အလုပ်အင်တာဗျူးတွေကို အပိုင်ဖြေနိုင်မယ့် လမ်းညွှန်ချက်တွေ

အလုပ်အတွက် အင်တာဗျူးမှာ အပြုံးကလည်း အရေးကြီးပါတယ်။ ဓာတ်ပုံ မူပိုင် Getty Images
Image caption အလုပ်အတွက် အင်တာဗျူး တစ်ခု

ကိုယ်သိပ်လိုချင်နေတဲ့ အလုပ်တစ်ခု ရဖို့ဆိုတာ လွယ်လွယ်ကူကူ ကိစ္စတော့ မဟုတ်ပါဘူး။ အလုပ်ရှင်က ဘာလိုချင်တယ်ဆိုတာ မသိတဲ့အခါ ပိုတောင် ခက်ခဲတတ်ပါတယ်။

ကုမ္ပဏီကြီးကြီးပဲ ဖြစ်ဖြစ်၊ သေးသေးပဲ ဖြစ်ဖြစ် ဝန်ထမ်းခေါ်ယူ ခန့်အပ်တဲ့ လုပ်ငန်းစဉ်တွေကလည်း အလျင်အမြန်ပဲ ပြောင်းလဲလာနေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ပြောင်းပြောင်း အရေးကြီးလှတဲ့ အဆင့်တစ်ခုကတော့ အမြဲပါနေမှာပါ။ အဲဒါကတော့ လူတွေ့ မေးမြန်းခြင်းပါပဲ။

ဘယ်လိုပဲ လူရွေးချယ်မှုတွေ လုပ်လုပ်၊ လူတွေ့မေးမြန်းတဲ့ အင်တာဗျူးကတော့ အရေးအကြီးဆုံး အစိတ်အပိုင်းအဖြစ် ဆက်ရှိနေဆဲပါလို့ ယူကေက လွိုက်စ်ဘဏ်များအုပ်စုအတွက် ဝန်ထမ်းတွေခေါ်ယူရာမှာ ကျွမ်းကျင်သူအဖြစ် အလုပ်လုပ်နေသူ ဂျဲန်ထရစ်ပင်က ပြောပါတယ်။ အင်တာဗျုးမှာ မေးမြန်းသူ တစ်ဦးပဲဖြစ်ဖြစ်၊ အဖွဲ့လိုက်ပဲ ဖြစ်ဖြစ် မေးမြန်းသူတွေရဲ့ မေးခွန်းတွေကို ဖြေနိုင် မဖြေနိုင်ဆိုတဲ့ ကိုယ့်စွမ်းရည်က ကိုယ်အလုပ်ရမရဆိုတဲ့ အချက်ကို အဆုံးအဖြတ်ပေးတယ်လို့ သူက ယုံကြည်ပါတယ်။

ဒါကြောင့် ကိုယ်က အင်တာဗျူးဝင်တဲ့အချိန် စိုးရိမ်ထိတ်လန့်ပြီး မထိန်းနိုင် မသိမ်းနိုင်ဖြစ်နေတာမျိုး၊ အဝတ်အစား မသင့်တော်တာမျိုးတွေနဲ့ ကိုယ့်ရဲ့ အလုပ်ရနိုင်မယ့် အလားအလာကို မဖျက်ဆီးသင့်ဘူးလို့လည်း ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ဒါကြောင့် အင်တာဗျူးတစ်ခုကို ပိုင်ပိုင်ကြီး ဝင်နိုင်စေဖို့အတွက် အထောက်အကူပြုမယ့် အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ ကြိုတင်လေ့လာ ပြင်ဆင်ပါ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိမ်စာကြေပါစေ၊ ကိုယ်လျှောက်မယ့် အလုပ်နဲ့ ပတ်သက်ပြီး သိရှိနားလည်အောင် လုပ်ထားပါ။

အငိုကိမိသွားတာမျိုး မဖြစ်ပါစေနဲ့။ အင်တာဗျူးမေးမယ့် သူတွေက ဘယ်သူတွေလည်းဆိုတာ သိအောင်လုပ်ပြီး သူတို့အကြောင်းကိုလည်း သိနိုင်သမျှသိအောင်လုပ်ထားပါ။

