အံ့ဖွယ်ကမ္ဘာ၊ သရဲခြောက်တယ်ဆိုတဲ့ ရေတံခွန်ကြီး

အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံ ခွနေတဲ့ နိုင်ယာဂါရာ ရေတံခွန် ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံ ခွနေတဲ့ နိုင်ယာဂါရာ ရေတံခွန်

နိုင်ယာဂါရာ ရေတံခွန်ကြီးကို မိုးကောင်းကပေါ်ကနေ ရေတွေစီးကျနေတဲ့ ရေတံခွန်ကြီးလို့ တချို့က တင်စားကြပါတယ်။

နိုင်ယာဂါရာ ရေတံခွန်ကြီးဟာ အမေရိကန်ပြည်ထောင်စု နယူးယောက် ပြည်နယ်နဲ့ ကနေဒါနိုင်ငံ အွန်တေရီယို ပြည်နယ် နှစ်ခုကို ခွနေတဲ့ ဧရာမ ရေတံခွန်ကြီးပါ။

နိုင်ယာဂါရာ ရေတံခွန်ကြီးကို သုံးပိုင်းခွဲခြားပြီးတော့လည်း တချို့က ခေါ်ဝေါ်ကြပါတယ်။ နိုင်ယာဂါရာ ရေတံခွန်ဆိုတာဟာ သတိုးသမီး ဝတ်ရုံ ရေတံခွန် (Bridal Veil Falls) ၊ မြင်းခွာရေတံခွန် (Horseshoe Falls)နဲ့ အမေရိကန် ရေတံခွန် (American Falls) သုံးခုကို ပေါင်းပြီး ခေါ်တဲ့နာမည်လို့လည်း ဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် ရေတံခွန်နဲ့ သတိုးသမီး ဝတ်ရုံ ရေတံခွန်

သတိုးသမီး ဝတ်ရုံ ရေတံခွန်က နယူးယောက်ဘက် အခြမ်းမှာရှိပါတယ်။ နိုင်ယာဂါရာ ရေတံခွန်ကြီးရဲ့ အသေးဆုံးအပိုင်းပါ။ ရေတံခွန် ဖြာဆင်းနေပုံဟာ သတိုးသမီး ဝတ်ရုံမှာ အဖြူရောင် ဂါဝန်ရှည်ကြီး အမြီးဖြာဆင်းကျနေပုံနဲ့ တူလို့ ဆိုပြီး သတိုးသမီး ဝတ်ရုံ ရေတံခွန်လို့ ခေါ်တာပါ။ အမေရိကန် ရေတံခွန်နဲ့ သတိုးသမီး ဝတ်ရုံ ရေတံခွန်ကြားမှာ လူနာကျွန်း (Luna Island) ခြားပါတယ်။ ကနေဒါဘက်မှာရှိတဲ့ မြင်းခွာရေတံခွန်ကြီးနဲ့တော့ ကြားထဲမှာ ဆိတ်ကျွန်း (Goat Island) ခြားပါတယ်။

မြင်းခွာရေတံခွန်ဆိုတာကတော့ ရေတံခွန်ဟာ မြင်းခွာပုံသဏ္ဌာန် ကွေ့ဝိုက်နေတဲ့ ချောက်ကမ်းပါး ကွေ့ကြီးကနေ ရေတွေ အကွေးလိုက်ကြီး ဖြာကျဆင်းနေလို့ ခေါ်တဲ့ နာမည်ပါ။ မြင်းခွာရေတံခွန်ကိုတော့ ကနေဒါ ရေတံခွန်လို့လည်း တချို့ကခေါ်ပါတယ်။ သူဟာ ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ် အခြမ်းမှာရှိလို့ အဲသလိုခေါ်တာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြင်းခွာရေတံခွန်ခေါ် ကနေဒါရေတံခွန် အနီးမှာ ကမ္ဘာလှည့် ခရီးသည် သင်္ဘောဖြတ်သန်း ကြည့်ရှုစဉ်

