မြစ်ဆုံလုပ်သင့် မလုပ်သင့်၊ ပြည်သူ ဆုံးဖြတ်ခွင့် မရှိဘူးလား၊ မြစ်ဆုံကြောင့် မြစ်ဆုံးရတော့မှာလား

မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး ပြပွဲ အခမ်းအနား တခုကို ၂၀၁၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့စဉ် ဓာတ်ပုံ မူပိုင် Getty Images
Image caption မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး ပြပွဲ အခမ်းအနား တခုကို ၂၀၁၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့စဉ်

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသွားပြီး တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံနေချိန်မှာ မြန်မာနိုင်ငံသားအများအပြား စိုးရိမ်ပူပန်နေကြတဲ့ ပြဿနာ တခုကတော့ မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့များ ဒေါ်အောင်ဆန်းစုကြည်က လက်ခံ သဘောတူလာခဲ့လေမလား ဆိုတဲ့အချက်ပါ။

ဒီစိုးရိမ်မှုကို ပြည်သူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖော်ပြခဲ့ကြပါတယ်။ မကြာခင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်၊ မိုးလေဝသပညာရှင်၊ စာရေးဆရာ၊ အနုပညာသမား အစုံအလင်ပါဝင်တဲ့ ဧရာဝတီကို ပြန်ရွေးယူကြမယ် ဆိုတဲ့ လှုပ်ရှားမှုဟာ ထင်ရှားခဲ့ပါတယ်။ ဝိုင်းမော်မြို့မှာ လုပ်တဲ့ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လူထုဆန္ဒပြပွဲကလည်း လူပေါင်း ၈၀၀၀ လောက်တက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီနဲ့ မတ်လတွေ အတွင်းမှာလည်း မြို့တွေမှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပြီး လူဦးရေ သိန်းနဲ့ချီပါဝင်ခဲ့ကြပါတယ်။

မြစ်ဆုံဆည် ပြန်ဆောက်မှာကို လူအများအပြားက ဘာလို့ စိုးရိမ်နေကြတာပါလဲ။

ဓာတ်ပုံ မူပိုင် Getty Images

မြစ်ဆုံအစ

မြစ်ဆုံဆည်ကို ၂၀၀၆ ခုနှစ်မှာ အဲဒီတုန်းက စစ်အစိုးရရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက စတင်ခဲ့ပါတယ်။ တရုတ်စီပီအိုင် ကုမ္ပဏီ (China Power Investment Corporation)၊ မြန်မာဘက်က Asia World ကုမ္ပဏီ၊ မြန်မာ့ အမှတ် ၁ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတို့ ဖက်စပ်လုပ်တည်ဆောက်ဖို့ စီစဉ်ခဲ့ကြပါတယ်။ သူနဲ့အတူ တခြား ရေကာတာအသေး ၇ ခုတည်ဆောက်ရေး စီမံကိန်းလည်း ပါဝင်ပါတယ်။ မြစ်ဆုံဆည်ဟာ ဆောက်လုပ်ပြီးစီးခဲ့ရင် ကမ္ဘာပေါ်မှာ ၁၅ ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ဆည်ကြီးဖြစ်လာမယ်လို့ ဆိုပါတယ်။

ဆည်တည်ဆောက်ဖို့ အတွက် ကျေးရွာ တချို့ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

မြစ်ကြီးနားမြို့အနီး မြစ်ဆုံနားက တန်ဖရဲရွာဟာ မေခ၊ မလိခဆုံတဲ့အရပ်၊ မြစ်ဆုံနဲ့ တစ်မိုင်လောက်ပဲ ဝေးပါတယ်။ ကချင်လူမျိုးတွေ တန်ဖိုးထားရာ သမိုင်းစဉ်ဆက် ကချင်ဘိုးဘွားတွေရဲ့ သမိုင်းပုံပြင်တွေ ပေါ်ထွက်ရာ နေရာလည်း ဖြစ်ပါတယ်။ အဲဒီတန်ဖရဲရွာကိုလည်း မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်ဖို့ အတွက် ၂၀ဝ၁ ခုနှစ်မှာ ရွှေ့ပြောင်းခဲ့ပါတယ်။

