မြောက်ဦး၊ ဝေသာလီနဲ့ လေးမြို့ခေတ်က ရခိုင်မြို့ဟောင်းများ

burma ဓာတ်ပုံ မူပိုင် SOPA Images
Image caption အမြင်ဆန်းတဲ့ ကိုးသောင်းဘုရား

မြောက်ဦးဟာ ရခိုင်မင်းအဆက်ဆက် အနှစ် ၃၅ဝ ကျော် စိုးစံခဲ့တဲ့ မြို့ကြီး ဖြစ်ပြီး ၁၇၈၄ ခုနှစ်မှာ မြန်မာဘုရင် ဘိုးတော်ဘုရား သိမ်းပိုက်ပြီးနောက် ထီးနန်းပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် ရခိုင်အချုပ်အချာအာဏာကျဆုံးတဲ့နေ့ အဖြစ် ကျင်းပလေ့ရှိပါတယ်။

ဗြိတိသျှခေတ်မှာ ရခိုင်မြို့တော်အဖြစ် စစ်တွေကို သတ်မှတ်ခဲ့ပြီးနောက် မြောက်ဦးမြို့ တိမ်ကောသွားပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption ရခိုင်မှာ ကြီးလာတဲ့ စစ်မီးတောက်

ဒီနှစ်ပိုင်းအတွင်း မြို့ဟောင်းခေါ် မြောက်ဦးမြို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်နိုင်ရေးအတွက် ကြိုးစားနေချိန်မှာပဲ ဒီမြို့နားမှာ တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။

အခု နောက်ဆုံးအခြေအနေမှာ မြို့ထဲထိ ဝင်ပြီး တိုက်ခိုက်တာတွေ ရှိလာနေပါပြီ။

ဒါတွေကို ဟန့်တားနိုင်ဖို့ ယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ပန်ကြားစာတွေ ထုတ်ခဲ့ကြပါတယ်။

ကမ္ဘာ့ဆိပ်ကမ်း

မြန်မာပြည်မှာ အင်းဝမြို့ပြီးရင် မြို့တော်သက်တမ်း အကြာဆုံး ရှိခဲ့တဲ့ မြောက်ဦးဟာ တချိန်က အာရှတောင်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ထင်ရှားတဲ့ ဆိပ်ကမ်းမြို့ကြီးလည်း ဖြစ်ခဲ့ပါတယ်။

၁၆ ရာစု နဲ့ ၁၇ ရာစုနှစ်တွေက ဒတ်ချ်နဲ့ ပေါ်တူဂီ ကုန်သည်တွေဟာ အိန္ဒိယနဲ့ အင်ဒိုနီးရှား ဖြစ်လာမယ့် ဂျားဗားကျွန်းတွေကြားက သင်္ဘောလမ်းကြောင်းမှာ မြောက်ဦးနဲ့ ရောင်းဝယ်ကူးသန်းတာတွေ လုပ်ခဲ့ပါတယ်။

မြန်မာပြည်က ဆန်၊ ဆင်၊ ဆင်စွယ် စတဲ့ ပစ္စည်းတွေကို ဘင်္ဂလားနဲ့ အာရပ်ဒေသက ချည်ထည်၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ မြင်းတွေ၊ ကျွန်တွေနဲ့ လဲကြတာ ဖြစ်ပါတယ်။

မြောက်ဦးက ရောင်းချတဲ့ ကျွန်တွေကို ဂျားဗားကျွန်းက ဟင်းခတ်အမွှေးအကြိုင် စိုက်ခင်းတွေမှာ စေခိုင်းဖို့ ရောင်းချကြသလို ပဲခူးဟံသာဝတီဘက်ကိုလည်း ရောင်းပါတယ်။

ဂျားဗားကို အုပ်စိုးခဲ့တဲ့ ဒတ်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီဟာ မြောက်ဦးမှာ ရုံးစိုက်ပြီး အခြေချခဲ့ပါတယ်။

အခုထက်ထိ ပေါ်တူဂီတွေ စခန်းချခဲ့တဲ့နေရာကို မြောက်ဦးမှာ တွေ့နိုင်သလို အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုတဲ့ ရှေးဟောင်းဗလီတွေလည်း မြောက်ဦးမှာ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Education Images
Image caption မြတန်ဆောင်ဘုရားက ဦးတော်ပြတ်နေတဲ့ ဆင်းတုတော်

ဒီလို ကြီးကျယ်စည်ကားခဲ့တဲ့ မြို့ကြီးဟာ တချိန်က ဘင်္ဂလား ၁၂ မြို့အထိ သိမ်းပိုက်ခဲ့တဲ့ အင်အားကြီးခဲ့တဲ့ ရခိုင်မင်းတွေရဲ့ နန်းစံမြို့ကြီး ဖြစ်ခဲ့ပြီး ကမ္ဘာ့နေရာစုံက လူမျိုးစုံ ရောယှက်နေထိုင်ခဲ့ကြပါတယ်။