အနှစ်တသောင်း သက်တမ်းရှိတဲ့ ရေတံခွန်ဘိုးအေကြီး

နိုင်ယာဂါရာ ရေတံခွန်စတင်ပေါ်ပေါက်လာတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀၀ ရှိပြီလို့ သိပ္ပံပညာရှင်တွေက မှတ်တမ်းတင်ထားကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀၀ တုန်းက ကမ္ဘာ့နေရာအများအပြားကို ရေခဲပြင်ကြီးတွေ ဖုံးလွှမ်းတဲ့ ရေခဲခေတ်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ရေခဲပြင်ကြီးတွေ အရည်ပျော်ကျဆင်းလာခဲ့ရာမှာ နောက်ဆုံးရေခဲပြင်ကြီး ဖြစ်တဲ့ ဝင်ကွန်ဆင် ရေခဲပြင်ကြီး အရည်ပျော်ကျချိန်မှာ အဲဒီအရည်ပျော်ကျတဲ့ ရေခဲရေတွေ စီးဆင်း လာပြီး နိုင်ယာဂါရာ ရေတံခွန်ကြီးဖြစ်လာပါတယ်။ အရည်ပျော်ကျလာတဲ့ ရေတွေဟာ တောင်ကုန်းပေါ်က ဂရိတ်လိတ်လို့ခေါ်တဲ့ ရေကန်ကြီးထဲမှာ ကြီးမားကျယ်ပြန့်တဲ့ ရေပြင်ကြီးအဖြစ်စုစည်းမိပြီးနောက်မှ နိုင်ယာဂါရာ မြစ်ကြီးထဲကို စီးဆင်းပြီး နိုင်ယာဂါရာ ချောက်ကမ်းပါးစွန်းကျယ်ကြီးကို ရောက်လာတဲ့အခါ ရေတံခွန်အဖြစ် ဖြာကျ စီးဆင်းလာပါတယ်။ စီးလာတဲ့ရေတွေဟာ အီရီ ရေကန်ကြီးနဲ့ အွန်တေရီယို ရေကန်ကြီးတွေဆီ ဆက်လက်စီးဆင်းပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

အမေရိကန်ဘက်ခြမ်းမှာ ရေတံခွန်ကြီးဟာ အမြင့်ပေ ၁၆၀ ရှိပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ အလာများတဲ့ ရာသီမှာ ရေတံခွန်ပေါ်က ကျတဲ့ ရေထုထည် ပမာဏဟာ ကုဗပေ ၆ သန်းရှိပါတယ်။ အမေရိကန်ဘက်အခြမ်းမှာ ရေတံခွန်ဟာ ၁၇ မိုင် ရှည်လျားပြီး ကနေဒါဘက်အခြမ်းမှာ ၇၅ မိုင် ရှည်လျားပါတယ်။

ရေတံခွန်ကြီးကို အစောဆုံးတွေ့ခဲ့တဲ့သူတွေက အနီးအနားမှာနေကြတဲ့ အမေရိကန် ဌာနေတိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ရက်အင်ဒီယန်းတွေပါ။ ပြင်ပ ကမ္ဘာကလူတွေ ထဲမှာတော့ ၁၆၇၈ ခုနှစ်မှာ အဲဒီကိုရောက်တဲ့ ပြင်သစ် သာသနာပြုဆရာ ဖာသာ လူးဝစ် ဟန်နပင်ဟာ နိုင်ယာဂါရာကို အစောဆုံးတွေ့ခဲ့သူ ဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ယာဂါရာဟာ ပြင်သစ်ရဲ့ အခိုင်အမာ ခြေကုပ်စခန်း ဖြစ်လာပါတယ်။ ဂရိတ်လိတ် ဒေသကို လွှမ်းမိုးထိန်းချုပ်နိုင်ဖို့ အတွက် နိုင်ယာဂါရာ မြစ်ဝမှာ နိုင်ယာဂါရာ ခံတပ်ကြီး ဆောက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ယာဂါရာ ရေတံခွန်အနီး အီရီ ခံတပ်ကြီး

အဲဒီခံတပ်ကြီးကို ၁၉၂၆ ခုနှစ်နဲ့ ၁၉၃၄ ခုနှစ်တွေမှာ ပြန်လည်မွမ်းမံ ထိန်းသိမ်းခဲ့ပြီး အခုအခါမှာတော့ နိုင်ယာဂါရာ ခံတပ်ဟောင်းကြီး ဆိုပြီး ကမ္ဘာတလွှားက ခရီးသည်တွေ လာရောက်ကြည့်ရှုစရာ နေရာတနေရာ ဖြစ်နေပါတယ်။

