ပါတီသစ်ထောင်ဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်သလဲ - သူရဦးရွှေမန်းနဲ့ သီးသန့်မေးမြန်းခန်း အပိုင်း (၁)

လုံခြုံရေးသတိအမြဲရှိနေတယ်လို့ သူရဦးရွှေမန်း ပြော ဓာတ်ပုံ မူပိုင် BBC Burmese
Image caption လုံခြုံရေးသတိအမြဲရှိနေတယ်လို့ သူရဦးရွှေမန်း ပြော

၁၉၄၇ ခုနှစ်ဖွား ဦးရွှေမန်းသည် မေမြို့ စစ်တက္ကသိုလ် အမှတ်စဉ် ၁၁ ကျောင်းဆင်းဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့် ဖြင့် ညှိနှိုင်းကွပ်ကွဲရေးမှူး (ကြည်း/ရေ/လေ) ရာထူး အထိ ရာထူး တာဝန် အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က ချီးမြှင့်သည့် သူရဘွဲ့ ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ် တွင် တပ်မတော် အစိုးရ အဖွဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသည့် အချိန် အထိ နံပါတ် ၃ အဆင့် ရှိ ထိပ်ပိုင်း တပ်မတော် ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သည်။

နိုင်ငံရေး ဘဝတွင် တပ်မတော် အရာရှိဟောင်း အများစု ဖြင့် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ဖူးသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ပထမလွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံခဲ့ရသော်လည်း ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြုပြီး ဖြူးမြို့နယ် မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။

၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရခေတ် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေရေးရာနှင့် အထူးကိစ္စများ လေ့လာဆန်းစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

၂၀၁၉ ခုနှစ် အစ ပိုင်းတွင် ဦးရွှေမန်းသည် ပါတီသစ် တစ်ခု တည်ထောင်ရန် စတင် ခဲ့ကာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အမည် ဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ပြီး လက်ရှိတွင် ပါတီမှာ လျှောက်ထားဆဲ အဆင့် ဖြစ်သည်။

ဦးရွှေမန်း တာဝန်ယူထားသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စများ လေ့လာဆန်းစစ်ရေး ကော်မရှင်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် NLD အမတ် အများစု ရှိသည့် လွှတ်တော်က သက်တမ်း ထပ်မံ တိုးပေးခြင်း မရှိခဲ့သည့် အတွက် လက်ရှိတွင် ဦးရွှေမန်း သည် နိုင်ငံပါတီသစ် တစ်ခု တည်ထောင်သူ တစ်ဦး အဖြစ် ရှိနေသည်။

ပါတီ သစ်တွင် ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော် ကိုယ်စားလှယ် ဟောင်း၊ တပ်မတော် သား ဟောင်းနှင့် အရပ်သား များ ဖြင့် ဖွဲ့စည်းမည်ဟု ဦးရွှေမန်းက ဘီဘီစီကို ပြောသည်။

ဦးရွှေမန်း တည်ထောင်သည့် ပါတီသစ်အကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ဆက်ဆံရေး စသည်တို့ကို ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုငြိမ်းချမ်းအေးက ဦးရွှေမန်းကို သီးသန့် တွေ့ဆုံ မေးမြန်းထားသည့် ပထမပိုင်းကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဓာတ်ပုံ မူပိုင် Soe Zeya Tun / Reuters
Image caption ဦးရွှေမန်းရဲ့ နိုင်ငံရေးဘဝမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထား

ဘီဘီစီ - ပါတီ ထူထောင်ဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့နော်။ ဒီလိုမျိုးဆုံးဖြတ်ချက်က ဘယ်အရာကနေပြီးတော့ စေ့ဆော်လဲ။ ဆုံးဖြတ်ချက်ချဖို့ ဘယ်အရာက စေ့ဆော်လိုက်တာလဲ။

