စာရေးဆရာ အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်း သိပ္ပံမောင်ဝ ၁၂ဝ ပြည့်ပြီ

burma ဓာတ်ပုံ မူပိုင် Kyi Min Han
Image caption ဂါးထာရွာက ဂူ

စာရေးဆရာကြီး သိပ္ပံမောင်ဝကို ၁၈၉၉ ဇွန်လ ၅ ရက်မှာ မွေးဖွားပြီး ၁၉၄၂ ဇွန်လ ၆ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ရွှေဘိုခရိုင် ဂါးထာရွာမှာ စစ်ပြေးရင်း ဓားပြသတ်လို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံမောင်ဝဟာ စာမျိုးစုံရေးခဲ့ပေမယ့် မောင်လူအေး ဇာတ်လိုက်ထားရေးတဲ့ ဝတ္ထုဆောင်းပါးတွေနဲ့ လူသိများပါတယ်။

စစ်ပြီးခေတ်မှာ မန်းတင်ရဲ့ မောင်ပြုံးချို နဲ့ ခင်မကြီး၊ ကိုဖိုးလုံး စတဲ့ ကျေးလက် အုပ်ချုပ်ရေး နောက်ခံ ဝတ္ထုတိုတွေ ထွက်လာပေမယ့် မူလ မောင်လူအေး ဝတ္ထုတွေကို နှစ်သက်မှု လျော့မသွားခဲ့ဘူးလို့လည်း သိပ္ပံမောင်ဝ စာတွေကို အထူးပြု လေ့လာရေးသားတဲ့ စာရေးဆရာ မြင့်ကြိုင်က ပြောပါတယ်။

သိပ္ပံမောင်ဝစာတွေကို ကြိုက်ကြတာက အရေးအသား အဖွဲ့အနွဲ့ ကောင်းပြီး လူ့သဘာဝစရိုက်ဖော်တာမှာ ထူးချွန်တာကြောင့်လို့လည်း ဆိုပါတယ်။

သိပ္ပံမောင်ဝခေါ် ဦးစိန်တင်ဟာ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဂုဏ်ထူးကို ပထမဆုံးယူခဲ့တဲ့ ကျောင်းသားတယောက် ဖြစ်ပါတယ်။

မြန်မာစာ ခေတ်မှိန်နေချိန်မှာ တိုးတက်ထွန်းကားအောင် တက္ကသိုလ်ကနေ ကြိုးစားခဲ့ကြတဲ့ ပါမောက္ခ ဦးဖေမောင်တင်ရဲ့ တပည့်ကြီးတယောက် ဖြစ်ပြီး အမျိုးသားစာဆိုကြီးတွေအဖြစ် ဂုဏ်ပြုခေါ်ဆိုခံရတဲ့ ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ရဲ့ စာပေအရာမှာ နောင်ကြီးလည်း တော်ပါတယ်။

Image caption ဂန္ထလောကရဲ့ ကလောင်ရှင် မောင်ဝ

သိပ္ပံမောင်ဝကို အိုင်စီအက် အရာရှိကြီးအဖြစ်သာ မှတ်မိကြပေမယ့် တကယ်က သူဟာ ၁၉၂ဝ ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့ပါတယ်။

ရန်ကုန်ဆေးရုံကြီးထောင့်မှာ သပိတ်သမားတွေကို ကူညီပေးတဲ့ နေရာမှာ မောင်ဝ ဖြစ်လာမယ့် မောင်စိန်တင် ပါခဲ့တယ်လို့လည်း ဦးမြင့်ကြိုင်က ဆိုပါတယ်။

အမျိုးသားကျောင်းဆရာ အဖြစ် အခမဲ့ ၃ နှစ်လုပ်ပြီးမှ ကျောင်းပြန်တက်ပြီး မြန်မာစာဂုဏ်ထူးယူခဲ့သလို အိုင်စီအက် ရွေးချယ်ခံရလို့ အောက်စဖို့ဒ် တက္ကသိုလ်မှာ ပညာသင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Epics
Image caption သိပ္ပံမောင်ဝ ပညာသင်ခဲ့ရာ ခရိုက်ချပ်ကောလိပ်

ဒီအတွေ့အကြုံတွေကို အောက်စဖို့ဒ်တက္ကသိုလ် ဆိုပြီး ရေးခဲ့ပါတယ်။ ဒီစာအုပ်ဟာ ပြည်ပ ပညာသင်အတွေ့အကြုံတွေကို မြန်မာဘာသာနဲ့ ရေးတဲ့အထဲမှာ အစောဆုံးလို့ ဆိုနိုင်တဲ့ စာအုပ် ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ကို လူတွေ သိလာကြတဲ့ အကြောင်းကတော့ သူ့ဘဝ အတွေ့အကြုံတွေကို စာနဲ့ မှတ်တမ်းတင်ခဲ့တာပါ။

