သိကြားမင်းဆင်းတဲ့သင်္ကြန်၊ ပေဖူးလွှာကနေ ဒစ်ဂျစ်တယ်ခေတ်ထိ သင်္ကြန်

burma ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption လူငယ်အဆက်ဆက် ချစ်မြတ်နိုးတဲ့ သင်္ကြန်

သင်္ကြန်မှာ ရေပက် ကစားတဲ့ ထုံးစံဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှက ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံတွေ အနှံ့တွေ့ရပြီး တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်နယ်အထိ ဆင်နွှဲကြပါတယ်။

ဒီစကားလုံးရင်းမြစ်ကို ပါဠိဘာသာ စကားလုံး သင်္ကန္တက ဆင်းသက်လာတယ်လို့ ယူဆကြပြီး ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ထိုင်းဘာသာမှာ ခေါ်တဲ့ ဆုန်ကရမ်ကလည်း ဒီစကားလုံးက ဆင်းသက်တာပဲ ဖြစ်ပါတယ်။

နှစ်သစ်ကူးပွဲ ဆင်နွှဲပုံအမျိုးမျိုး ရှိတဲ့အနက် ပူအိုက်တဲ့ အီကွေတာ ရာသီဥတုရှိတဲ့ မြန်မာလို နိုင်ငံတွေမှာ ရေပက်ကစားတာဟာ သဘာဝကျတဲ့ ဓလေ့ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption ရန်ကုန်မှာ ရှမ်းသင်္ကြန်နွှဲနေတဲ့ ကလေးငယ်တွေ

မြန်မာနိုင်ငံကို လာတဲ့ အနောက်တိုင်းသားတွေရဲ့ မှတ်တမ်းတွေမှာ ရေပက်ကစားတဲ့ အကြောင်းတွေ ပါသလို မြန်မာလူမျိုးတွေရဲ့ စနောက်တတ်တဲ့ဓလေ့နဲ့ မြန်မာအမျိုးသမီးတွေ ရေပက်တာကို လွတ်အောင်ရှောင်ရတဲ့ အနောက်နိုင်ငံသားတွေအဖြစ်တွေကို ဖော်ပြတတ်ပါတယ်။

ပုဂံခေတ်က နရသီဟပတေ့မင်း သင်္ကြန်မှာ အကျီစားလွန်လို့ စောလုံမိဘုရား အသတ်ခံရတဲ့ ဇာတ်လမ်းကို ထောက်ပြီး ပုဂံမှာ သင်္ကြန်ကျတဲ့ ဓလေ့ရှိတယ်လို့ ဆိုကြပါတယ်။

အိန္ဒိယနဲ့ အကူးအလူးအဆက်အဆံများခဲ့တဲ့ ပုဂံမှာ ဟိန္ဒူဓလေ့တွေ ဝင်လာနိုင်ပါတယ်။

အင်းဝခေတ်၊ ညောင်ရမ်းခေတ်တွေမှာ ဘုရင်တွေ ခေါင်းဆေးမင်္ဂလာပြုတာကို သင်္ကြန်တော်ခေါ်တယ်လို့ သုံးပါတယ်။

ဘုရင်ခေါင်းဆေးဖို့ အတွက် ရေကောင်းရေသန့်ကို မုတ္တမနားက ခေါင်းဆေးကျွန်း ကနေ သွားယူရသလို နားထွင်းမင်္ဂလာနဲ့ နန်းတက်ပွဲ စတာတွေမှာလည်း သင်္ကြန်ခေါ်တဲ့ထုံးစံရှိပါတယ်။

ဓာတ်ပုံ မူပိုင် BBC Sport
Image caption မြန်မာ့နှစ်ကူးပန်း ပိတောက်

ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့

သိန်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်

လမ်းတလျှောက် သင်းပါဘိ

ဆန်းသလောက် မလင်းနိုင်ဘု

ပန်းပိတောက်မင်း ဆိုတဲ့ ဦးကြော့ရဲ့ ပိတောက်ပန်း ကဗျာကတော့ ကုန်းဘောင်ခေတ်ရဲ့ သင်္ကြန်ဖွဲ့တခု ဖြစ်ပြီး ခုခေတ်ထိ ရှင်သန်နေတဲ့ သင်္ကြန်သင်္ကေတ ပိတောက်ပန်း အကြောင်းလည်းဖြစ်ပါတယ်။

သင်္ကြန်ရဲ့ သင်္ကေတတွေထဲမှာ အစားအသောက်တွေ စတုဒိသာ ကျွေးတာလည်း ပါပါတယ်။

မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေး၊ သင်္ကြန်ထမင်း စတဲ့ ဆီလျော်ရာ ရိုးရာမုန့်တွေကို ကျွေးကြတာ ဖြစ်ပါတယ်။

