ပါးစပ်ပိတ်ဥပဒေနဲ့ သတင်းစာတိုက်တွေ ရိုက်ချိုးတဲ့ခေတ်၊ သတင်းစာတလှည့် ထောင်တလှည့်

burma ဓာတ်ပုံ မူပိုင် Roland Neveu
Image caption မြန်မာသတင်းစာတွေ စခဲ့တဲ့ မော်လမြိုင်

မြန်မာနိုင်ငံမှာ သတင်းစာ ထုတ်ဝေမှု သက်တမ်း နှစ် ၂ဝဝ နီးပါးရှိနေပါပြီ။ ၁၈၃၆ ခုနှစ် မတ်လ ၃ ရက်မှာ မော်လမြိုင်ခရော်နီကယ် သတင်းစာကို စထုတ်တယ်လို့ တက္ကသိုလ် ထင်ကြီးရဲ့ မြန်မာနိုင်ငံသတင်းစာများအညွှန်းမှာ ဖော်ပြပါတယ်။

ပထမဆုံးစထုတ်တဲ့ သတင်းစာအယ်ဒီတာ မစ္စတာဟောက်ကိုယ်တိုင် အဲဒီအချိန်က အိန္ဒိယနဲ့ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ အရှေ့အိန္ဒိယကုမ္ပဏီအစိုးရကို ဝေဖန်လို့ ထောင်တလကျခဲ့ဖူးပါတယ်။

သတင်းစာနဲ့ ဥပဒေ အဆင့်ဆင့်

တနင်္သာရီနဲ့ ရခိုင်ကို ဗြိတိသျှ သိမ်းပြီးစကတည်းက အစိုးရဝန်ထမ်းတွေကို သတင်းစာတွေနဲ့ မဆက်သွယ်ဖို့ အမိန့်ထုတ်ခဲ့ဖူးပါတယ်။

စစ်တွေသတင်းစာတစောင်မှာ နိုင်ငံရေးထင်မြင်ချက်တွေ ပါလို့ဆိုပြီး ပုံနှိပ်တဲ့ကျောက်ပြားတွေကို အစိုးရက သိမ်းပါတယ်။

အောက်မြန်မာပြည်ကို သိမ်းပြီးနောက်မှာလည်း နောက်ထပ် ဖိနှိပ်တဲ့ဥပဒေတွေကို အိန္ဒိယကနေ ဆက်ထုတ်ပါတယ်။ ၁၈၅၇ မှာ အိန္ဒိယဘုရင်ခံချုပ်က ပါးစပ်ပိတ်ဥပဒေ ချမှတ်ပြီးနောက် ဘင်္ဂေါပြည်နယ် သတင်းတွေကို ရန်ကုန်ရာဇဝတ်တရားသူကြီးဆီမတင်ဘဲ မထည့်ရဆိုပြီး ရန်ကုန်သတင်းစာတွေကို အမိန့်ပေးပါတယ်။

စာပုံနှိပ်တိုက်နဲ့ စာအုပ်မှတ်ပုံတင်ဥပဒေကိုတော့ ၁၈၆၇ မှာ ပြဋ္ဌာန်းပါတယ်။ အဲဒီဥပဒေအရ ပုံနှိပ်စက်ထောင်သူတွေဟာ ရာဇဝတ်တရားသူကြီးဆီကို ငွေ ငါးရာကနေ နှစ်ထောင်ကြား အာမခံတင်ရမှာပါ။

၁၈၇၈ မှာ တိုင်းရင်းသား သတင်းစာတိုက် ဥပဒေကို ထုတ်ပြီး ဗြိတိသျှကို အကြည်ညိုပျက်စေတဲ့သတင်း၊ လူမျိုးဘာသာနဲ့ ဇာတ်မတူသူချင်း စိတ်ဝမ်းကွဲစေမယ့် သတင်းတွေ မထည့်ဖို့ တားမြစ်ပါတယ်။

၁၉ဝ၈ မှာ သတင်းစာတွေကနေ လူသတ်မှုနဲ့ တခြားပြစ်မှုတွေ ကျူးလွန်အောင် မလှုံ့ဆော်ဖို့ တားမြစ်တဲ့ ဥပဒေ ထွက်ပါတယ်။