သာမန်အားဖြင့် ပျင်းရိဖွယ် ကောင်းတဲ့ လူလတ်တန်းစား အရာရှိ ဘဝကို လူအများ ဖတ်ချင်စဖွယ် ဖြစ်အောင် ရေးပါတယ်။

သူ့စာကို ဖတ်ကြတဲ့ ပရိသတ်တွေထဲက ဒီလို ရိုးရိုးအကြောင်းအရာလေးတွေကို ဖတ်ကောင်းအောင် ရေးရင် စာရေးဆရာ ဖြစ်တာပဲ ဆိုပြီး လိုက်ရေးကြတဲ့အတွက် စာရေးဆရာ ဖြစ်လာသူတွေ ရှိပါတယ်။

ဒီထဲက တယောက်ကတော့ လူထုဒေါ်အမာ ဖြစ်ပါတယ်။ ဒေါ်အမာက သိပ္ပံမောင်ဝရဲ့ ဒူးကလေးနှစ်လုံး လို ဆောင်းပါးမျိုးကို ဖတ်ရတာ သဘောကျပြီး စမ်းသပ်ရေးရာက စာရေးဆရာ ဖြစ်လာတာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြေးပြောပြတဲ့ သိပ္ပံမောင်ဝ

သပိတ်မှောက် ကျောင်းသားကနေ အစိုးရ အရာရှိ ဖြစ်လာပေမယ့် မောင်ဝဟာ သူ့ရဲ့ ပြုပြင်ရေး စိတ်ဓာတ်ကို ကလောင်ကနေ သွန်ချခဲ့ပါတယ်။

ဒါကြောင့် တင်တင့်ရဲ့ ပြဇာတ်တွေကနေ မြူနီစပါယ်၊ ဘုရားလူကြီး၊ ခေတ်ဆန်တဲ့အမျိုးသမီး၊ လူလည်ကာလသား၊ လူချမ်းသာနဲ့ အသင်းအပင်းထောင်ပြီး လိမ်စားသူတွေကို သူက ကလောင်ဝှက်နဲ့ ကလိပါတယ်။

ဒါပေမဲ့လည်း သူဟာ လွတ်လပ်ရေးကို အကြမ်းပတမ်းနည်းနဲ့ ယူတဲ့ ရက်ဒီကယ် လမ်းကြောင်းကို မကြိုက်တဲ့ ဖွဲ့စည်းပုံဝါဒီ ကွန်စတီကျူးရှင်းနယ်လစ် ဖြစ်တဲ့အတွက် သူပုန်ထတာနဲ့ ဗြိတိသျှကို ပုန်ကန်ပြီး လွတ်လပ်ရေး ယူတာတွေကို နှစ်သက်ပုံ မရပါဘူး။

ဒါကြောင့် သူပုန်အငွေ့ပဋာစာရီ စတဲ့ ဝတ္ထုဆောင်းပါးတွေမှာ ဆရာစံ သူပုန်ထမှုအဆက် သူပုန်အကြွင်းအကျန် ဓားပြဂိုဏ်းတွေရဲ့ အမှောင်ဘက်ခြမ်းကို ရေးပြခဲ့ပါတယ်။

သူ့လို နောက် ဆယ်နှစ်ကျော်မှာ ဘီအိုင်အေ တပ်တွေ ဆိုးသွမ်းလက်လွန်တာကို ဖော်ပြတဲ့ ဝတ္ထုရေးဆရာမကတော့ ဂျာနယ်ကျော်မမလေး ဖြစ်ပါတယ်။

အဖြူ ဝတ္ထုမှာ သူလျှိုလို့ အထင်မှား လက်လွန်ပြီး သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတယောက်အကြောင်း မမလေးက ရေးဖွဲ့ခဲ့ပါတယ်။

သိပ္ပံမောင်ဝ ကွယ်လွန်ခါနီးမှာ ရေးခဲ့တဲ့ စစ်အတွင်းနေ့စဉ်မှတ်တမ်းကိုတော့ ဘယ်ဘက်က စစ်နိုင်စစ်နိုင် ပုံနှိပ်လို့ရအောင် သတိထား ရေးတယ်လို့ ဆိုပါတယ်။ ဒီထဲမှာလည်း ရန်ကုန်ကို လေယာဉ်နဲ့ စာတွေ လာချတဲ့ ဘီအိုင်အေ တပ်တွေကို ရှုတ်ချထားပါတယ်။