နောက် ဘေးမဲ့လွှတ်တာ၊ လူကြီးခေါင်းလျှော်တာ၊ ကန်တော့တာနဲ့ စုပေါင်းကုသိုလ်ပြုတာတွေလည်း ရှိပါတယ်။

ရခိုင်သင်္ကြန်ကလည်း တမူထူးတဲ့ ပွဲတော်တမျိုး ဖြစ်ပါတယ်။

ရခိုင်သင်္ကြန်မှာ နံ့သာသွေးပွဲက ထင်ရှားသလို ရတဲ့ နံ့သာနှစ်တွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ပူဇော်ကြပါတယ်။

ရခိုင်သင်္ကြန်ရဲ့ အကျွေးအမွေးက ရခိုင်မုန့်တီဖြစ်ပြီး ရှမ်းသင်္ကြန်မှာတော့ ကောက်ညှင်းမှုန့်၊ ကြံသကာတွေနဲ့လုပ်တဲ့ မုန့်တွေ ဝေငှကြပါတယ်။

မြိတ်ထားဝယ်မှာတော့ သင်္ကြန်မှာ ကျားကနဲ့ ဖျော်ဖြေကြပါတယ်။

ဓာတ်ပုံ မူပိုင် Bettmann
Image caption မီးသတ်ပိုက်တွေသုံးတဲ့ ရန်ကုန်သင်္ကြန်

ခေတ်ပေါ်သင်္ကြန်အစ

သင်္ကြန်ဟာ အင်္ဂလိပ်ခေတ်ကို ရောက်လာပြီးနောက် ပိုပြီး စည်ကားလာပါတယ်။

ရန်ကုန်နဲ့ မော်လမြိုင် မြို့ကြီးတွေရဲ့ သင်္ကြန်ဟာ အဲဒီခေတ်မှာ အထင်ရှားဆုံး သင်္ကြန်ပွဲတွေဖြစ်ပါတယ်။

ဒီမြို့နှစ်မြို့ကို နှစ်တိုင်းမပြိုင်ပြိုင်အောင် သတင်းစာတွေက မြှောက်ပေးကြတယ်လို့ အဆိုရှိပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption သင်္ကြန်သရုပ်လိုဖြစ်လာတဲ့ မြို့မအသင်း

ရေပက်ပြိုင်တဲ့ သင်္ကြန်မြို့ကြီးတွေ နောက်မှာ ထင်ရှားလာတဲ့ သင်္ကြန်တခုကတော့ အဆိုအကနဲ့ ပြိုင်တဲ့ သင်္ကြန်ဖြစ်ပါတယ်။

အထက်မြန်မာပြည်က မန္တလေးမြို့မှာ ၁၉၂၅ လောက်ကစပြီး အိန္ဒိယလူမျိုးတွေက ကုန်ကားတွေပေါ်မှာ အလှဆင်ပြီး အတီးအမှုတ်တွေနဲ့ စလှည့်ကြပါတယ်။

အဲဒီနှစ်မှာပဲ မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းကို တေးရေးဆရာ မြို့မငြိမ်းက စပြီးတည်ထောင်ပါတယ်။

၁၉၃ဝ ဝန်းကျင်ကစပြီး အရုပ်တွေချိုးပြီး အလှပြယာဉ်တွေမှာ တပ်ဆင်တာတွေ စတယ်ဆိုပေမယ့် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ပြီးခေတ်မှ မန္တလေးသင်္ကြန်ဟာ ပိုထင်ရှားလာပါတယ်။

ဓာတ်ပုံ မူပိုင် History Flashbacks
Image caption အလှပြကားတွေနဲ့ ခမ်းခမ်းနားနားထွက်ကြ

မန္တလေး စျေးချိုတောင်ဘက်က ပိုးကုန်နဲ့ ကျောက်မျက်တွေ ရောင်းရာ ကျောက်သွေးတန်းရပ် နေပြည်တော် ဆေးတိုက်က တည်ထောင်တဲ့ နေပြည်တော် အမျိုးသားရေသဘင်အဖွဲ့၊ ရှုတိုင်းယဉ်အဖွဲ့၊ မြို့မအဖွဲ့တွေဟာ အလှပြကားတွေနဲ့ အစောဆုံး စထွက်တဲ့ အသင်းတွေ ဖြစ်တယ်လို့ အတာတေးနှင့် မန္တလေးသင်္ကြန် စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာ တေးရေးဆရာ အောင်အောင် (ယဉ်မွန်)က ရေးပါတယ်။

ဒေါက်တာစံကြူးရဲ့ နေပြည်တော်အသင်းက ဒေါင်းရုပ်နဲ့ထွက်ပြီး မြို့မက ငန်းရုပ်ကို အစဉ်သုံးခဲ့ပါတယ်။

