ဝ တရုတ်နယ်စပ်က UWSA နဲ့ မြန်မာ့နိုင်ငံရေး၊ ဗကပအလွန် နှစ် ၃ဝ

burma ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ငြိမ်းချမ်းရေး အနှစ် ၃ဝ ပွဲက ဝအမျိုးသမီးငယ်တွေရဲ့အက

ရှမ်းပြည် အရှေ့မြောက်စွန်းက ဝဒေသကို ၁၉၆ဝ ကျော်နှစ်တွေအထိ လူသူအရောက်အပေါက်နည်းခဲ့ပါတယ်။

ဝနယ်မြေဟာ အစဉ်အလာအားဖြင့် မြန်မာအစိုးရနဲ့ တရုတ်အစိုးရတွေ သြဇာမသက်ရောက်ခဲ့တဲ့ နယ်မြေ ဖြစ်ပြီး ၂ဝ ရာစုဦးက ဒီနယ်မြေကို ဝင်ဖို့ ကြိုးစားတဲ့ အင်္ဂလိပ်နဲ့ တရုတ်တပ်တွေကို တိုက်ထုတ်တာတွေ ရှိခဲ့ပါတယ်။

အနားက ကိုးကန့်နယ်မှာ မြို့စားအုပ်ချုပ်ရေး ရှိခဲ့ပေမယ့် တချိန်က ထိုင်းမြောက်ပိုင်းနဲ့ ကျိုင်းတုံနယ်ကိုပါ စိုးမိုးခဲ့တယ် ဆိုတဲ့ ဝလူမျိုးတွေကတော့ တောင်ပေါ်လူမျိုးစုတွေ အဖြစ် ခေတ်နောက်ကျတဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။

ဗြိတိသျှတပ်တွေ ရှမ်းပြည်ကို သိမ်းပြီးတဲ့နောက်မှလည်း ကျိုင်းတုံ၊ သိန္နီနယ်တွေနဲ့ကပ်နေတဲ့ မိုင်းလွန်းနယ်ကိုသာ သူတို့ အုပ်ချုပ်နိုင်ခဲ့ပြီး ကျန်တဲ့ ဝနယ်တွေကို မစွက်ဖက်ဘဲ ထားခဲ့ပါတယ်။

မိုင်းလွန်းနယ်မှာ ဗုဒ္ဓဘာသာဝင် ဝလူမျိုးတွေ နေထိုင်ပြီး ခေါင်းမဖြတ်လို့ ဝယဉ်လို့လည်း သူတို့ကို ခေါ်ပါတယ်။

ဒါကြောင့် ဝဒေသမှာ ရှိတဲ့ တရုတ်မြန်မာ နယ်နိမိတ်ကို မသတ်မှတ်နိုင်ဘဲ ရှိခဲ့ပါတယ်။

ဝနယ်တွေမှာ လူဦးရေ ၂ဝဝ-၂၅ဝ ကနေ ၄ဝဝ လောက်ထိပဲ ရှိကြပြီး ခွဲနေလို့ လူနည်းရင် လာတိုက်မှာစိုးလို့ ရွာမတည်ရဲဘူးလို့လည်း မြန်မာ့စွယ်စုံကျမ်းမှာ ပါရှိပါတယ်။

ဓာတ်ပုံ မူပိုင် Wikicommon
Image caption ဗြိတိသျှမှတ်တမ်းတွေထဲက ဝပြည်နယ်များ

၁၉၃ဝ ကျော်က မြန်မာစာနယ်ဇင်းတွေမှာ ဝဒေသကို စွန့်စားရှာဖွေသူတွေအတွက် ရင်ခုန်စရာနယ်မြေလို ဖော်ပြခဲ့ကြပြီး ဒဂုန်ခင်ခင်လေးရဲ့ ရွှေစင်ရုပ် ဝတ္ထုဟာ ဒီနယ်မှာ ရှိတယ်လို့ သတင်းဖြစ်ခဲ့တဲ့ ရွှေသမင်ချောင်းအကြောင်း ရေးဖွဲ့ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဝနယ်ထဲက ပန်လုံမြို့ကို ဂျပန်တပ်တွေ ဝင်ဖျက်ဆီးခဲ့ပြီး မြို့ထဲက ခုခံခဲ့တဲ့ ပန်းသေးကာကွယ်ရေးတပ်တွေ ယူနန်နယ်ကို ဝင်ခိုလှုံခဲ့ရပါတယ်။

