အံ့ဖွယ်ကမ္ဘာ၊ မိုင်တသောင်းကျော်တဲ့ ကမ္ဘာ့အရှည်ဆုံး သင်္ချိုင်းကြီး

ဓာတ်ပုံ မူပိုင် Getty Images

ရှီဟွမ်တီနဲ့ မဟာတံတိုင်း

တရုတ်နိုင်ငံက ဂရိတ်ဝေါလို့ခေါ်တဲ့ မဟာတံတိုင်းကြီးကို ဘီစီ ၇ ရာစုမှာ စတင် တည်ဆောက်ခဲ့တယ်လို့ ဆိုကြတယ်။ ဒါပေမယ့် အလွန် ရှည်လျားတဲ့ မဟာတံတိုင်းကြီး ဖြစ်လာအောင် အုတ်တံတိုင်း တခုနဲ့ တခု ဆက်သွယ်ခဲ့သူ၊ အုတ်တံတိုင်း အသစ်တွေ ထပ်မံတည်ဆောက်ခဲ့သူကတော့ တရုတ်နိုင်ငံရဲ့ ပထမဆုံး အင်ပိုင်ယာ ဧကရာဇ် ချင်ရှီဟွမ်ဖြစ်ပါတယ်။

ချင်ရှီဟွမ်ကို ရှီဟွမ်တီလို့လည်း လူသိများပါတယ်။ သူဟာ ရှေးဘုရင် အဆက်ဆက် လက်ထက်က ရေးသားခဲ့တဲ့ စာဟောင်းပေဟောင်းတွေကို ဘာမှ အသုံးမဝင်တဲ့ဟာ တွေလို့ဆိုပြီး မီးရှို့ခဲ့သူပါ။ ဒါပေမယ့် သူဟာ တရုတ် ၇ ပြည်ထောင်ကို တပေါင်းတစည်းတည်း အဖြစ် သိမ်းသွင်း အုပ်ချုပ်နိုင်ခဲ့တဲ့ ပထမဆုံး တရုတ် အင်ပိုင်ယာ ဧကရာဇ်ဖြစ်ပါတယ်။ သူဟာ ဖျက်ဆီးသူ၊ အာဏာရှင် အဖြစ် တဖက်မှာ နာမည် ဆိုးနဲ့ ကျော်ကြားသလို တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေသူ၊ ယဉ်ကျေးမှု မြင့်မား အောင် စွမ်းဆောင်နိုင်သူ အဖြစ်လည်း နာမည်ကြီးပြန်ပါတယ်။ သူ့ရဲ့ နာမည် အကြီးဆုံး လုပ်ရပ်တွေထဲမှာ မဟာတံတိုင်းကြီးကို တိုးချဲ့နိုင်ခဲ့တာဟာ ထင်ရှားတဲ့ အချက်တချက်ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

အရှည်လျားဆုံး ကာကွယ်ရေးခံတပ်ကြီး

မဟာတံတိုင်းကြီးဟာ မိုင်ပေါင်း ၅၅၀၀ ရှည်လျားတယ်လို့ ရှေးဟောင်း သုတေသန စစ်တမ်းတခုက တိုင်းတာမှတ်တမ်းတင်ထားပါတယ်။ နောက်ထပ် စစ်တမ်းတခုမှာ ဖော်ပြထားတာကတော့ ဘေးဘက်ကို ဖြာထွက်သွားတာတွေကိုပါ အားလုံးစုပေါင်းရင် စုစုပေါင်း မိုင်ပေါင်း ၁၃၁၇၀ ရှိတယ်လို့ ဆိုပါတယ်။ အုတ်တံတိုင်းရဲ့ အမြင့်ဟာ အနိမ့်ဆုံးနေရာမှာ ၁၅ ပေကနေ အမြင့်ဆုံးနေရာမှာ ပေ ၅၀ လောက်အထိရှိပါတယ်။ တံတိုင်းကြီးရဲ့ ထိပ်ဟာလည်း ၁၅ ပေကနေ ပေ ၃၀ လောက်အထိကျယ်ပါတယ်။ တံတိုင်းကြီးရဲ့ ထိပ်မှာ ကားတွေတောင် မောင်းလို့ ရပါတယ်။ တံတိုင်းကြီးထဲမှာ ရဲတိုက်တွေထည့်သွင်းဆောက်လုပ်ထားပြီး အဲဒီရဲတိုက်တွေဟာ ရန်သူအလာကို ကင်းစောင့်ဖို့နဲ့ စစ်သားတွေ စခန်းချဖို့ ရန်သူကို ခုခံဖို့ တိုက်ခိုက်ဖို့ အတွက် အသုံးပြုကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

