ဗိုလ်မှူးကြီးဌေးမြိုင် မဖြစ်လိုက်တဲ့ စာပေသစ်ဖခင်ကြီး

burma ဓာတ်ပုံ မူပိုင် Devi Taryar
Image caption အနှစ် ၈ဝ ကျော် စာပေကဗျာတွေပြုစုသွားတဲ့ ဒဂုန်တာရာ

ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးတဲ့ အရိုင်းရုပ်ပုံလွှာနဲ့ ငယ်ဘဝလက်ရာ မေဝတ္ထုတွေကြောင့် သိသူများပါတယ်။

တကယ်က သူဟာ ဒဂုန်မဂ္ဂဇင်းက တင်ပေးလိုက်တဲ့ ကလောင်ကြီးတချောင်း ဖြစ်သလို မြန်မာ့တပ်မတော် ဝါဒဖြန့်ချိရေးဌာနကို ကြီးကြပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ရာထူးအနှောင်အဖွဲ့တွေ သဘောမကျတဲ့ အနုပညာသမား ဒဂုန်တာရာကတော့ ဗိုလ်ချုပ်ပေးတဲ့ ရာထူးကို မယူခဲ့ပါဘူး။

ဒါပေမဲ့ တာဝန်ယူစရာရှိရင် ယူတတ်တဲ့ သမဂ္ဂရဲဘော်ဟောင်းဖြစ်တဲ့အတွက် ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ခင်ကပဲ တရုတ် ကွန်မြူနစ်တပ်နီနဲ့ အဆက်အသွယ်ယူပြီး ဗြိတိသျှကို တော်လှန်ဖို့ ရှမ်းပြည်ခရီးကို သခင်ဗဟိန်းနဲ့သူ အတူသွားခဲ့ပါတယ်။

သူ့ကို နိုင်ငံ့ဂုဏ်ရည်ဘွဲ့ပေးတဲ့အခါမှာတော့ နိုင်ငံက ထင်သလောက်လည်း မတိုးတက်၊ နောက် မညီညွတ် ကွဲပြားပြီး စစ်ဖြစ်နေတဲ့အချိန်မျိုးမှာ ဘွဲ့တက်ယူဖို့ ဆန္ဒမရှိကြောင်း သူက စာရေးဖို့ ကြံခဲ့တယ် လို့လည်း သူ့မိသားစုက ဆိုပါတယ်။ နောက်ဆုံး တူမ သင်းမြစန္ဒီကို လွှတ်ပြီး ယူစေခဲ့ပါတယ်။ အငယ်ကို လွှတ်ယူခိုင်းတဲ့အတွက် ပေးတဲ့သူတွေဘက်က ကျေနပ်မှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Devi Taryar
Image caption နိုင်ငံ့ဂုဏ်ရည်ဆုအကြောင်း ဒဂုန်တာရာလက်ရေးမူ

ယဉ်ကျေးမှုယာဉ်သာ

ဒဂုန်တာရာကို စာပေသစ်ရဲ့ ဖခင်လို့ လူသိများပါတယ်။ တာရာမဂ္ဂဇင်းကနေပြီး စစ်ပြီးခေတ် မြန်မာစာပေယဉ်ကျေးမှုကို အသစ်ပြန်လည် တည်ထောင်ရာမှာ ဒဂုန်တာရာရဲ့ ရေးသားပြန်ဆို တည်းဖြတ်မှု တွေက အင်မတန် အရေးကြီးတဲ့ အခန်းက ပါပါတယ်။ သူကိုယ်တိုင်လည်း ပန်းချီနဲ့ ဂီတအနုပညာတွေကို လိုက်စားထူးချွန်သူတယောက် ဖြစ်ပါတယ်။

ဒဂုန်တာရာဟာ ဗဟုဝါဒခေါ်တဲ့ အယူအဆပေါင်းစုံ ကိုးကွယ်ယုံကြည်မှုနဲ့ အသိပညာစုံကို လက်ခံအားပေးတဲ့ စာရေးဆရာ တယောက် ဖြစ်တာမို့ နိုင်ငံစုံက အနုပညာအကြောင်းတွေကို မြန်မာစာဖတ်သူ တွေ အတွက် မိတ်ဆက်ပေးခဲ့ပါတယ်။ လေနုအေး၊ အပြုံး၊ အနုပညာရေစီး၊ သူမ၊ ရွှေအိုရောင် စတဲ့ စကားလုံးသစ်တွေကိုလည်း တီထွင်ပြန်ဆိုခဲ့ပါတယ်။ အဲဒီခေတ်က သူ့ကို လျှပ်ပေါ်လော်လည်တယ်လို့ သိန်းဖေမြင့်စတဲ့ ခေတ်ပြိုင်တွေက ဝေဖန်ကြပေမယ့် မြန်မာစာပေရဲ့ အနှစ် ၅ဝ ကျော်အတွင်း ပြောင်းလဲမှုက လျင်မြန်တဲ့အတွက် ခေတ်ဟောင်းပုံစံအရေးအသား အသုံးအနှုန်းတွေကို စွန့်ပစ်ခဲ့ရာမှာ သူ့ထက် လော်လည်သူတွေ ပိုများတယ်လို့ ပြောနိုင်ပါတယ်။