ကိုယ်လျှောက်မယ့် အလုပ်၊ ဌာနအကြောင်းလည်း သိအောင်လုပ်ပါ။ အဲဒီဌာနက ဘာတွေလုပ်သလဲ၊ ကုန်ထုတ်လုပ်ရင် ဘယ်လို ကုန်တွေ ထုတ်လုပ်လဲ၊ တစ်နှစ်ကို ဝင်ငွေ ဘယ်လောက် ရသလဲ၊ ဘယ်သူက အကြီးအကဲလဲ၊ အလားတူ ကုမ္ပဏီတွေအထဲမှာ သူက ဘယ်အဆင့်ရှိသလဲ။ သူနဲ့ အဓိက ပြိုင်ဘက်တွေက ဘယ်သူတွေလဲ။ ဒါတွေသိနိုင်ဖို့ဆိုရင် စပြီး ကြည့်သင့်တဲ့ နေရာက အဲဒီ ကုမ္ပဏီရဲ့ ဝက်ဆိုက်ပါပဲ။

နုတ်စ်ထုတ်ပါ၊ နာမည်တွေကို ရေးချမှတ်သားပါ၊ အင်တာဗျူးအဆုံးမှာ ကိုယ့်ဘက်ကလည်း မေးခွန်းတွေ ပြန်မေးခွင့်ရတတ်ပါတယ်။ အဲဒီအချိန်မှာ ဒီကုမ္ပဏီနဲ့ ပတ်သက်ပြီး ကိုယ်ဘယ်လောက် လေ့လာထား၊ သိထားသလဲဆိုတာ ပြနိုင်မယ့် မေးခွန်းတချို့ မေးဖို့ ပြင်ဆင်ထားပါ။

တကယ့် အရေးကြီးတဲ့နေ့မှာ ကိုယ့်ဘက်က ပြင်ပြင်ဆင်ဆင်ရှိနေဖို့နဲ့ ယုံကြည်မှုအပြည့်နဲ့ အဲဒီအင်တာဗျူးကို ဝင်သွားနိုင်ဖို့က ကြိုတင်လေ့လာပြင်ဆင်ထားနိုင်မှုက သိပ်ကို အရေးကြီးပါတယ်။

၂။ ပွဲမဝင်ခင် အပြင်က ကျင်းပ

ဓာတ်ပုံ မူပိုင် Getty Images
Image caption သူငယ်ချင်း မိတ်ဆွေတွေကို အင်တာဗျူးအဖွဲ့လို လုပ်ပြီး ကိုယ့်ကို မေးခွန်းတွေ မေးခိုင်းပါ။

အင်တာဗျူးမှာ ကိုယ့်ကို မေးလာနိုင်တဲ့ မေးခွန်းတွေကို စုစည်းပြီး အားလုံးကို ဖြေကြည့်ပါ။

ဘယ်လိုမေးခွန်းမျိုးတွေ မေးခံရနိုင်သလဲဆိုတာ မသေချာရင် အင်တာဗျူးတွေမှာ မေးတတ်တဲ့ မေးခွန်းမျိုးတွေကို စုစည်းဖော်ပြပေးထားတဲ့ ဝက်ဆိုက်တွေ အများကြီး ရှိပါတယ်။ အဲဒီမှာ သွားကြည့်ရင် ဘယ်လိုမေးခွန်းမျိုးတွေ ကိုယ့်ဆီ ရောက်လာတတ်သလဲဆိုတာ မှန်းကြည့်လို့ရနိုင်ပါတယ်။

အဖြေအတွက် ပြင်ဆင်ရင်တော့ မေးသူတွေကို ဇာတ်လမ်းလေး တစ်ပုဒ်ပြောပြသလိုမျိုး စ႕ဉ်းစားကြည့်ပါ။ အလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေအားလုံး ကိုယ့်မှာပြည့်စုံတဲ့အကြောင်း သရုပ်ဖော်ပြနိုင်မယ့် တိကျတဲ့ ဥပမာတွေကို ရွေးထားပါ။ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘယ်လို အဲဒီ အရည်အချင်းတွေကို အသုံးပြုခဲ့သလဲဆိုတာ ပြောပြနိုင်ဖို့ ပြင်ဆင်ထားပါ။

အဲဒီလို တိကျတဲ့ နမူနာလေးတွေကို ထုတ်ပြရင်း အရင်လုပ်ခဲ့တဲ့ အလုပ်တွေမှာ ကိုယ်က ဘယ်လို အထောက်အကူပြုခဲ့သလဲ၊ အခုလျှောက်တဲ့ အလုပ်အသစ်မှာလည်း အဲဒီ အရည်အချင်းတွေက ကိုယ့် အလုပ်နေရာအတွက် ဘယ်လို ပံ့ပိုးကူညီပေးနိုင်မလဲဆိုတာကို အခိုင်အမာ ပြောပြနိုင်မှာ ဖြစ်ပါတယ်။

