မျိုးချစ်စိတ်အကြောင်း ပညာရေးနဲ့ ဘာသာရေး ပြုပြင်မှုတွေအကြောင်း

burma ဓာတ်ပုံ မူပိုင် STR
Image caption လူငယ်တွေက ပြောင်းပေးနိုင်မလား

ဘီဘီစီ။ ။ မြန်မာပြည်မှာ မျိုးချစ်စိတ် အစွန်းရောက်တာတွေ ဖြစ်နေတယ်လို့ ပြောကြတာဟာ အဓိကက ဘာကြောင့်ပါလဲ။ မြန်မာပြည်ရဲ့ ရေခံမြေခံကြောင့်ပါလား။ တခြားနိုင်ငံတွေနဲ့ ဘာကွာပါသလဲ။

အခု ကျွန်တော်တို့ ဗမာပြည်မှာ ဖြစ်နေတာက မျက်ကန်းမျိုးချစ်စိတ်ပဲ၊ အခုဟာက လွတ်လပ်ရေး မရခင်က ရှိခဲ့တဲ့ အမျိုးသားစိတ်ဓာတ်ဆိုတာနဲ့ ဒီဘက်ခေတ် ရှိတဲ့ အမျိုးသားစိတ်ဓာတ် ဆိုတာ အကုန်လုံး ရောမွှေ လိုက်တာပဲ။ ပြဿနာက ကျွန်တော်တို့ဆီမှာ အဲဒီ ဟိုးရှေးတုန်းက မပြုမပြင် ရှိခဲ့တဲ့ ကာလတရားအားဖြင့် ပြောင်းလဲလာတဲ့အတွင်းမှာ လိုက်ပါလာတဲ့ မျိုးချစ်စိတ်ဆိုတဲ့ နားလည်တဲ့ဟာမျိုး နားမလည်ဘဲနဲ့ ရှေးတုန်းက ဟာကို ကောက်ကောက်ကိုင်ပြီးတော့ ဟိုဟာလုပ်နေတာပဲ။ ဒါပဲ။ သူတို့မှာ အဲဒီလိုကို ကွဲကွဲပြားပြား နားမလည်ဘူး။ နားမလည်တော့လည်း ဘာအစိုးရပဲဖြစ်ဖြစ်ပေါ့လေ၊ ဆိုရှယ်လစ် အစိုးရ ကွန်မြူနစ် အစိုးရ ဒီမိုကရေစီ အစိုးရ တက်လာသမျှ အစိုးရတွေ အားလုံးကလည်း အဲဒီဘက်ကို ဘယ်သူမှ လှည့်မကြည့်ဘူး။ ငါဟန်ကျရင် ပြီးနေတာပဲ ဆိုတဲ့ဟာနဲ့ ကမ္ဘာကြီးလှည့်နေပြီးတော့ ပြည်တွင်းပြဿနာကို နိုင်ငံတကာ လှည့်ပြီး လက်ဆွဲနှုတ်ဆက်တာနဲ့ အဖြေရှာနေတာပဲ။

ဘီဘီစီ။ ။ လွတ်လပ်ရေး မရခင်က ရှိခဲ့တာနဲ့ အခုဟာနဲ့ မတူဘူးဆိုတော့ အဓိကက အဲဒီနှစ်ခု ဘာများကွာသလဲ။

ဟိုတုန်းကတော့ ကိုလိုနီဝါဒကို တိုက်တာကိုး ၊ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်လာပြီး အုပ်ချုပ်တဲ့ နိုင်ငံခြားသားကို တွန်းလှန်ဖို့က အရေးကြီးတာကိုး။ အဲဒါကို အခြေခံပြီးတော့ မျိုးချစ်စိတ်ကို တည်ဆောက် တာ။ ခုခေတ်ကျတော့ မျိုးချစ်စိတ်ဆိုတဲ့ စကားလုံးကိုက ဗမာလို မျိုးချစ်စိတ် ခေါ်ပေမယ့် ဖြစ်ဖို့ကောင်းတာက... ဒါက ကျွန်တော်လုပ်လို့ မရဘူး၊ ရိုဟင်ဂျာကို ရိုဟင်ဂျာလို့ မခေါ်ရဘူး ကြေညာနိုင်တဲ့ အာဏာရှင် တွေ လောက်ကပဲ လုပ်လို့ ရမှာ။ အဲဒါက ဘာလဲလို့ဆိုတော့ တိုင်းချစ်ပြည်ချစ်စိတ် ဆိုပြီးတော့ နားလည်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ အခုဟာက မျိုးချစ်စိတ်အကြောင်း ဘယ်သူမှ မပြောတော့ဘူး။ အခု ပြောနေတဲ့ မျိုးချစ်စိတ်က တိုင်းချစ်ပြည်ချစ်စိတ်ပဲ၊ ကိုယ့်တိုင်းပြည် ချစ်တဲ့အကြောင်း ပြောတာပဲ။ လူမျိုးမှာ အခြေမခံတော့ဘူး။ အသိက ပြောင်းသွားတယ်။ အဲဒါကို ကျွန်တော်တို့ကတော့ ဒီထဲမှာပဲ ဝမ်းနည်းပက်လက်နဲ့ မျောနေတာပေါ့။

