နောက်ပိုင်း သင်္ကြန်မစည်တာကတော့ စီးပွားရေးကြောင့်ပါ၊ သင်္ကြန်မိုးထုတ်လုပ်သူတွေနဲ့ မေးမြန်းခန်း

burma ဓာတ်ပုံ မူပိုင် Zin Wai Latt
Image caption သင်္ကြန်မိုးက သီတာသိမ့်နဲ့ နေအောင်

သင်္ကြန်မိုး ရုပ်ရှင်ဟာ ၁၉၈၅ ခုနှစ်အတွက် အကောင်းဆုံး မြန်မာရုပ်ရှင်ဆုရ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်ကားဆုအပြင် ဒါရိုက်တာဆုနဲ့ ဓာတ်ပုံဆုတွေလည်း ရခဲ့ပါတယ်။

ဒီကားဟာ အနှစ် ၃ဝ ကျော်ကြာတဲ့အထိ မြန်မာဇာတ်ကားကောင်းတကားအဖြစ် လူကြိုက်များဆဲ ဖြစ်သလို သင်္ကြန်ပွဲတော်ရဲ့ ပုံရိပ်လိုလည်း ဖြစ်လာခဲ့ပါတယ်။

ဒီကားနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်တွေထဲမှာ

ဓာတ်ပုံ မူပိုင် Sue Hnget
Image caption မန္တလေးရုပ်ရှင်ဒါရိုက်တာအဖွဲ့ဝင် ဓားတန်းဦးသန့်

၁။ ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်ကားဆု မရခဲ့ဘဲ သူရိယပညာရုပ်ရှင်က ရခဲ့ပါတယ်။

မန္တလေးရုပ်ရှင်ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် မိသားစုတွေထဲက ဆင်းသက်လာတဲ့ ရီမြင့်ရုပ်ရှင် ထုတ်လုပ်ရေးဟာ အဲဒီအချိန်က အစိုးရရဲ့ စီးပွားရေး မူအရ ပြည်ပက ဖလင်ကို ဝယ်လို့မရတဲ့အတွက် ထုတ်ဝေခွင့်ရှိတဲ့ ရုပ်ရှင် ကုမ္ပဏီတွေနာမည်ယူပြီး အစိုးရဆီက ဖလင်ဝယ် ရိုက်ကူးရတာ ဖြစ်ပါတယ်။

ဒါကြောင့် မင်းသား တက္ကသိုလ်မျိုးချစ်နဲ့ မင်းသမီး ခင်အုန်းမြင့်တို့ ပိုင်တဲ့ သူရိယပညာရုပ်ရှင်နာမည်နဲ့ ထုတ်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Latt Mg Cho
Image caption တက္ကသိုလ်မျိုးချစ်နဲ့ ခင်အုန်းမြင့်မိသားစု

ဒီဇာတ်ကားမှာ ဒေါ်ခင်အုန်းမြင့်က မင်းသမီး ခင်သန်းနုရဲ့ မိခင်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

၂။ ဒီကားမှာ မဖော်ပြဖြစ်ခဲ့တဲ့ အခန်းတခန်းက မန္တလေးမြို့က ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပါဝင်တဲ့ ဧည့်ခံပွဲ မြင်ကွင်း ဖြစ်ပါတယ်။

မန္တလေးက ပြတိုက်မှူးဒေါ်တင်လှ၊ ရေချိုဦးအေးမောင်၊ ရွှေကုန်သည် မော်လီဦးမြမောင် စတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့ လူချမ်းသာတွေ ကိုယ်တိုင် ဇာတ်ကားထဲကလို ၁၉၅၇ က အဝတ်အစားပုံစံတွေနဲ့ ရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၈၅ ဧပြီလ ၂ ရက်မှာ ရိုက်တဲ့ ဒီရုပ်ရှင်ရိုက်ကွင်းမှာ လူအုပ်ကို မထိန်းနိုင်လို့ပျက်သွားခဲ့တဲ့အတွက် ဒီအခန်း မရိုက်ဖြစ်ခဲ့ဘူးလို့ ရုပ်ရှင်ထုတ်လုပ်သူ ဦးဇော်မြင့်က ရှင်းပြပါတယ်။

