သူရဦးရွှေမန်းက တပ်မတော် အပေါ် ဘယ်လို သဘောထားလဲ - သီးသန့်မေးမြန်းခန်း အပိုင်း (၂)

"ဒီနေ့တပ်မတော်ကရော အစိုးရအောက်မှာ မဟုတ်ဘူးလား ဒါလည်း ပြန်သုံးသပ်ဖို့ လိုပါတယ်။" သူရဦးရွှေမန်း ဓာတ်ပုံ မူပိုင် BBC Burmese
Image caption "ဒီနေ့တပ်မတော်ကရော အစိုးရအောက်မှာ မဟုတ်ဘူးလား ဒါလည်း ပြန်သုံးသပ်ဖို့ လိုပါတယ်" သူရဦးရွှေမန်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်း ဦးဆောင်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) တည်ထောင်ဖို့ မကြာခင်က ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ သိနိုင်ဖို့ ဘီဘီစီက ကိုငြိမ်းချမ်းအေးက သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

တပ်မတော်ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သူ သူရဦးရွှေမန်းရဲ့ လက်ရှိ တပ်မတော်အ ပေါ် သဘောထား၊ အရင်က တပ်မတော် ခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍ တွေအကြောင်း ကို အခု အပိုင်း (၂) ဖတ်ရှု ရမှာ ဖြစ်ပါတယ်။

ဘီဘီစီ - အခု အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရခိုင်ပြဿနာနဲ့ပဲဖြစ်ဖြစ် တပ်ကိုယ်စားလှယ်တွေ၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ၊ ပြီးတော့ NLD ကိုယ်စားလှယ်တွေကြားမှာလည်း တင်းမာမှုတွေ ရှိနေတာတွေရှိပါတယ်ဗျ။ ဦးရွှေမန်းအနေနဲ့ ပါတီကို ထူထောင်တော့မယ်ပေါ့နော်။ ကျွန်တော်က ပါတီထူထောင်သူ နိုင်ငံရေးသမားအနေနဲ့ မေးတာပါ။ အဲ့လိုဆိုရင် တပ်မတော်အပေါ် ဘယ်လို ဆက်ဆံမလဲခင်ဗျ။

ဦးရွှေမန်း- ဆိုတော့ တပ်မတော်မှာ နှစ်ပေါင်း ၄၅ နှစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒါကြောင့် တပ်မတော်အကြောင်းကို ကောင်းကောင်းနားလည်တယ်။ တပ်မတော်က စစ်သည်တော်များအကြောင်းကို ကောင်းကောင်းနားလည်တယ်။ အဲ့ဒီလိုနားလည်လို့ သူတို့အပေါ်လည်း သံယောဇဉ်ကြီးပါတယ်။ သံယောဇဉ်ရှိပါတယ်။ တချို့ကိစ္စတွေကလည်း ပြောဆိုဝေဖန်တာတွေရှိပါတယ်။ ဒီနေရာမှာ စစ်သည်တော်များကို ကြည့်ပါ။ တပ်မတော်ကို ကြည့်ပါ။ လူပုဂ္ဂိုလ်အနေနဲ့ တပ်မတော်ကို သွားမကြည့်ပါနဲ့။ လူပုဂ္ဂိုလ်အနေနဲ့ လူပုဂ္ဂိုလ်ကိုပဲကြည့်ပါ။ အဲ့ဒီလိုမဟုတ်ဘဲ လူပုဂ္ဂိုလ်နဲ့ တပ်မတော်ကို တွဲပြီတော့ မြင်မယ်ဆိုရင်၊ တပ်အတွက်လည်း မကောင်းဘူး။ အဲ့လို စွပ်စွဲပြောဆိုတဲ့ သူအတွက်လည် မကောင်းဘူး။ နိုင်ငံ့အတွက်လည်း မကောင်းဘူး။ ဒါကိုတော့ ခွဲပြီးသိဖို့လိုပါတယ်။