မဟာတံတိုင်းကြီးကို စတင်ဆောက်လုပ်တဲ့ ရည်ရွယ်ချက်က တရုတ်ပြည်ကို ရန်သူတွေ မကျူးကျော်နိုင်အောင် ကာကွယ်ဖို့ပါ။ အဓိက အားဖြင့် အရှေ့ဥရောပဘက်က လာတဲ့ နော်မက်အမျိုးမျိုးရဲ့ ရန်ကနေ ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အဲဒီခေတ်က နော်မက်လူမျိုးတွေဆိုတာ ခြေသလုံး အိမ်တိုင်သမားတွေကို ဆိုလိုတာပါ။ ဂျစ်ပစီတွေ၊ ရိုးမတွေ၊ စင်တီတွေ၊ အိုင်ရစ်တွေ ၊ ကားဇက်စတန်တွေ ပါဝင်ကြပါတယ်။ သူတို့တတွေဟာ သိုးအုပ်၊ ဆိတ်အုပ်တွေနဲ့ အတူ ရေကြည်ရာ မြက်နုရာကို လှည့်လည် သွားလာကြပြီး မျိုးမတူတဲ့ တခြား လူမျိုးစုတွေကို တွေ့တဲ့အခါ လုယက်တိုက်ခိုက်တတ်တဲ့ အလေ့အထ ရှိကြပါတယ်။

ရန်သူတွေကို ကာကွယ်ဖို့ အင်မတန် ကြီးကျယ် ရှည်လျားတဲ့ တံတိုင်းကြီး တည်ဆောက်တဲ့ အတွေးခေါ်ဟာ ဒီနေ့ခေတ်လူတွေ အတွက် ရယ်စရာ ဖြစ်ကောင်း ဖြစ်ပါမယ်။ ဒါပေမယ့် ဒီနေ့ခေတ် အင်ဂျင်နီယာတွေကတော့ မဟာတံတိုင်းကြီးရဲ့ လုံခြုံရေးစနစ်ဟာ သမိုင်းမှာ အကောင်းဆုံး အလေးစားထိုက်ဆုံး ပိသုကာ လက်ရာ တခုလို့ တညီတညွတ်တည်း သဘောတူကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ကမ္ဘာ့အရှည်ဆုံး သင်္ချိုင်းကြီး