မြစ်ဆုံဆည် စီမံကိန်းအပေါ်မှာ ကချင်နဲ့ ကျန်မြန်မာနိုင်ငံအနှံ့အပြားက လူထုတွေရဲ့ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာပြီးနောက် ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် လက်ထက်မှာ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

မြစ်ဆုံကြောင့် မြစ်ဆုံးရမှာလား

မြစ်ဆုံလောက်ကြီးတဲ့ ဆည်ကြီး တခုတည်ဆောက်ရင် ဆည်ရဲ့အထက်ပိုင်း မေခ၊ မလိခ မြစ်ဝှမ်းဒေသမှာ အပြောင်းအလဲ အများအပြားဖြစ်သွားမှာပါ။ မေခ၊ မလိခ မြစ်ဝှမ်းဒေသဟာ ဧရာဝတီရဲ့ အသက်ဖြစ်ပါတယ်။ မေခ၊ မလိခ ရေဝေရေလဲကနေ ဧရာဝတီ အတွက် ရေရပါတယ်။ အဲဒီရေဝေရေလဲဒေသမှာရှိတဲ့ သစ်တောတွေက အဲဒီ ဒေသရဲ့ မြေကြီးကို ရေဓာတ်ဖြည့်တင်းပေးပါတယ်။ ရေဝေရေလဲ ဒေသ၊ သစ်တောတွေနဲ့ အနီးအနား သဘာဝ ပတ်ဝန်းကျင် အခြေအနေတွေဟာ ဧရာဝတီ မြစ် ရှင်သန်ရေးအတွက် ဖြည့်တင်းပေးနေကြပါတယ်။ ဆည်တည်ဆောက်ရေးတွေ လုပ်လာတဲ့ အခါ ကနဦးတည်ဆောက်တဲ့ အဆင့်မှာကတည်းက အဲဒီ သဘာဝ ပတ်ဝန်းကျင်ဟာ စတင်ပျက်စီးလိမ့်မယ်လို့ သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဒေါက်တာ မြင့်ဇော်က ဆိုပါတယ်။ ဒါက ဆည်အထက်ပိုင်း ပျက်စီးမှု ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်ဖို့ အတွက် ရေသိုလှောင်ရင် မြစ်အောက်ပိုင်း ပျက်စီးမှုတွေ ဆက်လက်ဖြစ်ပါမယ်။ နွေရာသီမှာ ရေသိုလှောင်တဲ့အတွက် မြစ်အောက်ပိုင်း တလျှောက်မှာ မြစ်ကြောင်းတိမ်ကောနိုင်ပါတယ်။ ဧရာဝတီ မြစ်ကြောင်းတလျှောက် လုံးရဲ့ မြစ်ကမ်းဘေး ကျေးရွာတွေမှာ မြစ်ရေလွှမ်းကျန်ရစ်တဲ့ နုံးတင်မြေကို အခြေခံစိုက်ပျိုးတဲ့ ကျွန်းစိုက်ပျိုးရေးလုပ်ငန်း အားလုံး ထိခိုက်ပျက်စီးနိုင်ပါတယ်။ မြစ်ရေတိမ်ကော နိုင်ပါတယ်။ မြစ်ထဲက ငါးသယံဇာတ ဆုံးရှုံးပျက်စီးမှု ဖြစ်နိုင်ပါတယ်။ မိုးရာသီ ဆည်မှာ ရေများလို့ ရေလွှတ်တဲ့အခါမှာ မြစ်အောက်ပိုင်း ဒေသတွေမှာ ရေလွှမ်းမိုးမှု ဖြစ်နိုင်ပါတယ်။ စိုက်ခင်းတွေ ရေဖုံးပျက်စီးနိုင်ပါတယ်။ မြစ်အောက်ပိုင်း ပျက်စီးမှုဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအထိ တောက်လျှောက် ခံစားကြရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ ပတ်ဝန်းကျင်ကို မပြောင်းမလဲရေးကို ပြောတာ မဟုတ်ဘူး၊ ပတ်ဝန်းကျင် မပျက်မစီးရေးကို ပြောတာလို့ မတ်လ ၁၄ ရက်နေ့က ပြည်မြို့မှာ ပြောခဲ့ပါတယ်။ ပတ်ဝန်းကျင်ကို လုံးဝ မပြောင်းမလဲရင် တိုးတက်မှု ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မြစ်ဆုံကိစ္စမှာ ပတ်ဝန်းကျင်ကို မပျက်မစီးစေဘဲ ပြောင်းလဲလို့ ရနိုင်မယ့် အခြေအနေ မရှိဘူးလို့ ဒေါက်တာ မြင့်ဇော်က ပြောပါတယ်။ မြစ်ဆုံဆည်ဟာ ပမာဏ အားဖြင့် သိပ်ကြီးမားလွန်းတဲ့အတွက် အဲသလို ထိန်းသိမ်းလုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးမဟုတ်ဘူးလို့ သူကဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဧရာဝတီမြစ်ဟာ မြန်မာပြည်ရဲ့ စားဝတ်နေရေး၊ ဧရာဝတီမြစ်ဟာ မြန်မာပြည်ရဲ့ ယဉ်ကျေးမှု

