မြန်မာပြည်ရောက် ထိုင်းဘုရင်နဲ့ သင်္ချိုင်းရှာပုံတော်

thai ဓာတ်ပုံ မူပိုင် Dr Tin Maung Kyi
Image caption ထိုင်းပုံစံ ဘုန်းကြီးအရိုးအိုးစေတီလို့ယူဆ

မြန်မာပြည်မှာ ရဟန်းဝတ်နဲ့ ပျံလွန်သွားခဲ့တဲ့ ထိုင်းဘုရင် ကျောက်ဖွားဒေါက်ရဲ့ အုတ်ဂူကို အမရပူရမြို့ လင်းဇင်းကုန်းသုသာန်မှာ ရှာခဲ့ကြပါတယ်။

ဒီသုသာန်မှာ ထိုင်းဘုရင်တပါးကို မြှုပ်ခဲ့တယ်ဆိုတဲ့ တောင်သမန်အင်းနားက ဒေသခံတွေရဲ့အဆိုအရ ဒီမှာ ရှာဖွေတူးဖော်ခဲ့ကြတာပါ။

ရှာရင်း အရိုးအိုးစေတီတဆူကို တွေ့ရှိခဲ့ပြီးနောက် ဒီထဲက စဉ့်စိမ်းနဲ့ ခြယ်ထားတဲ့ သပိတ်ကို တွေ့ခဲ့တယ်လို့ ၂ဝ၁၃ က ထိုင်းမြန်မာဖက်စပ် တူးဖော်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ထိုင်းပုံစံ ဗုဒ္ဓဆင်းတုတော်တွေလည်း ဒီစေတီပျက်ကနေ တွေ့ခဲ့တယ်လို့ သိရပါတယ်။

မြန်မာသမိုင်းအဖွဲ့နဲ့ ရှေးဟောင်းသုတေသနဘက်ကတော့ သူတို့ပါဝင်မှု မရှိတဲ့အတွက် ဒီတွေ့ရှိမှုတွေကို မယုံကြည်ဘူးလို့ သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှက ပြောပါတယ်။

နောက်ဒီတွေ့တဲ့သပိတ်ဟာ ထိုင်းဘုရင် ဥဒမ်ပုံခေါ် ကျောက်ဖွားဒေါက်ရဲ့ အရိုးအိုးဟုတ်သလား သိရဖို့ကတော့ မလွယ်သေးပါဘူး။

ဒီထဲက ပြာတွေကို ဒီအင်အေ မျိုးဗီဇအတွက် စစ်ဆေးဖို့ အဲဒီ ထိုင်းဘုရင်မျိုးဆက်ကလည်း မရှိတော့ပါဘူး။

ဓာတ်ပုံ မူပိုင် Werner Forman
Image caption မြန်မာတို့ ဖျက်ဆီးပြီးနောက် ကြွင်းကျန်ရစ်တဲ့ အယုဒ္ဓယမြို့ပျက်

အယုဒ္ဓယမြို့ကို မြန်မာတပ်တွေ ဝင်တိုက်လို့ ပျက်သုဉ်းတာကိုက အနှစ် ၂၅ဝ ကျော်ခဲ့ပါပြီ။

မြန်မာပြည်မှာ ရှိတဲ့ ထိုင်းမျိုးဆက်တွေကလည်း ဒီဘုရင်အကြောင်းကို သေချာမသိကြတော့ပါဘူး။

ဒီဘုရင်ဟောင်းကို ဆင်ဖြူရှင်တပ်က အင်းဝကို တခြားထိုင်းမင်းဆွေမင်းမျိုးတွေနဲ့ အတူ ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

သူဟာ နန်းတွင်းရေးကြောင့် ထီးနန်းကိုစွန့်ပြီး ဘုန်းကြီးဝတ်နေသူပါ။

သူ့ညီ နောက်ဆုံး အယုဒ္ဓယဘုရင် ဧကာဒသ်ကတော့ အယုဒ္ဓယမြို့အပျက်မှာ တောထဲမှာ အစာငတ်ပြီး နတ်ရွာစံခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Frank Bienewald
Image caption အမရပူရမြို့ တောင်သမန်အင်းနားမှာ ထိုင်းဘုရင်ကိုမြှုပ်နှံတယ်လို့ယူဆ

အင်းဝကို ခေါ်လာခဲ့တဲ့ ထိုင်းဘုရင်ဆီက မြန်မာတွေက ထိုင်းနန်းတွင်းဓလေ့တွေနဲ့ ရာဇဝင်ကို သင်ယူခဲ့ပါတယ်။

ထိုင်းဘုရင်ကျောက်ဖွားဒေါက်ရဲ့ သမီးတော် ကျောက်ဖွားစောကိုလည်း မြန်မာဘုရင်က မိဘုရားမြှောက်ခဲ့ပါတယ်။ ယိုးဒယားမိဘုရားကို ဘိုးတော်ဘုရင်က အရေးယူတဲ့အကြောင်း အမိန့်တော်တွေထဲမှာ တွေ့ရတယ်လို့လည်း ဒေါက်တာတိုးလှက ပြောကြားပါတယ်။

ထိုင်းက ပါလာတဲ့ မင်းညီမင်းသားတွေဟာ တခြားနန်းဆက်နဲ့ဝေးတဲ့ မြန်မာမင်းသားတွေလိုပဲ လေးဆယ်တော် ငါးဆယ်တော် ခြောက်ဆယ်တော် စတဲ့ သွေးသောက်အစုတွေ စုရာမှာ ပါဝင်သွားပြီး တိမ်မြုပ်သွားတာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