နောက်ဆုံး သူကိုယ်တိုင် သူမကြိုက်တဲ့ အုပ်ချုပ်ရေး ပျက်ပြားမှုရဲ့ နောက်ဆက် ဓားပြလက်ချက်နဲ့ ရေတိမ်နစ်ခဲ့တာ ဖြစ်ပါတယ်။

သူ့လိုပဲ အိုင်စီအက် ဦးဦးကျော်ခိုင်လည်း ရခိုင်မှာ စစ်အတွင်း ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Kaung Thar

နောက် သိပ္ပံမောင်ဝကို ဗြိတိသျှ အလိုတော်ရိအဖြစ် ဝေဖန်တဲ့စာတွေလည်း ၁၉၆ဝ ကျော်ကနေ ၂ဝဝဝ ပြည့်နှစ်တွေအထိ ရှိခဲ့ဖူးပါတယ်။

ဒါကလည်း မျိုးချစ်စိတ်နဲ့ နိုင်ငံရေးရေချိန်မှာ တဦးနဲ့ တဦးမတူနိုင်တာကို သတိမမူမိတာ၊ ၁၉ဝဝ ပြည့်နှစ်မျိုးဆက်နဲ့ ၁၉၃ဝ ကျော်မှာ မွေးတဲ့မျိုးဆက်တွေရဲ့ နိုင်ငံရေး စာပေဖတ်ရှုမှု မတူတာတွေကြောင့် ဖြစ်ပါတယ်။

၁၉၁ဝ လောက်မှ မွေးခဲ့ရင် သိပ္ပံမောင်ဝဟာလည်း လက်ဝဲသမားတယောက် ဖြစ်လာနိုင်ပြီး တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကြံတာကို အားပေးသူ ဖြစ်လာနိုင်ပါတယ်။

နောက်ပြီး မောင်ထင်၊ ညိုမြ၊ ဇဝန စတဲ့ စာရေးဆရာ ပညာတတ်တွေက သခင်နိုင်ငံရေးသမားတွေကို ကလိတဲ့ စာတွေ ၁၉၃ဝ ကျော်မှာ ရေးခဲ့ကြပါတယ်။ အထင်ရှားဆုံးကတော့ ညိုမြရဲ့ မီးဒုတ်မီးဒုတ် နဲ့ မောင်ထင်ရဲ့ တက်ခွေး စတဲ့စာတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Thin Myint Kyi
Image caption သိပ္ပံမောင်ဝဇနီးနဲ့ သမီးများ မိသားစု

တဘက်မှာလည်း သိပ္ပံမောင်ဝလို ပညာတတ်တွေက လူတန်းစားဘဝ အခြေခံကို မဆဝါးမိတဲ့အတွက် ငရဲပြည် လို စာမှာ ငါးခေါင်းဖြတ်တဲ့ တံငါသည်တွေ စရိုက်ကြမ်းတာကို ရေးတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ချိတ်ပုံကြောနှိုက်နှိုက်ချွတ်ချွတ် စတဲ့ ဆောင်းပါးတွေနဲ့ မောင်လူမွှေး၊ မယ်အေး၊ မယ်ကေး စတဲ့ သိပ္ပံမောင်ဝရဲ့ သားသမီးတွေ၊ တုတ်ကွေးဂေါက်သီး စတဲ့ စာတွေနဲ့ သူ့ဇနီး ခင်သန်းမြင့်၊ သင်းတို့နှစ်ကောင်အချစ်မီး ဝတ္ထုတွေနဲ့ သူ့ခွေး အာမိတ်နဲ့ လွေဇောတို့ကို ၁၉၃ဝ ကျော်ကနေ ၂ဝ၂ဝ ထိ ခေတ်အဆက်ဆက် စာဖတ်သူတွေ ရင်းနှီးနေခဲ့ကြပါတယ်။

သူ စစ်ပြေးရင်း အထက်အညာမှာ ကွယ်လွန်ပြီးနောက်မှာတော့ ကျန်ရစ်သူ မိသားစုနဲ့ စာဖတ်သူတွေ အဆက်ပြတ်သွားပါတယ်။

