အလင်္ကာပုလဲပန်း၊ စောက်မှန်းကမ်းမှန်း မသိလို့ လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရ

မြန်မာမြစ် ဓာတ်ပုံ မူပိုင် Getty Images
Image caption ရေရဲ့ အတိမ်အနက်ကို မသိတာ၊ ကမ်းလား မတ်စောက်တဲ့ နေရာလားမသိတာကို စောက်မှန်းကမ်းမှန်းမသိဘူးလို့ခေါ်

ဘာသာစကားတွေဟာ ခေတ်ကာလကြာရှည် ဖြတ်သန်းစီးဆင်းလာရတော့ တချို့စကားတွေ တချို့ အသုံးအနှုန်းတွေဟာ ခေတ်ကာလရဲ့ ပွတ်တိုက်မှုကြောင့် မှေးမှိန်လာတာတွေ၊ ပျောက်ကွယ်သွားတာတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘာသာစကား ကိုယ်ပေမယ့် လူအများနားမလည်ကြတာတွေ ရှိတတ်ပါတယ်။ မြန်မာစာမှမဟုတ်၊ ဘာသာစကားတိုင်းမှာ ရှိတတ်ပါတယ်။ အနက်မဖော်တတ်သေးတဲ့ စကားတွေလည်း အများအပြားရှိကြပါတယ်။ ခေတ်ကာလကြာရှည်ဖြတ်သန်းပြီးနောက် ဝေါဟာရ အပေါ်၊ အသုံးအနှုန်းအပေါ်လူတွေရဲ့ သဘောထား ပြောင်းလဲကုန်တတ်ကြတာလည်း ရှိပါတယ်။

ဥပမာ တခုပြောရရင် စောက်သုံးမကျဘူး၊ စောက်အဆင့်အတန်းမရှိဘူး၊ စောက်ရေး မပါဘူးဆိုတဲ့စကားတွေဟာ ရိုင်းပါတယ်။ ရှေးကတော့ အဲဒီစကားတွေဟာ ရိုင်းမှန်း လူတိုင်းအသိပါ။ လူကြီးသူမရှေ့၊ ဆရာသမားရှေ့မှာ ယဉ်ကျေးတဲ့သူ ဘယ်သူမှ မသုံးပါဘူး။ စာရေးရင်တောင်မှ စလုံးအစား သအက္ခရာကို အစားထိုးပြီး သောက်သုံးမကျဘူးလို့ ရေးတတ်ပါတယ်။ အဲဒီစောက်က ဘာလို့ရိုင်းသလဲဆိုတော့ မိန်းမအင်္ဂါနဲ့ ခိုင်းနှိုင်းသုံးတာမို့ ရိုင်းတာပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာ လူငယ် တော်တော်များများက စောက်ဆိုတာ အဲဒါကိုသုံးတာလို့ မသိတော့ ရိုင်းတယ်လို့ မထင်ကြတော့ဘူး။ အာလုတ်သံတခုလို့ပဲ ထင်ပြီး နေရာမရွေး၊ အချိန်အခါမရွေး သုံးနှုန်းလာတတ်ကြပါတယ်။