အဲဒီအခန်းသာ ရိုက်နိုင်ခဲ့ရင် အမှတ်တရ အဖြစ် ကျန်ရစ်ခဲ့မယ်လို့လည်း ဆိုပါတယ်။

Image caption ရင်ရင်ရဲ့ မဟာဇနက္ကဓာတ်ပြား

ထားရဲ့ မင်္ဂလာပွဲမှာ ဧည့်ခံသူတွေအဖြစ် မန္တလေးက ရုပ်ရှင်တွေမှာ ဇာတ်ပို့အဖြစ် ပါဝင်တတ်တဲ့ အဆိုတော် ဂင်ဇာဒေါ်ရင်ရင် ပါဝင်တာကို တွေ့နိုင်ပါတယ်။

ဒေါ်ရင်ရင်ဟာ စစ်မဖြစ်ခင်က မဟာဇနက္ကဓာတ်ပြားနဲ့ ထင်ရှားခဲ့ပြီး အဆိုတော် သောင်းသောင်းနုရဲ့ မိခင်ဖြစ်သလို ဂီတမှူး အကယ်ဒမီ ဇော်မျိုးထွဋ်ရဲ့ အဘွားလည်း ဖြစ်ပါတယ်။

ရိုက်ကွင်းကို မန္တလေးဆိုင်းတန်းရပ်က ရီမြင့်ရုပ်ရှင် အဆောက်အအုံနဲ့ ပွဲကုန်းရပ်က ဒေါက်တာသိန်းအောင်တိုက်မှာ ရိုက်ကူးတာ ဖြစ်ပြီး စန္ဒရားကိုငြိမ်းမောင်အိမ် အတွင်းခန်းကိုတော့ ရန်ကုန်က စိန်မောင်စတူဒီယိုမှာ ရိုက်ကူးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ti Ti Tar
Image caption အကယ်ဒမီငါးဆုရ ဒါရိုက်တာမောင်တင်ဦး

၃။ ဒီကားကို ဝတ္ထု ခင်မောင်အေး (မန္တလေး)လို့ ဖော်ပြခဲ့ပေမယ့် မန္တလေးသား ဒါရိုက်တာမောင်တင်ဦးရဲ့ ဇာတ်လမ်းသာ ဖြစ်လိမ့်မယ်လို့ ရုပ်ရှင်ထုတ်လုပ်သူ ဦးဇော်မြင့်က ဆိုပါတယ်။

ဇာတ်ညွှန်းရေးသူကိုတော့ အောင်စိုးဦးလို့ ဖော်ပြပါတယ်။

ခင်မောင်အေး (မန္တလေး)ဟာ အဲဒီအချိန်က သတင်းနဲ့စာနယ်ဇင်း ကော်ပိုရေးရှင်းမှာ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးတယောက် ဖြစ်ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုတဝမ်းကွဲ တော်ပါတယ်။

၁၉၈၃ လောက်က ဗိုလ်မှူးကြီး ခင်မောင်အေး ဘုန်းတန်ခိုးကြီးမားနေချိန် ဖြစ်လို့ ရုပ်ရှင်ကော်ပိုရေးရှင်း၊ ဇာတ်လမ်း ရုပ်ရှင်မှာ ဝတ္ထုဇာတ်လမ်းတင်ရာမှာ ချောချောမွေ့မွေ့ ခွင့်ပြုချက်ရအောင် ခင်မောင်အေး (မန္တလေး) ဝတ္ထုဆိုပြီး နာမည်တပ်ခဲ့တာလို့ ပြောကြဆိုကြကြောင်း မြန်မာစျေးကွက်ဂျာနယ်ပါ တက္ကသိုလ်စိန်တင်ရဲ့ ဤပုံကို ကြည့်ပါ၊ အဝေးကပင် မြင်နိုင်ပါသည် ဆောင်းပါးမှာ ဖော်ပြပါတယ်။