စစ်ပြီးခေတ်မှာ ကဗျာပုံစံသစ်ကို သူနဲ့ကြည်အေးတို့ လမ်းခင်းပေးခဲ့ကြတဲ့အတွက် လေးလုံးစပ်ကနေ လွတ်လပ်ကာရန်ဘက်ကို ကူးဖို့ သူအစပျိုးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ လမ်းလျှောက်ရအောင်မေ နဲ့ တဟီတီသွားရအောင် ကဗျာတွေကို ထွက်ပြေးမှုဝါဒလို့ သတ်မှတ်ကြပေမယ့် အဲဒီခေတ်က လူငယ်တွေအကြားမှာ ခေတ်စားခဲ့ပါတယ်။ လောကအမွန် နဲ့ မတ်လတော်လှန်ရေး ကတော့ လက်ဝဲနိုင်ငံရေး ကဗျာပုံစံအဖြစ် ထင်ရှား ခဲ့ပါတယ်။

သူရေးတဲ့ မေ ဝတ္ထုဟာ သူ့ခေတ်သူ့အခါမှာ ထူးခြားတဲ့အထဲက ပါပါတယ်။ ဘာသာပြန်ဆိုပေမယ့် အမျိုးသားထည်လဲတွဲတဲ့ အမျိုးသမီးတယောက်ကို ဇာတ်ကောင်ပြုရေးဖွဲ့တဲ့အတွက် မြန်မာဝတ္ထုတွေ ထဲမှာ ထူးထူးခြားခြား တပုဒ်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒီလိုအမျိုးသမီးတွေကို နှိမ့်ချရေးသားတာ၊ ဆုံးမသြဝါဒပေးတာတွေလည်း မပါပါဘူး။ စစ်ပြီးခေတ်မှာပေါ်တဲ့ ကြည်အေးရဲ့ မီ စတဲ့ ဝတ္ထုတွေဟာ မေရဲ့ သြဇာရိပ်က မကင်းဘူးလို့လည်း ပြောနိုင်ပါတယ်။

Image caption သက်တမ်းတိုပေမယ့် သြဇာကြီးတဲ့ တာရာမဂ္ဂဇင်း

သူရေးတဲ့ ဝတ္ထုတွေထဲက ကြာပန်းရေစင် ဟာ ဖဆပလခေတ် ရန်ကုန်မြို့က လူတန်းစားအလွှာစုံကို ရေးခြယ်ထားတာဖြစ်ပြီး အင်ဒိုနီးရှားက စာရေးဆရာကြီး မော့ချတာလူးဘစ်ရဲ့ ဝတ္ထုတွေလိုပဲ ခေတ်ပြိုင်လူမှုအလွှာတွေရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံရေးနောက်ခံနဲ့ ဖွဲ့တဲ့ဝတ္ထုဖြစ်ပါတယ်။ ဆယ်နွေဆယ်မိုး မှာလည်း ဖဆပလခေတ် အာဏာရလူတန်းစားနဲ့ အာဏာမဲ့တွေဘဝကို နှိုင်းပြခဲ့ပါတယ်။

လင်လင် ကတော့ အိမ်ထောင်ကျခါစ အမျိုးသမီးလေးတယောက်ရဲ့ စိတ်ခံစားမှုကို ရေးဖွဲ့တဲ့အတွက် အဲဒီခေတ်မှာ ထူးခြားတဲ့ဝတ္ထုတိုတပုဒ် ဖြစ်ပါတယ်။ မြန်မာစာရေးဆရာအများစု ဇာတ်လမ်းအားပြု ဝတ္ထုတွေ ရေးတဲ့ခေတ်မှာ ဒဂုန်တာရာဟာ ဇာတ်ကောင်စရိုက်အခြေခံတဲ့ ဝတ္ထုတွေ ရေးဖွဲ့ခဲ့တယ်လို့လည်း စာရေးဆရာ မောင်စွမ်းရည်က သုံးသပ်ဖူးပါတယ်။