နိုင်ယာဂါရာဟာ ရေတံခွန်ကြီးကြောင့်သာ လူသိများထင်ရှားတာ မဟုတ်ဘဲ ကမ္ဘာပေါ်မှာ ရေအားနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ပထမဆုံး နေရာ အဖြစ်လည်း နာမည်ကြီး ကျော်ကြားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ယာဂါရာ ရေတံခွန်ကြီး အနီးကပ်

နိုင်ယာဂါရာနဲ့ လူစွန့်စားများ

နိုင်ယာဂါရာကို အံတုစိန်ခေါ်တဲ့ လူစွန့်စားမှန်သမျှဟာ သေရတာချည်းပဲလို့ တချို့က ထင်ကြပါတယ်။ ဒါဟာ မမှန်ပါဘူး။

နိုင်ယာဂါရာကို စိန်ခေါ်ကြတဲ့ စွန့်စားရေးသမားတွေထဲမှာ အထင်ရှားဆုံးတယောက်က အန်နီ အက်ဒ်ဆင် တေလာဆိုတဲ့ အမျိုးသမီးပါ။ သူဟာ နိုင်ယာဂါရာ မြစ်ထဲကို အလုံပိတ် သစ်သားစည်ပိုင်းနဲ့ မျှောလိုက်ပါသွားရာကနေ နိုင်ယာဂါရာ မြင်းခွာရေတံခွန်ကို စည်ပိုင်းနဲ့အတူလှိမ့်ချခဲ့ပြီးနောက်မှာ အသက်မသေတဲ့ ပထမဆုံး လူစွန့်စား ဖြစ်လာပါတယ်။ သူဟာ အပယိက ဒဏ်ရာ နည်းနည်းပါးပါးလောက်ပဲ ရခဲ့ပါတယ်။

၁၉၀၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက် သူ့ရဲ့မွေးနေ့မှာ အန်နီ အက်ဒ်ဆင် တေလာဟာ သူ့စွန့်စားခန်းကို လုပ်ခဲ့တာပါ။

သူက အဲဒီစွန့်စားခန်းကို ငွေကြေးရဖို့လုပ်ခဲ့တာလို့ ဆိုပေမယ့် တကယ်တန်း သူ့စွန့်စားခန်းကြောင့် ငွေများများစားစား မရခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ယာဂါရာ ရေတံခွန်ညဘက် မြင်ကွင်း

နောက်ထပ် ၁၀ နှစ်အကြာမှာ ဘော်ဘီဆိုသူက စတီးစည်ပိုင်း တခုနဲ့ နိုင်ယာဂါရာ ရေတံခွန်ကို ဖြတ်ခဲ့ရာမှာတော့ ဒူးနှစ်ဖက်စလုံးကျိုးတဲ့ အပြင် မေးရိုးလည်း ကျိုးခဲ့ပါတယ်။

၁၉၂၀ ခုနှစ်မှာတော့ အင်္ဂလိပ်လူမျိုး ချားလ်စတီဖင်ဟာ သစ်သားစည်ပိုင်းနဲ့ ဖြတ်ကူးခဲ့ပါတယ်။ သူက သံစည်ပိုင်းအတွင်းမှာ အလေးချိန်စီးတဲ့ သံပေခုံကြီးကိုပါ ယူသွားပြီး သံပေခုံနဲ့ လူနဲ့ စည်ပိုင်းကို တွဲချည်ပြီး နိုင်ယာဂါရာကို ဖြတ်ကျော်ရာမှာ သံပေခုံကြီးက စည်ပိုင်းကို ချိုးသွားပြီး လူပါလွင့်ပါအသက်ဆုံးရှုံးခဲ့ပါတယ်။ သူဟာ နိုင်ယာဂါရာမှာ ပထမဆုံးအသက်ဆုံးရှုံးခဲ့သူ လူစွန့်စားဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း လူစွန့်စားတွေ မကြာခဏ ပေါ်ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ယာဂါရာ ရေတံခွန်ပေါ်မှာ ကြိုးတန်းဖြတ်လမ်းလျှောက် အောင်မြင်ခဲ့သူ တဦး

