အလင်္ကာပုလဲပန်း၊ ဝဆွဲပါစကားလုံးတွေရဲ့ အသံထွက်ပုံထူးခြားချက်

မြန်မာစာအခြေခံကို မူလတန်းအဆင့်တွင် စတင်သင်ကြား ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာစာအခြေခံကို မူလတန်းအဆင့်တွင် စတင်သင်ကြား

မြန်မာစကားအသံထွက်တွေထဲမှာ ဝဆွဲပါတဲ့စကားလုံးတွေရဲ့ အသံထွက်တွေက ထူးခြားပါတယ်။

ပထမဆုံး ဝဆွဲမသတ် အသံတွေရဲ့ ထူးခြားပုံကို အရင်ပြောပါရစေ။

လွမ်းကို အခုခေတ်မှာ စာလုံးပေါင်းတဲ့အတိုင်း လွမ်းလို့ အသံထွက်ကြပေမယ့် ရှေးလူကြီးတွေကတော့ လွန်းလို့ အသံထွက်ကြပါတယ်။ အသက်ကြီးသူလူကြီး တချို့က အခုချိန်ထိ လွန်းလို့အသံထွက်နေကြသေးတာတွေ့ရသလို တချို့ ကျေးရွာတွေမှာလည်း လွန်းလို့ လူကြီးလူငယ်အားလုံး အသံထွက်ကြတာ တွေ့ရပါတယ်။ ခရီးဆောင် မြန်မာအဘိဓာန်မှာလည်း အသံထွက်ပေးရာမှာ လွမ်းကို လွမ်းလို့လည်း အသံထွက်နိုင်သလို လွန်းလို့လည်း အသံထွက်နိုင်ကြောင်း၊ နှစ်မျိုးစလုံးကို ခွင့်ပြုထားတာ တွေ့ရပါတယ်။

ကွမ်းယာကိုလည်း ကွန်းယာလို့ အသံထွက်ကြသူတွေ အများအပြားရှိပါတယ်။ မြန်မာအဘိဓာန်မှာလည်း ကွမ်းလို့ရော ကွန်းလို့ပါ အသံထွက်နိုင်ကြောင်းပြပါတယ်။

ကျွမ်းကျင်ကိုလည်း ကျွန်းကျင်လို့ အသံထွက်ကြသူတွေ အများအပြားရှိပါတယ်။ အထူးသဖြင့် လူကြီးပိုင်းမှာ ပိုတွေ့ရပါတယ်။ မြန်မာအဘိဓာန်မှာတော့ ကျွမ်းကိုရော၊ ကျွန်းကိုပါ အတည်ပြုပေးထားပါတယ်။

ချီးမွမ်းဆိုတဲ့စကားလုံးကိုလည်း လူကြီးများက ချီးမွန်းလို့ အသံထွက်တတ်ကြပါတယ်။ မြန်မာအဘိဓာန်မှာတော့ ချီးမွမ်းခြေကျောက်ဆိုတဲ့ စကားကို ချီးမွန်းချေဂျောက်လို့ အသံထွက်ရမယ်လို့ ပြထားပါတယ်။ မွမ်းနဲ့ မွန်း နှစ်မျိုးစလုံးကိုခွင့်ပြုထားတာတောင် မဟုတ်တော့ပဲ ချီးမွန်းတမျိုးတည်းကိုသာ အသံထွက်ဖို့ ညွှန်ပြထားတာဟာ စိတ်ဝင်စားစရာပါ။ ချီးမွမ်းကို ချိမ်းမွန်းလို့တောင် အသံထွက်တတ်ပါတယ်။ ဒါကတော့ နောက်က မရဲ့ သြဇာလွှမ်းမိုးမှုကြောင့်ပါ။

စွမ်းစွမ်းတမံကို စွန်းစွန်းတမံလို့ အသံထွက်တတ်ကြတာလည်း ရှိပါတယ်။ မြန်မာ အဘိဓာန်မှာတော့ စွမ်းကို စွမ်းလို့ရော စွန်းလို့ပါ အသံထွက်နိုင်တယ်လို့ ဖော်ပြထားပေမယ့် စွမ်းစွမ်းတမံကိုတော့ စွန်းဇွန်းတမံလို့ အသံထွက်ဖို့ လမ်းညွှန်ထားပါတယ်။ စွမ်းဇွမ်းတမံလို့ အသံထွက်နိုင်ကြောင်း ဖော်ပြမထားပါဘူး။