ထိုင်းလူမျိုးတွေနဲ့ ဂျပန် ဆာမူရိုင်းတွေတောင် ရခိုင်ဘုရင်တွေဆီ ခစားခဲ့ကြပါတယ်။

သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း

ဒီမြို့မှာ ကျောက်ဆစ်လက်ရာတွေနဲ့ ထွင်းထုထားတဲ့ ဘုရားစေတီတွေ၊ရုပ်ပွားတော်ကြီးတွေလည်း အများအပြား ရှိပါတယ်။

ဒီထဲမှာ အထင်ရှားဆုံးက ရှစ်သောင်းဘုရားကြီး ဖြစ်ပါတယ်။

ကျောက်ခံတပ်ကြီးလို အခိုင်အမာ ဆောက်ထားတဲ့ ဒီဘုရားကြီးနဲ့ အပြိုင်လိုက်နိုင်တာက ကိုးသောင်းဘုရားပါ။

ဓာတ်ပုံ မူပိုင် SOPA Images
Image caption ရှုမငြီးတဲ့ အံတော်သိမ်ဘုရား

ထုက္ကန်သိမ်၊ အံတော်သိမ်၊ မြတန်ဆောင်၊ ရတနာပုံ စတဲ့ ထင်ရှားတဲ့ ဘုရားစေတီအများအပြားလည်း မြောက်ဦးမှာ ရှိပါတယ်။

တခြား ယိုယွင်းပျက်စီးနေတဲ့ ဘုရားစေတီတွေနဲ့ ရုပ်ပွားတော်တွေ၊ အုတ်ရိုးတန်းတွေကိုလည်း ဒီမြို့အနီးဝန်းကျင်မှာ တွေ့နိုင်ပါတယ်။

မြောက်ဦးမြို့ကို ကာကွယ်ရေးနဲ့ ရေပေးရေးအတွက် စနစ်တကျ တည်ဆောက်ခဲ့တဲ့ ရေသွင်းရေထုတ်စနစ်ကိုတော့ အနောက်နိုင်ငံပညာရှင်တွေနဲ့ လေ့လာနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Education Images
Image caption မြောက်ဦးက မင်းစောမွန်တည်ထားခဲ့တဲ့ လေးမျက်နှာဘုရားကြီး

မြောက်ဦးမြို့တည် ရှေးဟောင်း သမိုင်းဝင် လေးမျက်နှာ ပုထိုးတော်ကြီးကိုတော့ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃ဝ မှာ မြောက်ဦးမြို့တည် ဘုရားအဖြစ် တည်ထားခဲ့တာ ဖြစ်ပါတယ်။

မြောက်ဦးနားက ကျောက်တော်မှာတော့ မဟာမုနိဘုရား တည်ရှိပါတယ်။

မန္တလေးမှာ လက်ရှိ သီတင်းသုံးနေတဲ့ မဟာမုနိ ရုပ်ရှင်တော်ဟာ မြောက်ဦးမြို့အပျက်မှာ မြန်မာတပ်တွေ ပင့်ဆောင်သွားတာ ဖြစ်ပါတယ်။

ဒီဆင်းတုတော်ကြီးကို မြန်မာပြည်မှာ ရွှေတိဂုံပြီးရင် တန်ခိုးအကြီးဆုံးဘုရားအဖြစ် ဗုဒ္ဓဘာသာဝင်တွေက ကိုးကွယ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Education Images
Image caption အေးချမ်းခြင်းရသကို ပေးစွမ်းနိုင်တဲ့ ရခိုင်ကျောက်ဆစ်လက်ရာ ဆင်းတုတော်များ

ဝေသာလီခေတ် ကျောက်စာ

မြောက်ဦးဒေသမှာ မြောက်ဦးအပြင် ဝေသာလီနဲ့ တခြား မြို့ဟောင်းတွေလည်း ရှိပါသေးတယ်။

ယူနက်စကို မှတ်တမ်းအမွေအနှစ် စာရင်းမှာ ဝင်သွားခဲ့တဲ့ ဝေသာလီခေတ်က အာနန္ဒစန္ဒြကျောက်စာကြီးကို ရခိုင်ရဲ့ ရှေးဟောင်းခေတ်ကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းကြီးလို့ ယူဆကြပါတယ်။