ဘီဘီစီ။ ။ အတွေးအခေါ်တွေ ခေတ်နောက်ကျတာ၊ ကျဉ်းမြောင်းတာက အဓိကက ပညာရေးကြောင့်လား။ ဘာကြောင့်ဖြစ်တာပါလဲ။

ပညာရေးကြောင့်လို့ပဲ မြင်တာပဲ။ ဘာလို့လဲဆိုတော့ မလေးကို ကျွန်တော် အများကြီး လေ့လာဖူးတယ်။ ဒေါက်တာမဟာသီယာက ဒီမလေးတွေ တက်အောင်လို့ လုပ်တဲ့နေရာမှာ သူက ပညာရေးနဲ့လုပ်မှ ဖြစ်မယ်ဆိုပြီး လုပ်တော့ သူတို့မှန်းထားတဲ့အတိုင်းပဲ ခု မလေးတွေက တက်လာတာပဲ။ ဟိုတုန်းကတော့ မလေးတရုတ်နဲ့ မလေး မတူဘူး။

ဓာတ်ပုံ မူပိုင် FRANCK ROBICHON
Image caption မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်

ပညာရေးနဲ့လုပ်တယ်ဆိုတော့ အချိန်လိုတယ်၊ ချက်ချင်း သွားပြီးတော့ ကောက်ခါငင်ခါ လုပ်လို့ မရဘူး။ ဆိုတော့ အခု တချို့လူတွေက ဗမာပြည်မှာက ဘုန်းကြီးတွေ ဘာတွေ လူတွေ အစွန်းရောက်အမြင်တွေ မြင်နေကြတာက စနစ်ကျ တွေးခေါ်တယ် ဆိုတာ ရှိမှ မရှိဘဲ။ စိတ်လှုပ်ရှားမှု အခြေခံနဲ့ပဲ ပြောနေကြတာ။ ဥပမာ အမျိုးသားစိတ်ဓာတ်ဆိုတာ စိတ်လှုပ်ရှားမှု အခြေခံနဲ့ ပြောနေတာပဲ။ အသိပညာပိုင်းက သက်သက် ပြောတဲ့လူမှ မရှိဘဲ။

ဘီဘီစီ။ ။ ဘုန်းတော်ကြီးတွေရဲ့ကဏ္ဍက မြန်မာပြည်မှာ အရေးကြီးတဲ့ ကဏ္ဍက ပါနေတော့ သူတို့က ဒီအပြုသဘောရော အဖျက်သဘောရော နှစ်မျိုးစလုံးကို ဆောင်တယ်လို့ ပြောလို့ရမလား။