၃။ အဝတ်အစားကို သေသေချာချာရွေးဝတ်သွားပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘာဝတ်သွားရမယ်ဆိုတာ မသေချာရင် အသပ်ရပ်ဆုံး ရွေးဝတ်သွားတာက မမှားနိုင်ပါဘူး။

ပထမဆုံး အထင်အမြင်က အရေးကြီးပါတယ်။ တချို့ အလုပ်ရှင်တွေက ကိုယ့်ကို တွေ့တဲ့အချိန် ပထမဆုံး စက္ကန့် ၃၀ လောက်အတွင်းမှာပဲ အဲဒီထင်မြင်ချက်ကို ချလိုက်တ်ကြပါတယ်။ ကိုယ်က အင်တာဗျူးမှာ ဘယ်လောက်ပဲ ပျံနေအောင် အဖြေကောင်းနေပါစေ၊ ကိုယ့် အဝတ်အစားအပေါ် အလုပ်ရှင်က အထင်မကောင်းဖြစ်သွားခဲ့ရင် ကိုယ့်အတွက် ခက်ခဲတဲ့ တိုက်ပွဲကြီး နွှဲရပါတော့မယ်။

မီဒီယာကုမ္ပဏီတစ်ခုကို အုပ်ချုပ်ဖို့ အလုပ်လာလျှာက်သူ အမျိုးသားတစ်ယောက်ကို အင်တာဗျူးခဲ့ရတဲ့ အတွေ့အကြုံကို လူရွေးရာမှာ ကျွမ်းကျင်သူ အဖြစ်အလုပ်လုပ်ခဲ့သူ ဗာဂျီးနီးယား အိစ်မင်းက ပြန်ပြောပြပါတယ်။ "သူ အခန်းထဲမဝင်လာခင် သုံးမိနစ်လောက် ကတည်းက သူ့ ခံတွင်းနဲ့ ကိုယ်က အနံ့ဆိုးက အခန်းထဲကို ရောက်လာခဲ့တယ်။"

အဝတ်အစား ဝတ်ထားတာကလည်း မသေမသပ်၊ ခြေအိပ်ကလည်း အရောင်မတူ၊ ရင်ဘတ်မှာလည်း အစာအဖတ်အစတွေ ပေကျံနေတယ်၊ ဆံပင်ကိုလည်း ဘယ်တုန်းကမှ ဖြီးခဲ့ပုံမရဘူးလို့ သူက ပြန်ပြောပြပါတယ်။

ပြောစရာတောင်လိုမယ် မထင်ပါဘူး။ အဲဒီပုဂ္ဂိုလ် အလုပ်မရခဲ့ပါဘူး။

ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီမှာ ဝန်ထမ်းတွေအတွက် အထူး ဝတ်စားဆင်ယင်စရာ အဝတ်အစား မူဝါဒမရှိပါစေဦး၊ အလုပ်လာလျှောက်တဲ့သူတစ်ယောက်က ဂျင်းဘောင်းဘီနဲ့ ဖရိုဖရဲလာဖို့တော့ အလုပ်ရှင်တွေက မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ အလုပ်အင်တာဗျူးတွေအတွက် အကြံဉာဏ်ပေးနေသူ ကျွမ်းကျင်သူတွေက အလုပ်ခေါ်တဲ့အခါ လူတွေ့သွားဖြေရင် ကုတ်နဲ့လည်စည်း ဝတ်စုံအပြည့်အစုံ ဒါမှမဟုတ် တခြား အဆင့်ရှိရှိ ဝတ်ဆင်သွားသင့်တယ်လို့ အကြံပြုကြပါတယ်။

သိပ်ကြီး formal ဆန်ဆန်ဝတ်သွားစရာ မလိုတဲ့ အင်တာဗျူးမျိုးတွေဆိုရင်တောင် သန့်ရှင်းတဲ့ ရှပ်လက်ရှည်အဖြူနဲ့ စတိုင်ဘောင်းဘီရှည်၊ အမျိုးသမီးဆိုရင်လည်း သင့်တော်တဲ့ စကတ်မျိုး ဝတ်သွားသင့်တယ်လို့ ဆိုပါတယ်။