အေဒီ ၈ ရာစုခေတ်မတိုင်ခင် ရခိုင်မြောက်ပိုင်းမှာ အုပ်စိုးခဲ့တဲ့ မင်းဆက်တွေရဲ့ လက်ရာအဖြစ် သက္ကတနဲ့ တခြားအိန္ဒိယဘာသာ သုံးမျိုးနဲ့ ရေးထိုးထားတဲ့ ဒီကျောက်စာကြီးကို တန်ဖိုးထားကြပါတယ်။

ရခိုင်သမိုင်းကို အနှစ်ထောင်ချီ ကြာမြင့်ခဲ့ပြီဆိုပြီးလည်း ဒီကျောက်စာကို အထောက်အထားပြုပြီး ပြောကြပါတယ်။

ဒီကျောက်စာကို ရခိုင်ဘုရင် မင်းဗာကြီးလက်ထက်မှာ ဝေသာလီနန်းတော်ကုန်းကနေ ရှစ်သောင်းဘုရားကြီးမှာ ပြောင်းရွှေ့စိုက်ထူခဲ့တာ ဖြစ်ပါတယ်။

ဒီအစောပိုင်း ရခိုင်မင်းတွေဟာ အရှေ့ဘင်္ဂလားက စန္ဒြမင်းဆက်တွေနဲ့ ဆက်နွယ်တယ်လို့လည်း ယူဆကြပါတယ်။

စန္ဒြမင်းတွေ သွန်းလုပ်ခဲ့တဲ့ ဒင်္ဂါးတွေကိုလည်း အေဒီ ၅ ရာစုခေတ်ကစပြီး တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် SOPA Images
Image caption ထုက္ကန်သိမ်ဘုရားကြီး

အစောပိုင်း ယဉ်ကျေးမှု

အေဒီအစောပိုင်းရာစုတွေကစပြီး ရခိုင်ဒေသမှာ ယဉ်ကျေးမှုပေါ်ထွန်းနေပြီလို့လည်း ပညာရှင်တွေက ယူဆကြပါတယ်။

အစောပိုင်းမင်းဆက်တွေရဲ့ အကြောင်းကို သေချာမသိရပေမယ့် အိန္ဒိယဆန်တဲ့ ဝေသာလီနဲ့ မြောက်ဦးခေတ်အကြားမှာ ပုဂံသြဇာလွှမ်းတဲ့ မင်းဆက်တွေ ရခိုင်မြောက်ပိုင်းကို ကြီးစိုးခဲ့ပါတယ်။

စမ္ဘဝက်၊ ပဉ္စာ၊ ပရိန်၊ ခြိတ်နဲ့ လောင်းကြက်စတဲ့ မြို့တွေ ရှိခဲ့တဲ့ ဒေသကို လေးမြို့မြစ်ဝှမ်းလို့ ခေါ်တွင်ပါတယ်။

နောက် မင်းစောမွန်လက်ထက်မှာ ဘင်္ဂလားအကူအညီနဲ့ ရခိုင်ကို မြန်မာသြဇာအောက်က လွတ်အောင် ကြိုးပမ်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Wikicommon
Image caption ၁၆၇၆ က မြောက်ဦးမြို့ကြီး

စည်ကားတိုးတက်ခဲ့တဲ့ မြောက်ဦးခေတ်အကြောင်းကို ရခိုင်စာဆို ဥက္ကာပျံက

​​မြောက်​ဦးရွှီပြည်​သာ၌။

များစွာသည်​ ရွှီလှီ​လောင်း၊

သိင်္ဃနဒီ၊ နန်းတောင်​ဆီဝယ်​၊

ရွှီလှီ မင်းဆိပ်​​ချောင်း၌၊

တ​သောင်းသောင်း​ ပျော်ချိန်ဝယ်၊

တူစုံရှုကြည့်ချင်​သည်​။

သင်္ကြန်​အခါမြတ်​တည့်​လည်

လို့ စပ်ဆိုခဲ့ပါတယ်။

မြန်မာနဲ့ မဂိုဘုရင်တွေ သြဇာလွှမ်းမိုးမှုကို တွန်းလှန်ရင်း ရခိုင်မင်းဆက်နိုင်ငံ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ရာဇဝင်မှာ အစောဆုံးလို့ ယူဆတဲ့ ဓညဝတီမြို့ဟောင်းနဲ့ ဝေသာလီ၊ မြောက်ဦးမြို့တွေ ရှိတဲ့ နယ်မြေမှာ စစ်ဘေးကြောင့် ရှေးဟောင်းစေတီဘုရားတွေ ဒီထက်ပိုထိခိုက်မှာကို ရခိုင်လူမျိုးတွေက စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ မူပိုင် Sylvain CORDIER
Image caption မြောက်ဦးနားက ချင်းအမျိုးသမီးကြီးတယောက်