ဘုန်းကြီးတွေကလည်း ခက်တာက ကျွန်တော်တို့ငယ်စဉ်က ကြုံခဲ့ရတဲ့ ဘုန်းကြီးမျိုးတွေ နည်းကုန်ပြီ ထင်တယ်။ ဟိုတုန်းကတော့ ဘုန်းကြီးတွေကိုက ပြတ်ပြတ်သားသား ပြောရဲတယ်၊ မဟုတ်ရင် မဟုတ်ဘူး၊ ဟုတ်ရင် ဟုတ်တယ်။ ကျွန်တော်မှတ်မိသလောက်ကတော့ ဗိုလ်ချုပ်နေဝင်းကိုတောင်မှ သွားပြီးတော့ အကျိုးအကြောင်း ပြောပြတဲ့ ရှင်းပြတဲ့ ဘုန်းကြီးတွေ ရှိတယ်။ မင်း ဒါတော့ဖြင့် မှားတယ် ဆိုပြီး။ အခုနောက်ပိုင်း ကတော့ မရှိတော့ဘူး။ အခုက များသောအားဖြင့်က ဘုန်းကြီးတွေက ယိမ်းဆရာကြီးများလိုပဲ ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်နဲ့ သူတို့ကိုယ်တိုင်ကလည်း ရှေ့က ဒေါက်တာတပ်တပ် ဘာတပ်တပ် တပ်ချင်တာတပ်ပြီးတော့ သူတို့က အတ္တဗဟိုပြုဖြစ်လာတာ။ ဘာသာရေးက သူတို့ရဲ့ အသုံးချစရာဆိုပြီး မြင်သွားတာပေါ့။ အဲဒါနဲ့ အသုံးချသွားတာပေါ့။ ဘုန်းကြီးတွေ နိုင်ငံရေးထဲ ဝင်မလာရင်ကတော့ အကောင်းဆုံးပါပဲ။ ဝင်လာတဲ့အခါကျတော့ ခပ်တုံးတုံး ဒကာတွေကလည်း များလာတော့ ဘုန်းကြီးကိုးကွယ်တာ လာဘ်သပ်ပကာ ရွှင်မယ်ဆိုပြီးတော့ ကိုးကွယ်တဲ့ ဒကာတွေက ပိုများတာပဲ။ ဗုဒ္ဓဘာသာကို ထေရဝါဒ ဗုဒ္ဓဘာသာ ဘာလဲမှ သိပ်မှမသိကြတော့ဘဲ။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသားရေး ပြင်းထန်တဲ့ ရဟန်းတော်တစု

ဘီဘီစီ။ ။ မြန်မာပြည်က နိုင်ငံရေး ပညာရေး အားဖြင့် တအားနောက်ကျတော့ ဒါတွေကို ပြင်မယ် ဆိုရင် လက်ရှိအခြေအနေက ရုန်းထွက်ဖို့ မြန်မာပြည်က ပညာတတ်တွေ၊ ရှေ့အမြင်ကို လိုလားတဲ့ လူငယ်တွေ အနေနဲ့ ဘာတွေ ပြင်ဖို့လိုသလဲ။

ဗမာပညာတတ်တွေရယ် ပညာမတတ်တတတ်တွေရယ် သိပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ညာဖို့ မကောင်းဘူး။ ပြောစရာရှိရင်လည်း ပြောတာတော့ ပြောရမှာပဲ။ အခုဟာက ပြောလည်း ဖမ်းတယ်ဆိုတော့ ပြောဖို့က တော်တော် ခက်နေတယ်။ ဘယ်သူ့ပြောလို့လည်း ပြောရမှန်း မသိဘူး။ အဲတော့ ကျွန်တော်တို့ ကိုယ်တိုင်က စာပေ ဝေဖန်ရေး ရေးတာကိုပဲ အသရေဖျက်မှုနဲ့ အစွဲခံရမယ်ဆိုတော့ မရေးရဲဘူး။ အခု ပြောင်းမယ်၊ ပြောင်းချင်ရင်ပေါ့လေ၊ မပြောင်းချင်ရင်လည်း မှိန်းလိုက်နေလည်း ရတာပါပဲ တိုင်းပြည်တပြည်က။ ဒါပေမဲ့ ပြောင်းရင်တော့လည်း ပညာတတ်တွေက နည်းနည်းတော့ ဟုတ်တာလေး ဝင်ပြောဖို့ပေါ့လေ။ ဝင်ခြောက်နေ တာမျိုးတော့ မလုပ်သင့်ဘူး။ သိတယ်မဟုတ်လား၊ ဧရာဝတီမြစ်ကြီး ထက်ပိုင်းပြတ်သွားမယ် ဆိုတာမျိုး တကမ္ဘာလုံးက သိတာပဲ၊ ဒီလိုပြောတာ ယုတ္တိမှ မရှိတာ။ အဲဒီလို ပြောနေမယ့်အစား ပါဝင်ဆောင်ရွက်ရမယ်။ ပါဝင်ဆောင်ရွက်တယ် ဆိုတာကလည်း အစိုးရကိုယ်တိုင်က အဖြစ်ခံဦးမှကိုး။