နောက်နေ့ အင်တာဗျူး သွားဖြေရတော့မယ်ဆိုရင် ဒီနေ့ညမှာပဲ အ၀တ်အစားတွေကို ရွေးပြီး မီးပူတိုက်လို့ အသင့်ပြင်ထားပါ။ တကယ်တမ်းသွားခါနီးမှ အဝတ်အစားရှာမရတာမျိုး မဖြစ်ရအောင်ပါ။ နောက်တစ်ခါ အင်တာဗျူးဆီအသွား လမ်းမှာလည်း ခရမ်းချဉ်သီးဟင်းရည်ပါတဲ့ ဖျော်ရည်တစ်ခုခု သောက်မသွားပါနဲ့။ လမ်းမှာ လှုပ်ခါလို့ အင်္ကျီပေါ်ဖိတ်မိရင် စွန်းထင်းကုန်ပြီး ဖျက်ရခက်တတ်ပါတယ်။

၄။ လက်ဆွဲနှုတ်ဆက်ရရင် ခိုင်ခိုင်မာမာနှုတ်ဆက်ပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုယ်က ဘယ်လို လက်ဆွဲနှုတ်ဆက်သလဲဆိုတာလည်း အရေးကြီးပါတယ်။ ဒါကိုလည်း သူငယ်ချင်းနဲ့ လေ့ကျင့်သွားပါ။

တခါတလေ ကိုယ့်က မေ့နေနိုင်ပါတယ်။ တကယ်ကတော့ ကိုယ့်ကို အလုပ်ခန့်မယ့် အလုပ်ရှင်က ကိုယ်ဘယ်လို လက်ဆွဲနှုတ်ဆက်သလဲဆိုတာ အပေါ်မှာလည်း ကိုယ့်ကို အကဲဖြတ်နေတတ်ပါတယ်။

တကယ်တော့ လက်ဆွဲနှုတ်ဆက်တယ်ဆိုတာက အင်တာဗျူးအခန်းထဲ ဝင်ဝင်ချင်း ပထမဆုံး လုပ်ရတဲ့ အလုပ်ဖြစ်နေတတ်ပါတယ်။ ခိုင်ခိုင်မာမာ လက်ဆွဲနှုတ်ဆက်လိုက်ရင် ကိုယ်ဟာ ယုံကြည်မှုရှိတယ်၊ တိကျပြီး အလုပ်သဘောဆောင်တယ်ဆိုတဲ့ အမြင်မျိုးကို ပေးစေနိုင်ပါတယ်။

သိပ်ပြီး အားထည့်လိုက်ရင်တော့ လွှမ်းမိုးချင်တယ်၊ ရန်လိုတတ်တယ်ဆိုတဲ့ အမြင်မျိုးပေးနိုင်ပါတယ်။ သိပ်ပျော့ရင်လည်း ကိုယ်က စိတ်အားနုံနဲ့သူဆိုတဲ့ အမြင်မျိုး ရသွားစေနိုင်ပါတယ်။

ဘယ်လို လုပ်ရမလဲဆိုတာမသေချာလို့ စိတ်ပူနေရင်တော့ သူငယ်ချင်းတွေနဲ့ လေ့ကျင့်ကြည့်ပါ။ သူတို့က ကိုယ့်လက်ဆုပ်ကိုင်ပုံဟာ အားထည့်ဖို့လိုသလား၊ အခုထက်နည်းနည်း လျှော့ဖို့ လိုသလားဆိုတာ အကြံပြုနိုင်ကြပါလိမ့်မယ်။

တကယ့် အင်တာဗျူးထဲရောက်ရင်လည်း ကိုယ်လက်ဆွဲနှုတ်ဆက်သူ အားလုံးနဲ့ မျက်လုံးချင်းဆုံပြီး ကြည့်ဖြစ်အောင်ကြည့်ပါ။ မျက်လုံးလွှဲ မျက်လွှာအောက်ချနေသူတွေဆိုရင် ယုံကြည်မှုနည်းသူ၊ မလုံခြုံသူလို့ အထင်ရောက်သွားစေနိုင်ပါတယ်။

ကိုယ့်အိတ်ထဲမှာလည်း တစ်ရှုးစက္ကူလေးတွေ ဆောင်ထည့်သွားပါဦး၊ ကိုယ့်လက်က ချွေးစေးတွေထွက်နေရင် တစ်ဘက်လူက လက်ဆွဲနှုတ်ဆက်ချင်မှာ မဟုတ်လို့ပါ။

