ပုဂံကို ကာကွယ်သူ၊ ပုဂံမှာပဲသေချင်သူ အင်္ဂလိပ်လူမျိုး ပါမောက္ခ

burma ဓာတ်ပုံ မူပိုင် Bettmann
Image caption ပုဂံလွင်ပြင်က ဘုရားစေတီများ

ဒေါက်တာလုစ်ကို သမိုင်းပါမောက္ခအဖြစ် သိကြပါတယ်။ မြန်မာအစ ကျောက်ဆည်ကအဆိုကို တင်သွင်းသူနဲ့ ပုဂံအကြောင်း စာအုပ်ကြီး သုံးတွဲ ရေးခဲ့သူအဖြစ် မြန်မာပြည်မှာ သိကြပါတယ်။

ပုဂံကို ဗုံးကြဲမခံရအောင် သူကာကွယ်ခဲ့တာကိုတော့ သတိမူမိသူ နည်းပါတယ်။ ၁၉၄၄ ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်း လန်ဒန် အရှေ့တိုင်းပညာသင်ကျောင်းမှာ ခေတ်ဟောင်း မြန်မာဘာသာ၊ ပျူနဲ့ မွန်ဘာသာ ကထိကအဖြစ် တာဝန်ထမ်းဆောင် နေတဲ့ မစ္စတာလုစ်က မဟာမိတ်တပ်တွေကို ဆက်သွယ်ပြီး သမိုင်းကြောင်းအရ တန်ဖိုးကြီးတဲ့ ပုဂံ၊ မန္တလေးနဲ့ သမိုင်းဝင်နေရာတွေကို မထိခိုက်အောင် စစ်ဆင်ရေးတွေ မလုပ်ဖို့ ပန်ကြားခဲ့ပါတယ်။

ဒါကြောင့် စစ်ရေးအရ အချက်အချာကျတဲ့ ပုဂံနားမှာ တိုက်ပွဲကြီးတွေ ဖြစ်ခဲ့ပေမယ့် မြို့ကို ဗုံးကြဲခံရမှုက ကင်းလွတ်ခဲ့ပါတယ်။

ပုဂံလောက် ကံမကောင်းတဲ့ မန္တလေးနဲ့ ရန်ကုန်ကတော့ ဗုံးဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး နောက်ဆုံးမြန်မာနန်းတော် မီးလောင်ပျက်စီးခဲ့ပါတယ်။

ပုဂံကို ကယ်တင်ခဲ့တဲ့ လုစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာဆရာ စာပေပါမောက္ခ မင်းသုဝဏ်က ကဗျာတပုဒ် စပ်ဆိုခဲ့ပါတယ်။

ပုဂံနှင့်ဝေဠု လို့ အမည်ရတဲ့ ကဗျာမှာ မင်းသုဝဏ်က လုစ်ကို ပုဂံခေတ် ငြိမ်းချမ်းရေး သံတမန် အဖြစ် ပီကင်းကို သွားခဲ့တဲ့ ရှင်ဒိသာပြာမုက်နဲ့ နှိုင်းယှဉ်ထားပါတယ်။

ဒီကဗျာမှာ ဒိသာပြာမုက်ကြောင့် ပုဂံပြည် မပျက်စီးခဲ့သလို လုစ်ကြောင့်လည်း ပုဂံဟာ ကမ္ဘာစစ်ဘေးက လွတ်ပြီး သာသနာ နှစ်ငါးထောင်ထိ တည့်တံ့လိမ့်မယ်လို့ ရေးစပ်ခဲ့ပါတယ်။

မဏ္ဍိုင်မေရု ၊ ခံမြို့ပြုသို့

ဝေဠုဆရာ ၊ တားမြစ်ပါသော်

ပေါက္ကရာမ ၊ ဘေးမခပဲ

မြန်မာ့ဂုဏ်ရောင် ၊ ထွန်းလင်းပြောင်သည်

ငါးထောင်တည်မည့် နိမိတ်တည်း လို့ ရေးစပ်ရာမှာ မင်းသုဝဏ်က လုစ်အမည်ကို ဝေဠုလို့ ခေါ်ဆိုခဲ့ပါတယ်။