ဓာတ်ပုံ မူပိုင် Myint Than
Image caption သြစတြေးလျရောက် စာရေးဆရာမြင့်သန်း

လူငယ်တွေအနေနဲ့က လူငယ်တွေဟာ လူတော်တွေအများကြီး၊ ကျွန်တော်တွေ့တယ်။ ဒါပေမဲ့ အဲဒီလူငယ်လူတော်တွေဟာ မတော့်တတော် ဝင်ဖြီးနေတဲ့ သူတွေကို မကျော်နိုင်ဘူး ဖြစ်နေတယ်။ ဟိုလိုလိုဒီလိုလို လူတွေက ဗမာပြည်မှာ ဝင်ပြီးတော့ ဟိုဖြီးဒီဖြီး တောပြောတောင်ပြော ပြောချင်တာတွေ လျှောက်ပြောနေတာပဲ။ ပြောပြီး သိသလိုလို တတ်သလိုလိုနဲ့ တကယ်တမ်းကျတော့လည်း ဘာမှ မတတ်ဘူး။ ပညာရေးက အခုလောက်က စပြင်ရင် ၅ နှစ်က ၈ နှစ်လောက်တော့ အချိန်ပေးရမှာပဲ။ ထစ်ခနဲ ရှိတိုင်း ကိုယ်လုပ်လို့ မဖြစ်တာနဲ့ စစ်တပ်ကို သွား အပြစ်ပြောနေလို့လည်း မရဘူး။ ကျွန်တော်တို့ လူမျိုးက သဘောထားကြီးဖို့လည်း လိုတယ်။ နေရင်းထိုင်ရင်းနဲ့ လူတွေကို လိုက်ပြီး ဣသာ မစ္ဆရိယနဲ့ လျှောက်စွဲနေလို့လည်း မသင့်ဘူးထင်တယ်။ လူငယ်ပိုင်းကတော့ တော်တာတွေ ရှိပါတယ်။ ဖတ်နိုင်တယ်။ ဒါပေမဲ့ သူတို့မှာ အကောက်မှား၊ သုံးသပ်ချက်မှားတာတွေ လည်း ရှိနိုင်တယ်။ ကျွန်တော်တို့ ပညာရေး စနစ်ကြီးက တော်တော်ကို ကွာပြီး နောက်ကကျန်ရစ်ခဲ့တာ ရှိတယ်။ အဲဒါကို အစိုးရက သဘောထားကြီးကြီးနဲ့ ပညာရေးစနစ်ကိုပြင်၊ နောက်ပြီးတော့ တတ်နိုင်တဲ့လူတွေ ကလည်း နေရာမျှော်ကိုးပြီးတော့ ကြီးကြီးကျယ်ကျယ် တောပြောတောင်ပြော ပြောတာမျိုးတွေ မလုပ်နေဘဲနဲ့ တိုင်းပြည်အတွက် ဆိုတာမျိုးပေါ့လေ။ မျိုးချစ်စိတ် ဘာစိတ်ညာစိတ်က ခဏထား၊ မျိုးချစ်စိတ်က လွန်ခဲ့တဲ့ အနှစ် ၅ဝ က ပုံစံမျိုး တွေးနေရုံနဲ့တော့လည်း မပြီးဘူးထင်တယ် ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘာသာရေးက နေရာယူလွန်းတယ်

ဘီဘီစီ။ ။ မျက်ကန်းမျိုးချစ်စိတ် ပျောက်ဖို့ဆိုရင် မြန်မာပြည်မှာက ဗုဒ္ဓဘာသာကလည်း အများစုကြီး ဖြစ်နေတော့ လူနည်းစုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိရမယ် ဆိုတာတွေကို အစိုးရပိုင်း ဒါမှမဟုတ် ပညာတတ်ပိုင်းတွေက စပြီး နှိုးဆော်မပေးနိုင်ဘူးလား။

