ဇနီးကောင်းလား အစေခံလား၊ ကလေးနဲ့ ရုံးတက်သူ၊ ခင်ပွန်း မလိုတဲ့ တရုတ်ကအပျိုတွေ

မြန်မာအမျိုးသမီးတွေက အိမ်ရှင်မကောင်းတစ်ယောက်နဲ့ အစေခံဘာကွာလဲဆိုတာ အငြင်းအခုန်လုပ်နေကြတယ်။ တောင်ကိုရီးယားက မိခင်တွေကတော့ ရုံးလုပ်ရင်း တစ်ဘက် ကလေးထိန်း ကိစ္စ တီထွင်ကြံဆ အဖြေရှာနေခဲ့ တယ်။ တရုတ် မီဒီယာတွေကတော့ လက်ထပ်နှုန်းကျလာတာကို အဖြေရှာဖို့ ကြိုးစားလာကြတယ်။

ကျွန်မကတော့ ဘီဘီစီအရှေ့အာရှရေးရာ ဌာနက အမျိုးသမီးရေးရာ အယ်ဒီတာ လာရာ အိုဝင် ဖြစ်ပါတယ်။

ကျွန်မတို့ အရှေ့အာရှဌာနက ဘာသာစကား ခြောက်ခုမှာ အမျိုးသမီးတွေကြား စိတ်ဝင်တစားပြောနေကြတဲ့ အကြောင်းတွေကို ပြောဖြစ်ကြပါတယ်။

ဒီတစ်ပတ်အတွက်တော့ အခုပြောပြမယ့် အကြောင်းအရာတွေကို ပရိတ်သတ်တွေကို မျှဝေ ပြောပြချင်ပါတယ်။

အိမ်ရှင်မကောင်းတစ်ယောက်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတဲ့ အကြောင်း မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအကြား ဆွေးနွေးငြင်းခုန်နေခဲ့ကြပါတယ်။ ဒါကို အစပြုခဲ့သူကတော့ အာရှပစိဖိတ်အလှမယ် ပြိုင်ပွဲရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဒါရိုက်တာ လုပ်ခဲ့ဖူး တဲ့ မလှနုထွန်းပါ။

သူ့ရဲ့ ဖေ့စ်ဘုတ်ပို့စ်မှာ ခင်ပွန်းသည် စိတ်ချမ်းသာအောင် အိမ်ရှင်မတစ်ယောက် လိုက်နာသင့်တဲ့အချက် ၁၀ ချက်ကို ရေးတင်လိုက်ပါတယ်။ အဲဒီအချက်တွေထဲမှာ သွားတိုက်ဆေး သွားတိုက်တံ ပြင်ပေးတာကအစ၊ နောက်နေ့ မနက်စာကို ညကတည်းက ပြင်ထားတာတွေနဲ့ အိမ်ထဲမှာ လက်သည်းဆိုးဆေးနံ့ နံမနေအောင် လုပ်ထားသင့်တယ် ဆိုတဲ့ အချက်တွေပါပါတယ်။

အဲဒီ သူ့ရဲ့ပို့စ်ကို သဘောမတူသူတွေ ရှိလာပါတယ်။ ကွန်မန့်တွေကလည်း တစ်သောင်းသုံးသောင်းလောက် ရှိလာတယ်။

တစ်ယောက်က ရှင့်ရဲ့ပို့စ်ကို အိမ်အစေခံဖြစ်အောင်ဘယ်လိုလုပ်မလဲလို့ ခေါင်းစဉ်တပ်ပါလားလို့ လာရေးသွားတယ်။

နောက်တစ်ယောက်ကတော့ သူအဲလိုလုပ်ပေးပေမဲ့ သူ့ယောက်ျားက သူ့ကိုကျေးဇူးတောင်တင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပေးသွားပါတယ်။

ဓာတ်ပုံ မူပိုင် NICOLAS ASFOURI

ဒါပေမဲ့ ထောက်ခံတဲ့ သူတွေလည်း ရှိပါတယ်။

အစ်မ ဘာပြောချင်လဲဆိုတာ နားလည်တဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်မ အစ်မဘက်မှာ ရှိတယ်လို့ တစ်ယောက်က ရေးပါတယ်။