ဘုန်းကြီးကို ဆွမ်းကပ်တာကို ရန်ကုန်၊ မန္တလေးနဲ့ မြေပြန့်ဒေသအများအပြားမှာ ဆွန်းကပ်တယ်လို့ပဲ အသံထွက်ပါတယ်။ ဆွမ်းလို့ အသံထွက်သူ ရှားလှပါတယ်။ စံမြန်မာစကား၊ စံမြန်မာ အသံထွက်မှာ ဆွန်းကသာ အမှန်လို့ မှတ်ယူဖွယ်ရှိပါတယ်။ ဒါပေမယ့် ဆွမ်းလို့အသံထွက်သူတွေလည်း မရှိမဟုတ်၊ ရှိကြပါတယ်။ ယောနယ်မှာ လူတိုင်းလိုလိုက ဆွမ်းလို့ အသံထွက်ပါတယ်။ မြန်မာအဘိဓာန်မှာတော့ ဆွမ်းရော၊ ဆွန်းရော နှစ်မျိုးအသံထွက်နိုင်တယ်လို့ ခွင့်ပြုထားပါတယ်။

ပန်းပွင့်လေးတွေနွမ်းတာကိုလည်း နွမ်းရော၊ နွန်းရော အသံထွက်နိုင်တယ်လို့ အဘိဓာန်က ခွင့်ပြုထားပါတယ်။ အပြင်လောကမှာတော့ ရှေးလူများက နွန်းလို့ အသံထွက်တာ ပိုများပြီး နှောင်းလူများက နွမ်းလို့ အသံထွက်တာပိုများတယ်ထင်ပါတယ်။

စုလစ်မွမ်းချွန်ကိုတော့ မွန်းဂျွန်လို့ အသံထွက်ရမယ်လို့ အဘိဓာန်က ညွှန်ပြပါတယ်။ မွမ်းအသံထွက်တာကို ခွင့်ပြုထားတာမတွေ့ရပါဘူး။ မွမ်းမံကိုလည်း မွန်းမံလို့ အသံထွက်ရမယ်လို့ အဘိဓာန်ကဆိုပါတယ်။ မွမ်းမံကို အဘိဓာန်က အတည်ပြုပေးမထားပါဘူး။ အပြင်မှာလည်း မွမ်းမံလို့ အသံထွက်တဲ့သူ မရှိပါဘူး။

စည်တော်ရွမ်းတာကိုလည်း ယွမ်းသို့မဟုတ် ယွန်း နှစ်မျိုးစလုံး အသံထွက်နိုင်တယ်လို့ ခွင့်ပြုထားပါတယ်။ ရွမ်းပြင်းကိုလည်း ယွမ်းဗျင်းရော၊ ယွန်းဗျင်းရော နှစ်မျိုးစလုံးအသံထွက်နိုင်တယ်လို့ ခွင့်ပြုပါတယ်။

ဒီတော့ ဝဆွဲမသတ် အသံတွေတော်တော်များများကို ဝဆွဲနသတ် အသံထွက်တတ်ကြောင်း ကောက်ချက်ချနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုန်းဘောင်ခေတ်တုန်းက မဟာအတုလမင်းကြီး ရေးခဲ့တဲ့ တန်ခူးလဘွဲ့မှာ သွန်းနဲ့လွမ်းကို ကာရန်တူ စပ်ဆိုခဲ့

ကုန်းဘောင်ခေတ်က ကဗျာတပုဒ်ကို ကြည့်ကြရအောင်ပါ။

"နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့၊ နိုင်ငံကြော့ ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချိန်မို့၊ လွမ်းလှတယ်လေး"