သူရဦးရွှေမန်း - ဒီလိုဆိုရင်တော့ အကြမ်းဖျင်း နှစ်ခုလို့ ပြောလို့ရပါတယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးများနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ ဒီအချိန်မှာတော့ နောက်ကျခြင်း၊ စောခြင်း ဆိုတဲ့ဟာ မစဉ်းစားတော့ဘဲ လုပ်ရမယ့်အချိန်လို့ ယူဆတဲ့အချက်တစ်ချက်၊ နောက်တစ်ခုက တို့များရဲ့ ပြည်သူရှေ့မှောက်မှာ ကတိလို့လည်း ပြောလို့ရပါတယ်။ ပြည်သူများကို တင်ပြထားတဲ့ စကားလို့လည်း ပြောလို့ရပါတယ်။ ဒါဘာလဲဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် အသက်ရှည် ကျန်းမာသရွေ့ မည်သည့်တာဝန်၊ မည်သည့်နေရာကမဆို ဆောင်ရွက်မယ်လို့ ဒီလို ကတိစကားမျိုး ပြောထားတာ ရှိပါတယ်။ အဲလို ဆောင်ရွက်တဲ့အခါမှာ ဒီနေ့ ဒီအချိန် ဒီကာလနဲ့ ကြည့်မယ်ဆိုရင် လက်ရှိ လုပ်နေတဲ့ ပုံစံနဲ့ အနေအထားအစား ပါတီတစ်ရပ်ထူထောင်ပြီး နိုင်ငံ့ကောင်းကျိုးကိုဆောင်ရွက်မှ ပိုပြီး ထိရောက်နိုင်တယ်လို့ ယူဆတဲ့အတွက် လုပ်ချင်တယ်ဆိုတာထက် လုပ်သင့်တဲ့အချိန်မှာ စပြီးတော့ ဒီပါတီကို ထူထောင်ခြင်းပဲ ဖြစ်ပါတယ်။

ဘီဘီစီ - ကိုယ့်ရဲ့လုပ်ပိုင်ခွင့် အာဏာကလည်း အကန့်အသတ်ပဲရှိနေတယ်။ ကိုယ့်ရဲ့ တည်ထောင်စဉ်တုန်းကလည်းပါတယ်။ ကိုယ်ဦးဆောင်ခဲ့တဲ့ပါတီလည်း ဖြစ်တဲ့ ဘက်ကလည်း လက်လွှတ်ခဲ့ရတယ်။ ဒီအနေအထားနှစ်ခုကများ ကိုယ့်မှာ ပါတီသစ်တစ်ခုရှိဖို့ လိုလာပြီ ဆိုပြီးတော့များ တွေးမိလား။

သူရဦးရွှေမန်း - ဒီမေးခွန်းက တော်တော်လေးသိမ်မွေ့ပါတယ်။ တကယ်တမ်းကျတဲ့အခါကျတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တို့များကို ပယ်လိုက်တယ်၊ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ ကိစ္စ ပြန်စဉ်းစားမယ်ဆိုရင် ဒါက ပါတီတစ်ရပ်မှာ ဖြစ်လေ့ဖြစ်ထ ကိစ္စ ဖြစ်သော်လည်း ဒီလို ပယ်မယ်၊ သို့မဟုတ်လို့ရှိရင် ပါတီရာထူးတာဝန်အတွက် လျှော့ချမယ် စသည်ကိစ္စများ ဒီမိုကရေစီနိုင်ငံ ဒီမိုကရေစီ ကျင့်သုံးတဲ့ပါတီတွေမှာတော့ ဒီမိုကရေစီနည်းလမ်းအရပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဟိုတုန်းက ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာလည်း မေးမြန်းသူတို့ သုံးသပ်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ဒီလိုထူထောင်တာက ခုန နိုင်ငံ့အရေးကို လုပ်တဲ့အခါမှာ နိုင်ငံရေးပါတီ တစ်ခု ရှိဖို့လိုတယ်ဆိုတဲ့ အယူအဆနဲ့ ပြီးတဲ့အခါမှာ ဒီနေ့ဒီအချိန်ကာလ ပါတီထူထောင်ဖို့လိုပြီဆိုတဲ့ အယူအဆကြောင့် ဒီလိုဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သူရဦးရွှေမန်းပြောတဲ့ UBP ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ ဒေါ်အောင်ဆန်းစုကြည်