ဇနီးဖြစ်သူ ဒေါ်ခင်ခင်မြင့်ဟာ သူ့ခင်ပွန်း စစ်အတွင်းမှာ ရုတ်တရက် သတ်ဖြတ်ခံခဲ့ရတဲ့အတွက် မဖြေနိုင်အောင် ဖြစ်ခဲ့ပြီး ခင်ပွန်းကို လိုက်ရှာတဲ့အထိ စိတ်ထိခိုက်သွားခဲ့တယ် လို့လည်း မြေးဖြစ်သူ ဒေါ်သင်းမြင့်ကြည်က ဆိုပါတယ်။

ကလေး သုံးယောက်နဲ့ မိသားစု ကသီကရီ မဖြစ်ရအောင် ဝိုင်းဝန်းစီစဉ်ပေးကြတဲ့အတွက် အိုင်စီအက် ဦးစိုးညွန့်နဲ့ ဒေါ်ခင်ခင်မြင့် လက်ထပ်ခဲ့ပါတယ်။ ဦးစိုးညွန့်ကလည်း ဒေါ်ခင်ခင်မြင့်ကို အစကတည်းက ချစ်ခင်လို့ လက်ထပ်ယူခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Hanthawaddy
Image caption သိပ္ပံမောင်ဝ ခေါ် ဦးစိန်တင်တည်းဖြတ်တဲ့ ကုန်းဘောင်ခေတ် နန်းတွင်းဝတ္ထုကြီး

သိပ္ပံမောင်ဝကို စစ်ပြီးခေတ်မှာ ပြန်လည်ဖော်ထုတ်သူတွေကတော့ သူ့ရဲ့ စာပေညီနောင်တွေ ဖြစ်ကြတဲ့ ဇော်ဂျီ၊ မင်းသုဝဏ် တို့နဲ့ လူထုဦးလှတို့ ဖြစ်ပါတယ်။

သူရေးတဲ့ ဝတ္ထုဆောင်းပါးတွေကို ကျောင်းသုံးစာအုပ်ဖြစ်အောင် ရန်ကုန်က ပါမောက္ခ နှစ်ယောက်က ဝါယမစိုက်ကြသလို သူ့အရိုးကို ပြန်ဖော်ပြီး သူကွယ်လွန်တဲ့နေရာမှာ မြှုပ်ဖို့ မန္တလေးက သတင်းစာဆရာက စီစဉ်ပါတယ်။

ဝတ္ထုဆောင်းပါးတွေအပြင် သူ့ရဲ့စာပေဆောင်းပါးတွေ စုစည်းထုတ်ဝေတာလည်း ရှိလာပါတယ်။

ဒီလို နာမည်ကြီးပေမယ့် ကလောင်ခွဲတွေနဲ့ အများကြီး ရေးသွားခဲ့တဲ့ သိပ္ပံမောင်ဝရဲ့ စာတချို့ အခုထိ တိမ်မြုပ်နေတာတွေ ရှိပါသေးတယ်။ စစ်ကြီးမဖြစ်ခင်က ထုတ်တဲ့ စာအုပ်စာစောင်တွေက ရှာရတာ ပိုခက်လာလို့ ဖြစ်ပါတယ်။

သူ့ရဲ့ ဝတ္ထုဆောင်းပါးခေါ် သရုပ်ဖော်စာတွေဟာ စကက်ချ်လို့ခေါ်တဲ့ လူ့သဘာဝ ပုံဖော် စာတွေ ဖြစ်ပါတယ်။ ဗြိတိသျှ စာပေရဲ့ အရိပ်အောက်မှာ ပေါ်ထွန်းလာတဲ့ မြန်မာစာပေ အမျိုးအစားလည်း ဖြစ်ပါတယ်။

ဗြိတိသျှခေတ်မှာ မြန်မာအရာရှိကြီးတွေဟာ အိမ်မှာ စာအုပ်စင်ကြီးတွေနဲ့ စာဖတ်တဲ့ အလေ့ရှိကြကြောင်း စာရေးဆရာမကြီး ခင်မျိုးချစ်က အင်္ဂလိပ်စာတတ်လိုသော်နဲ့ စာအုပ်စင်ကျေးဇူး စာအုပ်မှာ ရေးခဲ့ပါတယ်။ ဒီထဲက စာရေးဆရာအထိ ထူးချွန်ပြီး ဖြစ်ခဲ့သူကတော့ ရှားပါတယ်။

သိပ္ပံမောင်ဝကတော့ မြန်မာစာပေကို ခေတ်မီအောင် ရှေးရိုးစွဲအတိုက်အခံတွေကြားက ကြိုးစားရေးသားသွားပါတယ်။

ဓာတ်ပုံ မူပိုင် နိူင်ငံကျော် တုတ်ကြီး

ဆက်စပ် အကြောင်းအရာများ