၁၉၃ဝ မှာတော့ စာပုံနှိပ်တိုက်တွေကို ထပ်ပြီး ဖိနှိပ်တဲ့ ဥပဒေကို အိန္ဒိယ ဘုရင်ခံချုပ်က ပြဋ္ဌာန်းပါတယ်။ စစ်တပ်အမှုထမ်းနဲ့ အရပ်ဘက်ဝန်ထမ်းတွေကို သွေးဆောင်တာ၊ လူမျိုးတမျိုးနဲ့ တမျိုး ရန်ငြိုးဖွဲ့အောင် ရေးရင် ဘုရင့်ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ ပါရှိပါတယ်။ အဲဒီနှစ်မှာပဲ သတင်းစာတွေ အခွင့်မရ အာမခံမတင်ဘဲ ထုတ်ရင် အစိုးရက သိမ်းယူမယ့် ဥပဒေလည်း ထွက်ပါတယ်။

ဒုတိယကမ္ဘာစစ် ဖြစ်ခါနီး အချိန်ကစပြီး တချက်လွှတ်ဥပဒေနဲ့ စာနယ်ဇင်းတွေအပေါ် တင်းကျပ်အရေးယူမှုတွေ ပိုများလာသလို လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း ကိုလိုနီခေတ်က သုံးခဲ့တဲ့ ဥပဒေတွေအပြင် အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ၅ စတဲ့ ဥပဒေအသစ်တွေနဲ့ သတင်းသမားတွေကို အရေးယူမှုတွေ ပိုများလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Michael Maslan
Image caption ဗြိတိသျှခေတ် ရန်ကုန် မြို့တော်ခန်းမနဲ့ ဆူးလေဘုရား

မင်းတုန်းမင်းနဲ့ သတင်းစာ

၁၈၆၉ မှာ ရန်ကုန်က မြန်မာသံတော်ဆင့်သတင်းစာ အယ်ဒီတာ ဟန်နေးကို မန္တလေးမှာ သတင်းစာလာထုတ်ဖို့ မင်းတုန်းမင်းက ဖိတ်ပါတယ်။ ဟန်နေးက မနက်တိုင်း ခေါင်းရှိမရှိ စမ်းနေရမယ့် ပါရှားအီရန်က ဝန်ကြီးလို ဖြစ်မှာစိုးတယ်ဆိုပြီး သတင်းစာ ခေါင်းကြီးကနေ စာပြန်ပါတယ်။ ဒါကို မင်းတုန်းမင်းက စိတ်မဆိုးဘဲ မန္တလေးကို လာတဲ့ သတင်းစာအယ်ဒီတာကို ငွေဒင်္ဂါးရှစ်ထောင် ဆုချပါတယ်။

မင်းတုန်းမင်းက ရတနာပုံနေပြည်တော်သတင်းစာကို ငါ့မကောင်းရင် ငါ့ကိုရေးဆိုပြီး လွတ်လပ်ခွင့်ပေးတယ် ဆိုပေမယ့် ဘုရင်နဲ့ နန်းတော်အုပ်ချုပ်ရေးကို ဝေဖန်တဲ့ အရေးအသားတွေ အဲဒီသတင်းစာမှာ မပါခဲ့ဘူးလို့လည်း သုတေသီတွေက ထောက်ပြပါတယ်။

အဲဒီသတင်းစာက အယ်ဒီတာတွေဟာ တိုက်ရိုက်အကြံမပေးရဲတဲ့အခါတွေမှာ အောက်မြန်မာပြည်နဲ့ တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေကို ရေးပြီး ဘုရင်အစိုးရကို အကြံပေးကြတယ်လို့လည်း တက္ကသိုလ်ထင်ကြီးက ရေးပါတယ်။

ဓာတ်ပုံ မူပိုင် စာပေဗိမာန်
Image caption ပထမဆုံး တိုင်းရင်းဘာသာ သတင်းစာ မိုးသောက်ကြယ်

မြန်မာသတင်းအနေနဲ့ ရတနာပုံနေပြည်တော်မှာ လမ်းတံတားနဲ့ မီးလောင်တဲ့ကိစ္စ၊ အမှိုက်ရှုပ်တဲ့ကိစ္စ၊ စီးပွားရေးနဲ့ လူမှုရေး သတင်းတွေလောက်ပဲ အဓိက ဖော်ပြတာကို တွေ့ရပါတယ်။