အဲဒီအခါမှာလည်း ခုနက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပြောမယ်ဆိုရင်တော့ ပါတီချင်းပြောမယ်ဆိုရင်တော့ မဟာမိတ်မဟုတ်ပါဘူး။ လူပုဂ္ဂိုလ် ခေါင်းဆောင်နဲ့ဆိုလို့ရှိရင်တော့ အင်မတန်မှ ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်ပါတယ်။ အဲဒီတော့ လူပုဂ္ဂိုလ်ကို အခြေခံပြီးတော့ နိုင်ငံကို ကောင်းအောင်တိုးတက်အောင်လုပ်ဖို့လိုတယ် ဘာ့ကြောင့်လဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကလည်း တော်တော်ထူးဆန်းတယ်။ လူပုဂ္ဂိုလ်ကို အခြေခံပြီး စဉ်းစားကြတယ်။ တောက်လျှောက်ပြန်ကြည့်ပါ။ ဒါကြောင့်မို့လို့ လူပုဂ္ဂိုလ်တစ်ဦး၊ အဲဒီလူပုဂ္ဂိုလ်တစ်ဦးကလည်း ပြည်သူများလေးစားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် သူနဲ့ ရင်းနှီးမယ် အကျွမ်းဝင်မယ်ဆိုလို့ရှိရင် သူရဲ့ အားသာချက်တွေကို အဲဒီ အားသာချက်တွေက မိမိတို့ဆီမှာ မရှိဘူး၊ မိမိတို့ဆီက အားသာချက်တွေက သူ့ဆီမှာ မရှိဘူး၊ ဒီနှစ်ခုပေါင်းစပ်လိုက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ဒီ့ထက်ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစတွေ ရှိတယ်။ အဲဒီအခါမှာ ပါတီချင်းတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ ဝါဒချင်းတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အရေးကြီးတာ နိုင်ငံကောင်းဖို့အတွက် စဉ်းစားဆောင်ရွက်ခဲ့တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

ဒီမှာလည်း အမျိုးမျိုး အပြောအဆိုတွေ၊ မဖွယ်မရာတွေလည်း ဖြစ်တာလည်း အများကြီးပါ။ အခုလည်း ဒီနေ့ ခုန ကော်မရှင်မှာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကော်မရှင်သက်တမ်းသုံးနှစ်အတွင်းမှာ ဘာတွေလုပ်ခဲ့လဲ၊ ဘယ်လောက်ထိခရီးပေါက်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်ရဲ့ သုံးနှစ်တာခရီးဆိုတဲ့ မှတ်တမ်းစာအုပ်လည်း ထုတ်ဝေထားတာရှိပါတယ်။ ဒါကိုလည်း ဖတ်ကြည့်မယ်ဆိုရင် သုံးသပ်လို့ရပါတယ်။ အဲလိုလုပ်ဆောင်တဲ့နေရာမှာ ခုနက ကော်မရှင်မှာ ဒီလိုပဲနေပြီးတော့ ဒီလိုပဲလုပ်မလား၊ သို့မဟုတ်ရင် ပါတီတစ်ရပ်ထူထောင်ပြီးတော့ နိုင်ငံ့အရေးကို နိုးနိုးကြားကြားတက်တက်ကြွကြွ လုပ်မလား၊ ဒီလိုစဉ်းစားတဲ့အခါကျတော့ ဒီနေ့ဒီအချိန်အခါနဲ့ အခြေအနေနဲ့ ပါတီတစ်ရပ်ထူထောင်ပြီး နိုးနိုးကြားကြား တက်တက်ကြွကြွအပြင် လွတ်လွတ်လပ်လပ် လုပ်ဖို့လိုတယ်လို့ ယူဆပါတယ်။ အဲဒီအတွက် ပါတီထူထောင်ဖို့ စဉ်းစားပါတယ်။ စဉ်းစားတဲ့အခါမှာ ပါတီထူထောင်မှုကြောင့် မည်သည့်အခြေအနေတွေ ကြုံတွေ့ ကြုံတွေ့ ဒီဟာဟာ အဓိကဒါစဉ်းစားမှာ မဟုတ်ဘဲနဲ့ ပါတီထူထောင်ပြီးတော့ နိုင်ငံကောင်းကျိုးအတွက်ဆောင်ရွက်ဖို့ဟာ အဓိကဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ခုနပြောသလို ဒီမေးခွန်းဟာ ဘာကြောင့်စေ့ဆော်သလဲဆိုတာ ခုနပြောတဲ့ အဓိကအချက်တွေဟာ ဒါတွေပဲ ဖြစ်ပါတယ်။

ဘီဘီစီ - လက်ရှိမှာ ပြည်ခိုင်ဖြိုးပါတီအပေါ်မှာဆိုရင် သူ့ရဲ့လက်ရှိခေါင်းဆောင်အနေအထား၊ သူ့ရဲ့စွမ်းဆောင်ရည်၊ အခုဆိုရင် ပြိုင်ဘက်ဖြစ်လာနိုင်တယ်ပေါ့လေ၊ ဘယ်လိုသုံးသပ်လဲဗျ ပြည်ခိုင်ဖြိုးပါတီအပေါ်မှာဆိုရင်။