အဲဒီစောက်ကိုတော့ ငယ်ရွယ်သူတချို့က ရိုင်းလို့ရိုင်းမှန်းမသိကြသလို စောက်မှန်းကမ်းမှန်းမသိ ဆိုတဲ့စကားကျပြန်တော့ လူလတ်ပိုင်းတချို့က မရိုင်းပေမယ့် ရိုင်းတယ်လို့ ထင်တတ်ကြပြန်တယ်။ စောက်မှန်းကမ်းမှန်း မသိဟာ ဘာလို့ မရိုင်းသလဲဆိုတော့ အဲဒီစောက်ဟာ မိန်းမအင်္ဂါနဲ့ ခိုင်းနှိုင်းတာ မဟုတ်လို့ပါ။ ဒါဆို အဲဒီစောက်ကဘာအဓိပ္ပာယ်ပါလဲ။ ခရီးဆောင် မြန်မာအဘိဓာန်မှာ စောက်မှန်းကမ်းမှန်းမသိကို ဇောက်မှန်းကမ်းမှန်းမသိလို့ အသံထွက်ဖို့ လမ်းညွှန်ထားပါတယ်။ ဒါဆိုရင် ဘာကိုဆိုလိုတယ်ဆိုတာ တော်တော်ထင်ရှားသွား ပါပြီ။ အဲဒီစောက်ဟာ အတိမ်အနက်ကို ကိုယ်စားပြုတာပါ။ ဇောက်ဘယ်လောက်နက်သလဲဆိုတဲ့ ဇောက်နဲ့ အတူတူပါ။ စောက်မှန်းကမ်းမှန်းမသိ ဆိုတဲ့ စကားရဲ့ သဘောက မြစ်ကမ်းပါးက ရေအတိမ်အနက်ကို ဆိုလိုတာ ဖြစ်ဟန်တူပါတယ်။ စောက်နက်တဲ့ နေရာမှာပဲ ရှိနေသလား၊ ကမ်းကိုရောက်ပြီလားဆိုတာကို နားမလည်ဘူးလို့ ပြောချင်တာပါ။ အဓိပ္ပာယ်ကတော့ သင့်မသင့်၊ တော်မတော်ကို မခွဲခြားတတ်တာကို ပြောချင်တာပါ။

အငြင်းပွားတတ်တဲ့ စကားတခွန်းရှိပါသေးတယ်။ အဲဒါကတော့ လိပ်ခဲတည်းလည်းပါ။ အဓိပ္ပာယ်က မပြီးမပြတ်တာ၊ မတင်မကျဖြစ်နေတာ၊ တိုးလိုးတန်းလန်းဖြစ်နေတာကို ပြောမှန်းတော့ သိကြပါတယ်။ စကားရင်းမြစ်ကို မသိကြတာပါ။ လူကြီးတချို့က ဒီစကားကို ရိုင်းတယ်လို့ ထင်ကြပါတယ်။ ရိုင်းတယ်ထင်ပြီး မသုံးဖို့တားတတ်ပါတယ်။ ဘာလို့ရိုင်းတယ်ထင်သလဲဆိုတော့ ဒီစကားဟာ ၅၅၀ ပုံဝတ္ထုက ဆင်းသက်လာတယ်ထင်ကြလို့ပါ။ ၅၅၀ နိပါတ်ထဲမှာ ခန္တီပါရမီကျင့်တဲ့ ဘုရားလောင်း ရသေ့တပါးနဲ့ အလွန်ဆော့တဲ့ မျောက်အကြောင်း ဇာတ်လမ်းတပုဒ်ရှိပါတယ်။ အလွန်ဆော့တဲ့ မျောက်ဟာ ဘုရားလောင်းကို မတော်တလျော် မျိုးစုံလုပ်တာကို ဘုရားလောင်းက သည်းခံတော်မူတဲ့ အကြောင်းပါ။ တရက်မှာတော့ အဲဒီအဆော့သန်တဲ့ မျောက်ဟာ ဆော့ကျင့်ပါနေပြီး လိပ်တကောင်ရဲ့ ပါးစပ်ထဲကို သူ့လိင်အင်္ဂါထည့်သွင်းဆော့ကစားရာမှာ လိပ်က ပါးစပ်နဲ့ ဖမ်းခဲထားလိုက်တယ်လို့ ဇာတ်တော်ထဲမှာ ပါပါတယ်။ အဲသလို မျောက်တန်ဆာကို လိပ်ကခဲထားလို့ တည်းလည်း ဖြစ်နေတာကို ရည်စူးပြီး လိပ်ခဲတည်းလည်း စကားပေါ်ပေါက်လာတယ်လို့ တချို့က ယူဆပါတယ်။ ဒါ့ကြောင့် လိပ်ခဲတည်းလည်း စကားကရိုင်းတယ်လို့ ထင်ပြီး မသုံးဖို့ ဟန့်တတ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လိပ်ခဲတည်းလည်းစကားဟာ မျောက်နဲ့ ဘုရားလောင်း ဇာတ်ဝတ္ထုနဲ့ မသက်ဆိုင်