ဘာအကြောင်းလဲ။ ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်အစိုးရပဲ တက်တက် တပ်ဆိုတာလိုမှာပါ။ နိုင်ငံတနိုင်ငံမှာလည်း တပ်ဆိုတာလိုမှာ။ အဲ့တပ်တွေဟာ မိမိအစိုးရအပေါ် မိမိပြည်သူအပေါ် သစ္စာစောင့်သိနိုင်အောင် လုပ်ဖို့ပဲ လိုပါတယ်။ အစိုးရဆိုတာက ပြောင်းနေကြမှာပါ။ ဒါကြောင့်မို့ဒါကို ခွဲခြားမြင်ပေးပါ။ ခွဲခြားသိပေးပါ။

တပ်မတော်ကို အလွဲသုံးစားမလုပ်ပါနဲ့။ တပ်မတော်ကို အလွဲသုံးစားသဘောနဲ့ မပြောပါနဲ့။ အဲ့ဒါသည် ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ ကိုယ့်အတွက်လည်း မကောင်းဘူး၊ နိုင်ငံအတွက်လည်း မကောင်းဘူး ဆိုတာကို အားလုံးသတိပြုဖို့ လိုပါမယ်။

ဓာတ်ပုံ မူပိုင် Khin Maung Win / AFP / Getty
Image caption တပ်မတော်အစိုးရခေတ်မှာ ထိပ်တန်း စစ်ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း

ဘီဘီစီ- သမ္မတရဲ့အမိန့်ကို ကာကွယ်ရေး ဦးစီးချုပ်က လက်ခံမလားဆိုတဲ့ ကိစ္စမျိုးတွေရှိပါတယ်။ မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။ လက်တွေမှာလည်း အဲ့လိုအဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ အဲ့တော့ ကိုယ်က နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီတခုကို ထူထောင်တော့မယ့် သူအနေနဲ့ဆိုရင် လက်ရှိ တပ်မတော်နဲ့ အစိုးရနဲ့ ဆက်ဆံရေး အပေါ်မှာ ဘာတွေ ပြုပြင်ပြောင်းလဲချင်လဲ။ ဘာတွေ ထောက်ပြစရာရှိမလဲ။

ဦးရွှေမန်း- ဒီနေရာမှာ တချို့က ဝေဖန်သုံးသပ်တာရှိတယ်။ အစိုးရ ၂ ရပ်ဖြစ်တယ်။ ဆိုတော့ ဒီစကားက ပြောသင့်လား မပြောသင့်လား။ နိုင်ငံတနိုင်ငံမှာ အစိုးရ ၂ ရပ် မဖြစ်ရဘူး။ ဒီနေ့တပ်မတော်ကရော အစိုးရအောက်မှာ မဟုတ်ဘူးလား။ ဒါလည်း ပြန်သုံးသပ်ဖို့ လိုပါတယ်။ ပြီးတော့မှ ခုနကမေးခွန်း၊ သမ္မတက ဘယ်လိုအမိန့်ပေးမှာလဲ။ ဒီဟာတွေက ခုနကမေးခွန်းနဲ့အတူ အားလုံးဆက်စပ်စဉ်းစားရမှာတွေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံကိုထူထောင်တဲ့နေရာမှာ တပ်ရဲ့အင်အား၊ တပ်ရဲ့ ပါဝင်မှုကို ကောင်းကောင်းအသုံးပြုနိုင်ဖို့ လိုပါတယ်။ ဘေးဖယ်ထားလို့မရသလို ခုနကပြောသလို မလျော်မကန်ဖြစ်မှုမျိုး မဖြစ်အောင် သတိပြုဖို့လိုပါတယ်။