ဗန္ဓရဦးမြတ်စံ ဝတ္ထုတိုမှာတော့ အထက်အမိန့် အောက်အမိန့် အာဏာတည်စေ ဆိုပြီး ကုန်စျေးနှုန်းကျအောင် မန်းမှုတ်တဲ့လူတယောက်အကြောင်း ရေးပြီး လမ်းစဉ်ပါတီအစိုးရရဲ့ ကချော်ကချွတ် အုပ်ချုပ်ရေး ကို သရော်ပါတယ်။

သူအနှစ်သက်ဆုံးဝတ္ထုကတော့ နယ်ချဲ့ဆန့်ကျင်ရေးနောက်ခံ ဒို့ခေတ်ကိုရောက်ရမည်မှာမလွဲပါ ဖြစ်ပါတယ်။ ပထမအကြိမ်ထုတ်စဉ်က အဆုံးမသတ်ရသေးတဲ့ ဝတ္ထုစာမူတွေဟာ ဗြိတိန်မှာ ထုတ်ဖို့ စီစဉ်ပြီး ပျောက်ဆုံးသွားတဲ့အတွက် ကျန်တဲ့လက်ရေးမူတွေနဲ့ အသစ်ထပ်မံရေးရပါတယ်။ လွတ်လပ်ပြီးခေတ်နဲ့ မျက်မှောက်ခေတ်ထိ ဆက်ရေးဖို့ စီစဉ်ထားပေမယ့် စာရေးသူ ကွယ်လွန်သွားတဲ့အထိ အပြီးထိ မရောက်တော့ဘဲ ရေးခဲ့သမျှနဲ့ စုစည်းပြီး အသစ်ပြန်လည်ထုတ်ဝေထားတာပါ။

ဓာတ်ပုံ မူပိုင် Devi Taryar
Image caption ရန်ကုန်တက္ကသိုလ်သမဂ္ဂအမှုဆောင်ဘဝ

ကဗျာဆရာရဲ့ အဘိဓမ္မာ

ဒဂုန်တာရာဟာ အသက်အရွယ်ကြီးတဲ့အထိ အသစ်သင်ယူလိုစိတ် ထက်သန်တယ်လို့ သူ့ရဲ့မြေးဖြစ်သူ ဒေဝီတာရာက ပြောပါတယ်။ မြေးတွေ သင်ယူနေတဲ့ ကွန်ပျူတာပညာအကြောင်းကအစ ဘာသာရပ်စုံ ကို သူက သိချင်နားလည်ချင်သူ ဖြစ်သလို လူငယ်တွေနဲ့ တွေ့ဆုံပြီး သူတို့အမြင်တွေကို ကြားချင်နေသူ ဖြစ်တဲ့အတွက် လူငယ်တွေကလည်း ဒဂုန်တာရာကို ချစ်ခင်ကြပါတယ်။

၁၉၈၈ အရေးတော်ပုံမှာ လူငယ်တွေ ခေါင်းဆောင်ပြီး အလုပ်သမားတွေအပါအဝင် တနိုင်ငံလုံးအုံကြွ ဆင်နွှဲနိုင်ခဲ့တာကို သူသဘောကျတယ်လို့ သိရပါတယ်။

တတိယမျိုးဆက်လို့ သူတင်စားရေးတတ်တဲ့ ဒီမျိုးဆက်တွေ ညီညီညွတ်ညွတ်နဲ့ နိုင်ငံအနာဂတ်ကောင်းအောင် ကြိုးစားကြဖို့ ဒဂုန်တာရာက လိုလားတယ်လို့လည်း သူ့တူမ စာရေးဆရာမ သင်းမြစန္ဒီက ဆိုပါတယ်။

ဒဂုန်တာရာရဲ့ ရည်မှန်းချက်က ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ တန်းတူအခွင့်အရေးနဲ့ လွတ်လပ်ရေး ဖြစ်ပါတယ်။ သူ့ဦးလေးရဲ့ ရည်မှန်းချက်တွေ ခုချိန်မှာ ပြည့်ဝဖို့က သိပ်အလားအလာမရှိသေးဘူးလို့လည်း သင်းမြစန္ဒီက ပြောပါတယ်။