နောက်တစ်ယောက်ကလည်း အခုခေတ်မှာ ဘာမှမလုပ်ဘဲ ယောက်ျားလုပ်စာ ထိုင်ဖြုန်းနေတဲ့ မိန်းမတွေ အများကြီးပဲ။ အခုဒီမှာ ဒီပို့စ်ကို မကောင်းလာပြောနေတဲ့သူတွေက ယောက်ျားနဲ့အတူအိပ်ရင် အိမ်ရှင်မကောင်း ဖြစ်ပြီလို့ ထင်နေတဲ့သူတွေလို့ လာရေးသွားပါတယ်။

အဲလို ဆန့်ကျင်ဘက်အမြင်တွေ အွန်လိုင်းမှာ တွေ့ခဲ့ရပေမဲ့ သူပြောတဲ့ အိမ်ရှင်မကောင်း အချက် ၁၀ ချက်က လင်မယား ကွာရှင်းတာတွေတော့ လျော့ကျစေမယ်လို့ မလှနုထွန်းက ခိုင်ခိုင်မာမာ ပြောပါတယ်။

ပြုလွယ်ပြောင်းလွယ်ပြီး သိပ်မခက်ခဲတဲ့ အလုပ်ကလေးတွေ လုပ်ပေးတာတာက အိမ်ထောင်ရှင်ဘဝကို ပိုသာယာပျော်ရွှင်စေပြီး လင်မယားကွာရှင်းနှုန်းတွေကို လျော့စေမယ်လို့ သူက ပြောတာဖြစ်ပါတယ်။

"အဲဒီအချက်တွေက ကုန်ကျစရိတ်မများဘူး၊ အိမ်ထောင်ရှင်ဘဝကို နွေးထွေးစေတယ်၊ စိတ်ချင်းပိုနီးစပ်စေတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ မိန်းမကချည်းပဲ အိမ်မှုကိစ္စတွေကို လုပ်ရမယ်လို့တော့ မဆိုလိုပါဘူးတဲ့။

အဲဒီကိစ္စက အခုနောက်ပိုင်း မြန်မာနိုင်ငံ ပွင့်လင်းလာပြီးနောက် အပြောများနေတဲ့ မိန်းမတွေရဲ့ အခန်းကဏ္ဍ အကြောင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဘီဘီစီ မြန်မာပိုင်းက သတင်းထောက် မရီရီအောင်ကတော့ အခုက ပြောင်းလဲဖို့ အချိန်ရောက်ပြီလို့ ပြောပါတယ်။

ကျားမ တန်းတူညီမျှမှု ပိုရှိဖို့ မိန်းကလေးတွေဘက်က ထောက်ပြ ပြောဆိုတာတွေ၊ အပြန်အလှန် ဆွေးနွေးပြောဆိုတာတွေ ပိုများလာတဲ့ အခုအချိန်မှာ အခုပို့စ်နဲ့ ပတ်သက်လို့ ဝေဖန် ပြောဆိုနေတာတွေကို ကြည့်ရင် မိန်းကလေးတွေက သူတို့ရဲ့ အခွင့်အရေးအတွက် သူတို့ရဲ့အမြင်တွေကို အရင်ကထက် ပိုပြီး ထုတ်ဖော် ပြောလာတာကို ပြနေတာပါလို့ သူက ပြောပါတယ်။

ကလေးနဲ့ ရုံးတက်တဲ့ ဆိုးလ်မြို့သူတွေ

အလုပ်ရော မိခင်ဘဝရော နှစ်ခုလုံး ဟန်ချက်ညီ အောင်မြင်အောင် လုပ်ဖို့ဆိုတာ ကမ္ဘာပေါ်က အမျိုးသမီးတွေအတွက် စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် တောင်ကိုရီးယားမြို့တော် ဆိုးလ်က မိန်းကလေးတွေ အကြောင်းက ဒီတစ်ပတ် ပြောစရာ ရှိလာခဲ့ပါတယ်။

ဂျင်ဂျာလက်ဖက်ရည် ပရောဂျက်လို့ နာမည်ပေးထားတဲ့ အကြံပေး ကုမ္ပဏီငယ်တစ်ခုက အကြီးအကဲ အမျိုးသမီးသုံးယောက်အကြောင်းကနေ စပြောရအောင်ရပါ။ သူတို့က သားသမီးရှိတဲ့ ဝန်ထမ်းတွေ ရုံးကို ကလေးခေါ်လာခဲ့ကြဖို့ အားပေးပါတယ်။ အဲလိုခေါ်လာနိုင်အောင်လည်း လုပ်ပေးထားပါတယ်။