စစ်အတွင်း တရုတ်နယ်စပ်မှာ ကိုးကန့်၊ တရုတ်နဲ့ ပန်းသေး ကာကွယ်ရေးတပ်တွေ ဖွဲ့ဖို့ တရုတ်ကူမင်တန်အစိုးရက အားပေးခဲ့ပြီး ဂျပန်ကို တိုက်ဖို့ ထောက်ပံ့ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ဘိန်းစိမ်းကို ချိန်တွယ်နေတဲ့ ဝစျေးသည်

တရုတ်ဖြူ

လွတ်လပ်ရေးရပြီးနောက် မကြာမီ တရုတ်ပြည်မှာ ကွန်မြူနစ်အစိုးရတက်လာပြီး တရုတ်နယ်စပ်က ဝဒေသကို ကူမင်တန်တရုတ်ဖြူတပ်ပြေးတွေ ဝင်လာပါတယ်။ တရုတ်ဖြူလက်အောက်ခံ တပ်တွေ ဖွဲ့လာသလို ဝစော်ဘွားတွေနဲ့ ပေါင်းပြီး ဘိန်းကုန်ကူးတာတွေ လုပ်ခဲ့ပါတယ်။

လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ ပြည်တွင်းစစ်နဲ့ ပြည်ပကျူးကျော်မှုတွေကြောင့် နယ်စွန်နယ်ဖျားမှာ အုပ်ချုပ်ရေး မစနိုင်တဲ့ မြန်မာအစိုးရဟာ ဝဒေသကို လေ့လာရေးလွှတ်တာ၊ ဖွံ့ဖြိုးရေးအတွက် ဘဝသစ် မြှင့်တင်ရေး အဖွဲ့တွေနဲ့ သာသနာပြုတွေ လွှတ်ဖို့ ကြိုးစားခဲ့ပါတယ်။

၁၉၅၄ မှာ ဝ၊ ကိုးကန့်နဲ့ မိုင်းလွန်းနယ်တွေကို ပေါင်းပြီး ရှမ်းပြည် အရှေ့မြောက်အထူးခရိုင် ဖွဲ့ဖို့ကြိုးစားပါတယ်။

ဒါပေမဲ့ စာတိုက်တောင် မရှိတဲ့ ဝဒေသမှာ လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းသလို တရုတ်ဖြူတပ်တွေလည်း ရှိနေတာမို့ မြန်မာအစိုးရ သြဇာမညောင်းခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption မီးဖိုဘေးက ဝမိသားစု

၁၉၆ဝ မှာ တရုတ် မြန်မာနယ်နိမိတ် စာချုပ်ချုပ်ရာမှာတော့ ဝနယ်ထဲက ပန်ဟုန်းနဲ့ ပန်လောလူမျိုးတွေနေတဲ့ ၇၃ စတုရန်းမိုင်ကျယ်တဲ့နယ်မြေကို မိုင်းမောတြိဂံနယ်မြေနဲ့ လဲပြီး တရုတ်ပြည်ကို မြန်မာက လွှဲပြောင်းပေးခဲ့ပါတယ်။

နယ်နိမိတ်မျဉ်းပေါ်က ရွာတချို့ကိုလည်း တရုတ်နဲ့ မြန်မာအစိုးရတွေကြား ခွဲဝေယူခဲ့ကြပါတယ်။

တိုးတက်မှုကိုလိုချင်

တရုတ်ပြည်ဘက်မှာ ရှိတဲ့ ဝလူမျိုးတွေကတော့ ကွန်မြူနစ်အစိုးရတက်လာပြီးနောက်ပိုင်း ဖွံ့ဖြိုးမှုတွေ ရှိလာခဲ့ပြီး လက်ဝဲဝါဒသြဇာ ဝင်လာပါတယ်။ တရုတ်ပြည်မှာလည်း သူတို့အတွက် ရှီမန် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ခရိုင် သတ်မှတ်ထားပါတယ်။