ဗြိတိသျှခေတ် အရေးယူမှုများ

၁၉ဝ၁ ။ ။ မော်လမြိုင်က မြန်မာတိုင်းသတင်းစာ အယ်ဒီတာ ဆရာဖြိုးကို အိန္ဒိယ ရာဇသတ် ဥပဒေနဲ့ ထောင်သုံးလ ချပါတယ်။ မကြားဝံ့မနာသာတဲ့ စာသားတွေ ပုံနှိပ်လို့ဖြစ်ပြီး အယူခံမှာ ဒဏ်ငွေ ကိုးဆယ်နဲ့ ပြီးပြတ်သွားခဲ့ပါတယ်။ အရပ်လူကြီးရွေးပွဲအတွက် အပြန်အလှန်ရေးကြရာမှာ ဦးပဏ္ဍိလေးခေါ် သခင်ကိုယ်တော်မှိုင်းရဲ့ ဆောင်းပါးတွေ လက်သံပြောင်လို့ ဆရာဖြိုး ထောင်ကျတာ ဖြစ်ပါတယ်။

၁၉ဝ၇ ။ ။ မန္တလေးက ဘားမားခရစ်တစ် သတင်းစာ အယ်ဒီတာ ဒဗလျူ အာနိုးကို အသရေဖျက်မှုနဲ့ ထောင်ချပေမယ့် ဘုရင်ခံက ပြစ်ဒဏ်ကို ပယ်ဖျက်ပေးပါတယ်။ ဥရောပတိုက်သားတယောက် မုဒိမ်းမှုနဲ့ အစွဲခံရတဲ့ အကြောင်းသတင်းမှာ တရားရုံးက ဘက်လိုက်တယ်ဆိုပြီး ဝေဖန်ရေးသားတဲ့အတွက် ထောင်ချခံရတာပါ။

၁၉၁၅ ။ ။ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ ဦးရွှေကြူးကို သတင်းစာပါ ကြော်ငြာတခုကြောင့် ဗြိတိသျှအစိုးရက ဖမ်းပြီး အကျယ်ချုပ်ပါတယ်။ မတ်လ ၁၅ ရက်ကို သတိပြုပါ ဆိုတဲ့ ကြော်ငြာ ကြောင့် ဖြစ်ပါတယ်။ ၁၅ ရက်ကျော်တဲ့အခါမှာ ပြန်လွှတ်ပြီး အာမခံငွေ ငါးထောင်တောင်းပါတယ်။ မပေးဘဲ ဂျပန်ထွက်သွားပြီး ဗီယက်နမ် ဆိုင်ဂုံမှာ မြင်ကွန်းမင်းသားနဲ့ တွေ့ပါတယ်။

ဂျပန်က ပြန်တဲ့အခါ စင်္ကာပူကနေ မြန်မာပြည်မပြန်ရဘဲ ပြည်နှင်ဒဏ်ပေးခံရပါတယ်။ ဦးရွှေကြူးဟာ မြန်မာသတင်းစာသမိုင်းမှာ ပထမဆုံး ပြည်နှင်ဒဏ် ပေးခံရတဲ့ သတင်းစာဆရာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Bettmann
Image caption မန္တလေးကျုံးထဲမှာ ဝေလမင်းသားကို ဖောင်နဲ့ဧည့်ခံ

၁၉၁၉ ။ ။ ဗြိတိသျှကို အတိုက်အခံရေးမှုနဲ့ သူရိယသတင်းစာ အာမခံအတောင်းခံရတဲ့အပြင် နောက်ထပ် ငါးထောင် အာမခံထပ်တင်ခိုင်းပါတယ်။

၁၉၂၁ ။ ။ ဖရီးဘားမား အင်္ဂလိပ်သတင်းစာ အယ်ဒီတာ ဦးထွန်းသန်းနဲ့ ထုတ်ဝေသူ အမတ်ဟောင်း ဦးဘိုးလှတို့ကို အစိုးရကို ဆန့်ကျင်ပုန်ကန်အောင် လှုံ့ဆော်မှုနဲ့ ထောင်ချပါတယ်။