မဟာအတုလမင်းကြီးရဲ့ တန်းခူးလဘွဲ့ပါ။ ဘကြီးတော်ဘုရား လက်ထက်မှာ ရေးဖွဲ့ခဲ့ပါတယ်။ သွန်းနဲ့ လွမ်းကို ကာရန်ထပ်တူ ယူထားပါတယ်။ အသံမတူဘဲနဲ့တော့ ကာရန်ထပ်တူ မယူတန်ရာလို့ တွေးမိပါတယ်။ ဒီတော့ ကုန်းဘောင်ခေတ်ကတည်းက လွမ်းကို လွန်းလို့ အသံထွက်ခဲ့တယ်လို့ ယူဆစရာ ဖြစ်ပါတယ်။ ဒါမှလည်း သွန်းနဲ့လွန်း ကာရန်ညီမှာကိုး။ ဒီကဗျာပိုဒ်ကို ဆရာရွှေတိုင်ညွန့်က သပြေခက်နဲ့ ရေပက်ဆိုတဲ့ သီချင်းထဲမှာ ထည့်သွင်းဖွဲ့ဆိုခဲ့ပါတယ်။ အဲဒီသီချင်းကို အဆိုတော်ကြီး ဒေါ်ကြည်အောင် သီဆိုတော့လည်း လွန်းလှတယ်လေးလို့ အသံထွက်သီဆိုပါတယ်။ ဒီတော့ ဒေါ်ကြည်အောင်ကတော့ လွန်းလို့ အသံထွက်တယ်ဆိုတာ သီချင်းအထောက်အထား အသံအထောက်အထားနဲ့ တကွမို့ ရာနှုန်းပြည့် သေချာပါတယ်။ ကုန်းဘောင်ခေတ်က မဟာအတုလ မင်းကြီးဟာ လွန်းလို့ အသံထွက်မထွက်ဆိုတာကတော့ တခြားဘက်က လှည့်တွေးချင့်ချိန်စရာ အကြောင်းတွေရှိနေပါတယ်။

စောစောကတော့ သွန်းနဲ့ ကာရန်တူယူထားလို့ လွန်းလို့ အသံထွက်မယ်လို့ ယူဆထားတာပါ။ ဒါပေမယ့် အဲဒီခေတ်က သွန်းကို အသံထွက်တာဟာ ဒီနေ့ ခေတ် ကျွန်တော်တို့ အသံထွက်သလို ထွက်ကြလိမ့်မယ်ဆိုတာလည်း သိပ်မသေချာပါဘူး။ အဲဒီခေတ်က သွန်းကို သွမ်းလို့ အသံထွက်ကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပြန်ပါတယ်။ ဘာ့ကြောင့် သွန်းကို သွမ်းလို့ အသံထွက်ကောင်း ထွက်မယ်လို့ ယူဆစရာရှိသလဲဆိုတော့ ယောနယ်မှာ၊ ရခိုင်မှာ သွန်းကို သွမ်း၊ ထွန်းကိုထွမ်း၊ စွန်းကိုစွမ်း၊ ပွန်းကိုပွမ်းလို့ အသံထွက်ကြတာကို တွေ့နေရလို့ပါ။ ယောတို့ ရခိုင်တို့ဆိုတာ ရှေးဟောင်းမြန်မာစကားတွေကို ဆက်လက်ထိန်းသိမ်းထားတဲ့ နေရာတွေဆိုတဲ့ အချက်ကိုတော့ စာပေပညာရှင်အများအပြားက သဘောတူလက်ခံထားကြပြီးသားပါ။ ဒါ့ကြောင့် ယောသံ၊ ရခိုင်သံတွေဟာ ပျက်စီးပြောင်းလဲနေတဲ့ အသံတွေလို့ ယူဆဖို့ မသင့်ပါဘူး။ ဒီတော့ ကုန်းဘောင်ခေတ်မြန်မာတွေဟာလည်း သွန်းကို သွမ်းလို့ အသံထွက်လို့သာ လွမ်းနဲ့ ကာရန်တူယူခဲ့တာများလားလို့ တခြားရှုထောင့်တခုကနေ စဉ်းစားစရာရှိပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရခိုင်စကားဟာ မြန်မာစကားစစ်စစ်ကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ ပညာရှင်အများယုံကြည်ကြ