မြန်မာစာအဖွဲ့က ဆရာကြီးဦးထွန်းတင့်က အဲဒီအယူအဆကို သဘော မတူပါဘူး။ အဲဒီယူဆချက်ဟာ အတွေးခေါင်လွန်းတာပါလို့ ဆရာကြီးက ဆိုပါတယ်။ သူ့မူလစကားလုံးမှာကိုက အနက်က ထင်ရှားပြီးသားမို့ အဲသလောက် အတွေးခေါင်နေဖို့ မလိုပါဘူးလို့ ဆိုပါတယ်။ လိပ်နေတယ်ဆိုတဲ့ စကားကိုကြည့်ပါ။ လိပ်နေတယ်ဆိုကတည်းက ဖြည်ရခက်နေပြီ ဆိုတဲ့ သဘောပါဝင်နေပါတယ်။ ခဲနေတယ် ဆိုတဲ့စကားကိုလည်း ကြည့်ပါ။ ခဲနေကျပ်နေတယ်ဆိုကတည်းက အလွယ် တကူ ချောချောမွေ့မွေ့ မစီးဆင်းဘူးဆိုတဲ့ သဘောကို ဆိုလိုတာ ထင်ရှားနေတယ်လို့ ဆရာကြီး ဦးထွန်းတင့်က ရှင်းပြပါတယ်။ ဒီတော့ လိပ်ခဲ ဆိုတာ လိမ်နေတယ်၊ ရှုပ်နေတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ အတူတူပါ။ လိပ်ခဲတည်းလည်းဆိုတာ လိပ်နေ ခဲနေလို့ တိုးလိုးတန်းလန်း ဖြစ်နေတာ ရှေ့ဆက်တိုးမရတော့တာကို ဆိုလိုတယ်လို့ ဆရာကြီးက ဆိုပါတယ်။

ဒီတော့ လိပ်ခဲတည်းလည်းဟာ မသုံးသင့်တဲ့စကား မဟုတ်ပါဘူး။ ရိုင်းတဲ့စကားမဟုတ်ပါဘူး။

မပြေးသော်ကန်ရာရှိဆိုတဲ့ စကားကိုလည်း နားမလည်ကြသူ တော်တော်များပါတယ်။ မလုပ်ဘူးလို့ ပြောပေမယ့် ငြင်းမရလောက်တဲ့ အထောက်အထားက ရှိနေပြီလို့ ဆိုချင်ကြောင်းကိုတော့ လူတိုင်းနားလည် ကြပါတယ်။ နားလည်လို့ သုံးလည်းသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် ကန်ရာက ဘယ်မှာရှိတာလဲလို့ မေးရင်တော့ စကားဆွံ့သွားတတ်ပါတယ်။ တချို့က နောက်ကျောမှာ ကန်ထားတဲ့ ခြေရာကြီးရှိတာနေမှာပေါ့လို့ ကြံဖန်ဖြေတတ်ကြ ပါတယ်။ ဒါပေမယ့် တော်တော့်ကို မဆီလျော်တာ ထင်ရှားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာကြီး ဒေါက်တာလှဘေက အတွေးအမြင် မဂ္ဂဇင်းမှာ ဆောင်းပါး တပုဒ်ရေးခဲ့ဖူးပါတယ်။ လူတယောက်ပြေးတော့မယ်ဆိုရင် တာထွက်မယ့်အချိန်မှာ နောက်ခြေထောက်က မြေကြီးကို ခြေကန်ပြီးမှ အားယူထွက်ရိုးထုံးစံ ရှိပါတယ်။ မပြေးပါဘူးလို့ ဘယ်လိုပင်ငြင်းနေလင့်ကစား မြေကြီးကို ခြေကန်ပြီး အားယူထားတဲ့ ခြေကန်ရာကြီးက မြေပေါ်မှာ အထင်းသားကျန်နေတာကို ဆိုလိုတာပါလို့ ဆရာကြီး ဦးလှဘေက ရှင်းထားပါတယ်။

စောက်မှန်းကမ်းမှန်းမသိရင် လိပ်ခဲတည်းလည်း ဖြစ်တတ်ပေမယ့် မပြေးသော်ကန်ရာရှိနေပြီးသားပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မပြေးသော်လည်း ကန်ရာရှိခဲ့ပြီဖြစ်ရာ ငြင်းနေလို့လည်း ထူးတော့မည် မဟုတ်

ဆက်စပ် အကြောင်းအရာများ