တံတိုင်းကို အဓိက ချဲ့ထွင် တည်ဆောက်သူ အဖြစ် ဧကရာဇ် ရှီဟွမ်တီ နာမည်နဲ့ ရာဇဝင် စာအုပ်တွေမှာ မှတ်တမ်းဝင်ခဲ့ပေမယ့် အမှန်တကယ် လက်တွေ့ တည်ဆောက်ကြရသူတွေကတော့ တရုတ်လယ်သမား၊ အလုပ်သမားတွေ ဖြစ်ကြပါတယ်။ မဟာတံတိုင်းကြီး တည်ဆောက်ဖို့ အတွက် ခေတ်အဆက်ဆက်က လုပ်သားပေါင်း ၁ သန်းလောက်ရဲ့ လုပ်အားတွေ ပါဝင်ကြတယ်လို့ သမိုင်းပညာရှင် တချို့က ခန့်မှန်းကြပါတယ်။ မဟာတံတိုင်းကြီး တည်ဆောက်ရတဲ့ အလုပ်ဟာ အင်မတန် ခက်ခဲပင်ပန်းတဲ့ အလုပ်ဖြစ်ပြီး လူအများ ဖျားနာ သေဆုံးခဲ့ကြရပါတယ်။ ရက်စက်တဲ့ ဘုရင် လို့ နာမည်ကျော်ကြားတဲ့ ဧကရာဇ် ရှီဟွမ်တီဟာ လယ်သမား၊ အလုပ်သမားတွေကို အလိုမတူဘဲ အဓမ္မချွေးတပ်ဆွဲ ခိုင်းစေခဲ့ကြတယ်လို့ တရုတ်စာပေတွေမှာ ရေးသားဖော်ပြလေ့ရှိပါတယ်။ အဲဒီမဟာတံတိုင်းကြီး တည်ဆောက်ဖို့ အတွက် လူပေါင်း ၄ သိန်း သေဆုံးခဲ့ကြပြီး အဲဒီသေဆုံးသူ လူ ၄ သိန်းရဲ့ အလောင်းတွေကို မဟာတံတိုင်းကြီး ဆောက်လုပ်ရာမှာ ဆေးစီရင်မြှုပ်နှံခဲ့တယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ယုံကြည်မှု ရှိကြပါတယ်။ ဒါ့ကြောင့် အလောင်းပေါင်း ၄ သိန်းမြှုပ်နှံထားပြီး မိုင်ပေါင်း တသောင်း သုံးထောင်ကျော် ရှည်တဲ့ ဒီမဟာတံတိုင်းကြီးဟာ ကမ္ဘာ့အရှည်ဆုံး သင်္ချိုင်းကြီးလို့လည်း ပြောစမှတ်ရှိပါရဲ့။ တချို့ကလည်း သေမင်းတမန်တံတိုင်းကြီးလို့ သမုတ်ကြရဲ့။

ဒါပေမယ့် ခေတ်သစ် သမိုင်းပညာရှင်တွေကတော့ ဒီအချက်အပေါ်မှာ အကြီးအကျယ် သံသယရှိကြပါတယ်။ ဒီမဟာတံတိုင်းကြီးမှာ လူပေါင်း ၄ သိန်းရဲ့ အလောင်းတွေကို မြှုပ်နှံထားရိုးမှန်ရင် သမိုင်းတလျှောက်မှာ တံတိုင်းကြီးရဲ့ အစိတ်အပိုင်းနေရာ အမျိုးမျိုး ပြိုကျတဲ့အခါ အရိုးစုတွေ တွေ့သင့်တာပေါ့လို့ စောဒက တက်ကြပါတယ်။ ဒါ့ကြောင့် အလောင်းပေါင်း ၄ သိန်းမြှုပ်နှံထားတယ် ဆိုတာဟာ အခိုင်အမာ အထောက်အထား မရှိတဲ့ ဒဏ္ဍာရီစကားမျှသာ ဖြစ်တယ်လို့ သမိုင်းဆရာတွေက မှတ်ယူကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မဟာတံတိုင်းကြီးရှိရာ အလည်လာတဲ့ အမေရိကန် သမ္မတကတော် မီလာနီယာ ထရမ့်

တံတိုင်းကြီးပေါ်က ဘဝများ

တံတိုင်းကြီးကို ရှီဟွမ်တီနောက်ပိုင်းမှာလည်း မင်းအဆက်ဆက်က ဆက်လက် ချဲ့ထွင်တည်ဆောက်ခဲ့ပါတယ်။ ပြုပြင်တန်တာတွေကိုလည်း ပြုပြင်ခဲ့ ပါတယ်။ ဒီနေ့ခေတ်မှာ နာမည်အကြီးဆုံး အလှပဆုံးဆိုတဲ့ နေရာတော်တော်များများကိုတော့ မင်မင်းဆက်လက်ထက်မှာ ဆောက်လုပ်ခဲ့တာပါ။