တကယ်က ဒီနာမည်ဟာ လုစ်ကို သူ့ဇနီးရဲ့ အဘိုးလေးတော်တဲ့ တောင်ခွင်သာသနာပိုင် ဆရာတော်ပေးတဲ့ မြန်မာနာမည် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပွင့်ဦးရိပ်မြုံအဖွဲ့က ဂျွန်မေးနပ်ကိန်း

ပွင့်ဦးရိပ်မြုံ

လုစ်ဟာ ငယ်စဉ်ကတည်းက စာပေထူးချွန်သူ ဖြစ်ပြီး ကျောင်းသားဘဝမှာ ဂရိစာပေကို အင်္ဂလန်တပြည်လုံးမှာ ပထမစွဲခဲ့ပါတယ်။ ကိန်းဘရစ်တက္ကသိုလ်ကနေ လက်တင်နဲ့ ဂရိဂန္ထဝင်စာပေ မဟာဝိဇ္ဇာဘွဲ့ကို ပထမတန်း ဂုဏ်ထူးနဲ့ အောင်ပြီး မြန်မာပြည်မှာ အင်္ဂလိပ်စာ ပါမောက္ခလာလုပ်ခဲ့သူ ဖြစ်ပါတယ်။

ဗြိတိန်မှာ သူကျောင်းသားဘဝက ပေါင်းသင်းခဲ့သူတွေထဲမှာ တရုတ်စာပေ ပညာရှင် အာသာဝေလီလည်း ပါပါတယ်။ သူကတဆင့် နောင်မှာ နာမည်ကြီး စီးပွားရေးပညာရှင်ဖြစ်လာတဲ့ ဂျွန်မေးနပ်ကိန်း၊ သိပ္ပံစာရေးဆရာ အဲလ်ဒပ်စ် ဟပ်စလေတို့လို ပွင့်ဦးရိပ်မြုံ အနုပညာနဲ့ အသိပညာရှင်အဖွဲ့က လူတွေနဲ့ သူသိကျွမ်းလာပါတယ်။

၁၉၁၂ ခုနှစ် အသက် ၂၃ နှစ်မှာ ပါမောက္ခဖြစ်လာတဲ့ လုစ်ဟာ သူ့လို ငယ်ငယ်နဲ့ ပါဠိပါမောက္ခဖြစ်လာတဲ့ ဦးဖေမောင်တင်နဲ့ ရင်းနှီးခဲ့ရာက သူ့နှမ တီတီနဲ့ လုစ်တို့ အိမ်ထောင်ကျခဲ့ပါတယ်။

ဒေါ်တီတီလုစ်ဟာ ၁၉၂၈ မှာ အင်းလျားလမ်းက လူငယ်ဂေဟာကို တည်ထောင်သူ ဖြစ်လာပြီး သူ့ရဲ့ အနှစ် ၃ဝ ကျော် လူမှုဝန်ထမ်းဆောင်ရွက်ချက်တွေကြောင့် ဖိလစ်ပိုင်က ပေးတဲ့ ရေမွန်မက်ဆေးဆေးဆုကို ၁၉၅၉ မှာ ဆွတ်ခူးခဲ့ပါတယ်။

လုစ်နဲ့ ဦးဖေမောင်တင်တို့ဟာ အဲဒီအချိန်က တည်ထောင်စ မြန်မာနိုင်ငံသုတေသနအသင်းရဲ့ အဖွဲ့ဝင်တွေ အဖြစ် မစ္စတာဖာနီဗယ်နဲ့အတူ သုတေသန စာတမ်းတွေ ရေးခဲ့ကြပါတယ်။

လုစ်ဟာ အဲဒီအသင်းထုတ် ဂျာနယ်မှာ အနှစ် ၆ဝ ကျော်ရေးသားသွားခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Marc DEVILLE
Image caption အနှစ်ထောင်ချီတဲ့ ပုဂံက ဗိသုကာလက်ရာ