၁၉၈၈ နောက်ပိုင်း ဒဂုန်တာရာကို နိုင်ငံရေးလောကထဲ ပြန်ပါဖို့ လာတိုက်တွန်းကြပေမယ့် လူတွေကို သိပ်ယုံကြည်မှုမရှိလို့ မပါခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ၊ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ ဆိုတဲ့ သူ့ရဲ့ အမြင်သဘောထားတွေကို ဒဂုန်တာရာက အမြဲရေးသားပြီး နိုင်ငံပြန်လည် ရင်ကြားစေ့ရေးကို တိုက်တွန်း သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် TASS
Image caption ကွန်မြူနစ်ခေတ်က မော်စကိုရင်ပြင်နီချီတက်ပွဲ

ဒီလိုတိုက်တွန်းခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ စစ်တပ်ရဲ့ အထက်အောက် အမိန့်ပေးဆက်ဆံရေးကို မနှစ်ခြိုက်ဘူးလို့လည်း တူမဖြစ်သူက ဆိုပါတယ်။ စစ်ကိုမလိုလားတဲ့သူ ဖြစ်တဲ့အတွက် သူ့တသက်မှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့ပါတယ်။ နောက်ပြီး ၁၉၅၇ ဟန်ဂေရီ အရေးအခင်းမှာ ရုရှားကို ကျူးကျော်သူအဖြစ် သတ်မှတ်ဖို့ သူဆော်သြခဲ့လို့ ခေတ်ပြိုင် မြန်မာလက်ဝဲသမား တွေနဲ့ သဘောကွဲခဲ့ပါတယ်။

သူဟာ အကြမ်းပတမ်းကိစ္စတွေကို မနှစ်သက်သူမို့ တောခိုပြီး လက်နက်ကိုင်လှုပ်ရှားဖို့ကိုလည်း မထက်သန်ခဲ့ပါဘူး။ ဒါပေမဲ့ သူရေးတဲ့ ညိုမီဂုမ္ဘန် နဲ့ သောင်းကျန်းသူ ဝတ္ထုတွေမှာတော့ ကွန်မြူနစ် အုပ်ချုပ်တဲ့ မြန်မာပြည်ဘက်ခြမ်းကို အလည်သွားတဲ့ပုံစံ စိတ်ကူးယဉ်ဝတ္ထုကို ရေးခဲ့ပါတယ်။

ဘက်နှစ်ဘက်ကြားကစာဆို

၁၉၄၈ မြန်မာပြည် ပြည်တွင်းစစ်အစမှာ နှစ်ဘက်စလုံးက သူနဲ့ခင်တဲ့သူတွေဖြစ်တဲ့အတွက် ကွန်မြူနစ်နဲ့ ဖဆပလခေါင်းဆောင်တွေအကြောင်း ရုပ်ပုံလွှာတွေရေးပြီး ကောင်းကွက်တွေ ဖော်ခဲ့ပါတယ်။ သခင်သန်းထွန်း အနီကို လေ့လာကြည့်ရှုချက် နဲ့ သခင်နု မုန်တိုင်းထဲက သစ်ရွက်တရွက် တို့က ထင်ရှားပါတယ်။ သူ့သမဂ္ဂရဲဘော် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ တောခိုချိန်မှာတော့ သူ့မိသားစုကို စောင့်ရှောက်တဲ့အနေနဲ့ နှစ်ပေါင်း ၂ဝ၊ ၃ဝ နီးပါး အတူနေထိုင်ခဲ့ပါတယ်။ သူ့ကို အစိုးရတွေက မနှစ်သက်မှန်း သိပေမယ့် နိုင်ငံရေး ရပ်တည်ချက်မပြောင်းဘဲ သူယုံကြည်ရာ ငြိမ်းချမ်းရေးကိုသာ တောက်လျှောက် ရေးသား လှုံ့ဆော်ခဲ့ပါတယ်။

Image caption ဗိုလ်ဇေယျမိသားစုနဲ့ ဒဂုန်တာရာ

ဒါပေမဲ့ ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ချိန်မှာတော့ ဒဂုန်တာရာ အဖမ်းခံခဲ့ရပါတယ်။ သူကိုယ်တိုင် ဘာဖြစ်လို့ အဖမ်းခံရမှန်းမသိဘူးလို့လည်း တူမ သင်းမြစန္ဒီကို ဆိုပါတယ်။ ထောင်တွင်းက ဆိတ်ဖလူးနံ့သင်းတဲ့နေရာမှာတော့ သူစောစောအိပ်ပြီး ညတိတ်ဆိတ်ချိန်မှာ ဝတ္ထုအကြောင်း စဉ်းစားတာ၊ စန္ဒရားကို စိတ်ကူးနဲ့တီးတာတွေ လုပ်တယ်လို့လည်း သိရပါတယ်။