မဟာတံတိုင်းကြီးကို ရှေးကဆောက်လုပ်ခဲ့စဉ်က မြေကြီး၊ ကျောက်တုံး၊ သစ်သားတွေကိုသာ အဓိက အားထားဆောက်လုပ်ခဲ့ပါတယ်။ မင်မင်းဆက်လက်ထက်မှာတော့ အုတ်ကို စတင် အသုံးပြုလာပါတယ်။ အုတ်အပြင်၊ ကျောက်ပြား၊ ထုံးကျောက်ခဲ၊ ကျောက်တုံးတွေကိုလည်း ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ ထူးခြားတာတခုကတော့ အုတ်ခဲတလုံးနဲ့ တတုံး ကျောက်တုံးတတုံးနဲ့ တတုံး ပိုပြီး တွဲအောင် ကပ်အောင် ကောက်ညှင်းဆန်ကို အသုံးပြုခဲ့ကြတဲ့အချက်ပါ။

ဓာတ်ပုံ မူပိုင် Getty Images

မင်မင်းဆက်လက်ထက်မှာတော့ တံတိုင်းကြီး တည်ဆောက်ဖို့၊ အုတ်တံတိုင်းကြီးကို စောင့်ရှောက်ဖို့၊ လုံခြုံရေး တာဝန်ယူဖို့တွေ အတွက် လူနေစရာ နေရာတွေကိုပါ ထည့်သွင်း ဆောက်လုပ်လာပါတယ်။ သူတို့တတွေကို မဟာတံတိုင်းကြီး အစောင့်တပ်ဖွဲ့ဝင်တွေလို့ ခေါ်လေ့ရှိပါတယ်။ မဟာတံတိုင်းကြီး အတွက် အစောင့်တွေ အများအပြားချထားတတ်ပါတယ်။ တချို့ အချိန်တွေမှာ ဆိုရင် စုစုပေါင်း အစောင့် အရေအတွက်ဟာ တသန်းလောက်တောင် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ ခွေးယဉ်ကျေးမှုနဲ့ ခွေးလေခွေးလွင့် ပြဿနာ

အံ့ဖွယ်ကမ္ဘာ၊ ကူဘာပီးဒီး သို့မဟုတ် နေမရှိ၊ လမရှိ ကောင်းကင် မရှိတဲ့မြို့

တချို့ အစောင့်တွေဟာ တံတိုင်းကြီးပေါ်မှာ မွေးလာခဲ့ကြပြီး တံတိုင်းကြီးပေါ်မှာ ကြီးပြင်းကြရတယ်။ တံတိုင်းကြီးပေါ်မှာပဲ အိုးအိမ်ထူထောင် ကြပြီး နောက်ဆုံးတော့ တံတိုင်းကြီးပေါ်မှာပဲ သေဆုံးသွားကြတယ်။ သူတို့ဘဝဟာ မဟာတံတိုင်းကြီးမျှသာ ဖြစ်ပြီး သူတို့ရဲ့ လူ့ဘဝ သက်တမ်းတလျှောက်မှာ မဟာတံတိုင်းကြီးပေါ်ကလွဲပြီး ဘယ်မှ မရောက်ဖူးလိုက်ကြဘူး။

အစောင့်တွေဟာ ရန်သူလာရင် တယောက်နဲ့ တယောက် မီးနဲ့ အချက်ပြကြတယ်။ အချက်ပြမီးကို မြင်တဲ့ တခြားအစောင့်တွေဟာ အန္တရာယ်ရှိတဲ့ နေရာကို လာပြီး ကူညီကြလေ့ရှိတယ်။

လပေါ်က မြင်ရတယ်ဆိုတဲ့ မဟာတံတိုင်း

မဟာတံတိုင်းကြီးနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ အများအပြားရှိတဲ့ အနက် လူပြောအများဆုံး တခုကတော့ မဟာတံတိုင်းကြီးကို လပေါ်ကတောင် မြင်ရတယ်ဆိုတဲ့ ဒဏ္ဍာရီစကားပါ။ လပေါ်ကတောင် မြင်ရတယ်လို့ ပထမဆုံး ပြောခဲ့သူက အင်္ဂလိပ် ရှေးဟောင်းစာပေရေးသားသူ ဝီလျံ စတပ်ကလေ ဖြစ်ပါတယ်။ ၁၇၅၄ ခုနှစ်က ရေးခဲ့တာပါ။ ဟင်နရီ နော်မန်ကလည်း ၁၈၉၅ ခုနှစ်မှာ ထပ်မံရေးသားခဲ့ပြီး နောက်ပိုင်းမှာတော့ လူအများအပြားက ထပ်ကာထပ်ကာ ပြောဆိုလာကြပါတယ်။