ပုဂံချစ်သူ

မြန်မာပြည်မှာ ပုဂံကို တွေ့ရှိခဲ့တဲ့ လုစ်ဟာ ပုဂံကို အနည်းဆုံး တနှစ်တခေါက်သွားခဲ့ပါတယ်။ ပုဂံကို သံယောဇဉ်ကြီးသူ ဖြစ်လို့ ပုဂံမှာ ခေါင်းချဖို့အထိကို စိတ်ကူးခဲ့ပါတယ်။

ရောမခေတ် စာပေကို ကျွမ်းကျင်သူ လုစ်လို ပညာရှင်တယောက်က ပုဂံလို ဂန္ထဝင် အနုပညာထွန်းတောက်ရာ ဒေသတွေကို ချစ်ကျွမ်းဝင်တာတော့ ဆန်းလှတဲ့ ကိစ္စမဟုတ်ပါဘူး။

လုစ်အိမ်က ညစာတွေမှာ ပုဂံကျောက်စာပါ အသီးအနှံတွေနဲ့ တည်ခင်းကျွေးမွေးတတ်ပြီး မင်းသုဝဏ်၊ ဇော်ဂျီ စတဲ့ လူငယ်ပညာရှင်တွေ တက်ရောက်လေ့ရှိပါတယ်။

လုစ် ယောက်ဖ ဦးဖေမောင်တင်နဲ့ မင်းသုဝဏ်၊ ဇော်ဂျီတို့ စခဲ့တဲ့ ခေတ်စမ်းစာပေလှုပ်ရှားမှုဟာ တကယ်တော့ ပုဂံကျောက်စာအရေးအသားကို ပြန်လည်ဆန်းသစ်တဲ့ ခေတ်သစ်စာပေ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

လုစ်ဟာ အုပ်စုဖွဲ့ပြီး တွင်ကျယ်လိုသူမဟုတ်ဘဲ ပညာရှင်ဆန်ဆန်နေတတ်တယ်လို့ သူနဲ့ အနှစ် ၃ဝ ကျော် ရင်းနှီးခဲ့တဲ့ မွန်ပညာရှင် နိုင်ပန်းလှက သူကွယ်လွန်ချိန်မှာ အမှတ်တရ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ လုစ်ဟာ မြန်မာလူငယ် ပညာရှင်တွေကို အားပေးပျိုးထောင်ခဲ့သူ၊ ရှေ့က စံနမူနာအဖြစ် လမ်းပြသွားခဲ့သူလို့လည်း ထင်ရှားပါတယ်။

ဒါကြောင့် သူအသက် ၇ဝ ပြည့်ချိန် ၁၉၅၉ မှာ ရန်ကုန်မှာထုတ်တဲ့ နယူးဘားမား အပတ်စဉ်ထုတ်စာစောင်က သူ့အတွက် အထူးထုတ် ထွက်ရှိခဲ့ပါတယ်။

လမ်းစဉ်ပါတီခေတ်မှာ ဝန်ကြီးဖြစ်ခဲ့တဲ့ ဒေါက်တာညီညီ စာတည်းလုပ်တဲ့ အဲဒီအထူးထုတ်မှာ မောင်ထင်၊ တက်တိုး၊ ဒေါ်ခင်မမ၊ ဒေါ်မြမြခင် စတဲ့ မြန်မာတွေက သူ့အတွက် ခေါင်းကြီးရေးသား ချီးကျူးခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်က ပေးတဲ့ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို မစ္စတာဖာနီဗယ်၊ ဦးဖေမောင်တင်တို့နဲ့အတူ ရရှိခဲ့ပြီး ဗြိတိသျှ အစိုးရကပေးတဲ့ စီဘီအီးဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် JBRS
Image caption သမိုင်းပါမောက္ခလုစ်

အရှေ့ဖျားသမိုင်း ပညာရှင်

အင်္ဂလိပ်စာဌာနကနေ ရန်ကုန်တက္ကသိုလ်မှာ အသစ်ဖွင့်တဲ့ အရှေဖျားသမိုင်းဌာနမှာ မစ္စတာလုစ် စာတော်ဖတ် ဖြစ်လာခဲ့ပြီး စစ်ပြီးခေတ်မှာ အထူး ပါမောက္ခအဖြစ် ၁၉၆၅ အထိ ထမ်းဆောင်ပါတယ်။

