ကျက်သရေရှိချင် လှပချင်ရင် တို့လိုဝအောင်လုပ်ပါလား

မိန်းမဆိုတာ ဝမှလှတယ် မိန်းမပီသတယ်လို့ အာဖရိက အမျိုးသမီးတချို့က ယုံကြည်ကြတယ်။ ဓာတ်ပုံ မူပိုင် Getty Images
Image caption မိန်းမဆိုတာ ဝမှလှတယ် မိန်းမပီသတယ်လို့ အာဖရိက အမျိုးသမီးတချို့က ယုံကြည်ကြတယ်။

အာဖရိက တိုင်းပြည်တချို့မှာ အမျိုးသမီးတွေဟာ ဝအောင်၊ အလေးချိန်တိုးအောင် ခက်ခက်ခဲခဲကြိုးစားကြရတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဝမှ လှမယ်လို့ ယုံကြည်ကြလို့ပဲ။

အထူးသဖြင့်တော့ နိုက်ဂျီးရီးယား၊ နီဂျဲ၊ မော်ရီတေးနီးယားနိုင်ငံတွေမှာ အမျိုးသမီးတွေ အတွက် ဝခန်းတွေ တော်တော်များများ ရှိပါတယ်။

အီသီယိုပီးယားနိုင်ငံ အိုမိုချိုင့်ဝှမ်းမှာ နေထိုင်ကြတဲ့ ဘိုဒီလူမျိုးစုတွေဆိုရင်လည်း အမျိုးသားတွေ ယှဉ်ပြိုင်ကြတဲ့ ရိုးရာ အဝပြိုင်ပွဲရှိတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘိုဒီလူမျိုး အမျိုးသား အမျိုးသမီးတို့ရဲ့ အဝပြိုင်ပွဲ အခမ်းအနား

ဝတာပိန်တာ ဘယ်ဟာ ပိုလှသလဲ

ဝတာလှသလား၊ ပိန်တာလှသလားဆိုတာ ပြတ်ပြတ်သားသား ပြောဖို့ ခက်ပါတယ်။ ဥရောပ၊ အမေရိကနိုင်ငံတွေမှာတော့ ပိန်တာ လှတယ်ထင်လို့ အားကစားလေ့ကျင့်တာ၊ အလွန်အကျွံ ဝိတ်ချတာမျိုးတွေ လုပ်ရုံတွင်တောင် မကဘဲ ဆေးဝါးအကူအညီနဲ့ ဝိတ်ချတာမျိုးတွေလည်း လုပ်ပါတယ်။ တချို့ဆိုရင် အသားအနာခံပြီး ခွဲစိပ်ကြတာမျိုးတောင် ရှိပါတယ်။

အာဖရိက နေရာတချို့မှာတော့ အဲသလို မဟုတ်ဘူး။ ဝမှလှတယ်၊ ကျက်သရေရှိတယ်လို့ အလေးအနက် ယုံကြည်ကြတယ်။ ဝတာဟာ ဂုဏ်သိက္ခာရှိခြင်း၊ ချမ်းသာကြွယ်ဝခြင်းလို့လည်း ယူဆကြတယ်။ ပိန်တာကတော့ အစားကောင်း အသောက်ကောင်း မစားနိုင်လို့၊ ငွေကြေး မတတ်နိုင်လို့ပဲလို့ ယူဆပြီး ပိန်တာဟာ ရှက်စရာလို့ ထင်ကြတယ်။

နိုက်ဂျီးရီးယားနိုင်ငံ ကယ်လဘာမြို့က ကျေးရွာတွေမှာ နေကြတဲ့ မိန်းကလေးငယ်တချို့ကို အမေရိကန်က နာမည်ကျော် ရုပ်ရှင်မင်းသမီးတွေရဲ့ ဓာတ်ပုံပြပြီး ဘယ်လိုထင်သလဲလို့ မေးတဲ့အခါ "မျက်နှာလေးကတော့ လှပါရဲ့။ ကိုယ်လုံးက အရိုးစုကျနေတာပဲ"လို့ ဖြေပါတယ်။ ဘယ်လောက်ဝမှ လှမှာလဲလို့ မေးရာမှာတော့ သူတို့အဖြေက ဝလေလှလေပဲ လို့ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အဝမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ အမျိုးသမီးတဦး