ဒါပေမယ့် သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ မဟာတံတိုင်းကြီးကို လပေါ်က မြင်ရဖို့ ဆိုရင် မဟာတံတိုင်းကြီးဟာ အခုထက် အဆပေါင်း တသောင်း ခုနစ်ထောင် ပိုကျယ်မှသာ မြင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

လကမ္ဘာပေါ်ရောက်ခဲ့တဲ့ ဘယ်အာကာသယာဉ်မှူးကမှလည်း မဟာတံတိုင်းကြီးကို လပေါ်ကနေ မြင်ခဲ့ရတယ်လို့ ပြောဖူးတာ မရှိခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images

ဒီ့ထက်ပိုပြီး အငြင်းအခုံဖြစ်ရတဲ့ အဆိုတခုကတော့ မဟာတံတိုင်းကြီးကို ကမ္ဘာပတ် လမ်းကြောင်းပေါ်က မြင်ရတယ်ဆိုတဲ့ အဆိုပါ။ နာဆာ အမေရိကန် အာကာသ သိပ္ပံ အဖွဲ့ကတော့ ရာသီဥတုကောင်းမွန် ကြည်လင်နေတဲ့ အချိန်မှာတောင် မမြင်ရသလောက်ပါပဲလို့ ပြောပါတယ်။ ဒါပေမယ့် အမေရိကန် အာကာသယာဉ်မှူး ဝီလျံပေါ့ ကတော့ နာဆာအာကာသယာဉ်စခန်း စကိုင်းလတ်ဘ် ပေါ်ကနေ မဟာတံတိုင်းကို မြင်ရတယ်လို့ ထင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတကယ်မြင်ရတာဟာ မဟာတံတိုင်းမဟုတ်ဘဲ ပီကင်းမြို့နားက ဂရန်းတူးမြောင်းကြီး ဖြစ်လိမ့်မယ်လို့ သူကဆိုပါတယ်။ သူဟာ ရိုးရိုးသာမန် မျက်စိနဲ့ မဟာတံတိုင်းကြီးကို စကိုင်းလတ်ဘ် ပေါ်ကနေ မမြင်ရပေမယ့် မှန်ဘီလူးနဲ့ကြည့်ပြီး မြင်ခဲ့ရတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာလည်း ရိုးရိုးမျက်စိနဲ့ မြင်ရတယ်လို့ ပြောသူတွေ ရှိသလို မမြင်ရနိုင်ဘူးလို့ ငြင်းခုံမှုတွေလည်း မကြာခဏ ရှိခဲ့ပါတယ်။

မဟာတံတိုင်းကြီးကို လပေါ်က၊ ကမ္ဘာပတ်လမ်းကနေ မြင်ရမမြင်ရ အငြင်းပွားကြရဲ့။ မဟာတံတိုင်းကြီးထဲမှာ လူ ၄ သိန်းရဲ့ အလောင်းတွေ ရှိမရှိ အငြင်းပွားကြရဲ့။ ဘာပဲ ဖြစ်ဖြစ် အငြင်းပွားလို့ မရတာ တခုကတော့ မဟာတံတိုင်းကြီးဟာ အံ့သြဖွယ်ရာ ရှေးဟောင်း အမွေအနှစ်ကြီး တခုဆိုတာပါပဲ။ ၁၉၈၇ ခုနှစ်မှာ မဟာတံတိုင်းကြီးဟာ ကမ္ဘာ့ရှေးဟောင်း အမွေ အနှစ်တခုအဖြစ် ယူနက်စကို ကုလသမဂ္ဂ ပညာ၊ သိပ္ပံ၊ ယဉ်ကျေးမှု အဖွဲ့ကြီးက အသိအမှတ်ပြု ကြေညာခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