၁၉၇၉ သူ့အသက် ၆ဝ ပြည့်တဲ့နေ့မှာ သူအလည်ရောက်နေတဲ့ အောင်ပန်းက မိတ်ဆွေ ဦးမြင့်သန်း အဖမ်းခံရပါတယ်။ အိမ်မှာ ရှာရင်း ဒဂုန်တာရာရဲ့ မှတ်စုစာအုပ်ကိုပါ သိမ်းသွားပါတယ်။ ဒီအတွက် ဒဂုန်တာရာ စိတ်ထိခိုက်ခဲ့ရပါတယ်။ နောက် ဒဂုန်တာရာတူမ သင်းမြစန္ဒီနဲ့ အိမ်ထောင်ကျပြီးနောက် ၁၉၉ဝ ရွေးကောက်ပွဲမှာ ဦးမြင့်သန်း ပြည်ထောင်စု ဓနုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကလော အမတ် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ဖမ်းဆီးရှာဖွေတာတွေ လုပ်ခဲ့တဲ့အတွက် စာရွက်စာတမ်းတွေ ဖျောက်ဖျက်ရင်း ဒဂုန်တာရာရဲ့ စာမူတွေပါ မီးရှို့မိတာတွေ ရှိခဲ့တယ်လို့လည်း သင်းမြစန္ဒီ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Devi Taryar
Image caption အောင်ပန်းက ဒဂုန်တာရာရင်ပြင်

အသက် ၁ဝဝ ပြည့် ဒဂုန်တာရာအတွက် အထိမ်းအမှတ် မျက်စိဆေးရုံ ဆောက်လှူဖို့ မိသားစုက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မိတ်ဆွေ အပေါင်းအသင်းတွေ အာဏာရချိန်မှာ နေအိမ်တိုက်ခန်း ရာထူးစတာတွေ ယူဖို့ မစဉ်းစားခဲ့တဲ့ ဒဂုန်တာရာကို လေးစားတဲ့ စာဖတ်ပရိသတ်တွေတော့ များပါတယ်။

ဓာတ်ပုံ မူပိုင် MICHAL CIZEK
Image caption ဒဂုန်တာရာချစ်တဲ့ ပရပ်ဂ်မြို့

တခါက သူရောက်ခဲ့တဲ့ ချက်နိုင်ငံ ပရက်ဂ်မြို့က နှမ်းဖြူးပေါင်မုန့်ကို သူနှစ်သက်ကြောင်း ကြားဖူးတဲ့ မြန်မာအမျိုးသမီးတယောက်ဟာ ပရက်ဂ်မှာ ပညာသင်ပြီးအပြန်မှာ သူ့အတွက် ဒီပေါင်မုန့်ကို ရအောင် ရှာဝယ်လာခဲ့တယ်လို့ မြေးဖြစ်သူ ဒေဝီတာရာက ပြောပြပါတယ်။

ဒဂုန်တာရာကို စာအုပ်ပုံတွေ အလယ်မှာ တွေ့ခဲ့ရကြောင်း၊ ဇော်ဂျီနဲ့ ဒေါက်တာမင်းလတ် စတဲ့ မြန်မာစာပေပညာရှင်တွေက သူ့လက်ရာတွေကို သဘောကျ ချစ်ခင်ကြကြောင်း သူနဲ့ ၁၉၅၉ က တွေ့ဆုံခဲ့တဲ့ ချက်က မြန်မာစာပေပညာရှင် မြသီတာခေါ် ဒက်ချ်မာ ဗက်ချ်ကိုဗာက ပြောပြဖူးပါတယ်။

၁၉၃ဝ ကျော်ကနေ ၂ဝ၁ဝ ကျော်အထိ ကဗျာတွေ စပ်ဆိုသွားတဲ့ ဒဂုန်တာရာဟာ ဒေါင်းမင့်သီဟာ စတဲ့ ရတုပိုဒ်စုံတွေနဲ့ ထင်ရှားလာခဲ့ပြီး စုဧကရီ နှင်းဆီဆင်သ ခံစားမှုက လူ့ယန္တရား စတဲ့ ကဗျာတို လေးတွေကို နောက်ဆုံးရေးဖွဲ့ သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Devi Taryar
Image caption အင်္ဂလိပ်စာရေးဆရာကြီး အိပ်ဂျီဝဲလ် လာစဉ်က