၁၉၂၂ ။ ။ မြန်မာပြည်ကို ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား လာလည်တာကို သပိတ်မှောက်ဖို့ ရေးတဲ့ သတင်းစာ အယ်ဒီတာ သုံးယောက်ကို နယ်နှင်ဒဏ်ပေးပါတယ်။

နယူးဘားမား ဦးဘလှိုင်ကို မော်လိုက်၊ မြန်မာ့အလင်းဦးစိန်းကို ဟုမ္မလင်းနဲ့ မြန်မာ့ဝန်ထမ်းသတင်းစာက ရမ်းဗြဲဦးမောင်မောင်ကို တခြားမြို့တမြို့ ပို့ခဲ့ပါတယ်။

မင်းသားလာတဲ့ သုံးရက်အတွင်း မြန်မာ့အလင်းသတင်းစာ မထုတ်ဘဲ ဆန္ဒပြသပိတ်မှောက်ပါတယ်။

အဲဒီနှစ်မှာပဲ မော်ဒန်ဘားမားတိုင်း၊ လစ်ဘာတီနဲ့ ပညာအလင်းသတင်းစာပါ ဆောင်းပါးတွေကို ညစ်ညမ်းလို့ဆိုပြီး အယ်ဒီတာတွေကို ထောင်ချပါတယ်။

ပညာအလင်းဦးပုကလေးက ဝေလမင်းသားနဲ့ ရတနာဒီပံဆေးဖယောင်းတိုင် ဆောင်းပါးရေးပြီး မင်းသားအပြန်မှာ လွမ်းနေကြမယ့် အမျိုးသမီးတွေ ဆေးဖယောင်းတိုင်ထွန်းဖို့ အကြံပေးတဲ့ သရော်စာကြောင့် ဒီလို ထောင်ကျကုန်ကြတာပါ။

မြန်မာ့အလင်းနဲ့ ပညာအလင်းသတင်းစာတွေ၊ ဗန္ဓုလနဲ့ ဝရဇိန်သတင်းစာတွေကိုလည်း အစိုးရက အကြောင်းမရှိဘဲ အာမခံငွေ နှစ်ထောင်စီ တင်ခိုင်းပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption စီပီဦးခင်မောင် ထောင်ဝတ်စုံနဲ့ပုံ

ပထမဆုံး ထောင်ကျ မှတ်တမ်း

မန္တလေး သတင်းစာဆရာ စီပီဦးခင်မောင်က သူ့ရဲ့ သုံးနှစ်စာ ထောင်အတွေ့အကြုံတွေကို ၁၉၂၈ မှာ ထောင်မှတ်တန်းစုံ ဆိုပြီး ရေးသားထုတ်ဝေပါတယ်။

၁၉၂၄ ဆရာတော် ဦးဥတ္တမ မန္တလေးလာချိန်မှာ ၂၁ ဦးပါတီဂိုဏ်းသားတွေနဲ့ ပဋိပက္ခဖြစ်ပြီး အဓိကရုဏ်းဖြစ်ရာမှာ ရဟန်းတော် ဦးစန္ဒိမာ ပျံတော်မူတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရတာ ဖြစ်ပါတယ်။

ထောင်လက်ကျန်သက်တမ်းမှာ နိုင်ငံရေး မလုပ်ပါဘူး လက်မှတ်ထိုးရင် လျှော့ရက်နဲ့ လွှတ်မယ်ဆိုပေမယ့် မထိုးခဲ့ဘူးလို့လည်း စီပီဦးခင်မောင်က ရေးပါတယ်။

ဓာတ်ပုံ မူပိုင် Education Images
Image caption လုပ်ကြံမှု ဖြစ်ပွားခဲ့တဲ့ အတွင်းဝန်ရုံး

လွတ်လပ်ပြီးခေတ် သတင်းစာ လွတ်လပ်ခွင့်

၁၉၄၇ ။ ။ ဒီးဒုတ်ဂျာနယ်ပိုင်ရှင် ပြန်ကြားရေးဝန်ကြီး ဦးဘချို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံခံရပြီး သူရိယသတင်းစာပိုင်ရှင် ဂဠုန်ဦးစောကို လုပ်ကြံမှုနဲ့ သေဒဏ်ပေးခဲ့ပါတယ်။