မြစ်ဆုံ ဒေသဟာ ပျက်စီးပြီးရင် အဖတ်ဆည်လို့ မရနိုင်လောက်အောင် အလွန်အကဲဆတ်တဲ့ အခြေအနေ သဘာဝ ပတ်ဝန်းကျင်မျိုး ဖြစ်တယ်လို့ ဒေါက်တာ မြင့်ဇော်က ထောက်ပြပါတယ်။ တခြားနေရာတွေမှာ ပတ်ဝန်းကျင် မပျက်မစီးဘဲ ပြုပြင် ပြောင်းလဲလို့ ရကောင်း ရနိုင်ပေမယ့် မြစ်ဆုံဒေသမှာ အဲသလို မရနိုင်ဘူးလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံ မြစ်ချောင်းများ အစီရင်ခံစာထဲမှာ မေခ၊ မလိခ မြစ်ဝှမ်းဒေသဟာ အလွန်တန်ဖိုးကြီး၊ အလွန်အရေးကြီးတဲ့ ဒေသဖြစ်ကြောင်း ဖော်ပြခဲ့တယ်လို့ ဒေါက်တာ မြင့်ဇော်က ဆိုပါတယ်။ မေခ၊ မလိခ မြစ်ဝှမ်းဒေသဟာ မြန်မာနိုင်ငံမှာ နောက်ဆုံးကျန်တဲ့ သစ်တောကြီးတွေရှိရာ တခုတည်းသော ဒေသဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