၅။ အပြုံးကို ဆောင်ပါ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီကို လာရတာ ဝမ်းသာပါတယ်ဆိုတဲ့ အသွင်ဆောင်ပါတယ်။

ကိုယ့်ရင်ကလည်း တဒိန်းဒိန်းခုန်နေ၊ ဗိုက်ထဲမှာလည်း မအီမသာဖြစ်နေပြီး ကိုယ့်နာမည်ကိုတောင် ကိုယ်မေ့ချင်ချင် ဖြစ်နေတဲ့ အချိန်မျိုးမှာ ပြုံးနေဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တတ်ပါတယ်။ ဒါပေမယ့် အပြုံးဆိုတာက အားလုံး နားလည်ကြတဲ့ ဘာသာစကားတစ်ခုပါ။ ပြုံးနေသူဟာ ကျွန်တော်ဒီကို ရောက်လာရတာ ဝမ်းသာပါတယ်၊ ကျွန်တော်ဟာ ခင်မင်နှစ်လိုဖွယ်ရာ လူတစ်ယောက်ပါဆိုတဲ့ သတင်းစကားမျိုး ပါးပေးနိုင်ပါတယ်။

ဒါကြောင့် အခန်းထဲဝင်သွားတာနဲ့ နှစ်နှစ်ကာကာကြီး ပြုံးပြလိုက်ပါ။ အင်တာဗျူးနေတဲ့ အချိန်မှာလည်း ပြုံးနိုင်သမျှပြုံးပြနေပါ။ ပြုံးနေသူဟာ အမှတ်ရမယ့်သူပါပဲ။

ကိုယ်ဟန်အနေအထားကလည်း အရေးကြီးပါတယ်။ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပါ။ ခုံပေါ်မှာ ပျင်းရိပျင်းတွဲ၊ လျောပြီး ထိုင်တာမျိုး မလုပ်မိအောင် သတိထားပါ။

၆။ စိတ်လှုပ်ရှားနေလည်း မတုန်လှုပ်အောင် ထိန်းပါ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အသက်ကို ဝဝရှုပါ၊ စိတ်တည်ငြိမ်ခြင်းဟာ ကိုယ့်ရဲ့အကောင်းဆုံးအဖော်ပါပဲ။

စိတ်လှုပ်ရှားတက်ကြွတာက အင်တာဗျူးမှာ ကိုယ့်ဖြေကြားပုံတွေကို အထောက်အကူပြုတာမျိုး ဖြစ်နိုင်သလို လွဲချော်မှုတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။

စိတ်လှုပ်ရှားလွန်းရင် ကိုယ်လုပ်ထားတဲ့ လေ့လာချက်တွေနဲ့ မှတ်သားထားတဲ့ အချက်အလက်တွေအားလုံးကို မေ့လျော့သွားစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ လက်ဖဝါးမှာ ချွေးပြန်လာတာ၊ လက်တွေ တုန်လာတာ၊ ဗိုက်ထဲမှာ မအီမသာဖြစ်တာတွေ မျိုးစုံကြုံရနိုင်ပါတယ်။

ကိုယ်က စိတ်လှုပ်ရှားတတ်သူဆိုရင်တော့ ကြိုတင်ပြင်ဆင်မှု လုပ်ထားတာကောင်းပါတယ်။ အင်တာဗျူးခန်းထဲ ဝင်ဖို့ ကိုယ့်နာမည်ကို မခေါ်ခင် အသက်ကို ဝဝ ရှုတာ၊ ဒါမှမဟုတ် လာတဲ့ လမ်းမှာ အာနာပါန ဝင်လေထွက်လေ ရှုမှတ်လာတာမျိုး လုပ်နိုင်ပါတယ်။

စိတ်လှုပ်ရှားတက်ကြွတာဟာ တကယ်တော့ အသုံးချတတ်ရင် ကိုယ့်အတွက် အကျိုးတောင်ရှိနိုင်ပါတယ်။ အင်တာဗျူးဖြေတယ်ဆိုရင်လည်း အကောင်းဆုံး စွမ်းဆောင်နိုင်အောင် အကူအညီပေးနိုင်ပါတယ်။

လူရွေးချယ်ရေး အပိုင်းမှာ ကျွမ်းကျင်သူတွေကတော့ အဲဒီလို စိတ်လှုပ်ရှားမှုကို ကိုယ့်အဖြေတွေကို အာရုံစူးစိုက်မှုမှာ အသုံးချနိုင်ရင် အင်တာဗျူးမှာ မေးသူတွေအကြိုက် ဖြေနိုင်သူ ဖြစ်နိုင်ပါတယ်။