၁၉၄၈ ။ ။ မြန်မာပြည်မှာ မတွေ့ဖူးတဲ့ သတင်းစာတိုက်တွေ ရိုက်ချိုးဖျက်ဆီးခံရတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ ဝန်ကြီးသခင်တင် သာယာဝတီဗိုလ်တဲမှာ မကျင်စိန်ဆိုတဲ့အမျိုးသမီးကို မီးခွက်မှုတ်တယ်ဆိုပြီး ရေးတဲ့ စီးပွားရေး၊ ပြည်သူ့ဟစ်တိုင်နဲ့ အိုးဝေတိုက်တွေကို ဆိုရှယ်လစ်ပါတီဝင်တွေက ရိုက်ချိုးဖျက်ဆီးခဲ့တာပါ။

အရင်က ၁၉၃၉ လူမျိုးရေး အဓိကရုဏ်းမှာ အင်ဒီပင်းဒင့် သတင်းစာ ဖျက်ဆီးခံရတာ မျိုးလောက်ပဲ ရှိခဲ့ပါတယ်။

ဒီနှစ်မှာပဲ နယူးတိုင်းအော့ဖ်ဘားမားသတင်းစာ ပိုင်ရှင် ဝန်ကြီးဟောင်း ဦးတင်ထွဋ် သတင်းစာတိုက်ကအပြန် မော်တော်ကားဗုံးကွဲပြီး အနိစ္စရောက်ပါတယ်။

၁၉၄၉ ။ ။ မန္တလေး လူထုသတင်းစာတိုက်ကို အစိုးရတပ်က မိုင်းဗုံးနဲ့ခွဲပြီး ပိုင်ရှင်မိသားစုကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်သလို လူထုဦးလှကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ တိုက်ပေါ်ကနေ သေနတ်နဲ့ ပစ်တယ်ဆိုပြီး စွပ်စွဲတဲ့အတွက် လူထုဒေါ်အမာက စစ်သားရိုင်ဖယ်သေနတ်ကို လက်ကကိုင်ဆွဲပြီး မဟုတ်ကြောင်း ခေါ်ပြပါတယ်။

Image caption ဦးလှရဲ့ ထောင်တွင်းက ပေးစာများ

ဒီနှစ်ထဲမှာပဲ ဟင်္သာတက လင်းရောင်ခြည်သတင်းစာကို သောင်းကျန်းသူ ဆိုတဲ့ စကားလုံးသုံးတယ် ဆိုပြီး ကွန်မြူနစ်၊ ရဲဘော်ဖြူနဲ့ တောခိုစစ်တပ်တွေပါတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုက ပြင်းပြင်းထန်ထန် သတိပေးလို့ ရပ်စဲသွားပါတယ်။

၁၉၅၃။ ။ ရန်ကုန်မင်းမနိုင်ကွက်သစ် မီးလောင်မှု သတင်းမှားတယ်ဆိုပြီး ရန်ကုန်ထောင်ထဲမှာ ဦးလှ သုံးနှစ်ကြာ ထိန်းသိမ်းခံရပါတယ်။ ထောင်ထဲမှာ တွေ့ရတဲ့ အကျဉ်းသားတွေရဲ့ ဘဝကို နောင်မှာ ထောင်စာအုပ်တွေအဖြစ် ရေးသားပြီး စာပေဆုတွေခဲ့ပါတယ်။

လူထုဦးလှဟာ ဗြိတိသျှခေတ်မှာ တကြိမ်၊ ဦးနုခေတ်မှာ သုံးကြိမ်နဲ့ ဦးနေဝင်းခေတ်မှာ တကြိမ် ငါးကြိမ် ထောင်ကျခဲ့ပါတယ်။