သူရဦးရွှေမန်း - သူတို့လည်း သူတို့သိသမျှ တတ်သမျှနဲ့ သူတို့ရဲ့အတွေ့အကြုံပေါ် မူတည်ပြီးတော့ အကောင်းဆုံးထင်တာတွေတော့ လုပ်ဆောင်နေတာပေါ့လေ။ ဒီအတွက်တော့ သိပ်ပြီးတော့ သုံးသပ်ဝေဖန်စရာ မရှိပါဘူး။

ဘီဘီစီ - မူဝါဒပိုင်းဆိုင်ရာနဲ့ ဆိုရင်ရော သူတို့နဲ့ဆိုရင် ဥပမာ ပူးပေါင်းလုပ်နိုင်စရာတွေ ရှိလားဗျ။

သူရဦးရွှေမန်း - သူတို့ရဲ့ နောက်ဆုံးအခြေအနေတွဟာ ဘယ်လိုရှိမလဲ၊ အရင်လိုပဲလား။ မူနဲ့ပြောမယ်ဆိုရင်တော့ မူကတခြား၊ လုပ်ဆောင်မှုကတခြား၊ စာအုပ်ထဲမှာပဲ ရှိတဲ့မူ လက်တွေ့မပါတဲ့မူ ဒါမျိုးတွေက သတိပြုသုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မူဟာအရေးကြီးသလို လူကလည်း အရေးကြီးပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တပ်မတော်အကြောင်း သူရဦးရွှေမန်းနဲ့ ဘီဘီစီမေးမြန်းခန်း အပိုင်း ၂

ဘီဘီစီ - အဲဒီညပေါ့နော် လွန်ခဲ့တဲ့လေးနှစ်က ညကို ပြန်တွေးလိုက်ပြီးနောက်ပိုင်းမှာဆိုရင် ကျွန်တော်တို့ ထူးထူးခြားခြား ဗိုလ်ချုပ်ကြီးရဲ့ စာအုပ်ကလည်းသိရတဲ့ဟာက လုံခြုံရေးတပ်ဖွဲ့တွေက ပါတီကို အာဏာသိမ်းတဲ့ သဘောမျိုး လုံခြုံရေးတပ်ဖွဲ့တွေ အကူအညီအနဲ့ ဝင်လာတယ်ကြတယ်ဆိုတဲ့ဟာမျိုးလည်း သုံးသပ်ထားတာ တွေ့ပါတယ်ပေါ့နော်။ အဲတော့ဒီ လုံခြုံရေးတပ်ဖွဲ့တွေဆိုတဲ့နေရာမှာ တပ်မတော်ပါမှာပေါ့လေ၊ လက်ရှိတပ်မတော်ကရော ဒီလိုမျိုး နိုင်ငံရေးပါတီတစ်ခု အထူးသဖြင့်တော့ တပ်မတော်ကနေ အရာရှိဟောင်းတွေက ပေါက်ဖွားလာတဲ့ ဒီပြည်ခိုင်ဖြိုးပါတီပေါ့ ဘယ်လောက်ဆက်နွှယ်မှုပေါ့၊ အဲဒါကိုရော အဲဒီတုန်းကလိုမျိုး စိုးရိမ်စရာလို အခြေအနေမျိုး လက်ရှိ ရှိနေသလားဗျ။

သူရဦးရွှေမန်း - ခုနက လုံခြုံရေးတပ်ဖွဲ့ ဆိုတာကတော့ တပ်မတော်အနေနဲ့တော့ ပါတယ်လို့ မယူဆပါဘူး။ လုံခြုံရေးကိုတာဝန်ယူတဲ့သူတွေပဲဖြစ်ပါမယ်။ ဒီကိစ္စကတော့ သူတို့ အတွင်းရေးကိစ္စနဲ့ အတွင်းရေးလုပ်ဆောင်မှုများ ဖြစ်တဲ့အတွက် တချို့ကိစ္စလည်း မေးလို့ မသိနိုင်ပါဘူး။ မသိဘဲနဲ့ မှန်းဖြေလိုက်တဲ့ဟာက လွဲသွားနိုင်တယ်ဆိုတဲ့အတွက် ဒါလည်း ဘာမှ အထူးပြောစရာ မရှိပါဘူး။