တရုတ်ဘက်မှာ စာသင်ပြီး ပြန်လာတဲ့ ဝလူငယ်တွေရဲ့ ပြောက်ကျားတပ်တွေဟာ စော်ဘွားနဲ့ တရုတ်ဖြူဆန့်ကျင်ရေးအတွက် စုစည်းလာမိပါတယ်။ ဒီတပ်တွေကို တရုတ်အစိုးရက ထောက်ပံ့ ပေးခဲ့တယ် လို့လည်း သိရပါတယ်။

၁၉၈၉ နောက်ပိုင်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဋ္ဌတွေ ဖြစ်လာကြတဲ့ ကျောက်ညီလိုင်နဲ့ ပေါက်ယိုချမ်းတို့ဟာ ၁၉၆ဝ ကျော်တုန်းက တရုတ်အစိုးရ ထောက်ပံ့တဲ့ ပြောက်ကျားခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။

၁၉၆ဝ ကျော်ထိ တရွာနဲ့တရွာ ရန်စောင်ပြီး ခံတပ်တွေနဲ့ နေရတဲ့ ဘဝကနေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆိုရှယ်လစ်ဝါဒကို သူတို့အားကျခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ၁၉၉၃ က တောတွင်းတနေရာမှာ တွေ့ရတဲ့ USWA ဝတပ်ဖွဲ့ဝင်တွေ

၁၉၆၆ မှာ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကြောင့် မြန်မာပြည်ကို ရိုက်ခတ်ပြီး တရုတ်-ဗမာ အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တရုတ်အစိုးရက မြန်မာပြည်ထဲက ဗမာပြည် ကွန်မြူနစ် ပါတီ တပ်တွေကို အလုံးအရင်းနဲ့ ထောက်ပံ့ခဲ့ပါတယ်။

ပဲခူးရိုးမမှာ ပြိုကွဲပြီး အရှေ့မြောက်ဘက် ရွှေ့လာရတဲ့ ဗကပတွေအတွက် ဝနဲ့ ကိုးကန့်နယ်မှာ ခိုလှုံစရာဖြစ်လာသလို နယ်ခံတပ်တွေနဲ့ ပေါင်းပြီး မြန်မာအစိုးရကို တိုက်ခိုက်ဖို့ ဖြစ်လာပါတယ်။

ဟိုက်ကမ်းပါး တိုက်ပွဲလို နာမည်ကြီးတိုက်ပွဲတွေမှာ ဝ၊ ကိုးကန့်၊ တရုတ်စတဲ့ လူမျိုးစုံတပ်တွေ ဗကပဘက်က ကူတိုက်ပေးခဲ့ကြပါတယ်။

ဒီတိုက်ပွဲကြီးတွေကြောင့် စစ်ပန်းပြီး လူဦးရေ လျော့နည်းလာလို့ ဒီလူမျိုးစုတွေက ဗကပကို တော်လှန်တယ်လို့လည်း အနောက်တိုင်းက စာရေးဆရာတွေက ရေးပါတယ်။

၁၉၈၉ ဗကပပြိုကွဲမှုဟာ ၁၉၈၈ နိုင်ငံရေးအပြောင်းအလဲနဲ့ဆိုင်သလို ၁၉၇၉ နောက်ပိုင်း ဗကပကို တရုတ်ထောက်ပံ့မှုတွေလျှော့ချလာတဲ့ နိုင်ငံရေးပြောင်းလဲမှုနဲ့လည်း သက်ဆိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်ခေါင်းဆောင် မော်စီတုန်းနဲ့ တိန့်ရှောင်ဖိန်

စစ်အေးအဆုံးသတ်

တရုတ်ပြည်မှာ မော်စီတုန်းအလွန် တိန့်ရှောင်ဖိန်လက်ထက်မှာ ပြည်ပက ကွန်မြူနစ်လက်နက်ကိုင်လှုပ်ရှားမှုတွေကို အထောက်အပံ့တွေ လျှော့ချလာပါတယ်။