ဝတာဟာ ကျန်းမာတယ်၊ အလုပ်ပိုလုပ်နိုင်တယ်လို့လည်း ယုံကြည်ကြတယ်။ ပိန်တာဟာ အားနည်းတဲ့ လက္ခဏာ၊ ဖျားနာလိမ့်မယ်လို့လည်း သူတို့က ပိန်တဲ့သူတွေ အတွက် စိုးရိမ်ပူပန်ကြတယ်။ နိုင်ဂျီးရီးယား၊ နီဂျဲ၊ မော်ရီတေးနီးယားတို့မှာ ဆိုရင် မိန်းမတယောက်အဖို့ရာ ဝဖို့ သိပ်အရေးကြီးတယ်။ မိန်းမဟာ ဝမှ သားသမီးကို နို့ချို ကောင်းကောင်းတိုက်ကျွေးနိုင်မယ်။ သားသမီးတွေကို ကျန်းမာအောင် ပြုစုပျိုးထောင်နိုင်မယ်လို့ အခိုင်အမာ ပြောဆိုကြတယ်။ ယောက်ျားတွေကလည်း တင်ပါးနဲ့ ရင်သား ကြီးမားထွားကျိုင်းတဲ့ အမျိုးသမီးတွေက ဆွဲဆောင်အားပိုကောင်းတယ်လို့ ခံစားကြရတဲ့ အတွက် မိန်းမတွေ အဖို့မှာ ဝရေးဟာ ပိုအရေးကြီးလာတယ်။ မိန်းမတယောက်ဟာ ဝမှလှမှ လင်ကောင်းသားကောင်း ရလိမ့်မယ်လို့ ဆိုကြတယ်။

အမျိုးကောင်းသမီးတို့ အတွက် အထူးစခန်းသွင်း ဝခန်း

မိန်းကလေး တယောက်အတွက် ဝဖို့ဆိုတာဟာ ဘဝတခုလုံးနဲ့ ဆိုင်တဲ့ အကြောင်းအရာ ဖြစ်လာတော့ မိန်းကလေးတွေ ဝဖို့အတွက် စခန်းသွင်း လေ့ကျင့်ကြတဲ့ ဝခန်းဆိုတာတွေ ရှိလာတယ်။

မိန်းကလေး တယောက် အရွယ်ရောက်လာရင် ဝခန်းပို့ရမယ့် တာ၀န်ဟာ မိဘတွေရဲ့ တာဝန်ဖြစ်လာတယ်။ သမီးမိန်းကလေးမွေးထားပြီး အချိန်တန် အရွယ်ရောက်လို့မှ ဝခန်းမပို့နိုင်တဲ့ မိဘဟာ ရပ်ရွာထဲမှာ မေးငေါ့စရာ၊ အတင်း တုပ်စရာ၊ ရှုတ်ချစရာ ဖြစ်လာပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

တခါတရံမှာ မိန်းကလေးဟာ လက်ထပ်မယ့် သတိုးသားလောင်း ရှိပြီးသားဆိုရင် သတိုးသားလောင်းကိုယ်တိုင်က မိန်းကလေးကို ဝခန်းသွားဖို့ တိုက်တွန်းတတ်ပါတယ်။ မင်္ဂလာဆောင်မယ့်အချိန်မှာ သတိုးသမီးဟာ အလှပဆုံး၊ ကျက်သရေအရှိဆုံး မိန်းခလေးတယောက်ဖြစ်နေဖို့ ဆိုရင် ဝနိုင်သမျှ ဝရမယ် မဟုတ်လား။