Image caption ခေါင်းကြီးကြောင့် ထောင်ထဲရောက်ခဲ့တဲ့ အယ်ဒီတာ ရွှေဥဒေါင်း

၁၉၅၆။ ။ လူထုသတင်းစာ အယ်ဒီတာချုပ် ရွှေဥဒေါင်းကို ပျူစောထီးခေါင်းကြီးရေးမှုနဲ့ ငါးလနီးပါး ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ လူထုဒေါ်အမာကတော့ သူ့ကိုပါဖမ်းရင် မိဘနှစ်ပါးလုံး အဖမ်းခံရတဲ့ သတင်းစာဆရာ မိသားစုက ကလေးတွေဆိုပြီး အတိုက်အခံတွေက သူ့သားသမီးတွေကိုပြ မဲဆွယ်လိမ့်မယ်လို့ ဖဆပလအစိုးရဆီ စာရေးခဲ့လို့ အဖမ်းမခံရဘဲ ကျန်ရစ်ခဲ့ပါတယ်။

အင်းစိန်က သတင်းထောက် စံရှား အသတ်ခံရမှုလည်း ဖဆပလခေတ်မှာ ဖြစ်ခဲ့ပါတယ်။

၁၉၅၈ ။ ။ စစ်တပ် အာဏာသိမ်းပြီး အိမ်စောင့်အစိုးရတက်ချိန်မှာ ကြေးမုံသတင်းစာကို ချိတ်ပိတ်ပြီး ပုံနှိပ်စက်ကို အစိုးရသိမ်းလို့ ၁၁ လ သတင်းစာရပ်ခဲ့ပါတယ်။ မန္တလေး လူထုသတင်းစာလည်း ချိတ်ပိတ်ခံရလို့ လချီ ရပ်စဲခဲ့ပါတယ်။

လက်ဝဲစာရေးဆရာနဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးပြီး ကိုကိုးကျွန်း အကျဉ်းစခန်းကို ပို့ပါတယ်။

၁၉၆၁ ။ ။ ထွန်းနေ့စဉ်သတင်းစာ ပိုင်ရှင် ဝန်ကြီးဟောင်း ဦးထွန်းဖေကို ဦးနုအစိုးရက ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးပါတယ်။ သတင်းစာ လွတ်လပ်ခွင့်မရှိလို့ ဆိုပြီး သတင်းစာတချို့ ခေါင်းကြီးမရေး၊ ကာတွန်းမဆွဲဘဲ ဆန္ဒပြကြပါတယ်။

၁၉၆၃ ။ ။ နေးရှင်းသတင်းစာပိုင်ရှင် ဦးလောရုံကို အာဏာသိမ်းအစိုးရက ဖမ်းဆီးပြီး သတင်းစာကို ရပ်စဲပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption သတင်းယူနေတဲ့ လူထုစိန်ဝင်း (ဝဲစွန်)

ဂါးဒီးယန်းဦးစိန်ဝင်းကို ပြင်သစ် ကမ္ဘာ့သတင်းစာအသင်းကနေပြီး သတင်းလွတ်လပ်ခွင့် ရွှေကလောင်ဆု ချီးမြှင့်ခဲ့ပေမယ့် နောက်အနှစ်အစိတ်ကြာမှ သွားယူနိုင်ပါတယ်။ ဒီကြားထဲမှာလည်း ထိန်းသိမ်းခံခဲ့ရပါတယ်။

၁၉၆၂ အာဏာသိမ်းပြီးနောက် သတင်းစာဆရာနဲ့ စာရေးဆရာ အများအပြား နိုင်ငံရေးသမားတွေနဲ့အတူ နှစ်ရှည် ထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီထဲမှာ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်နဲ့ အိုးဝေဦးညိုမြ၊ အောင်ဗလ စတဲ့ နာမည်ကြီးတွေပါပါတယ်။ ဒီထဲကတချို့ကို ကိုကိုးကျွန်းပို့ပါတယ်။

၁၉၆၄။ ။ မန္တလေး ဗဟိုစည်သတင်းစာကို သံဃာတချို့ ဝိုင်းဝန်းဖျက်ဆီးလို့ ပိတ်သွားပါတယ်။ သတင်းစာပါ အရေးအသားကို မကျေနပ်လို့ ဖျက်ဆီးခဲ့တာပါ။