မြစ်ဆုံဆည်ဟာ ပမာဏ သိပ်ကြီးလွန်းတဲ့ အတွက် မြစ်ဆုံဆည် ဆောက်လိုက်ရင် မြစ်ညာပိုင်းမှာ ဧရာဝတီမြစ်ရဲ့ ရေစီးရေလာကို မြစ်ဆုံဆည်က ၁ဝဝ ရာခိုင်နှုန်း ထိန်းချုပ်ထားတဲ့ အခြေအနေဖြစ်သွားမယ်လို့ မြစ်ချောင်းများ အစီရင်ခံစာက ဆိုပါတယ်။ တခြားမြစ်လက်တက်ငယ်တွေနဲ့ ချောင်းတွေဆီက ရေတွေ ထပ်ဝင်လာတဲ့ ကြားဒေသမှာတော့ ဧရာဝတီမြစ် အပေါ်မြစ်ဆုံဆည်ရဲ့ ထိန်းချုပ်မှု လျော့နည်းသွားပြီး ၆၅ ရာနှုန်းလောက်သာ ရှိပါတော့မယ်။ ချင်းတွင်းမြစ်နဲ့ ပေါင်းဆုံမိချိန်မှာတော့ ရေပမာဏ ပိုများပြားလာတဲ့အတွက် မြစ်ဆုံရဲ့ ထိန်းချုပ်မှု နည်းလာပါတယ်။ ဒါတောင် မြစ်ဆုံရဲ့ ထိန်းချုပ်မှုဟာ ၄၀ ရာနှုန်း ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေ အတွက် စွမ်းအင် အရေးတကြီး လိုအပ်ပေမယ့် ပျက်စီးမှုက ပိုကြီးမားတယ်လို့ ဒေါက်တာ မြင့်ဇော်က ဆိုပါတယ်။ စွမ်းအင်ထက် ရေက ပိုအရေးကြီးတယ်လို့လည်း ဆိုပါတယ်။ ရေမရှိရင် အသက်ရှင်လို့ မရ၊ ရေမရှိရင် ယဉ်ကျေးမှု အဆောက်အအုံတခုပျက်စီးမယ်၊ မြန်မာနိုင်ငံမှာ ရေကြောင့် နစ်နာမယ့် အောက်ခြေ ပြည်သူလူထု အများအပြား ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ နိုင်ငံတခုရဲ့ အလွန်အရေးပါတဲ့ ရေဝေရေလဲတခုကို နိုင်ငံခြား ကုမ္ပဏီကြီး တခုလက် အပ်ထားရတာဟာ နိုင်ငံခြားလက်ထဲမှာ အရေးကြီးတဲ့ ခလုတ်တခုကို အပ်ထားရသလို ဖြစ်တဲ့ အတွက် တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကိုပါ ထိခိုက်ရာ ရောက်တယ်လို့လည်း ဒေါက်တာ မြင့်ဇော်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြစ်ဆုံ

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၁ ခုနှစ်ဝန်းကျင်က မြစ်ဆုံကို ကန့်ကွက် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်တက်ရောက်ခဲ့ဖူးပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရခဲ့ရင် မြစ်ဆုံစာချုပ်ကို ပထမဆုံး ပြည်သူလူထု ရှေ့မှောက် ချပြမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ မြစ်ဆုံစာချုပ်ကို လူအများအပြားက စိတ်ဝင်စားနေသည့်တိုင်အောင် အများပြည်သူ ကြည့်ရှုခွင့် မရပါဘူး။

အရင်အစိုးရလက်ထက်က သမ္မတရုံး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးပြီး အခုအခါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးစိုးသိန်းကတော့ မြစ်ဆုံစာချုပ်ဟာ နိုင်ငံတော်လျှို့ဝှက်ချက် မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။ မြစ်ဆုံစာချုပ်ဟာ လျှပ်စစ်ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အစိုးရရုံးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့ကို ပေးပို့ထားတာ ရှိတဲ့ အတွက် အဲဒီနေရာတွေမှာ အချိန်မရွေး သွားရောက်ကြည့်ရှုလို့ ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒီစာချုပ်ပါ အချက်အလက်တွေကို သိလိုသူ အများအပြားရှိ ပေမယ့် မြင်ဖူးသူ အလွန်ရှားပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် အပါအဝင် လူ ၂၀ ပါဝင်တဲ့ ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကော်မရှင်ရဲ့ အစီရင်ခံစာကိုလည်း အများပြည်သူ သိခွင့် မရခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images