ဒါရိုက်တာမောင်တင်ဦးဟာ မန္တလေး တိုင်းချစ်သတင်းစာ အယ်ဒီတာ သခင်သိန်းဖေနဲ့ ဒေါ်မြမြတို့ရဲ့သားဖြစ်ပြီး သူ့မိဘတွေကလည်း အင်္ဂလိပ်ခေတ်ကတည်းက ထင်ရှားတဲ့ သတင်းစာဆရာ၊ စာရေးဆရာနဲ့ နိုင်ငံရေးသမားတွေ ဖြစ်ကြပါတယ်။

ဒီဇာတ်ကားပါ ဇာတ်လိုက် စန္ဒရားဆရာ ကိုငြိမ်းမောင်ဟာ မြို့မငြိမ်း၊ စန္ဒရားသိန်းမောင် စတဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ လွှမ်းမိုးမှုတွေနဲ့ တည်ဆောက်ထားတာ လို့လည်း ဦးဇော်မြင့်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Zin Wai Latt
Image caption သင်္ကြန်မိုးက မျက်နှာသစ်သရုပ်ဆောင်တွေ

၄။ ဒီရုပ်ရှင်ဟာ ပြသစဉ်က ဒီလောက်မအောင်မြင်ဘဲ အဲဒီနှစ် ဒီဇင်ဘာလမှာ အကယ်ဒမီဆုရပြီးမှ ရုပ်မြင်သံကြားက ပြသခဲ့လို့ ထင်ရှား လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အသံက ဒီရုပ်ရှင်ကို ယူပြလို့ အကျိုးခံစားခွင့် မရခဲ့ဘူးလို့လည်း ဦးဇော်မြင့်က ဆိုပါတယ်။

ကားစပြစဉ်က မျက်နှာသစ်တွေ ထုတ်သုံးတာအပြင် နေအောင်ဟာ အကယ်ဒမီရပြီးပေမယ့် မအောင်မြင်သေးတဲ့အချိန်မို့လို့ ဒီကားကို လူသိပ်မသိခဲ့ဘူးလို့ သူက ဆိုပါတယ်။

အခုတော့ ဒီကားက အင်တာနက်ထဲမှာ ပြန့်နှံ့နေပြီး လူထုလက်ထဲ ရောက်နေပြီလို့လည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Zin Wai Latt
Image caption ထားနဲ့ ကိုငြိမ်းမောင်ဖြစ်သွားတဲ့ ခင်သန်းနုနဲ့ နေအောင်

၅။ ဒီရုပ်ရှင်မှာ ဆင်ဆာ အဖြတ်ခံရတာက မန္တလေးသူရဲ့ ကျွန်တော်အပြော ဖြစ်ပါတယ်။

အမျိုးသမီးက ကျွန်တော်လို့ ကျားနာမ်စားသုံးတာကို ခွင့်မပြုလို့ ထားအဖြစ် သရုပ်ဆောင်တဲ့ ခင်သန်းနုရဲ့ ကျွန်တော်လို့ ပြောသမျှ နေရာတွေမှာ ထားကလေ ဆိုပြီး လိုက်ပြင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါဟာ မန္တလေးအတွက် နစ်နာဆုံးရှုံးမှု ဖြစ်တယ်လို့လည်း ထုတ်လုပ်သူ ဦးဇော်မြင့်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Yin Yin Htway
Image caption ဦးဇော်မြင့်၊ ဒေါ်ယဉ်ယဉ်ထွေးနဲ့ အဉ္စလီမောင်မောင်

၆။ ဒီဇာတ်ကားမှာ သီချင်းကောင်းတွေ အများအပြားပါလို့ သီချင်းကားအဖြစ် ထင်ရှားခဲ့ပါတယ်။

မြူမှောင်ဝေကင်းနှစ်ကိုယ်တူချစ်သမျှ စတဲ့ သီချင်းဟောင်းတွေ ပြန်သုံးသလို ညချမ်းသဘင် ဆိုတဲ့ မြို့မငြိမ်းရဲ့ တေးကိုလည်း အကယ်ဒမီ ဦးပေါက ပြန်ဖော်ပေးမှ သတိရပြီး ထည့်သုံးခဲ့ကြပါတယ်။

သင်္ကြန်မိုး နဲ့ နွေဦးကဗျာ စတဲ့ သီချင်းသစ်တွေကိုလည်း သင်္ကြန်မိုးရုပ်ရှင်အတွက် အဉ္စလီမောင်မောင်က ရေးစပ် ပေးခဲ့ပါတယ်။