၁၉၆၇။ ။ တရုတ် ဗမာအရေးအခင်းမှာ မန္တလေး လူထုသတင်းစာကို ဖျက်ဖို့ ကျောင်းသားနဲ့ အရပ်သားတချို့ ကြိုးစားပေမယ့် စစ်တပ်က ဟန့်တားပါတယ်။ မကြာခင်ပဲ လူထုသတင်းစာကို ရပ်စဲပါတယ်။ ရန်ကုန်လူထုတိုက်ခွဲက လူထုစိန်ဝင်း၊ လူထုဦးတင်မောင်နဲ့ တခြားအယ်ဒီတာတွေကို ဖမ်းဆီးပြီး တချို့ကို ကိုကိုးကျွန်း ပို့ပါတယ်။ လူထုစိန်ဝင်းကို ၁၉၇၃ မှ ပြန်လွှတ်ပြီး ၁၉၇၈ မှာ ဒုတိယအကြိမ် ထိန်းသိမ်းပါတယ်။

ဓာတ်ပုံ မူပိုင် HLA HLA HTAY
Image caption ဟံသာဝတီဦးဝင်းတင် ပြန်လွတ်လာချိန်

စစ်အစိုးရအဆက်ဆက်လက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့်

ပုဂ္ဂလိကသတင်းစာတွေ ရပ်စဲပြီးနောက် ၁၉၈၈ ကာလတိုကလွဲပြီး အနှစ် ၄ဝ ကျော် မြန်မာနိုင်ငံမှာ အစိုးရ သတင်းစာပဲ ရှိခဲ့ပါတယ်။ ဦးနေဝင်းလက်ထက် ဦးလောရုံ၊ ရန်ကုန်ဘဆွေ၊ အောင်ဗလ၊ နိုင်ဝင်းဆွေစတဲ့ သတင်းသမားနဲ့ စာရေးဆရာတွေ ပြည်ပကို ထွက်ပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်တာ၊ ရေးသားတာတွေလည်း ရှိခဲ့ပါတယ်။

၁၉၈၈ နောက်ပိုင်း နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ စာရေးဆရာ သတင်းသမားတွေ အများအပြား ဖမ်းဆီးခံရပါတယ်။

ဒီထဲက ဟံသာဝတီဦးဝင်းတင်နဲ့ စန်းစန်းနွဲ့ (သာယာဝတီ)ကို ၁၉၉၁ မှာ ပြင်သစ်က ရွှေကလောင်ဆု ချီးမြှင့်ခဲ့ပါတယ်။ ဦးဝင်းတင်ရဲ့ ထောင်သက်တမ်း ၁၉ နှစ် အတွေ့အကြုံကိုတော့ ဘာလဲဟဲ့လူ့ငရဲ စာအုပ်မှာ သူကိုယ်တိုင် မှတ်တမ်းတင်ခဲ့ပါတယ်။ နိုင်ငံတော်ကို အန္တရာယ်ဖြစ်စေတဲ့ သတင်းအချက်အလက်ဖြန့်ချိမှုနဲ့ အဖမ်းခံရတဲ့ စန်းစန်းနွဲ့ (သာယာဝတီ) ကတော့ ထောင်ထဲမှာ ခုနစ်နှစ် နေခဲ့ရပါတယ်။

စာရေးဆရာမင်းလူရဲ့ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာကို ပုံနှိပ်ဖော်ပြတဲ့ အယ်ဒီတာ မျိုးမြင့်ငြိမ်းလည်း ထောင်ထဲမှာ ၁၂ နှစ်နေခဲ့ရသလို ကနေဒါသတင်းထောက်အသင်းက ပေးတဲ့ လွတ်လပ်စွာ ရေးသားခွင့်ဆု ရခဲ့ပါတယ်။

၁၉၈၈ နောက်ပိုင်းကစပြီး ၂ဝဝ၈ ခုနှစ်အထိ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဆူပူအောင်လှုံ့ဆော်မှုနဲ့ ဖမ်းဆီးထောင်ချမှု အကြိမ်ကြိမ်ကြုံခဲ့သူတွေအထဲမှာ လူရွှင်တော် ဇာဂနာ ထင်ရှားသလို လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ ဆိုင်တဲ့ နိုင်ငံတကာဆုတွေလည်း သူရခဲ့ပါတယ်။