သူ့လက်ထက်မှာ ရန်ကုန်တက္ကသိုလ်ဟာ တရုတ်နဲ့ပတ်သက်တဲ့ အထောက်အထား စုဆောင်းရာမှာ ထင်ရှားခဲ့ပါတယ်။

ဒီအထောက်အထားတွေဟာ စစ်အတွင်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ဂျပန်က မိုင်းခွဲရာမှာ ပျက်စီးသွားတယ် ဆိုပေမယ့် ဂျပန်ကို တချို့ယူသွားတယ်လို့ လုစ်မိသားစုဘက်က ပြောပါတယ်။

မစ္စတာလုစ်ဟာ ဘာသာစကားကျွမ်းကျင်သူဖြစ်လို့ တိဘက်မြန်မာ ဘာသာစကားအုပ်စုဝင် ဘာသာစကားတွေနဲ့အတူ တရုတ်ဘာသာကိုလည်း ပိုင်နိုင်တတ်မြောက်ပါတယ်။

ဒါကြောင့် ခေတ်ဟောင်းတရုတ်မှတ်တမ်းနဲ့ ပုဂံကျောက်စာတွေကို သုံးပြီး မြန်မာသမိုင်းကို ဖော်ထုတ်ခဲ့ပါတယ်။

ဒီရလဒ်အဖြစ် မြန်မာအစ ကျောက်ဆည်က လို့ လူသိများကြတဲ့ ကျောက်ဆည်မြို့ဟောင်းနဲ့ မြန်မာများ ဝင်လာပုံ စာတမ်းနဲ့ လုစ်ရဲ့ အထင်ရှားဆုံးလက်ရာ အဖြစ် ကျန်ခဲ့တဲ့ ခေတ်ဟောင်းမြန်မာပြည်နဲ့ ပုဂံအစ စာအုပ်ကြီး သုံးတွဲ ၁၉၆၉ မှာ ထွက်ခဲ့ပါတယ်။

ဒီလို သူ့ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းရေးတတ်လို့ လုစ်ကို အစဉ်အလာ သမိုင်းသမားတွေက မနှစ်သက်ကြပါဘူး။

ဒီထဲက အထင်ရှားဆုံးက သူ့တပည့်ဟောင်း ဒေါက်တာထင်အောင် ဖြစ်ပါတယ်။ သူ့လိုပဲ အင်္ဂလိပ်စာကနေ သမိုင်းဘက်ရောက်လာတဲ့ ဒေါက်တာထင်အောင်က ပုဂံမပျက်မီ မြန်မာ့သမိုင်း၊ အစဉ်အလာ ရာဇဝင်များဘက်က ခုခံခြင်း စာအုပ်ရေးပြီး သူ့ဆရာကို ချေပခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာဘာသာစကားနဲ့ အရှေ့တောင်အာရှ လေ့လာရေးမှာ အထင်ရှားဆုံး ပညာရှင်တယောက်ဖြစ်တဲ့ လုစ်ရဲ့ ရေးသားချက်များဟာ ပယ်ချရခက်ပြီး မြန်မာရာဇဝင်စာအုပ်တွေအတွက် အကြီးဆုံးထိုးနှက်ချက်လည်း ဖြစ်တယ်လို့ ဒေါက်တာထင်အောင်က မှတ်ချက်ချခဲ့ပါတယ်။

ယဉ်ကျေးမှုအတွင်းဝန်ဟောင်း ဦးဖိုးလတ်ကတော့ မြန်မာအစ စာတမ်းဖတ်ပွဲလုပ်ဖို့ စီစဉ်ပြီး မဖတ်ခင် ကွယ်လွန်သွားလို့ သူ့စာတမ်းကို နောက်မှထုတ်ဝေခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Old Burma Early Pagan
Image caption ပုဂံမှာ ပျောက်ကွယ်သွားတဲ့ မြကန်ပိဋကတ်တိုက်