ဘီဘီစီ - ပုဂ္ဂိလက တစ်ကိုယ်ရေ ခံစားချက်အနေနဲ့ဆိုရင် အဲဒီတုန်းက ကာလတွေမှာ သေနတ်ခေါင်းအုံးအောက်ထားပြီး အိပ်ခဲ့ရတဲ့ ကာလတွေရှိခဲ့တယ်ပေါ့နော်။ အဲတော့ အခုအခြေအနေကရော သေနတ်ခေါင်းအုံးအောက်ထားပြီး အိပ်ရတဲ့ကာလတွေကို ကျော်ပြီလို့ ပြောလို့ရလား ခင်ဗျ။

သူရဦးရွှေမန်း - နိုင်ငံတော်ကာကွယ်ရေးနဲ့ နိုင်ငံတော်လုံခြုံရေးမှာ တာဝန်ရှိတဲ့သူ တစ်ယောက်အနေနဲ့ အမြဲတမ်း လုံခြုံရေးသတိကတော့ ရှိပါတယ်။ ခေါင်းအုံးအောက်ထားအိပ်တာနဲ့ ဘေးမှာထားတာပဲ ဒီလိုပဲ ကွာရင်ကွာမယ်။ ဘာ့ကြောင့်လဲ။ သင်ခဲ့တာတွေ ရှိပါတယ်။ အင်္ဂလိပ်ပဲ ပြောပါရစေ။ Safety First - လုံခြုံရေးအရ အဓိကကျပါတယ်။ ဒါကြောင့်မို့လို့ မည်သည့်ခေါင်းဆောင်၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သူမဆို မိမိဆောင်ရွက်တဲ့ ကိစ္စတွေမှာ လုံခြုံရေး သတိပြုဖို့ လိုပါတယ်။

ဘီဘီစီ - ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းကြားက ဆက်ဆံရေးမှာဆိုရင် ပထမဆုံး စတွေ့တဲ့အချိန် ၊ပြီးတော့ ဖြတ်သန်းခဲ့တဲ့ကာလပေါ့။ အဲဒီမှာဆိုရင် အကောင်းဆုံးအမှတ်တရ အဖြစ်ဆုံးပေါ့နော်။ မှတ်မှတ်ရရ အရှိဆုံးမျိုးဆိုရင်၊ အများပြည်သူကို ပြန်ပြောပြနိုင်တဲ့ထဲကဆိုရင် ဘာတွေရှိမလဲ ခင်ဗျ။

သူရဦးရွှေမန်း - ပြောလို့ရတာ တစ်ခုကတော့ ခုန နှစ်ယောက်တွေ့ဆုံပွဲမှာ အပြန်အလှန် ပြောတာလည်း ရှိတယ်။ တခြားနေရာမှာလည်းရှိတယ်။ ဦးရွှေမန်းက သမ္မတလုပ်ချင်တယ်လို့ပြောတယ်လို့ တချို့ကနေ ဝင်ပြီးတော့ပြောတယ်။ ပြောတဲ့အခါမှာ သူက ဒါသူပြောနိုင်တာပဲ ပြောသင့်တာပဲဆိုတဲ့ စကားမျိုးတွေ။ နောက်တချို့ကိစ္စတွေကျတဲ့ အခါကျတော့ ဘေးက သွေးခွဲမှုတွေ သပ်လျှျိုရှိတဲ့အခါမှာ သူ့အနေနဲ့ ဒါတွေကို မယုံကြည်ပါဘူး၊ ဦးရွှေမန်းအကြောင်းလည်း သူသိတာပဲဆိုတဲ့ စကားတွေ၊ အဲဒါအပြင် သူနဲ့ နှစ်ဦးကြားပြောတဲ့ကိစ္စတွေမှာ တချို့စေတနာအရ ပြောလိုက်တဲ့စကားတွေက သာမန်ပြောရင် သာမန်လူဆိုရင် ဘယ်လိုမှ သူခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါတွေကို နားလည်တယ်၊ လက်ခံပြီးဆောင်ရွက်တယ်ဆိုတဲ့ဟာလည်း ရေးထားတဲ့ စာအုပ်ထဲမှာလည်း ပါပါတယ်။ ဒါတွေက ဘာလဲဆိုတဲ့အခါမှာ သူ့ရဲ့ ယုံကြည်အားထားမှု၊ လေးစားမှု၊ ချစ်ခင်မှုကို ဖော်ပြနေတာ ဖြစ်ပါတယ်။

သူရဦးရွှေမန်းက တပ်မတော် အပေါ် ဘယ်လို သဘောထားလဲ - သီးသန့်မေးမြန်းခန်း အပိုင်း (၂)

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင် အရေး သူရဦးရွှေမန်းနဲ့ မေးမြန်းခန်း

ဒီသတင်းနဲ့ပတ်သက်သမျှ