၂ဝဝ၃ ခုနှစ်မှာ ဖတ်စ်အလဲဗင်းဂျာနယ် အယ်ဒီတာ ဇော်သက်ထွေးကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ သေဒဏ်ချခဲ့ပြီး နောက် ထောင်သုံးနှစ်ပြန်လည်သတ်မှတ်ခဲ့ပါတယ်။ ၂ဝဝ၈ မှာလည်း သူ့ကို အီလက်ထရောနစ် ဥပဒေနဲ့ ထပ်မံထောင်ချခဲ့ပြီး ၂ဝ၁၂ မှ လွတ်မြောက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘလောက်ဂါ နေဘုန်းလတ်

၂ဝဝ၇ သံဃာ့လှုပ်ရှားမှု နောက်ပိုင်း ဖမ်းဆီးခံရတဲ့ အင်တာနက် စာရေးဆရာတွေထဲက နေဘုန်းလတ်ကိုလည်း ပန်အမေရိကန်အဖွဲ့က ၂ဝ၁ဝ မှာ ဘာဘရာဂိုးစမစ် လွတ်လပ်စွာ ရေးသားခွင့်ဆု ချီးမြှင့် ခဲ့ပါတယ်။ ပြည်ပက ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံပါတဲ့ အီးမေးတစောင် လက်ခံမှုနဲ့ အီလက်ထရောနစ်ပုဒ်မနဲ့ စွဲဆိုအပြစ်ပေးခံရပြီး ထောင်ထဲမှာ လေးနှစ်နေခဲ့ရပါတယ်။ ၂ဝ၁၂ နိုင်ငံရေး အပြောင်းအလဲမှာမှ လွတ်မြောက်လာခဲ့ပါတယ်။

မြန်မာပြည်က ဘာဘရာဂိုးစမစ် လွတ်လပ်စွာ ရေးသားခွင့်ဆုရခဲ့သူတွေထဲမှာ ၁၉၉၆ က မသီတာ (စမ်းချောင်း)၊ ၂ဝဝ၂ က ဖျာပုံနီလုံဦး တို့ ပါပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတပိုင်း အစိုးရတက်ပြီးနောက် သတင်းသမားတွေ အဖမ်းခံရတာတွေ ဆက်ရှိနေခဲ့ပါတယ်။

နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ယူနတီဂျာနယ်က သတင်းသမားတွေကို ၂ဝ၁၄ မှာ ထောင်ချခဲ့ပြီး ၂ဝ၁၆ အစိုးရ အပြောင်းမှာ လွတ်လာခဲ့ပါတယ်။ ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ်၂၄ အကြောင်းကို လျှို့ဝှက် ဓာတု လက်နက် စက်ရုံ ဆိုပြီး ရေးသား ဖော်ပြ ခဲ့လို့ ထောင်ကျတာ ဖြစ်ပါတယ်။

၂ဝ၁၄ မှာတော့ စစ်တပ်ဖမ်းထားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှု ဖြစ်ပွားပါတယ်။

ဓာတ်ပုံ မူပိုင် LYNN BO BO
Image caption မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်ကို မှတ်ကျောက်တင်ခဲ့တဲ့ ရိုက်တာသတင်းထောက်တွေ

ဒီလို ထိန်းသိမ်းခံရသူတွေထဲ အထင်ရှားဆုံးက ရိုက်တာ သတင်းထောက်တွေ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ပြီးနောက်မှာ ဖမ်းဆီးခံရတဲ့အတွက် ပိုပြီး ထင်ရှားခဲ့ပါတယ်။

၂ဝ၁၆ မှာ အလဲဗင်း မီဒီယာက အမှုဆောင်အရာရှိချုပ် ရွှေကလောင်ဆုရှင် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို ဆက်သွယ်ရေး ဥပဒေနဲ့ ဖမ်းဆီးခံရမှုကြောင့်လည်း မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ထိ ရှိသင့်သလဲ မြန်မာလူမှုကွန်ရက်တွေမှာ ပြောဆိုတာတွေ များခဲ့ပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးအရေးယူမှုတွေ လျော့နည်းအောင် သတင်းမီဒီယာကောင်စီနဲ့ အစိုးရ၊ တပ်မတော်တို့ကြား အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် ဖမ်းဆီးတရားစွဲတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။