ဘီဘီစီ - ၂၀၁၅ ရွေးကောက်ပွဲနိုင်သွားတဲ့အချိန်၊ ကိုယ်က ရွေးကောက်ပွဲရှုံးသွားတဲ့အချိန် အဲ့ဒီအချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရ အာဏာလွှဲပြောင်းရေးမှာ ချောမွေ့အောင် ကူညီခဲ့တယ်။ စာအုပ်မှာလည်း ဝန်ခံခဲ့တာရှိတယ်။ အဲ့ဒီထဲမှာ ပါလာတာ တိုင်းပြည်မှာ နှစ် ၂၀ ကျော် တာဝန်ယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ့ သူ့ရဲ့ အခန်းကဏ္ဍလည်း ပါလာတာတွေ့ရတယ်ဗျ။ အဲ့တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ကိုယ်က ကြားခံပေးတယ်လို့ပြောလို့ရနိုင်တဲ့အနေအထားမျိုးတွေကို စာအုပ်မှာဖတ်ရတယ်ပေါ့နော်။ ဒါမျိုးက ဘယ်လိုအကြောင်း ကြောင်းတွေကြောင့် ဒါမျိုးဖြစ်လာရတယ်လို့ ပြောလို့ရမလဲဗျ။

ဦးရွှေမန်း- အဓိက ကတော့ ပြည်သူပါပဲ။ ဒီနေ့ ပြည်သူတွေက ဆန္ဒပြုရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေပေါ့ အဲ့ဒီကိုယ်စားလှယ်တွေကို လွှတ်တော်ထဲကို ရောက်အောင်ပို့ရမယ်။ လွှတ်တော်အစည်းအဝေးတွေ ပြုလုပ်ရမယ်။ ဒါကြောင့်မို့လို့ တစ်ကတော့ လွှတ်တော်၊ ဒုတိယအကြိမ်လွှတ်တော် အသက်ဝင်ရေး ဆောင်ရွက်ရေး အဲ့ဒီကိစ္စအတွက် တတ်နိုင်တဲ့ဘက်က ကြိုးစားပေးခဲ့ပါတယ်။ နောက်တစ်ခုကြတော့ အစိုးရ ချောမွေ့စွာလွှဲပြောင်းနိုင်ရေး။ အဲ့ဒါလည်း အရေးကြီးပါတယ်။ ဒီ ၂ ဆင့်လုံးအတွက် ခုနက လွှတ်တော်သာ မခေါ်ပေးနိုင်ခဲ့ဘူးဆိုရင် ၁၉၉၀ ခုနှစ်က လိုမျိုး ဖြစ်ရပ်မျိုးဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအခါကျရင် တိုင်းပြည်နာမယ်။ ပြည်သူနာမယ်။ ဒါကြောင့်မို့ အဲ့လိုမျိုး မဖြစ်အောင် တိုင်းပြည်နဲ့ ပြည်သူအတွက်ကို အဓိကထားကြည့်ပါတယ်။ လူပုဂ္ဂိုလ်အတွက် ကြည့်တာမဟုတ်ပါဘူး။

သို့ရာတွင် လူပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့အတွက် သူ့ကို ကြည့်တယ်လို့ ပြောလို့ရပါတယ်။ ဒါလည်း မှားတယ်လို့ မပြောနိုင်ပါဘူး။ အဲ့ဒီကနေပြီးတော့ ခုနက ဒီအာဏာ လွှဲပြောင်းရေးကိစ္စ၊ အစိုးရအချင်းချင်း ကိစ္စမှာလည်း ဘာပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ သြဇာကျန်ရှိနေသေးတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကိုလည်း အဓိကသွားပြီးတော့ တင်ပြညှိနှိုင်းဆောင်ရွက်ပေးတယ်။ နောက်ပိုင်း လူအချင်းချင်းဆွေးနွေးညှိနှိုင်းမှုတွေကတဆင့် ဒီလိုဖြစ်လာတာပါ။ အဲ့အတွက်လည်း အင်မတန်မှ ဝမ်းသာပါတယ်။ ဒါလည်း သမိုင်းမှတ်တိုင်ဖြစ်သလို၊ ဘဝရဲ့ မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တပ်မတော်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အခန်းကဏ္ဍ

