပြား ထွက်လာခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Ludu
လူထုဦးလှပြန်တဲ့ ရွှံ့နှင့်စစ်သား
ဗိုလ်ထိန်ဝင်းဟာ ဂျပန်ခေတ် စာပေစိစစ်ရေးကိုလည်း ဆောင်ရွက်ခဲ့ရသူ ဖြစ်ပါတယ်။
နောက် သူ့ရဲ့ လူသိနည်းတဲ့ ဆောင်ရွက်ချက်က မြန်မာပြည်မှာ ဘုရင်ဂိုဏ်း ထောင်ခဲ့တာပါ။
ဒေါက်တာဘမော်ကို ဂျပန်ခေတ်မှာ အဓိပတိခန့်ခဲ့ပေမယ့် သူ့ကို မကြိုက်တဲ့ ဂျပန်စစ်ဘက် အရာရှိတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။
သူ့နေရာမှာ မန္တလေးက ပျဉ်းမနားမင်းသားနဲ့ အစားထိုးဖို့ စဉ်းစားသလို သီပေါမင်းရဲ့မြေး တော်ဘုရားကြီးကို ထားဖို့ ကြံစည်သူတွေလည်း ရှိပါတယ်။
ဒီလူစုထဲမှာ မြန်မာထဲက ဆရာတော် ဦးဥတ္တမရဲ့ နှမ ဒေါ်အိမ်စိုးနဲ့ ဗိုလ်ထိန်ဝင်းတို့လည်း ပါပါတယ်။
သူတို့လူစုက ဘုရင့်နိုင်ငံ တည်ထောင်ရေး အဖွဲ့ဖွဲ့ပြီး တော်ဘုရားကြီးကို တဆောင်တယောင်ထားကာ နန်းလျာပုံစံမျိုး ကြိုးကိုင်ခဲ့တယ်လို့ ညီဖြစ်တဲ့ တော်ဘုရားကလေးက မောင်သန်းဆွေ (ထားဝယ်)ကို ပြောပြခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Wikicommon
တော်ဘုရားကြီးမိသားစု
တရုတ်ပြည်ရဲ့ နောက်ဆုံးဘုရင် ဖြစ်ခဲ့တဲ့ ပုယီကို မန်ချူးရီးယား ဘုရင်တင်ပြီး ဂျပန်က ကြိုးကိုင်ခဲ့သလိုမျိုး တော်ဘုရားကြီးကို နန်းတင်ပြီး ချယ်လှယ်ဖို့ လုပ်ခဲ့ကြတာပါ။
တကယ်က တော်ဘုရားကြီးရဲ့ ဇနီးဟာ ဒေါက်တာဘမော်ရဲ့ တူမဖြစ်ပါတယ်။
အဲဒီအချိန်က ဒီလို နန်းတင်ဖို့ ကြံစည်နေတာကို ဒေါက်တာဘမော်က စပြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လူကြီးတွေ သိကြတယ်လို့လည်း ဆိုပါတယ်။
ဂျပန်စစ်ဘက်နဲ့ နောက်က ဂျပန်မှာ ရှိတဲ့ နဂါးနက်ဂိုဏ်းလို နိုင်ငံရေး အယူသည်းအဖွဲ့တွေလည်း ဒီကိစ္စမှာ ပတ်သက်ခဲ့ကြပါတယ်။
ဂျပန်နဲ့ အတူလိုက်
ဒါပေမဲ့ ဂျပန်စစ်ရှုံးပြီး ဖက်ဆစ်တော်လှန်ရေး ဖြစ်လာလို့ သူတို့အစီအစဉ်တွေ မဖော်နိုင်ခင်မှာ ဂျပန် ဆုတ်ခွာရပါတယ်။
ဒီဆုတ်ခွာချိန်မှာ တော်ဘုရားကြီးနဲ့အတူ ဗိုလ်ထိန်ဝင်းလိုက်ပါသွားပါတယ်။
မော်လမြိုင်မှာ ဂျပန်ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့ သူတို့ အမိန့်ပေးခဲ့ပါတယ်။
နောက် ဂျပန်က သူတို့ကို ဘန်ကောက်ထိ ခေါ်သွားပါတယ်။