ဗကပဘက်ကလည်း ပြည်တွင်းမှာ နိုင်ငံရေးပြန်ခြေချဖို့အတွက် ၁၉၈ဝ မှာ ဦးနေဝင်းအစိုးရနဲ့ လျှို့ဝှက် စေ့စပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဗကပရဲ့ ပါတီ၊ တပ်နဲ့ အခြေခံဒေသ တည်ရှိခွင့် တွေကို မဆလက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီလို့ လက်မခံနိုင်ဘူး ဆိုပြီး ဆွေးနွေးပွဲ ပျက်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် ၁၉၈၈ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အခါ ဗကပယူဂျီတွေရဲ့လက်ချက်ပါတယ်ဆိုပြီး အသစ်တက်လာတဲ့ မြန်မာစစ်အစိုးရက စွပ်စွဲခဲ့ပါတယ်။

တခါ ၁၉၈၈ အပြီးမကြာမီလပိုင်းအတွင်း ကိုးကန့်ပုန်ကန်မှုကစပြီး ဗကပပြိုကွဲခဲ့တဲ့အတွက် ဒီခွဲထွက်မှုတွေနောက်မှာ စစ်အစိုးရလက်ချက်ပါတယ်လို့လည်း ရေးသားကြပါတယ်။

ကိုးကန့်မှာ အရင်က ရန်ဘက်ဖြစ်ခဲ့တဲ့ ဖုန်မိသားစုနဲ့ မြန်မာအစိုးရဘက်က လော်စစ်ဟန်တို့ ညှိပြီး ခွဲထွက်ဖို့ ကြံခဲ့တယ်လို့လည်း သိရပါတယ်။

ကမ္ဘာမှာ အရှေ့အုပ်စုပြိုကွဲပြီး နိုင်ငံတွေ ခွဲထွက်တာလိုမျိုး ဗကပအောက်က လူမျိုးစုတပ်တွေ ခွဲထွက်တာလည်း ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption လားဝန်တင်တွေနဲ့ ခရီးထွက်နေတဲ့ ဝတပ်သားတွေ

၁၉၆၈ က အမှတ်မထင်ပေါင်းစည်းခဲ့မှုဟာ ၁၉၈၉ ခွဲထွက်ချိန်ရောက်တော့လည်း ကိုယ့်အကြောင်းနဲ့ကိုယ်လမ်းခွဲခဲ့ကြတယ်လို့ ၁၉၈၉ ဧပြီလ ၁၇ ရက် ပန်ဆန်း ဗကပ ဌာနချုပ်သိမ်းပိုက်ခံရချိန်မှာ ရှိခဲ့တဲ့ စာရေးဆရာ နေဦးဝေက ရေးသားခဲ့ပါတယ်။

၁၉၈၉ ခွဲထွက်တဲ့နေ့မှာ ဝတပ်တွေက ပန်ဆန်းကို ဝင်လာပြီး ဗကပထဲက မြန်မာတွေကို တရုတ်နယ်စပ်ဘက် မောင်းထုတ်လိုက်ပါတယ်။

တရုတ်ပြည်ထဲ ရောက်ပြီးမှ ဗကပတွေကို ဝမှာပြန်လာနေဖို့ ဆွေးနွေးတာတွေ ရှိတယ်လို့လည်း နေဦးဝေက ရောင်စုံပန်းစကြာထဲမှ ကြယ်နီပွင့် စာအုပ်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ဗိုလ်မှူးချုပ်ခင်ညွန့်ရဲ့ မြန်မာထောက်လှမ်းရေးတွေက ဝတွေကို ဗကပနဲ့ မဆက်ဆံဖို့ ဖိအားပေးတဲ့အတွက် ပြန်ပေါင်းစည်းရေး အစီအစဉ်တွေ ပျက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဝတပ်သားတွေ စစ်ရေးပြသ