တရုတ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် အရင်တကြိမ် ရောက်ရှိစဉ်က မြစ်ဆုံစီမံကိန်း ဘယ်တော့ ပြန်စမလဲလို့ တရုတ်သတင်းထောက်တွေက မေးတော့ ကော်မရှင်ရဲ့ အစီရင်ခံစာကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒီနှစ်ဇန်နဝါရီလကတော့ မြစ်ကြီးနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ရာမှာ အရင်အစိုးရရဲ့ စီမံကိန်းတွေကို နောက်အစိုးရက ဖျက်ပစ်ရင် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ တိုင်းပြည်အတွက် လျှပ်စစ်စွမ်းအင် အရေးကြီးတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒေသတခုရဲ့ အခက်အခဲထက် တနိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ပိုပြီး အလေးထားရမယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာမြင့်ဇော်ကတော့ စွမ်းအင်ထက် ဆိုးကျိုးက ပိုများတယ်လို့ ဆိုပါတယ်။ မြစ်ဆုံဒေသဟာ ကချင်လူမျိုးတွေရဲ့ တန်ဖိုးထားရာ ယဉ်ကျေးမှု နေရာ တခုဖြစ်လို့ မြစ်ဆုံကို ဖျက်ဆီးရင် ပြည်တွင်းငြိမ်းချမ်းရေးကိုပါ ထိခိုက်နိုင်တယ်လို့ သတိပေးပါတယ်။ မြစ်ဆုံနဲ့ အနီးဆုံးမှာနေထိုင်တဲ့ ဌာနေ တိုင်းရင်းသားလူမျိုးတွေရဲ့ အကျိုးစီးပွားကို အဆိုးဝါးဆုံးထိခိုက်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က "မြစ်ဆုံနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်သိသိနဲ့လုပ်မယ်။ ဆုံးဖြတ်ချက် ချရင် အများပြည်သူ သိအောင် ဘာကြောင့်၊ ဘာကြောင့် ဆိုတာကို ရှင်းပြမှာဖြစ်ပါတယ်။ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ရင်ပဲ ဖြစ်ဖြစ်၊ ဘယ်လိုမျိုး ကြီးကျယ်တဲ့ လုပ်ငန်းတွေပဲဖြစ်ဖြစ် ကျွန်မတို့ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှု့ထောင့်တွေ ကနေ ကြည့်ပြီး ဆုံးဖြတ်ချက်ချမှာပါ။ ဆုံးဖြတ်ချက် ချပြီးရင် ပြည်သူတွေကို တင်ပြမယ်။ ဘာကြောင့် ဆုံးဖြတ်ချက် ချရတယ် ဆိုတာကိုလည်း တင်ပြမယ်လို့ ပြောလိုပါတယ်" လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြစ်ဆုံစီမံကိန်းကြောင့် ကျေးရွာရွှေ့ပြောင်းပေးခဲ့ရသူ မိသားစု

မြစ်ဆုံအရေးမှာ ပြည်သူဆုံးဖြတ်ခွင့်မရှိဘူးလား

မြစ်ဆုံအရေးဟာ တနိုင်ငံလုံးအပေါ်မှာ အကျိုးသက်ရောက်မှု ရှိစေမယ့် စီမံကိန်းကြီးဖြစ်ပါတယ်။ အစိုးရက ဆုံးဖြတ်ပြီး ပြည်သူကို ချပြရုံနဲ့ လုံလောက်ပါရဲ့လား။ ဘာ့ကြောင့် ဆုံးဖြတ်ချက် ချရတယ်ဆိုတာ ရှင်းပြရုံနဲ့ လုံလောက်ပါရဲ့လား။

မြစ်ဆုံရဲ့ ကောင်းကျိုး ဆိုးကျိုးဟာ ပြည်သူလူထု တရပ်လုံး ခံစားရမယ့် အရာ ဖြစ်ပါတယ်။ လက်ရှိ ပြည်သူလူထုသာမက နောင်မှာ မွေးလာမယ့် မျိုးဆက်သစ် အပေါ်ထိတောင် ကောင်းကျိုးဆိုးကျိုး ခံစားရမယ့် အရာ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ အကြောင်းအရာမျိုးအတွက် ပြည်သူလူထုကို ဆုံးဖြတ်ခွင့် မပေးသင့်ဘူးလား။