မိန်းကလေးဟာ ဝခန်းဝင်ပြီဆိုရင် မိဘ၊ ဆွေမျိုး၊ မိတ်ဆွေတွေနဲ့ မတွေ့ရတော့ဘူး။ အသက်ကြီးကြီး ဝဝခန့်ခန့် အမျိုးသမီးကြီးတွေနဲ့ပဲ တွေ့ရတော့တယ်။ သူ့မိခင်ကလည်း တွေ့ချင်တွေ့ခွင့်ရှိတယ်။ အဲဒီအမျိုးသမီးကြီးတွေက တကယ်တော့ အဝလေ့ကျင့်ခန်း စပယ်ရှယ်လစ်တွေပဲ။ မိန်းမ တယောက်ကို ဝအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကောင်းကောင်းနားလည်တဲ့ သူတွေပါ။ သူတို့ဟာ မိန်းကလေးကို ဆန်လို၊ ဂျုံလို ကာဗိုဟိုက်ဒြိတ်များတဲ့ အစာတွေကို ပဲအမျိုးမျိုး၊ အသားတွေနဲ့ အတူ မနက်လင်းတာနဲ့ တဝကြီးကျွေးကြပါတယ်။ ကျွေးပြီးရင် ရေမိုးချိုး၊ ပြီးရင် ပြန်အိပ်ခိုင်းပါတယ်။ အိပ်ရာကနိုးတော့ ဘာလုပ်သလဲဆိုရင် ထပ်ပြီးကျွေးပါတယ်။ စားပြီးအိပ်၊ အိပ်ပြီး စားခိုင်းတာပါပဲ။ ရေကိုလည်း များများသောက်ခိုင်းတတ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တဲငယ်လေးတွေမှာ အလုံပိတ်ပြီး အမျိုးသမီး အဝတိုးခန်းအဖြစ် စခန်းသွင်းလေ့ကျင့်ကြ

ဝခန်းတွေဟာ များသောအားဖြင့် သီးခြားတဲငယ်လေးတွေ ဖြစ်တတ်ပါတယ်။ နိုက်ဂျီးရီးယားက တဲငယ်လေးတွေဆိုရင် ကမ်းခြေက အပန်းဖြေ ဘန်ဂလို တဲငယ်သေးသေးလေးတွေလိုပါ။ အဲဒီတဲငယ်လေးထဲမှာ မိန်းခလေးဟာ ကြမ်းပြင်ပေါ်မှာပဲ ဖျာခင်းပြီး အိပ်ရပါတယ်။ အမျိုးသမီးဆိုင်ရာ သင်ခန်းစာတွေကို သင်ယူတဲ့အချိန်မှာတော့ သူ့အတွက် စီစဉ်ထားတဲ့ အထူးကုလားထိုင်နဲ့ ထိုင်ခွင့် ရပါတယ်။

မိန်းကလေးတယောက် ဝခန်းကို ရောက်လာပြီဆိုရင် ဒါဟာ အရွယ်ရောက်လာပြီ၊ အပျိုဖြစ်လာပြီ၊ မိန်းမကြီးတယောက်ဖြစ်လာပြီ၊ ကလေးဘဝကို လွန်မြောက်လာပြီလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