အလုပ်စားပွဲတွေနားမှာ ကလေးတွေ ကစားဖို့ နေရာလေး လုပ်ပေးထားပါတယ်။ ကလေးကစားစရာ အတုံးဆက်တာလေးတွေ၊ မြေဖြူခဲလေးခြစ်ဖို့ ဘုတ်ကလေးတွေ ထားပေးထားပါတယ်။

အမေတွေက အစည်းအဝေးလုပ်၊ ကလေးတွေကလည်း ကစားစရာတွေနဲ့ အလုပ်ရှုပ်ကြပေါ့။

အဲလိုခေါ်လာကြရင်းနဲ့ ကလေးတွေခေါ်လာပြီး ရုံးလာတက်တာက ဘာမှမထူးဆန်းဘဲ ပုံမှန်လို ဖြစ်လာတယ်။

ဓာတ်ပုံ မူပိုင် Lara Owen - BBC World Service

ဟွန်ဂျူအွန်းက သူအရင် အလုပ်တုန်းကဆိုရင် ရုံးသွားခါနီး ကလေးကို အိမ်မှာထားခဲ့ရတာ အရမ်း စိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

မနက်ဆိုရင် ကလေးက ကျွန်မဘောင်းဘီစကိုဆွဲပြီးငို၊ ကျွန်မလည်း စိတ်မကောင်းဖြစ်ပြီးငို၊ ခြောက်လလောက် သားလေးရော ကျွန်မရော ငိုခဲ့ကြရတယ်လို့ ဘီဘီစီ ကိုရီးယား ဌာနကို သူက ပြောပြခဲ့ပါတယ်။

အကြံပေးကုမ္ပဏီ တည်ထောင်သူထဲမှာ ပါတဲ့သူ တစ်ယောက်ဖြစ်တဲ့ ဆိုဟွန်ဆန်းက အဲလိုအဖြစ်တွေ မြင်ရတာကနေ လုပ်ငန်းခွင်ကို သူမြင်တဲ့ပုံ ပြောင်းသွားစေခဲ့တယ်လို့ ပြောပါတယ်။

အခုဆိုရင် ကလေးက ကျွန်မ ဘာတွေလုပ်တယ်၊ ဘယ်သူတွေနဲ့လုပ်တယ်ဆိုတဲ့ အမေလုပ်နေတာတွေကို သူကိုယ်တိုင်မြင်ရတယ်။ အမေ အလုပ်ကြောင့် ပင်ပန်းရတာတွေကိုလည်း သူပိုနားလည်လာတယ်။ အဲလိုဆိုတော့ အလုပ်ကို လက်လျှော့လိုက်စရာ မလိုတော့ဘူးလို့ ထင်တယ်လို့ သူကပြောပါတယ်။

အခုသူတို့ကုမ္ပဏီက ပြုလွယ်ပြောင်းလွယ်တဲ့ လုပ်ငန်းခွင်စနစ်ကို သုတေသနလုပ်နေပြီး တခြား ကုမ္မဏီတွေလည်း သူတို့လို လိုက်လုပ်ကြမယ်လို့ မျှော်လင့်ထားပါတယ်။

အိမ်ထောင်မပြုဘူးဆိုတဲ့ တရုတ်က မမတွေ

တရုတ်မှာ အိမ်ထောင်ပြုတဲ့ မိန်းကလေးတွေ ဘာလို့ ပိုနည်းလာတာလဲ။ အဲဒီလို ဖြစ်လာတာ အခုနှစ်ပိုင်းမှာ ပိုများလာတယ်လို့ ဘီဘီစီတရုတ်ဌာနက တွေ့ရှိခဲ့ပါတယ်။

ကျွန်မ ဘေဂျင်းမှာ နေခဲ့တဲ့ ၂၀၁၁ အကုန်ပိုင်းလောက်တုန်းက ဒီလိုမဟုတ်ပါဘူး။ အဲဒီတုန်းက ကျွန်မရဲ့ သူငယ်ချင်းမိန်းကလေးတွေက ကလေးပျိုးထောင်ရင်း လုပ်ငန်းခွင်မှာလည်းအောင်မြင်အောင် ဘယ်လိုလုပ်လို့ ဖြစ်နိုင်မလဲ ဆိုတာမျိုး မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုတော့ ကလေးမွေးနှုန်းတွေ ကျဆင်းလာလို့ တရုတ်အစိုးရ မျက်ခုံးလှုပ်လာရပါပြီ။ လက်ထပ်နှုန်းက ၂၀၁၃ ကတည်းက ကျသွားတာပါ။ ၂၀၁၈ မှာ လူတစ်ထောင်မှာ ၇ ယောက်ပဲ လက်ထပ်ကြတော့တယ်။ အဲဒါ တရုတ်အစိုးရရဲ့ ကိန်းဂဏန်းတွေပါ။