မြဝတီမင်းကြီး ဦးစနဲ့ တခြားနန်းတွင်းက ပညာရှိတွေကလည်း ထိုင်းသီချင်းတွေကို မြန်မာဘာသာနဲ့ ပြန်ဆိုအသံသွင်းခဲ့လို့ ယိုးဒယားသီချင်းတွေ အဖြစ် ကျန်ရစ်ခဲ့ပါတယ်။

အင်းဝမြောက်ဘက် ရွှေတချောင်းမြောင်းတလျှောက်မှာလည်း ထိုင်းရွာတွေ တည်ပေးခဲ့ပါတယ်။

ဘုရင်ဟောင်းနဲ့ ထိုင်းမင်းသားတွေ နေထိုင်ခဲ့တဲ့ မင်းသားစုကတော့ မဟာမုနိဘုရားကြီးနားမှာ ရှိပါတယ်။ နောက်ပိုင်း အမရပူရမြို့ တည်ချိန်မှာ ဒီရွာတွေ မြို့ထဲ ရောက်လာပါတယ်။

ထိုင်းလူမျိုးတွေအတွက် သဲပုံစေတီတည်ခွင့်ကို ထိုင်းဘုရင်ဟောင်းက ဘိုးတော်ဘုရားဆီ ခွင့်တောင်းခဲ့လို့ သဲပုံစေတီပွဲကို နှစ်စဉ်ကျင်းပလာတာလည်း အနှစ် ၂ဝဝ ကျော်ခဲ့ပါပြီ။

ဒီထိုင်းဘုရင်ဟောင်းပုံကို လန်ဒန်ရောက် ရွှေနန်းလက်သုံးပုရပိုက်ကနေ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ပြန်လည်ကူးယူခဲ့ပါတယ်။

ဒီပုံမှာ သူ့ကို ကျောက်ဖွားဧကာဒသ်အဖြစ်ပဲ ဖော်ပြပါတယ်။ ဘိုးတော်လက်ထက် အမရပူရမှာ ရဟန်းဝတ်နဲ့ အနိစ္စရောက်လို့ လင်းဇင်းကုန်းသုသာန်မှာ ခမ်းကြီးနားကြီး သင်္ဂြိုဟ်တယ်လို့ ရေးသားထားပါတယ်။ ဒီပုရပိုက်ပုံကို မင်းတုန်းမင်းလက်ထက်မှာ ရေးဆွဲတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Victoria and Albert Museum
Image caption မြန်မာပုရပိုက်တဆူက ထိုင်းမင်းသားပုံ

ထိုင်းဘုရင်ဟောင်းဟာ မန္တလေး ရဟိုင်းစျေးနားက ပေါင်းလဲတိုက်မှာ ပျံတော်မူတယ်လို့လည်း အဆိုရှိပါတယ်။ ရဟိုင်းဆိုတဲ့ အမည်က ထိုင်းနယ်စပ် မဲဆောက်မြို့နားမှာ ရှိခဲ့တဲ့ မြို့တမြို့က လာပါတယ်။

ပေါင်းလဲတိုက်နဲ့ လင်းဇင်းကုန်းဟာ ငါးမိုင် ခြောက်မိုင်လောက် ဝေးတဲ့နေရာတွေ ဖြစ်တဲ့အတွက် ဘာကြောင့် သူ့ရုပ်ကြွင်းကို လင်းဇင်းကုန်းထိ သွားမြှုပ်မှာလဲဆိုတဲ့ မေးစရာလည်း ရှိပါတယ်။

အမရပူရလင်းဇင်းကုန်းနဲ့ စစ်ကိုင်းက လင်းဇင်းရပ်တွေဟာ လာအိုကို သိမ်းရာက ပါလာတဲ့သူတွေကို ချထားတဲ့ ရပ်ကွက်တွေ ဖြစ်ပါတယ်။

နောက်ပြီး ဗုဒ္ဓဝင်စာပေတွေမှာ စေတီတည်ထိုက်သူတွေထဲမှာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာနဲ့ စကြဝတေးမင်းတွေပဲ ပါပြီး သာမန်ရဟန်းတွေကို တည်ခွင့်မပြုဘူးလို့လည်း ဒေါက်တာတိုးလှက ဆိုပါတယ်။

ဒါပေမဲ့လည်း မန္တလေးမှာရှိတဲ့ ဆရာတော်ဦးဗုဓ်ရဲ့ အရိုးအိုးစေတီ အပါအဝင် ဆရာတော်တွေအတွက် စေတီတည်ထားတာတွေကလည်း ရှိနေပါတယ်။

ဒါပေမဲ့ တူးဖော်တွေ့တဲ့ စေတီပုံစံဟာ လာအိုနဲ့ ထိုင်းနိုင်ငံမှာ တွေ့ရတဲ့ ဆရာတော်တွေရဲ့ အရိုးပြာကို မြှုပ်နှံရာ ကြာဖူးစေတီတွေနဲ့ ပုံစံတူတယ်လို့ ယူဆတဲ့ မြန်မာပညာရှင်တွေလည်း ရှိပါတယ်။

ဒီထိုင်းသင်္ချိုင်းဟောင်း တူးဖော်ရေးတွေကတော့ စခန်းရပ်သွားခဲ့တာ နှစ်ချီနေပြီ ဖြစ်ပါတယ်။

ထိုင်းဘုရင်ဟောင်းရဲ့ သင်္ချိုင်းကို လင်းဇင်းကုန်းမှာ ရှိတယ်လို့ ယူဆသူတွေလည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Soe Kyaw Thu
Image caption မတူးဖော်ရသေးခင်က လင်းဇင်းကုန်း