ဗြိတိန်နိုင်ငံမှာ အီးယူဥရောပ သမဂ္ဂကနေ ခွဲထွက်သင့်၊ မထွက်သင့်ကို လွှတ်တော်က မဆုံးဖြတ်ဘဲ တနိုင်ငံလုံးလူထုဆန္ဒခံယူပွဲ ကျင်းပပြီး ပြည်သူ လူထုကို ဆုံးဖြတ်ခွင့် ပေးခဲ့သလိုမျိုး မြစ်ဆုံအရေးကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ပြီး ပြည်သူလူထုကို ဆုံးဖြတ်ခွင့် မပေးသင့်ဘူးလားလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ခေါ် ဦးအေးကြူကို မေးမြန်းရာမှာတော့ "ဒီကိစ္စက တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပြဿနာ ဆိုတာလည်း စဉ်းစားစရာပါ။ လူထုဆန္ဒခံယူပွဲ လုပ်မလားဆိုတာကတော့ ပိုပြီးတောင် စဉ်းစားစရာရှိပါတယ်။ ဒီကိစ္စက နိုင်ငံရေးကိစ္စလည်း မဟုတ်ဘူး။ ဒါတွေဟာ နိုင်ငံ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စဆိုသော်ငြားလည်းပဲ အဓိက ကတော့ အရင်အစိုးရ လုပ်ထားတဲ့ ကိစ္စဖြစ်နေတော့ နောက်အစိုးရက ဆက်ခံတယ် ဆိုပေတယ်လို့ ရှေ့မှာ လုပ်ထားတဲ့ နှောင်ကြိုးတွေ၊ အကန့်အသတ်တွေ၊ နားလည်မှုတွေ ဘယ်လောက်အထိရှိတယ်ဆိုတာ မသိဘဲနဲ့တော့ လူထုဆန္ဒခံယူပွဲ မလုပ်သင့်ဘူးလို့ ထင်ပါတယ်" လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော် မြောက်ဦးမြို့နယ် ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီဝင် ဦးဦးလှစောကတော့ "မြစ်ဆုံနဲ့ ပတ်သက်တဲ့ အဆုံးအဖြတ်ဟာ ဧရာဝတီ မြစ်ကြီး တခုလုံးနဲ့ သက်ဆိုင်ပါတယ်။ ဧရာဝတီဟာ ဗမာ့ယဉ်ကျေးမှုရဲ့ အသက်သွေးကြောကြီးပဲ။ ဗမာပြည်စီးပွားရေးရဲ့ အသက်သွေးကြောကြီးပဲ။ ဒါဟာ ဗမာပြည်ရဲ့ အနာဂတ်နဲ့လည်း ပတ်သက်တဲ့ အတွက်ကြောင့် ဒါ ကျွန်တော်တို့ ရခိုင်နဲ့လည်း ဆိုင်တယ်၊ ကချင်နဲ့လည်း ဆိုင်တယ်၊ အဲဒီတော့ မြစ်ဆုံနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ သဘောထားကို လေးစားလိုက်နာသင့်တယ်။ မြစ်ဆုံကို ကချင်လူမျိုးအားလုံးက ဆန့်ကျင်တဲ့ အတွက် ကျွန်တော်တို့ကလည်း အဲဒီသဘောထားအတိုင်းပါပဲ" လို့ဆိုပါတယ်။ ဒါပေမယ့် မြစ်ဆုံကိစ္စဟာ အမျိုးသားရေး ပြဿနာကြီးဖြစ်ပေမယ့် လွှတ်တော်ထဲမှာတော့ စိတ်ဝင်စားသူ အလွန်နည်းတဲ့ အကြောင်းအရာ တခုဖြစ်နေတယ်လို့ ဦးဦးလှစောက ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအောင်ကတော့ ဧရာဝတီမြစ်ကြီးဟာ လူမျိုးတမျိုး၊ ပါတီတစုကို ကိုယ်စားမပြုဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံတခုလုံးကို ကိုယ်စားပြုပါတယ်။ ဒါ့ကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမျိုး လုပ်ထိုက်ပါတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လွှတ်တော်ရဲ့ဆောင်ပုဒ်ဟာ လွှတ်တော်အသံ ပြည်သူ့အသံ ဖြစ်ပါတယ်