ဝခန်းဟာ တကယ်တော့ ဝရုံသက်သက် လေ့ကျင့်ခန်းပေးတဲ့ နေရာ မဟုတ်ဘူး။ မိန်းမတယောက်ကို မိန်းမလားမြောက်အောင် စခန်းသွင်း လေ့ကျင့်ပေးတဲ့ နေရာ ဖြစ်ပါတယ်။ မိန်းမတို့တတ်ကျွမ်းအပ်တဲ့ အဋ္ဌာရဿ အရပ်ရပ်ကို အဲဒီမှာ သင်ကြားပို့ချပါတယ်။ ဘယ်လိုနေမှ မိန်းမပီသမယ်၊ ဘယ်လိုချက်ပြုတ်ရမယ်၊ ဘယ်လို အိမ်ထောင်မှု ထိန်းသိမ်းရမယ်၊ သားသမီးကို ဘယ်လို ပြုစုပျိုးထောင် ရမယ်၊ လင်ယောက်ျားကို ဘယ်လို ပြုစုရမယ်ဆိုတာတွေကို သင်ကြားပါတယ်။ သတိုးသားလောင်း ရှေ့မှာ ကိုယ့်ယောက်ျား ရှေ့မှာ လမ်းဘယ်လို လျှောက်ရမယ်ဆိုတာလည်း သင်ပါတယ်။ လိင်မှုဆိုင်ရာ ကာမသျှတ္တရ ပညာတွေတောင် သင်ပေးလိုက်ကြပါသေးတယ်။ ဒါပေမယ့် အထူးတင်းကျပ်ထားတဲ့ စည်းကမ်းတချက်ကတော့ အဲဒီစခန်းသွင်းလေ့ကျင့်တဲ့ ကာလမှာ မိန်းခလေးဟာ ဘယ်သူနဲ့မှ လိင်မဆက်ဆံရပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘူဒီလူမျိုးတွေရဲ့ ယောက်ျား အဝပြိုင်ပွဲမှာ လာရောက် အားပေးကြတဲ့ အာဖရိက လှပျိုဖြူတစု

အဲသလို စခန်းသွင်းလေ့ကျင့်တာဟာ ရှေးကဆိုရင် ၂ နှစ်လောက်အထိကြာပါတယ်။ အခုနောက်ပိုင်းခေတ်မှာတော့ စရိတ်စကက ကြီးမားတော့ လအနည်းငယ်လောက်ပဲ လုပ်ပါတော့တယ်။ ဒီလောက်အကြာကြီး စားလိုက်အိပ်လိုက်၊ လူကြီးတွေဟောတဲ့ တရားတွေနာလိုက်လုပ်နေရတာ အင်မတန် ပျင်းစရာ ကောင်းပါတယ်။ ဒါပေမယ့်လည်း မိန်းကလေးတွေက စိတ်မပျက်ကြပါဘူး။ ဒါက သူတို့ တဘဝလုံးနဲ့ ဆိုင်တဲ့ အရေးလေ။ ဝဝလှလှ၊ မိန်းမပီသတဲ့သူတယောက်ဖြစ်ဖို့ ဆိုတာ ဒါမျိုးတွေကို မဖြစ်မနေ ဖြတ်သန်းရမှာ မဟုတ်လား။

ဝခန်းက ထွက်လာပြီဆိုရင်တော့ မိန်းကလေးတယောက်ဟာ ပီဘိ မိန်းမရင့်မာကြီး တယောက်ဖြစ်လာပြီလို့ သူတို့ လူ့အဖွဲ့အစည်းက သတ်မှတ်လက်ခံကြပါတယ်။

တချိန်ကဆိုရင် မြို့ကြီးတွေရော တောမှာပါ ဝခန်းတွေဟာ အလွန်ခေတ်စားပါတယ်။ အခုနောက်ပိုင်း ကမ္ဘာနဲ့ အဆက်အသွယ်များလာတဲ့ အချိန်မှာတော့ မြို့ကြီးတွေမှာ သိပ်ခေတ်မစားတော့ပါဘူး။ ကျေးရွာတွေမှာတော့ ဆက်လက်ရှိနေကြပါသေးတယ်။

အတင်းဝခိုင်းတာ နှိပ်စက်ရာ မရောက်ဘူးလား

မော်ရီတေးနီးယားနိုင်ငံက တချို့ကျေးရွာတွေရဲ့ ဝခန်းတွေကိုတော့ ကလေးသူငယ်တွေကို နှိပ်စက်ညှဉ်းပန်းနေတာပဲလို့တောင် တချို့က ဝေဖန်ကြပါတယ်။