ခေတ်မီမှုနဲ့ မူးယစ်ပြဿနာ

နောက်ပိုင်းမှာ နဝတအစိုးရက ဝနဲ့ကိုးကန့်တွေကို စီးပွားရေးလုပ်ပိုင်ခွင့်တွေ အများအပြားပေးလို့ မန္တလေးလိုနေရာတွေမှာ နယ်ခံတွေက အမြင်မကြည်တာတွေ ရှိခဲ့ပါတယ်။

မူးယစ်ဆေးဝါးရောင်းချတာတွေ၊ ပြည်မမှာ တခြားစီးပွားရေးတွေနဲ့ ဒီအပစ်ရပ်အဖွဲ့တွေ ချမ်းသာလာတယ်လို့လည်း ဆိုပါတယ်။

ဘိန်းနဲ့မူးယစ်ဆေးပပျောက်ရေးတွေ ဝအာဏာပိုင်တွေဘက်က လုပ်ခဲ့ပေမယ့် တကယ်ထိရောက်မှုကိုတော့ တိုင်းတာရခက်နေပါတယ်။

တပ်သားနှစ်သောင်းကျော်တယ်ဆိုတဲ့ ဝတပ်ဟာ မူးယစ်ဆေးထုတ်လုပ်ရောင်းချမှုနဲ့ ဆက်စပ်တယ်ဆိုပြီးလည်း အမေရိကန် အာဏာပိုင်တွေက ၂ဝဝ၃ ခုနှစ်ကတည်းက သတ်မှတ်ခဲ့ပါတယ်။

ကျိုင်းတုံတောင်ဘက်မှာ ဝနယ်မြေချဲ့ထွင်မှုတွေ ရှိခဲ့သလို ၂ဝ၁၆ မှာ မိုင်းလားအထူးဒေသကို ဝတပ်တွေ ဝင်သိမ်းတာတွေ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption တရုတ်နယ်စပ်က ခေတ်မီအဆောက်အအုံတွေရှိတဲ့ ဝမြို့တော်

၁၉၈၉ က အပစ်ရပ်စဲရေးနောက်ပိုင်း ကိုးကန့်နဲ့ မြန်မာအစိုးရတပ်ကြား ဆက်ဆံရေးပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပေမယ့် ဝနယ်မြေမှာတော့ အုပ်ချုပ်ရေးခိုင်ခိုင်မာမာ ဖြစ်လာခဲ့ပြီး မြန်မာအစိုးရသြဇာ သက်ရောက်မှုမရှိတာကလည်း ၁၉၆၈ မတိုင်ခင်ကာလတွေအတိုင်း ပြန်ဖြစ်လာခဲ့ပါတယ်။

တိုက်ပွဲတွေ ငြိမ်းသွားတဲ့ နှစ် ၃ဝ အတွင်း ပထမဆုံးအကြိမ် ဝမှာ အမြဲတမ်းတပ်ဖွဲ့၊ အခွန်ကောက်စနစ်နဲ့ အခြေခံအဆောက်အအုံတွေ ပေါ်ထွက်လာပေမယ့် မူးယစ်ဆေးနဲ့ ဘိန်းကိစ္စတွေကြောင့် ဝရိုးရာ လူနေမှုတွေ ထိခိုက်တယ်လို့လည်း သိရပါတယ်။

ဝ၊ ကိုးကန့်နဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးကလည်း ၁၉၆ဝ ကျော်ကလို ဆက်လက်ခိုင်မာပုံရပါတယ်။

အုပ်ချုပ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတွေမှာလည်း မြန်မာထက် တရုတ်နဲ့ပိုနီးစပ်တာကို တွေ့ရတဲ့အတွက် ဝမှာ မြန်မာပြည်ရဲ့ အာဏာသက်ရောက်မှုမရှိတော့ဘဲ တရုတ်တပိုင်းနယ်မြေ ဖြစ်နေပြီလို့ မြန်မာနဲ့ အနောက်စာနယ်ဇင်းတွေက ရေးသားနေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဝငြိမ်းချမ်းရေး အနှစ် ၃ဝ ဆင်ယင်နိုင်ပြီ