ကိုမောင်မောင်ဟာ သင်္ကြန်သီချင်းရေးလေ့မရှိပေမယ့် သူတို့အတွက် သေချာရေးစပ်ပေးခဲ့တယ်လို့လည်း ဦးဇော်မြင့်က ဆိုပါတယ်။

အဉ္စလီမောင်မောင်ဟာ ရီမြင့်ရုပ်ရှင် ပိုင်ရှင် ဦးဇော်မြင့်ရဲ့ ယောက်ဖဖြစ်ပြီး မန္တလေးရုပ်ရှင် ဒါရိုက်တာအဖွဲ့ဝင်တွေထဲက နဂါးဒေါ်ဦးရဲ့တူလည်း တော်စပ်ပါတယ်။

ကိုမောင်မောင်ကို သီချင်းစပ်ဖို့ စာသားစိတ်ကူးတွေကို ဒါရိုက်တာမောင်တင်ဦးက ပြောပြခဲ့တယ်လို့လည်း သိရပါတယ်။

သင်္ကြန်မိုး ဆိုတဲ့ စာသားအဓိပ္ပာယ် ဖြစ်ပါတယ်။

သင်္ကြန်မိုးနောက်ပိုင်းမှာ မမစိမ်းနဲ့ ဒဏ္ဍာရီ စတဲ့ မန္တလေးနောက်ခံ အချစ်ဇာတ်ကားတွေ ဆက်လက် ပေါ်ထွက်ခဲ့ပါတယ်။

ဒီကားတွေမှာ သင်္ကြန်မိုးမှာ အောင်မြင်ထင်ရှားလာခဲ့တဲ့ ဇင်ဝိုင်းနဲ့ မေသန်းနုအပြင် မင်းသမီးကြီး ခင်သန်းနုတို့လည်း ပါဝင်ခဲ့ကြပါတယ်။

သင်္ကြန်မိုးကို ထုတ်လုပ်တဲ့ ရီမြင့်ရုပ်ရှင်ဟာ ၁၉၈၃ က ပွဲဦးထွက် ဇာတ်ကား တတိယအရွယ်၏ဒုတိယဝေဒနာ မှာကတည်းက အကယ်ဒမီနှစ်ဆုရရှိခဲ့ပါတယ်။

သင်္ကြန်မိုးမှာ အကယ်ဒမီ သုံးဆုရရှိခဲ့ပြီး အဲဒီအချိန်က သုံးဆုဆို တော်ပြီပေါ့ဆိုတဲ့ သဘောထား ရှိတဲ့အတွက် သင်္ကြန်မိုးမှာ သရုပ်ဆောင်ကောင်းတဲ့ နေအောင်ကို အဲဒီနှစ်အတွက် ပေးချင်တဲ့အခါမှာ ပန်းသီတဲ့ကြိုး နဲ့ မင်းသားဆု ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကားရိုက်တဲ့အချိန်က အဘိုးဖြစ်သူ မြို့မအသင်း တည်ထောင်သူ ဓားတန်းဦးသန့်ကို အစမ်းရိုက်ထားတဲ့အကွက်တွေကို ပြတဲ့အခါ များစွာနှစ်ခြိုက်သဘောကျပြီး ဒါရိုက်တာမောင်တင်ဦးကို ချီးကျူးဂုဏ်ပြု ခဲ့တယ်လို့လည်း ဦးဇော်မြင့်က အမှတ်တရ ပြောပြခဲ့ပါတယ်။

နောက်ပိုင်း သင်္ကြန်မစည်တာကတော့ စီးပွားရေးကြောင့်ဖြစ်ပြီး ငွေကြေးစိုက်ပြီး သင်္ကြန်ကို စည်ကားအောင် အားပေးမယ့် မြို့ခံတွေ မရှိတော့လို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သင်္ကြန်ကို ချစ်လို့ သင်္ကြန်ကားတွေ ဆက်လက်ထုတ်လုပ်သွားမယ်လို့လည်း သင်္ကြန်မိုးထုတ်လုပ်သူတွေက ပြောပြကြပါတယ်။