ယောနဲ့ ရခိုင်တွေ အသံထွက်ကြတဲ့ သွန်းကိုသွမ်း၊ ထွန်းကိုထွမ်း၊ စွန်းကိုစွမ်း၊ ပွန်းကိုပွမ်းအသံထွက်ပုံဟာ ရေးထုံးနဲ့လည်း ကွက်တိကိုက်ညီပါတယ်။ ရေးထုံးကို ကြည့်ရင် ကနသတ်ကိုကန်း၊ ခနသတ်ကိုခန်း၊ စနသတ်ကိုစန်းလို့ အသံထွက်ရင် ဝနသတ်ဟာလည်း အဲဒီအသံတွေနဲ့ အတူတူသာ ဖြစ်သင့်ပါတယ်။ အဲဒါဆိုရင် ဝမ်းလို့ အသံထွက်ရပါလိမ့်မယ်။ ဒီနေ့ ကျွန်တော်တို့ အသံထွက်နေတဲ့ ဝန်းဟာ ကန်း၊ ခန်း၊ စန်းတို့နဲ့ ကာရန်မညီတာ သတိပြုပါ။ ယောနဲ့ ရခိုင်တွေက ဝနသတ်ကို ဝမ်းလို့ပဲ ကာရန်တူ အသံထွက်ပါတယ်။ ဝနသတ်ကို ဝမ်းလို့ အသံထွက်ရင် ဝဆွဲပါတဲ့ စကားလုံးတွေကိုလည်း သွန်းကိုသွမ်း၊ ထွန်းကိုထွမ်း၊ စွန်းကိုစွမ်းလို့ သူတို့ အသံထွက်တာဟာ ရေးထုံးနဲ့ကြည့်ရင် သူတို့ကသာ အမှန်ဖြစ်ပြီး ကျွန်တော်တို့ ရန်ကုန်မန္တလေးက အသံထွက်နည်းဟာ လွဲနေတာတွေ့ရပါမယ်။

ဝဆွဲနသတ် အသံနဲ့ပတ်သက်ပြီး နောက်ထပ်ထူးခြားတာ တခုတွေ့ရပါတယ်။ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မြိုင်၊ ရေစချို စတဲ့ ချင်းတွင်းဧရာဝတီဆုံရာ အနီးတဝိုက်ဒေသကလူတွေနဲ့ မုံရွာ အရှေ့ဘက်နား ရွာတချို့က လူတွေဟာ ဝဆွဲနသတ် အသံနဲ့ ဝဆွဲ ငသတ် အသံကို လက်ခုပ်လက်ဝါး ရွတ်ဆိုပါတယ်။ တခြားဒေသကလူတွေ ထွက်တဲ့အသံနဲ့ အတိအကျ ပြောင်းပြန်အသံထွက်ပါတယ်။ ခွန်ကို ခွင်လို့ အသံထွက်ပါတယ်။ ထွန်းကို ထွင်းလို့ အသံထွက်ပါတယ်။ မိန့်ခွန်းကို မိန့်ခွင်းအသံထွက်ပါတယ်။ ရေတွင်းကိုကျတော့ ရေတွန်းလို့ ထွက်ပြန်ပါတယ်။ ဆနွင်းကိုကျ ဆနွန်း၊ ပန်းပွင့်ကိုကျ ပန်းပွန့်၊ လေလွင့်ကို လေလွန့်ပါတဲ့။ တလုံးနှစ်လုံးကို မတော်တဆ မှားယွင်း ရွတ်ဆိုမိတာမျိုး မဟုတ်ဘဲ ဝဆွဲနသတ်နဲ့ ဝဆွဲငသတ် စာလုံးမှန်သမျှကို အတိအကျ ပြောင်းပြန်ရွတ်ဆိုတာပါ။ ဘာ့ကြောင့် အဲသလို စနစ်တကျ ပြောင်းပြန်ဖြစ်နေသလဲ ဆိုတာ အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ အကြောင်းရင်းကို ဘယ်သူမှ သက်သေအထောက်အထား ခိုင်ခိုင်မာမာနဲ့ တိတိကျကျ ပြောပြနိုင်တာ မတွေ့ရသေးပါဘူး။

အလားတူပဲ ဝဆွဲတသတ် အသံဟာလည်း စံမြန်မာစကား၊ စံမြန်မာ အသံထွက်ရဲ့ ထွက်ပုံထွက်နည်းဟာ ရေးထုံးနဲ့ လွဲနေတာ တွေ့ရပါတယ်။ သီးသန့်ထပ်ပြီး ဆွေးနွေးပါဦးမယ်။

ဆက်စပ် အကြောင်းအရာများ