ဘီဘီစီ - အဲ့တော့ အဲ့လို ဖြစ်ခဲ့တဲ့ အချိန်တွေမှာ ထူးခြားချက် တချက်ကပေါ့နော်။ ကျနော်တွေ့လိုက်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၅ မဲရလဒ်ကို သူလက်ခံတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းတွေရမှာပေါ့ ဆိုတာမျိုး သူပြောတယ်။ ပြီးရင်ပိုထူးခြားတာက ၂၀၂၀ မှာလည်း နိုင်ခဲ့ရင် လွှဲပေးရမှာပေါ့ဆိုတဲ့ စကားလုံးကို ကျွန်တော် ဦးရွှေမန်းရဲ့ စာအုပ်ကနေတဆင့်သိရပါတယ်။ အဲ့တော့ ဒီအနေအထားက သူ့အနေနဲ့ ဒီ တပ်မတော်ဦးဆောင်တဲ့ အနေအထားက ပိုပြီးတော့ သြဇာရှိနေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလမ်းမှာ တပ်မတော်ရဲ့ သြဇာ တဖြည်းဖြည်းဆုတ်သွားတာမျိုး သူအပြည့်အဝလက်ခံပြီးတော့ လက်ရှိလမ်းကြောင်းကို ကျေနပ်နေတယ်လို့ ပြောလို့ရလားဗျ။

ဦးရွှေမန်း - ဒီနေရာမှာလည်း ခုနက ယူဆတဲ့အပေါ်မှာ တည်ပါတယ်။ အဲ့တုန်းက ပြောတာက ဒီရွေးကောက်ပွဲမှာ သူတို့ အနိုင်ရသွားပြီ။ ပြီးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဒီနေ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်သွားပြီ။ ဒါကြောင့် ဒါကို တို့က အသိအမှတ်ပြုရမယ်။ သူကနိုင်ငံ့ကို ကောင်းအောင်လုပ်တယ်ဆိုရင် တို့အားလုံးပါဝင်ရမယ်။ ဒီလိုပြောတာပါ။ ထပ်ပြီးတဲ့အခါမှာ အကယ်လို့ ၂၀၂၀ မှာ သူ့ကိုနိုင်ငံက ဒီလို၊ ပြည်သူက ဒီလိုရွေးမယ်ဆိုရင် တို့ လက်ခံရမယ်။ တို့ ဝိုင်းပြီးကူရမယ်လို့ ပြောတာ။ ဒါ အင်မတန်ကောင်းတဲ့ မင်္ဂလာစကားပါ။ ဒီဟာသည် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ နိုင်ငံရေး ပါးနပ်တယ်လို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲ လူထုက ရွေးချယ်ထားတဲ့ဟာကို သူက လက်မခံဘူးဆိုရင် သူ့အနေနဲ့ နိုင်ငံရေး ပါးနပ်တဲ့သူ မဟုတ်ဘူးလို့ ဝိုင်းပြောကြမယ့်အပြင်၊ အခြား အခြားလည်း ပြဿနာကြီးငယ်တွေရှိနိုင်တယ်။ ဒါပေမဲ့လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ နိုင်ငံရေးကဏ္ဍက ကာလတစ်ခုမှာ ပြီးဆုံးခဲ့ပါပြီ။ ဒီလို စဉ်းစားတွက်ချက်ဖို့ လိုပါတယ်။ အဲ့…ဒီနေ့သည် ခုနက နောက်ကာလ ပြောင်းသွားတဲ့အခါမှာ အဲ့ဒီကာလမှာ ပါမယ့် လူများရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်လို့ ဒီလိုပဲ စဉ်းစားမယ်ဆို ပိုပြည့်စုံပါတယ်။