လုစ်အမွေ

ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ မြန်မာပြည်က ထွက်သွားရတဲ့ လုစ်တို့ ဇနီးမောင်နှံဟာ နိုင်ငံကမထွက်ခင်မှာ ဒေါ်တီတီလုစ်ရဲ့ လက်ထပ်လက်စွပ်ကို အကောက်ခွန်ကတောင်းလို့ ချွတ်ပေးခဲ့ရပါတယ်။

ဒီအတွက် လိုက်ပို့တဲ့ ပန်းတနော် ဦးခန့်နဲ့ ပထမမြန်မာဗိသုကာ ဦးသာထွန်းတို့ အကောက်ခွန် အရာရှိတွေနဲ့ စကားများခဲ့ကြပါတယ်။

အင်္ဂလိပ်ရေလက်ကြားထဲက ဂျာစီကျွန်းမှာ ပြန်နေကြတဲ့ သူတို့စုံတွဲဟာ မြန်မာပြည်ကို လွမ်းဆွတ်ပြီး ကွယ်လွန်သွားခဲ့ကြပါတယ်။

အသက် ၉ဝ ထိ နေပြီး ၁၉၇၉ မှ ကွယ်လွန်ခဲ့တဲ့ လုစ်ဟာ မကွယ်လွန်ခင်မှာ မြန်မာပြည်က မိတ်ဆွေတွေနဲ့ တောက်လျှောက် အဆက်အသွယ်ရှိခဲ့ပါတယ်။

၁၉၇၅ မှာ ပုဂံငလျင်လှုပ်တဲ့အခါ သူစုဆောင်းထားတဲ့အထဲ စတာလင်ပေါင်တရာကို ရှေးဟောင်းသုတေသနဌာနကို ပို့ပြီး ကူညီခဲ့ပါတယ်။

သူကွယ်လွန်ပြီးနောက် မြန်မာပြည် လူမျိုးစုတွေအကြောင်းကို ရေးတဲ့ ပုဂံအကြို မြန်မာပြည်၊ ဘာသာစကားများနဲ့ သမိုင်း စာအုပ်ကို ၁၉၈၅ မှ ဖြန့်ချိခဲ့ပါတယ်။

ဒီစာအုပ်မှာ ရခိုင်အနောက်ပိုင်းက ရိုဟင်ဂျာ မျိုးနွယ်တွေအကြောင်း ဖော်ပြခဲ့ပြီး ဒီအကြောင်းကို ဒေါက်တာသန်းထွန်းက ဘာသာပြန်ဆိုခဲ့ပါတယ်။

သူ့စာစုတွေကို သြစတြေးလျအမျိုးသား တက္ကသိုလ်က ဝယ်ယူ စုဆောင်းခဲ့ပါတယ်။ ဒီထဲမှာ ပုံမနှိပ်ရသေးတဲ့ စာတမ်းတွေ ပါမယ်လို့ ယူဆရပါတယ်။

နိုင်ပန်းလှ ရေးသားချက်အရ မြန်မာပြည်အကြောင်း တရုတ်ဘာသာစာအုပ်များရှေးဟောင်း မြန်မာစာပေစကားများခေတ်ဟောင်းမြန်မာပြည်နဲ့ ပိဋကတ်စာပေအနော်ရထာရဲ့ နိုင်ငံခြား ဆက်ဆံရေးချင်းဘာသာစကားများရဲ့ ဘုံလက္ခဏာ စတဲ့ လုစ်ရဲ့ မထုတ်ဝေရသေးတဲ့ စာတမ်းတွေ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

လုစ်ရဲ့ တပည့်ရင်း၊ ပုဂံက ကျောက်စာအရာရှိ မွန်ဘိုကေက ဆရာကို လွမ်းဆွတ်လို့ နဂါးရုံဘုရားမှာ ဆြာလုစ်သို့ ကဗျာကို မှင်စာရေးထိုးထားတာကိုလည်း ခုတိုင်တွေ့နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Zay Myo Lin
Image caption မွန်ဘိုကေရဲ့ လက်ရေး