၇။ ထက်ထက်မြက်မြက် ရှိပါစေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုယ်ရည်ကိုယ်သွေးကို မြင်အောင်ပြနိုင်ပါစေ

လူတွေ့ အင်တာဗျူးတွေဆိုတာ ဖြေသူက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြနိုင်တဲ့၊ သူတို့ စိတ်ဝင်စားမှုကို ထုတ်ပြနိုင်တဲ့ အခွင့်အရေးပါပဲလို့ ဆောက်လုပ်ရေးလုပ်ငန်းလေးတစ်ခု တည်ထောင်ထားသူ ဒါးမော့ရွန်နီက ပြောပါတယ်။

ဒါကြောင့် အင်တာဗျူး မဝင်ခင် ကိုယ်ဟာ ဘယ်သူလဲ၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာဘာလဲ ဆိုတာကို သေချာစဉ်းစားပြီး သိအောင်လုပ်ထားပါလို့ သူက အကြံပြုပါတယ်။

အင်တာဗျူးမှာ လူချင်းတွေ့ရတာကို အခွင့်ကောင်းယူပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြလို့၊ ကိုယ်ဟာ တခြားလူတွေထက် ဘယ်လို ပိုထူးခြားတယ်ဆိုတာ ပြဖို့လိုပါတယ်။

နောက်ပြီး အလုပ်နဲ့ ပတ်သက်လို့ သတင်းကောင်းစကားပြောခဲ့ဖို့လည်း မမေ့ပါနဲ့၊ အင်တာဗျူး အဆုံးသတ်ချိန်မှာ ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီနဲ့ ပတ်သက်ပြီး ကိုယ်က ဘယ်လောက် ကြိုက်နှစ်သက်တဲ့ အကြောင်းနဲ့ ဒီမှာ အလုပ်လုပ်ခွင့်ရရင် ဘယ်လောက် ကျေးဇူးတင်မယ့် အကြောင်းလည်း ပြောခဲ့ပါ။

ကိုယ့်ဘက်က စိတ်အားထက်သန်မှုကို ပြနိုင်ရင်လည်း တခြားအလုပ်လျှောက်သူတွေနဲ့ ကွဲပြား ထူးခြားထွက်လာနိုင်ပါတယ်။

၈။ အရှိန်ကို မလျှော့လိုက်ပါနဲ့

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုယ့်စိတ်ထက်သန်မှုကို မလျှော့လိုက်၊ မရပ်လိုက်ပါနဲ့၊ အဆုံးထိ သယ်သွားပါ။

ဖြေနေရင်း ကိုယ့်စိတ်ထဲမှာ ငါတော့ ဒီအလုပ် မရတော့ပါဘူးလို့ ထင်လာရင်တောင်မှ ကိုယ့်ဘက်က မလျှော့လိုက်ပါနဲ့၊ မရပ်လိုက်ပါနဲ့။ ဘယ်ကိစ္စမှ မပြီးခင် အဆုံးမသတ်ပါဘူး။ အဆုံးအဖြတ်မထွက်ပါဘူး။

ကိုယ့်ရှေ့မှာ ထိုင်လို့ ကိုယ့်ကို ခက်လှတဲ့ မေးခွန်းတွေ မေးနေတဲ့သူတွေဟာ ကိုယ့်ကို အမုန်းကြီး မုန်းနေကြပြီလို့ ထင်လာနိုင်ပါတယ်။ ကိုယ့်အထင် အလွဲကြီးလွဲနိုင်ပါတယ်။ နောက်ထပ် ကိုယ်ပေးမယ့် အဖြေက သူတို့ အားလုံး တစ်ချိန်လုံး မျှော်လင့်နေတဲ့ အဖြေမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆက်သာ တွန်းပါ။

ဘယ်သူ ပြောနိုင်မလဲ၊ အဲဒီ အလုပ်ဟာ သင့်အတွက် စောင့်နေတာ ဖြစ်သွားနိုင်ပါတယ်။

ဘီဘီစီ Radio 4 က လက်စလီ ကာဝင် ရဲ့ အစီအစ႕ဉ် "Getting Hired" ကို မှီငြမ်းရေးသားပါသည်။

ဆက်စပ် အကြောင်းအရာများ