ဘာသာရေးက ခက်နေတာက ကျွန်တော်တို့က မထိရဲ မတို့ရဲဘူး။ ဘာသာရေးကို ထိလိုက်ရင် ငါ့အတွက် မဲမရဘူးဆိုတာက တိုင်းပြည်မှာ အရေးအကြီးဆုံး ပြဿနာတခု ဖြစ်နေတာကိုး။ ဥပမာ ထေရဝါဒက ထေရဝါဒ မဟုတ်တာ ဗမာပြည်မှာ ကြာလှပြီ။ ထေရဝါဒကို ပြန်ပြီး ဦးတည်တာကတော့ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ကျွန်တော်ပြောရင် ကျွန်တော့ကို လူတွေ မကြိုက်ကြဘူး၊ ဒါပေမဲ့ ကျွန်တော် ပြောချင်တာ တခုက ဦးနေဝင်း လက်ထက်မှာ သာသနာကို သန့်စင်တာ တခုပဲ ရှိတယ်။ ဒီနောက်ပိုင်းမှာ ဘယ်သူမှ သွားမထိရဲဘူး၊ မတို့ရဲဘူး။ မတို့ရဲတဲ့အပြင် အနက်လွဲ နားလည်မှုတွေ အများကြီး အများကြီးနဲ့ လက်ခံထားတာတွေ များတော့ ဘာသာရေးက အခုကျတော့ ကျွန်တော့ကို အရှေ့တောင်အာရှက ဘုန်းကြီးတပါးက မေးတယ်၊ မင်းတို့ ထေရဝါဒက ဘာဖြစ်သွားလဲ ဆိုတော့ ကျွန်တော်လည်း ပြောပြတယ်၊ တပည့်တော် မသိဘူးဘုရားလို့၊ တပည့်တော် လည်း ဗုဒ္ဓဘာသာပြောရမှာတောင်မှပဲ အင်မတန် ခက်နေပြီလို့ ပြောဖူးတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာက သက်ဝင်ယုံကြည်မှုနဲ့ အခြေခံတာမှ မဟုတ်ဘဲ။ ဗုဒ္ဓဘာသာက အကျင့်အကြောင်း ပြောတာပဲ။ အကျင့်အကြောင်း မပြောဘဲနဲ့ အခု ဗမာပြည်မှာ ရှိတဲ့ ဗုဒ္ဓဘာသာက လူတွေက ဘုန်းကြီးသွား ပိုက်ဆံလှူတာတို့၊ ဘုရားထီးတင်ဖို့ ပိုက်ဆံလှူတာတို့ ဒီလိုကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ။ ကိုယ်ကိုယ်တိုင်က ဘာမှ မကျင့်ဘူး၊ ဘုန်းကြီးတွေက အများစုကလည်း မကျင့်ဘူး။ ထင်ရာတွေ လျှောက်ပြောနေတာပဲ။

လူငယ်ပိုင်းကိုတော့ ကျွန်တော် အများကြီး မျှော်လင့်တယ်။ ကျွန်တော်တို့လို စပ်ကြား မျိုးဆက်ကတော့ သိပ်မလွယ်တော့ဘူး။ ကျွန်တော်တို့ အပေါင်းအသင်း အသိုင်းအဝိုင်းထဲက လူတွေတောင်မှ ရောရောယောင်ယောင် တွေ ဖြစ်ပြီးတော့ မှန်တာလည်း မပြောရဲဘူး၊ မှားတာလည်း သိရဲ့သားနဲ့ အိယောင်ဝါးလုပ်ပြီးတော့ ဘာမှ ခေါင်းမထောင်ရဲဘူး။ ဘာသာရေးက ဘာသာရေး အပိုင်း ထားလိုက်ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရေးထဲကို ဝင်ပြီး ကြိုးကိုင်ချင်သလိုလို ဆရာလုပ်ချင်သလိုလို အဲဒါမျိုးတွေ မလုပ်နိုင်ရင် အကောင်းဆုံးပဲ။ နောက် လူငယ်တွေမှာလည်း စနစ်တကျ ဆင်ခြင်တယ် ဆိုတာကို နားလည်ဖို့ လိုတယ်။ ဒါကလည်း ပညာရေးက လုပ်မှ ရမယ်။

ဓာတ်ပုံ မူပိုင် ANN WANG
Image caption ကမ္ဘာ့ဖိအားနဲ့ ပြန်လွတ်လာတဲ့ ရိုက်တာ သတင်းထောက်တွေ