မော်ရီတေးနီးယားမှာ စခန်းသွင်းလေ့ကျင့်ကြတာက ၁၀ နှစ်ကနေ ၁၃ နှစ်လောက် အရွယ် ကလေးငယ်တွေလည်း ပါဝင်ကြပါတယ်။

ကလေးငယ်တွေဟာ မနက်လင်းတာနဲ့ နို့တွေ၊ ဂျုံတွေ၊ အာလူးမှုန့်တွေ ဖျော်ထားတဲ့ အရည်တွေကို တဝကြီး သောက်ရပါတယ်။ နွားနို့ထက် ကုလားအုပ်နို့ကို ပိုပြီး အသားပေးတိုက်ကျွေးလေ့ရှိပါတယ်။ အဲဒီမနက်စာကိုက ကယ်လိုရီ ၃၀၀၀ လောက်ရှိနေပါတယ်။ ထမင်း ဆယ်ပန်းကန်စာလောက်ဖြစ်နေပါတယ်။ နေ့ခင်းရောက်တော့ ကယ်လိုရီ ၄၀၀၀ လောက်ထပ်ကျွေးပြန်ပါတယ်။ တနေ့ကို ကယ်လိုရီ ၉၀၀၀ လောက်အထိကျွေးတတ်ပါတယ်။ တချို့ကလေးတွေဟာ နင်းကန်ကျွေးလွန်းတာကို စားပြီး အန်ကြပါတယ်။ ဒါပေမယ့် ထပ်ကျွေးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

တိရစ္ဆာန်တွေကို ကျွေးတဲ့ ဝက်အသားတိုးဆေးလိုဟာမျိုးတွေ၊ တားမြစ်ဆေးဝါးတွေကို ကျွေးကြတာမျိုးတွေကြောင့် ကျန်းမာရေးထိခိုက်တာတွေလည်း ရှိတယ်လို့ ကလေးသူငယ် အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေက ပြောကြပါတယ်။

ဒါမျိုးတွေဟာ ကာယကံရှင်တွေရဲ့ အလိုဆန္ဒမပါဘဲ အတင်းအကျပ် လေ့ကျင့်စခန်းသွင်းကြတာ ဖြစ်တဲ့ အတွက် ညှဉ်းပန်းနှိပ်စက်ရာ ရောက်တယ်လို့ ဝေဖန်ကြပါတယ်။

ကျားကျားလျားလျား အဝပြိုင်ပွဲ

မိန်းမဆိုတာ ဝမှ လှတာလို့ ထင်သူတွေ ရှိသလို ယောက်ျားတယောက်ဟာ ဝမှလှတာ၊ ခန့်တာ၊ ယောက်ျားပီသတာလို့ ထင်တဲ့သူတွေလည်း ရှိပါတယ်။ သူတို့ကတော့ အီသီယိုပီးယားနိုင်ငံ အိုမိုချိုင့်ဝှမ်းမှာ နေထိုင်ကြတဲ့ ဘိုဒီလူမျိုးစုတွေပါ။ သူတို့က ကဲလ် လို့ ခေါ်တဲ့ ယောက်ျား အဝပြိုင်ပွဲ လုပ်ကြပါတယ်။

ကဲလ် ယောက်ျား အဝပြိုင်ပွဲ မကျင်းပမီ ၆ လအလိုကတည်းက ပြိုင်ပွဲဝင်မယ့်သူတွေ ရွေးချယ် စာရင်းသွင်းရပါတယ်။ ပြိုင်ပွဲဝင်မယ့်သူဟာ လူပျို ဖြစ်ရပါမယ်။ စခန်းသွင်းမယ့် ၆ လမှာ လိင်မဆက်ဆံရဘူး။ ဘယ်ကိုမှ မသွားရဘူး။