ဒေါက်တာဘမော်၊ သခင်မြနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်စစ်အရာရှိတွေနဲ့အတူ
ဒေါက်တာဘမော်ကို ဂျပန်ထိ ခေါ်သွားပေမယ့် တော်ဘုရားကြီးနဲ့ ဗိုလ်ထိန်ဝင်းတို့ကတော့ ထိုင်းအထိပဲ ပါသွားပါတယ်။
တော်ဘုရားကြီးကို ဗြိတိသျှ တပ်က ပြန်ခေါ်ခဲ့ပေမယ့် ဗိုလ်ထိန်ဝင်း မြန်မာပြည် ပြန်မလာခဲ့နိုင်တော့ပါဘူး။
မော်လမြိုင်မှာ နေမကောင်းလို့ ဆေးကုဖို့ ထိုင်းနိုင်ငံ လမ်ပန်းမြို့ကို သွားရင်း အဲဒီမှာပဲ အဆုတ်ရောဂါနဲ့ ၁၉၄၅ မှာ ကွယ်လွန်ခဲ့တယ်လို့ တက္ကသိုလ်များသမိုင်းသုတေသနဌာနက ထုတ်တဲ့ ရဲဘော်သုံးကျိပ် စာအုပ်မှာ ရေးပါတယ်။ ။
သူကွယ်လွန်သွားပေမယ့် စစ်အတွင်းက သူတို့အစပျိုးခဲ့တဲ့ တပ်မတော်နဲ့ ဝါဒဖြန့်ချိရေးတွေကတော့ စစ်ပြီးမှာ ဆက်ပြီး ကြီးထွားခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Ludu
ဂျပန်ခေတ်က ထုတ်တဲ့ ရဲဘော်သုံးကျိပ်စာအုပ်
ဂျပန် ဝါဒဖြန့်ချိရေးနေရာမှာ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေး အဖြစ် ၁၉၅ဝ ကျော်ကတည်းက ဌာနကြီးသီးခြားဖွင့်ပြီး တပ်မတော်က ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီက အထင်ရှားဆုံးအသီးအပွင့်ကတော့ ဓမ္မန္တရာယ် လှုပ်ရှားမှုနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုတွေ နောက်ပိုင်း တပ်က အာဏာသိမ်းပြီး မြန်မာ့ နိုင်ငံရေးမှာ ပါဝင်တာတွေ ဖြစ်ခဲ့ပါတယ်။
ဒီအာဏာသိမ်း အစိုးရမှာ ထမ်းဆောင်သူတွေထဲ ဗိုလ်ထိန်ဝင်းရဲ့ တူတွေလည်း ပါပါတယ်။
ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် မြန်မာပြည် ပြန်လာတဲ့ အချိန်တွေမှာ ဆွေမျိုးထဲက လူငယ်တွေကို ဗိုလ်ထိန်ဝင်းက ဂျပန်ဘာသာစကား သင်ပေးတတ်ပါတယ်။
ဒီအထဲက ညီအစ်ကိုလိုက် တပ်ထဲ ဝင်သွားတာတွေ ရှိသလို ဂျပန် ဘုရင့်စစ်တက္ကသိုလ်မှာ ပညာသင်ခဲ့သူတွေလည်း ရှိပါတယ်။
ဒီလို ဂျပန်ခေတ် ပညာသင်တွေနဲ့ မြန်မာ့တပ်မတော် အစိုးရတွေကို အုပ်ချုပ်ခဲ့တာမို့ ဗိုလ်ထိန်ဝင်း ဖြန့်ချိခဲ့တဲ့ ဘူရှီဒို စိတ်ဟာ တပ်မတော်မှာ ဆက်ပြီး ကိန်းအောင်းနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
လက်တွေ့ ဖော်ဆောင်မှုကိုတော့ သီးခြားလေ့လာရမှာပါ။
ဓာတ်ပုံ ရင်းမြစ်, EurIng Sein Maung
စစ်အတွင်း ဂျပန်ရောက် မြန်မာပညာသင်များ