ဘီဘီစီ။ ။ တကမ္ဘာလုံးမှာလည်း လက်ယာစွန်းတွေ ခေါင်းထောင်လာတဲ့ဟာမျိုး ဖြစ်တယ်၊ မြန်မာပြည်မှာလည်း အလားတူ ရိုက်ခတ်တာမျိုး ရှိတယ်လို့ ပြောကြတယ်။ ကမ္ဘာရဲ့ လှိုင်းနဲ့ရော ဆိုင်မလား။

ဆိုင်တော့ဆိုင်မှာပဲ။ ဒိုမီနို သီအိုရီဆိုတာမျိုးလိုပေါ့။ ဟိုတုန်းက ကျွန်တော်တို့ အရှေ့တောင် အာရှကြီးတခုလုံးမှာ နိုင်ငံအသီးသီးက အာဏာသိမ်းတဲ့အခါမှာ ကျွန်တော်တို့လည်း ပါသွားတာပဲ။ အခု လက်ယာလက်ဝဲ ဘာပဲဖြစ်ဖြစ် ဖြစ်လာရင်တော့ ဒီထဲကို ကျွန်တော်တို့လည်း မသိတသိနဲ့ ဖြစ်ဖြစ် သိသိကြီးဖြစ်ဖြစ် ကျွံတော့ကျွံမှာပဲ။ နောက် တခြားတချက်က ကျွန်တော်တို့လည်း သိပ်မပြောရဲဘူး။ အမှန်ပြောတော့လည်း မကြိုက်ကြတော့။ ခက်နေတာက ဗမာပြည်မှာက ဘာသာရေးက လိုအပ်တာထက် ပိုပြီးနေရာယူတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဗမာလူမျိုးတွေက အဲဒီလို မဖြစ်သင့်ဘူး။ ကျွန်တော် တခါတုန်းက အာရှတိုက်က အငြိမ်းစား စစ်သူကြီးတယောက်နဲ့ စကားထိုင်ပြောဖူးတယ်။ သူတို့ တိုင်းပြည်တိုးတက်တာကို ကျွန်တော် သဘောကျတယ် ဆိုတော့ သူက ပြောတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ်လုပ်နိုင်တာလေးလောက် လုပ်ရင် တိုင်းပြည် တိုးတက်ပါတယ်တဲ့။ ကျွန်တော် အဲဒီစကား သိပ်သဘောကျတယ်။ ကျွန်တော်တို့က ကိုယ့်တိုင်းပြည် တိုးတက်ဖို့ထက် ကိုယ်က ရှေ့ရောက်နေတာကိုး။ အခုလက်ရှိ ကျွန်တော်တို့ အစိုးရအနေနဲ့ ကြည့်ရင် တကမ္ဘာလုံးက မြင်နေတာပဲ။ အရာရာဟာ အတ္တဗဟိုပြု ဖြစ်နေတယ် မြန်မာပြည်မှာ။

ဆိုလိုတာက ဒီလှိုင်းထဲ ဝင်သွားမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က နေရာတကာမှာ သူများပေတံထုတ်ပြီး ကိုယ်က တိုင်းနေစရာမလိုဘူး။ ကျွန်တော်တို့ မြန်မာပြည်မှာ ပညာတတ်တို့ ပညာမတတ်တတတ်တို့ လုပ်ချင်နေတာက သူများပေတံကြီး ယူလာပြီး ကိုယ့်တိုင်းပြည်ကို တိုင်းချင်နေတာ။ တိုင်းနေလို့ကတော့ ဖြစ်မှာ မဟုတ်ဘူး။ ဒီကြားထဲ ဆိုးတာက ဘာသာရေးက မလိုအပ်ဘဲနဲ့ လူမှုအဖွဲ့အစည်းထဲမှာ ဝင်ပြီး မတော်မတရား နေရာယူနေ တာတွေပဲ။ အဲဒါတွေကတော့ ကျွန်တော်တို့ လျှော့ကို လျှော့နိုင်မှ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ သာသနာရေးဌာန ဆိုတာ ရှိတာပဲ။ ဗုဒ္ဓဘာသာရေးဌာနမှ မဟုတ်ဘဲ။ သာသနာရေးက သူတို့လုပ်ချင်ရင် လုပ်နိုင်တာပဲ။ ဒါပေမဲ့ လုပ်ရဲ မရဲကတော့ သူတို့နဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့က ပြောရင် အမုန်းခံရရုံပဲ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မင်းသား နိုင်ငံရေး ကျမ်းပြု မက်ခီယာ ဗယ်လီ