ဓာတ်ပုံ မူပိုင် Getty Images

သူ့မိသားစုနဲ့ တခြားအမျိုးသမီးတွေက သူ့ဆီကို အစားအသောက် မှန်မှန် သွားပို့ပေးရတယ်။ နေထွက်ပြီဆိုတာနဲ့ အမဲသွေးနဲ့ နွားနို့ရောပြီး ၂ လီတာ သောက်ရတယ်။ တချို့သူတွေဟာ ၂ လီတာ ကုန်အောင် မသောက်နိုင်ဘဲ အန်ကြတယ်။ အမဲသွေးနဲ့ နွားနို့ကို တနေကုန် သောက်နိုင်သလောက် သောက်ကြရတယ်။ နွားဟာ မြင့်မြတ်တဲ့သတ္တဝါလို့ သူတို့က ယုံကြည်ကြတယ်။ သူတို့ဟာ နွားကို သတ်လေ့မရှိဘူး။ နွားရဲ့သွေးကို သွေးကြောထဲကနေ ဖောက်ယူတယ်။

ပြိုင်ပွဲဝင်မယ့် ယောက်ျားဟာ သူ့ကိုယ်လုံးမှာ မြေမှုန်နဲ့ ပြာတွေ တကိုယ်လုံး လိမ်းကျံထားကြတယ်။

ဓာတ်ပုံ မူပိုင် Eric Lafforgue/Art in All of Us

၆ လပြည့်လို့ ကဲလ် ပြိုင်ပွဲ ကျင်းပမယ့် အချိန်ကျမှ စခန်းသွင်းထားတဲ့ ယောက်ျားတွေဟာ မြင့်မြတ်တဲ့ သစ်ပင်ရှိရာကို လမ်းလျှောက်လာကြတယ်။ တချို့ဆိုရင် အဲဒီအချိန်မှာ အဝလွန်နေလို့ လမ်းတောင် မလျှောက်နိုင်ကြတာမျိုးလည်း ရှိတယ်။ သစ်ပင်ကို လှည့်ပတ်ပြီး အခမ်းအနား ကျင်းပကြတယ်။

အဝဆုံးယောက်ျား အဖြစ် အနိုင်ရတဲ့ ယောက်ျားဟာ ဆုတော့ မရဘူး။ ဒါပေမယ့် သူ့ကို ရာသက်ပန် သူရဲကောင်းအဖြစ်သတ်မှတ်ကြတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အဝပြိုင်ပွဲမှာ ဗိုလ်စွဲရင် ရာသက်ပန်သူရဲကောင်း ယောက်ျားဘွဲ့ကို ရပါလိမ့်မယ်

ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ဝတာ မကောင်းဘူးလို့ ယတိပြတ်ပြောနိုင်ပါလိမ့်မယ်။ အလှအပရှုထောင့်က ကြည့်ရင်တော့ ဝတာလှသလား၊ ပိန်တာ လှသလားဆိုတာ ကြည့်သူရဲ့ အကြိုက်၊ ကြည့်သူရဲ့ မျက်စိ၊ သူတို့ ပတ်၀န်းကျင်၊ သူတို့ယဉ်ကျေးမှုတွေနဲ့လည်း သက်ဆိုင်မှာပါ။

ဥရောပ၊ အမေရိကန်နိုင်ငံတွေမှာ ပိန်ချင်လွန်းလို့ လေ့ကျင့်ခန်းတွေလုပ်၊ အစားလျှော့စား၊ အားကစားရုံ မှန်မှန်သွားကြတာဟာ သူတို့အတွက်တော့ မဖြစ်မနေ လုပ်ဖို့ လိုအပ်တဲ့ အရာတွေပါ။

ဒါပေမယ့် အာဖရိက တချို့ ကျေးရွာကလူတွေကတော့ ကျက်သရေရှိချင်၊ လှပချင်ရင် တို့လိုဝအောင် လုပ်ပါလားလို့ ပြောကြပါလိမ့်မယ်။