၁၈၅၉ ခုနှစ်မှာ ယန်းဖရန်ဆွာဘလွန်ဒင်ဂရားဗလက် က နိုင်ယာဂါရာ ချောက်ကမ်းပါးကြီးကို ကြိုးတန်းပေါ်လမ်းလျှောက်ဖြတ်ကူးခဲ့ပါတယ်။ သူဟာ သူတယောက်တည်းသာ မကဘဲ ကျောပေါ်မှာ သူ့မန်နေဂျာကိုပါ ကျောပိုးပြီး ဖြတ်ကူးခဲ့တာဖြစ်ပါတယ်။

၁၈၇၆ ခုနှစ်မှာ အသက် ၂၃ နှစ်အရွယ် အီတလီအမျိုးသမီး မာရီယာကတော့ တကိုယ်တည်း ကြိုးတန်းဖြတ်လမ်းလျှောက်ခဲ့ပါတယ်။ သူဟာ နိုင်ယာဂါရာ ချောက်ကမ်းပါးကြီးကို ကြိုးတန်းနဲ့ ဖြတ်လျှောက် အောင်မြင်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးပါ။

ကြိုးတန်းလမ်းလျှောက်သူ တယောက် ပြုတ်ကျသေဆုံးခဲ့ဖူးပါတယ်။ အဲဒီနောက် ၁၈၉၆ ခုနှစ်ကစပြီး နိုင်ယာဂါရာ ချောက်ကမ်းပါးကို ကြိုးတန်းနဲ့ ဖြတ်ကူး လမ်းလျှောက်တာ မလုပ်ဖို့ ဥပဒေထုတ် တားဆီးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

နိုင်ယာဂါရာ ရေတံခွန် ရပ်သွားဖူးသလား

နိုင်ယာဂါရာ ရေတံခွန်ကြီး ရေမကျဘဲ ရပ်သွားတာမျိုး မဖြစ်နိုင်ဘူးလို့ တချို့က ထင်ကြပါတယ်။ ၁၈၄၈ ခုနှစ်တုန်းက နာရီ အနည်ငယ် အကြာ ရပ်သွားဖူးပါတယ်။ အဲဒီတခါပဲ ရပ်ဖူးပါတယ်။ အလေးချိန်တန်နဲ့ချီလေးတဲ့ ရေခဲတုံးကြီးတွေ သန်းနဲ့ချီ ပိတ်ဆို့သွားလို့ ရေလမ်းကြောင်း ပိတ်သွားပြီး ရေအကျရပ်သွားတာပါ။ ဒါပေမယ့် ရေဟာ ရေခဲကို အနိုင်ယူထွင်းဖောက်နိုင်တဲ့ သဘာဝစွမ်းအားရှိလေတော့ သိပ်မကြာ ခင်မှာပဲ သူ့ထွက်လမ်းသူ ရှာတွေ့သွားပြီး ရေဟာ အရှိန်ပြင်းပြင်းနဲ့ တရှိန်ထိုး ပြန်လည် ဖောက်ထွက် ကျဆင်းလာခဲ့ပါတယ်။

ဆောင်းရာသီမှာ နိုင်ယာဂါရာ ရေတံခွန်ကြီး ခဲသွားဖူးသလား

မခဲဖူးပါဘူး။ အလွန်အေးတဲ့ ဆောင်းရာသီနှစ်တွေမှာတောင် နိုင်ယာဂါရာ မခဲပါဘူး။ ရေတံခွန်ကြီးရဲ့ တစိတ်တဒေသမှာ ရေခဲတာမျိုး ဖြစ်ခဲ့ဖူးပေမယ့် ရေစီးအားက ပြင်းလွန်းလို့ ရေခဲတွေကို ချိုးချချေမွသွားပါတယ်။ ရေတံခွန်ကြီး တခုလုံးခဲသွားတဲ့အထိ မဖြစ်ဖူးပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images