ဘီဘီစီ - အဲ့တော့ အခု တကယ်ပဲ ဒီလက်ရှိ အခြေအနေ ၂၀၁၉ မှာကြည့်ရင် တပ်မတော်၊ ပြီးတော့ တပ်မတော်သား အငြိမ်းစားတွေ အများစုပါတဲ့ ပါတီ၊ ဒီလိုအပေါ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လွှမ်းမိုးမှု သြဇာ ဒါမှမဟုတ် သူ့ရဲ့ သြဝါဒ ဒါမျိုးတွေ လုံးဝကင်းလွတ်နေပြီလို့ရော တကယ်ရော ပြောလို့ရရဲ့လားဗျ။

ဦးရွှေမန်း- အစဉ်အလားဆိုတာက တိကနဲတော့ ဖြတ်လို့ မရနိုင်ဘူး။ ဒါပေမဲ့လို့ အချိန်ကာလနဲ့ အခြေအနေပြောမယ်ဆိုရင်တော့ ဒီပါတီနဲ့ အခြားနေရာတွေအပေါ် သူ့ရဲ့သြဇာဟာ ယခင်လိုတော့ မရှိတော့ဘူးလို့ပဲ ပြောချင်ပါတယ်။

ဘီဘီစီ - ဗိုလ်ချုပ်ကြီး ကိုယ်တိုင်နဲ့ကော ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၅ အကူးအပြောင်းကိစ္စတွေမှာ ၂၀၁၆ ဝန်းကျင်လောက်မှာ တွေ့တာတွေ ပြုတာတွေရှိတယ် ဆိုပြီးတော့ သိရတယ်။ နောက်ပိုင်းမှာရော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဘယ်လိုမျိုးထိတွေ့ဆက်ဆံမှုတွေရှိလဲဗျ ။

ဦးရွှေမန်း - အင်း.. ဒီဟာလည်း နောက်ပိုင်းတွေ့တဲ့ကိစ္စတွေကတော့ တို့များ မပါတော့ပါဘူး။ သူတို့အပိုင်းနဲ့ သူတို့ပဲ တွေ့ဆုံတာတို့ ညှိနှိုင်းတာတို့ ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ဘာမှ အထူးပြောစရာမရှိပါဘူး။

ဘီဘီစီ - ပုဂ္ဂလိကချင်းအနေနဲ့ ဆိုရင်ကော အရင်က ဗိုလ်ချုပ်မှူးကြီးကို ကိုယ့်ရဲ့ အထက် လူကြီးတယောက်အနေနဲ့ ပုဂ္ဂလိကချင်း ဆက်ဆံမှုရှိသေးလားဗျ။

ဦးရွှေမန်း - ရှိပါတယ်။ ဒါပေမဲ့ တော်တော်နည်း သွားပါပြီ။ ဘာကြောင့်လဲဆိုတဲ့အခါမှာ သာမန်ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုတွေပေါ်မှာ မူတည်ပြီးတော့ အမြင်တွေ၊ သဘောထားတွေ မလိုတဲ့စကားတွေလည်း ဒီလိုပြောတယ်။ အဲ့ဒီတော့ ကိုယ့်နေရာ ကိုယ်နေတာပဲ ကောင်းပါတယ်။ ကိုယ့်ရဲ့ ဆရာက ဆရာပါပဲ။ အဲ… ကိုယ့်ရဲ့ လူကြီးက ကိုယ့်ရဲ့ လူကြီးပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအပိုင်းက အပိုင်းတစ်ပိုင်းပါ။ သို့ရာတွင် မိမိတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်၊ နိုင်ငံရေး ခံယူချက်၊ နိုင်ငံရေး လုပ်ဆောင်ချက်တွေက သူနဲ့ တစ်ထပ်တည်း မရှိပါဘူး။

သူရဦးရွှေမန်းနဲ့ သီးသန့်မေးမြန်းခန်း အပိုင်း (၁) ဖတ်ရန် - ပါတီသစ်ထောင်ဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်သလဲ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သူရဦးရွှေမန်းပြောတဲ့ UBP ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒီသတင်းနဲ့ပတ်သက်သမျှ