ပထမဆုံးသင်္ကြန်ကားတွေ ထွက်တဲ့နှစ်က ဒေါင်းရုပ်ရေစိုပြီး အောက်ခံတွေ ပေါ်သွားလို့ လူတွေက ဖျာစုတ်ကြီးလို့ အော်ကြတယ်လို့လည်း ဆိုပါတယ်။

ဒီလိုအလှပြကားတွေနဲ့ စီစဉ်ကျင်းပကြလို့ သင်္ကြန်ဟာ ရေပက်သင်္ကြန်ကနေပြီး အဆိုအက အဓိကထားတဲ့ပုံစံမျိုး မန္တလေးမှာ ဖြစ်လာပါတယ်။

နောက်မန္တလေးဟာ ရေရှားပြီး ပူပြင်းတဲ့မြို့ဖြစ်လို့ နေ့ခင်းရေပက်တာထက် ညမှာ အဆိုအကနဲ့ ဖျော်ဖြေတာကို ပိုပြီး ဦးစားပေးပါတယ်။

လက်ဝါအတတ်လို့ ခေါ်တဲ့ စက္ကူနဲ့ မဏ္ဍပ်လုပ်တဲ့အလေ့ ထွန်းကားရာ နေရာဖြစ်လို့ အလှပြကားတွေ မဏ္ဍပ်တွေကို စိတ်ကူးကောင်းသလို ဖန်တီးတဲ့ ဓလေ့လည်း ဖြစ်ထွန်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် History Flashbacks
Image caption အမျိုးသမီးတွေ လမ်းပေါ်မှာ ပျော်ခွင့်ရတဲ့အချိန်

ပြည်ပမှာ ကာနီဗယ်ခေါ် ပွဲလမ်းသဘင်တွေကို ကားတွေနဲ့ အလှဆင်ပြီး လှည့်တဲ့ပုံစံမျိုး မန္တလေးနဲ့ တခြားမြို့တွေမှာ တဖြည်းဖြည်း ခေတ်စားလာခဲ့ပါတယ်။

မန္တလေးမှာ အငြိမ့်နဲ့ သဘင်ပညာသည်တွေ ပေါများတဲ့အတွက် မြို့ခံအမျိုးသမီးတွေရဲ့ အကအခုန်သင်ယူမှုဟာ တခြားမြို့တွေထက် ပိုပြီး တက်တက်ကြွကြွ ရှိသလို သီချင်းရေးစပ်သီကုံးရာမှာလည်း အားကောင်းခဲ့ပါတယ်။

ဒါကြောင့် မန်းတောင်ရိပ်ခို သီချင်းကစပြီး မြို့မနဲ့ တခြားအသင်းတွေ စပ်ခဲ့တဲ့ သင်္ကြန်သီချင်းတွေဟာ တနိုင်ငံလုံး လိုက်ဆိုတဲ့အဆင့် ရောက်လာခဲ့ပါတယ်။

သံချပ်နဲ့ ရင်ဖွင့်သင်္ကြန်

၁၉၆ဝ နောက်ပိုင်း ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့တွေ ခေတ်စားလာပါတယ်။

ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption လွတ်လပ်စွာ ဖန်တီးတဲ့ သင်္ကြန်အနုပညာ

လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်တွေ အပိတ်ခံရတဲ့ စစ်အစိုးရခေတ်မှာ နိုင်ငံအခြေအနေကို ဟာသသဘောနဲ့ သံချပ်ထိုးပြောတဲ့ ယဉ်ကျေးမှုဟာ ရန်ကုန်သင်္ကြန်ရဲ့ လက္ခဏာလို ဖြစ်လာခဲ့ပါတယ်။

ဒီသံချပ်အဖွဲ့တွေမှာ စာရေးဆရာ ကဗျာဆရာတွေနဲ့ နိုင်ငံရေးဝါသနာပါတဲ့ လူငယ်ကျောင်းသားတွေ ပါဝင်ကြပြီး ၁၉၈၈ လူထုလှုပ်ရှားမှုမှာ ဒီသံချပ်ဝိုင်းတွေကနေ လှုပ်ရှား ပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP

၂ဝဝဝ ပြည့်လွန်နှစ်တွေမှာတော့ ရန်ကုန်နဲ့ မန္တလေးမှာ မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ကျင်းပတဲ့ပုံစံတွေ ခေတ်စားလာပြီးနောက် ငွေကြေးအကုန်အကျ ပိုများလာပါတယ်။

ရိုးရာအဆိုအကတွေနဲ့ ယဉ်ကျေးမှုတွေ ပျောက်ကုန်တယ်လို့ မီဒီယာတွေက ရေးကြပေမယ့် ခေတ်ရဲ့ ပြောင်းလဲမှုဟာ အကူးအပြောင်းကို ကိုယ်စားပြုတဲ့ သင်္ကြန်မှာ ထင်ဟပ်တာပဲ ဖြစ်ပါတယ်။