ခိုးသားငါးရာ လိုဏ်ဂူများ

နိုင်ယာဂါရာ ရေတံခွန်အနီးမှာ လိုဏ်ဂူတွေ အများအပြားရှိပါတယ်။ ၁၉ ရာစုက သူခိုးဓားပြတွေဟာ ရွှေတွေ၊ ငွေတွေကို ခိုးဝှက်လုယူပြီး အဲဒီဂူတွေထဲမှာ ဝှက်ထားကြတယ်လို့ အလွန်လူပြောများတဲ့ ဇာတ်လမ်းတွေ ရှိပါတယ်။ ဒါပေမယ့် အထောက်အထားမရှိပါဘူး။ လေ့လာသုတေသနပြုသူတွေဟာ လိုဏ်ဂူတွေ အများအပြားတွေ့ကြပေမယ့် ဘယ်ဂူမှာမှ ပစ္စည်းဥစ္စာ ဝှက်ထားမြှုပ်ထားတာမျိုး မတွေ့ဖူးပါဘူး။

နိုင်ယာဂါရာကို နွေနဲ့နွေဦးမှာပဲ သွားလို့ကောင်းတယ်ဆိုတာ ဟုတ်သလား

နွေနဲ့ နွေဦးမှာ နိုင်ယာဂါရာဟာ သိပ်လှတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ဆောင်းဦးရာသီလည်း လှပါတယ်။ နှင်းတွေ ဖွေးဖွေးလှုပ်အောင် ကျနေတဲ့ အချိန်မှာ မြင်ရတဲ့ နိုင်ယာဂါရာ မြင်ကွင်းကလည်း တကယ့် အံ့မခန်းပါ။

သရဲခြောက်တယ်ဆိုတဲ့သင်္ချိုင်း

နိုင်ယာဂါရာ ရေတံခွန်ကြီးနားက ဒရမ်မန့် တောင်ကုန်းသင်္ချိုင်းမှာ ၁၈၁၂ ခုနှစ်က အင်မတန်ရက်စက်ကြမ်းကြုတ်ပြီး သွေးချောင်းစီးတဲ့ တိုက်ပွဲကြီး ဖြစ်ခဲ့ဖူးပါတယ်။ စစ်သားအမြောက်အမြားကျဆုံးပြီး အဲဒီသင်္ချိုင်းမှာ မြှုပ်ထားခဲ့ပါတယ်။ ညညအခါမှာ စစ်သားတွေဟာ နိုင်ယာဂါရာ ရေတံခွန်ကြီးနားမှာ ထထပြီး လမ်းလျှောက်ကြသတဲ့။ ကြောက်စရာကြီးနော်။

မကြောက်ပါနဲ့။ ဒါလည်း ဒဏ္ဍာရီမျှသာပါ။

ဓာတ်ပုံ မူပိုင် Getty Images

ကောင်းကင်ပေါ်ကလာတဲ့ ရေတံခွန်

အခုအခါ နိုင်ယာဂါရာ ရေတံခွန်ကြီးဆီကို အလည်အပတ်သွားရင် ချောက်ကမ်းပါးကြီးဘေးကနေ လမ်းလျှောက်ပြီး ကြည့်နိုင်ပါတယ်။ အသင့်ပြုလုပ်ထားတဲ့ ရှုခင်းသာ စခန်းကနေလည်း ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ရေတံခွန်ကြီး အောက်ဖက်မှာ သင်္ဘောစီးပြီး အနီးအနားထိလည်း ကပ်ကြည့်နိုင်ပါတယ်။

ကနေဒါဘက်အခြမ်းက နိုင်ယာဂါရာ ရေတံခွန်ကြီး အနားကို သင်္ဘောနဲ့ အနီးကပ် သွားကြည့်ရင် ဘေးပတ်ပတ်လည်မှာ မြင်းခွာပုံရေတံခွန်ကြီးရဲ့ ရေနံရံကြီးတွေက မတ်မတ်ကြီးမိုးထားကြပါတယ်။ မော့ကြည့်လိုက်ရင် ရေတွေဟာ မိုးကောင်းကင်ပေါ်က တဝေါဝေါစီးကျနေသလို ထင်ရပါတယ်။ ဒါ့ကြောင့် နိုင်ယာဂါရာ ရေတံခွန်ကြီးဟာ မိုးကောင်းကင်ပေါ်ကနေ ရေတွေစီးဖြာကျနေတဲ့ ရေတံခွန်ကြီးလို့ တချို့ကဆိုကြပါတယ်။