တရုတ် အစိုးရ မီဒီယာ ပြည့်သူ့နေ့စဉ်ကနေတောင် "ဘာလို့လက်မထပ်ကြတာလဲ" ဆိုတဲ့ မေးခွန်းနဲ့ အဖြေရှာနေရပါတယ်။

ဓာတ်ပုံ မူပိုင် Jie Zhao

ပညာပိုကောင်းကောင်း သင်နိုင်လာတော့ မိန်းကလေးတွေက ကိုယ်ပိုင် ဝင်ငွေပိုရှိလာကြတယ်။ ၂၀၀၉ မှာ တက္ကသိုလ်ကျောင်းသူ အရေအတွက်က ကျောင်းသားအရေအတွက်ကို ပထမဆုံး ကျော်ဖြတ်သွားတယ်။ ၂၀၁၀ ကျတော့ ဘွဲ့လွန်တက်တဲ့ မိန်းကလေးကျောင်းသူက ၅၀ ရာခိုင်နှုန်း ရှိလာတယ်။

မိသားစုဘဝထက် အသက်မွေးဝမ်းကျောင်း အလုပ်ဘက်ကို ရွေးတဲ့ မိန်းကလေးတွေ ပိုများလာတယ်။ ၂၀၁၈ မှာ လုပ်တဲ့ စစ်တမ်းတစ်ခုမှာ ဖြေတဲ့သူ ၇၀ ရာခိုင်နှုန်းက အိမ်ထောင်ပြုဖို့ဆိုရင် အိမ်တစ်လုံးရှိဖို့ လိုတယ်လို့ ထင်နေကြတယ်။

တစ်ချိန်ထဲမှာပဲ အိမ်ထောင်ဘက်မလိုဘဲ ကလေးပဲလိုချင်တယ်ဆိုတဲ့ မိန်းကလေးတွေ တွေ့လာရတယ်။ ဒါပေမဲ့ အဲလို လုပ်ဖို့က သိပ်တော့ မလွယ်ပါဘူး။

အိမ်ထောင်မရှိတဲ့ အေလန်ဆိုတဲ့ ၂၇ နှစ် မိန်းကလေးအတွက် ခက်နေခဲ့ပါတယ်။ သုက်ပိုးအလှူရှင် တွေဆီက စုဆောင်းထားတဲ့ဘဏ်ကနေ သုက်ပိုး တောင်းလို့မရလို့ သုက်ပိုးအလှူရှင်ကို ဆိုရှယ်မီဒီယာကနေ ဗီဒီယိုတင်ပြီး တောင်းတာမျိုးတောင် လုပ်ပါတယ်။

ကျွန်မ အိမ်ထောင်သည်ဘဝကို မလိုချင်ဘူး။ ကျွန်မက တစ်ယောက်တည်းပဲနေချင်တာ။ ဒါပေမဲ့ ကလေးလေး တစ်ယောက်တော့လိုချင်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Tencent QQ - A Lan

အဲဒီအဖြစ်အပျက်တွေကို ကြည့်ရင် အာရှသူတွေ ကျားမ အခန်းကဏ္ဍမှာ အရင်တုန်းကလို မဟုတ်ကြတော့ဘူးဆိုတာကိုရော၊ အစဉ်အလာတွေကို အသက်သွင်းချင်တာကြောင့် ဆန့်ကျင်ခံရတာတွေကိုရော မြင်ကြရမှာပါ။

အိမ်ရှင်မကောင်းဆိုတာ ဘယ်လိုလဲ ဆိုတာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်နဲ့ မိခင်ဘဝ ဘာကို ရွေးတာပဲဖြစ်ဖြစ် သေချာတာကတော့ အာရှက မိန်းကလေးတချို့ဟာ ရှေးတုန်းက အစဉ်အလာတွေအတိုင်း မနေချင်ကြတော့ဘူး ဆိုတာပါပဲ။