အရင်က သင်္ကြန်မှာ လူတွေ ရင်ခုန်ကြတာဟာ တနှစ်မှာ တခါ ရှားရှားပါးပါး လွတ်လွတ်လပ်လပ် ပျော်ခွင့်ရလို့ ဖြစ်သလို အမျိုးသား အမျိုးသမီး လူငယ်တွေ တွေ့ဆုံ ချစ်ကြိုက်ခွင့် ရလို့ ဖြစ်ပါတယ်။

အခုခေတ်မှာတော့ လူငယ်တွေ လွတ်လပ်မှုဟာ အရင်ကထက် အများကြီး ပိုပွင့်လင်းလာတာမို့ သူတို့ခေတ်ရဲ့ သင်္ကြန်တန်ဖိုးဟာ လွန်ခဲ့တဲ့ နှစ် ၅ဝ နဲ့ တူနိုင်မှာ မဟုတ်သလို ၁၉၈၈ ဟိုဘက်ခေတ်နဲ့လည်း တူမှာ မဟုတ်ပါဘူး။

ဒါကို မီဒီယာတွေနဲ့ အစိုးရဘက်က သေချာနားလည်မှ သင်္ကြန်အပျော်လွန်ကြတဲ့ကိစ္စကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

နောက် သင်္ကြန်နဲ့ မူးယစ်ရမ်းကားမှုကလည်း အစဉ်အဆက် ရှိတဲ့ ပြဿနာဖြစ်ပြီး ပိုပြီးကြီးထွားလာတဲ့သဘောရှိပါတယ်။

ဒါကလည်း မြန်မာပြည်မှာ အရက်သောက်သုံးမှု မြင့်တက်နေတာနဲ့ အရက်ထိန်းချုပ်မှု အားနည်းတာတွေရဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption သင်္ကြန်နဲ့ ခေတ်ရဲ့ဖက်ရှင်

သင်္ကြန်မှာ လူငယ်တွေ လွတ်လပ်ပေါက်ကွဲတာကို ထိန်းချုပ်လို့ အောင်မြင်မှု မရတာကိုတော့ လမ်းစဉ်ပါတီခေတ်ကတည်းက တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ အနုပညာရေစီးနဲ့ မြန်မာပြည် အဆက်ပြတ်လို့ မဖြစ်နိုင်သလို ယဉ်ကျေးမှုကို အာဏာပိုင်တွေနဲ့ ပညာတတ်ဆိုသူတွေက ထိန်းချုပ်ထားလို့လည်း မရပါဘူး။

နောက် မန္တလေးမှာ ဒီနှစ်ပိုင်းအတွင်း စခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ဟာ ထိုင်းနိုင်ငံက ပုံစံကို ယူသွင်းလာတာ ဖြစ်ပေမယ့် လက်ခံမှု ရှိပြီး အောင်မြင်တာကို တွေ့ရပါတယ်။

သင်္ကြန်မှာ ပြည်ပယဉ်ကျေးမှုတွေ ဘယ်လိုလွှမ်းမိုးတယ်ဆိုဆို အစဉ်အလာအတိုင်း ကုသိုလ်ကောင်းမှုလုပ်တာ၊ စုပေါင်း ဆောင်ရွက်တာတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် သင်္ကြန်မှာ ရိုးရာပုံမပျက်စေချင်ရင် ခေတ်မီနည်းတွေနဲ့ ရိုးရာတွေကို ပြန်ဖော်မှပဲ လူ့အဖွဲ့အစည်းက လက်ခံမှာ ဖြစ်ပါတယ်။

သင်္ကြန်မှာ နှစ်စဉ်ကြုံတွေ့နေတဲ့ ရေဖြုန်းတီးမှုကို လျှော့ချပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ ပျော်ရွှင်မှုမျိုး ဖြစ်အောင် မဏ္ဍပ်ကြီးတွေနဲ့ မီးသတ်ပိုက်တွေကို ထိန်းချုပ်တာ၊ ရခိုင်မှာလို ရိုးရာလှေထဲ ထည့်ပက်တဲ့ပုံစံမျိုး မြန်မာသင်္ကြန်မှာ ဖန်တီးပေးတာတွေ လုပ်ပေးဖို့ လိုပါတယ်။

နောက် လူငယ်တွေရဲ့ ရင်ခုန်သံနဲ့ ကိုက်ညီတဲ့ ခေတ်မီ သင်္ကြန်သီချင်းသစ်တွေ အချိန်မီ စပ်ပေးကြဖို့လည်း လိုပါတယ်။