ဘီဘီစီ။ ။ အမုန်းမခံရဲဘူး၊ ကြောက်ပြီး မပြောရဲဘူးဆိုတာက ဒါက စစ်အစိုးရတွေ အောက်မှာ နေခဲ့တဲ့ ရလဒ်လား။ ဒါမှမဟုတ် မြန်မာပြည်ရဲ့ နဂိုယဉ်ကျေးမှုကိုက ဖြစ်နေတာလား။

ဗမာလူမျိုးက စိတ်ခံစားမှုကို အခြေခံတယ်။ ဘာပဲလုပ်လုပ်၊ ဘယ်သူက ပြောတာ၊ ငါ့ဦးကြီးက ပြောတာ၊ ငါ့အဘိုးက ပြောတာ ၊ ငါ့ဆရာက လုပ်တာ၊ ငါ့မိန်းမက ပြောတာ အဲဒီလိုမျိုး စိတ်ခံစားမှုပေါ် မူတည်ပြီး မြင်တတ် ကြတယ်။ စနစ်တကျ တွေးတယ် ခေါ်တယ် ဆိုတာက စိတ်ခံစားမှု မပါဘူး။ ဘယ်လိုလုပ်မယ် ဆိုတာကို စနစ်အတိုင်း တွေးခေါ်သွားတာ။ ကျွန်တော်တို့ လူမျိုးက အဲဒီလိုမျိုး မတွေးဘူး။ မတွေးတာလည်း ကြာလှပြီ။ ဒီကြားထဲက ဂုဏဝုတ္တိ ဝယဝုတ္တိဆိုတာတွေက ရှိနေတဲ့အခါကျတော့ ဒီဝုတ္တိတွေကြားမှာ ကျွန်တော်တို့ လူမျိုးရဲ့ စနစ်တကျ အတွေးအခေါ်တွေက မြုပ်သွားတာပဲ။ ဒီဟာက စစ်တပ်ကြောင့် အာဏာရှင်အောက်မှာ ဘာအောက်မှာ၊ ဒီအစိုးရခေတ်ကော ဘာပြောနိုင်သလဲ။ ဒီမိုကရေစီမှာ ပြောလည်း ဖမ်းတာပဲ။ စာနယ်ဇင်း လွတ်လပ်ခွင့်တို့ ဘာတို့ဆိုတာ ကမ္ဘာကြီးကို လှည့်ပြောရင်း ကဲ ငါတို့ဖမ်းတယ်ကွယ် ဘာလုပ်ချင်လဲလို့ သွားစိန်ခေါ်နေတဲ့ အရပ်ကဆိုတော့ ဘယ်သူက ဘာပြောမလဲ။ အဲဒါတွေကို မလျှော့နိုင်မချင်းကတော့ ကျွန်တော်တို့ ဝလုံးစက္ကူကပ်နေမှာပဲ။ စစ်တပ်ကြောင့် စစ်အစိုးရအောက်မှာ နေလို့ ဘာလို့ညာလို့ကြောင့် မဆိုင်ဘူး ထင်တယ်။ ကျွန်တော်တို့မှာ တက်လာသမျှ အစိုးရတိုင်းမှာ ဘယ်အစိုးရကမှ ကျွန်တော်တို့ သာမန် အရပ်သူ အရပ်သားအပေါ် နေရာပေးပြီး လက်ခံတယ်ဆိုတာ မရှိဘူး။ လုပ်ချင်တာ လုပ်တာပဲ။ အားရှိသူက အနိုင်ယူတာပဲ။ နောက်ဆုံးကျတော့ ကျွန်တော်တို့ ဗမာပြည်မှာ ဖြစ်လာတက်လာခဲ့တဲ့ အစိုးရတွေ အားလုံး မက်ခီယာ ဗယ်လီပြောတဲ့ The end justifies the means ဆီ ပြန်ရောက်သွားတာပဲ။

ဘီဘီစီ။ ။ မြန်မာပြည်က ခေါင်းဆောင်တွေက မက်ခီယာ ဗယ်လီတော့ ကျေပုံရတယ် ထင်တယ် ဟုတ်လား။

ဖြစ်နိုင်ပါတယ်။