သီပေါမင်းခေတ်က ငမောက်နဲ့ နန်းစဉ်ရတနာတွေ ဘယ်ရောက်သွားသလဲ

burma ဓာတ်ပုံ မူပိုင် John Phillips
Image caption လန်ဒန် ဘက်ကင်ဟမ်နန်းတော်ရှေ့ရောက် သီပေါမင်းမြစ်တော် ဦးစိုးဝင်း

မြန်မာပြည်က ငမောက် ပတ္တမြား ဘယ်ရောက်သွားသလဲ စိတ်ဝင်စားသူ များပါတယ်။

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး အပါအဝင် မြန်မာမှတ်တမ်းတွေမှာတော့ ကာနယ်စလေဒင်ကို နန်းစဉ်ရတနာတွေ အပ်လိုက်ရတယ်လို့ပဲ ဖော်ပြကြပြီး အဲဒီရတနာတွေ ဘယ်ရောက်သွားတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။

မြန်မာပြည်မှာ အဓိက တွင်းထွက် ကျောက်မျက်က ပတ္တမြား၊ နီလာနဲ့ ကျောက်စိမ်းဖြစ်ပြီး ကပ္ပလီပင်လယ်ကလည်း ပုလဲထွက်ပါတယ်။ ဒါပေမဲ့ မြန်မာဘုရင်တွေ အမြတ်တနိုးအထားဆုံး ရတနာကတော့ ပတ္တမြား ဖြစ်ပြီး ပြည်ပက လာတဲ့ စိန်၊ မြနဲ့ ပတ္တမြား၊ နီလာတွေကို ရွှေနဲ့စီမံထားတဲ့ လက်ဝတ်ရတနာတွေ ဝတ်ဆင်ကြလေ့ရှိပါတယ်။

ဒါကြောင့် နန်းစဉ်ရတနာ အဖြစ် စာရင်းပြတဲ့ ကျောက်တွေမှာ ပတ္တမြားတွေ အများဆုံး ပါဝင်ပြီး ဒီထဲက ငမောက်က အထင်ရှားဆုံး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် © British Library Board Mss Burmese 199
Image caption ရွှေနန်းလက်သုံးပုရပိုက်ပါ မြန်မာဘုရင်တွေရဲ့ မကိုဋ်ခေါင်းဆောင်းတွေ

ဒီပြည်တန်ပတ္တမြားကြီးကို ဘယ်တုန်းကစ တွေ့တယ်၊ ဘယ်အချိန်ကပြီး မြန်မာနန်းတွင်းမှာ ရှိနေတယ်ဆိုတာကလည်း မူကွဲတွေ ရှိပါတယ်။ တချို့က ချင်းတွင်းဘက်ကရတယ် ပြောပြီး မိုးကုတ်ကလို့ ရေးသူတွေ လည်း ရှိပါတယ်။ ညောင်ရမ်းခေတ် ပြည်မင်းလက်ထက်မှာ တွေ့တယ်လို့ ရာဇဝင်တွေက ရေးပေမယ့် ဘိုးတော်ဘုရားလက်ထက်က ရတယ်လို့ ရေးတဲ့ ရှေးစာဟောင်းတွေလည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် National Archive
Image caption မြန်မာ ရွှေတိုက်ဝန် ဆွဲပြတဲ့ ငမောက် ပုံကြမ်း

ကုလားပြန်နဂါးဗိုလ်လှော်ကားတင်ကြီးလှော်ကားတင်ကလေး ဆင်မတော် စံကျောက်တော် စတဲ့ ကျောက်ကြီးကျောက်ကောင်းတွေလည်း မြန်မာဘုရင်တွေရဲ့ ရတနာစာရင်းမှာ ပါပါတယ်။

ဒါပေမဲ့ ဒီကျောက်ကြီးတွေပုံကို သေချာ ရေးဆွဲရိုက်ကူး မှတ်တမ်းတင်ထားတာ မရှိတဲ့အတွက် ခြေရာခံရ ခက်ခဲနေပါတယ်။

ဓာတ်ပုံ မူပိုင် DEA / ICAS94
Image caption တောင်ဥယျာဉ်မှာ တွေ့ရတဲ့ ကာနယ်စလေဒင်နဲ့ သီပေါမင်း

ငမောက် ပဟေဠိ

အဓိက မြန်မာမှတ်တမ်းတွေမှာ ဖော်ပြတာက စလေဒင်လက်ကို ငမောက်နဲ့ တကွ နန်းစဉ်ရတနာတွေ အပ်လိုက်ရတယ်လို့ပဲ ပါရှိပါတယ်။

သီပေါမင်းရဲ့ စတုတ္ထသမီးတော်နဲ့ သူ့မိသားစုဘက်က ရေးတဲ့ မှတ်တမ်းတွေမှာတော့ မန္တလေးကနေ သူရိယ သင်္ဘောနဲ့ ပါတော်မူချိန်မှာ စလေဒင်က ဘုရင်ဆီက ကျောက်ကို တောင်းကြည့်ပြီး ထည့်ယူ သွားတယ်လို့ပဲ ဆိုပါတယ်။

Image caption ပေါက်မြိုင်မြို့စား ရွှေတိုက်ဝန် ဦးလှဘူး

ပါတော်မူတဲ့နေ့ မနက်မှာ နန်းစဉ်ရတနာတွေ မပျောက်ပျက်ရအောင် ထိန်းသိမ်းထားလိုကြောင်း စလေဒင်က လျှောက်တင် တဲ့အတွက် ပေါက်မြိုင်မြို့စား ရွှေတိုက်ဝန် ဦးလှဘူးက စလေဒင်ကို စာရင်းနဲ့တကွ အပ်ရတယ်လို့ မင်းသား ဦးမောင်မောင်တင်ရဲ့ ကုန်းဘောင်ဆက် ရာဇဝင်မှာ ပါရှိပါတယ်။

နောက် အိန္ဒိယဘုရင်ခံချုပ်ပို့တဲ့ မန္တလေးနန်းတွင်းကရတဲ့ အဖိုးတန်ပစ္စည်းစာရင်းမှာ နန်းစဉ်ပတ္တမြားတွေ ပါမလာတဲ့ ကိစ္စကို လန်ဒန်က အိန္ဒိယရုံးက မြန်မာမှူးမတ်တွေကို မေးမြန်းရာမှာလည်း ရွှေတိုက်ဝန်က ထပ်တူ ထွက်ဆိုပါတယ်။ ရွှေလက်စွပ်မှာ ကွင်းထားတဲ့ ငမောက်ကျောက်ပုံကိုလည်း သူက ဆွဲပြပါတယ်။ တိုင်တားမင်းကြီးနဲ့ ကာနယ်စလေဒင်ရဲ့ စာရေးကြီး နီကိုလပ်စ်တို့ သက်သေ ရှိကြောင်းလည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထီးနန်းပျက်ပြီးနောက် သမိုင်းအမှတ်အသားအဖြစ် ကျန်ခဲ့တဲ့ မန္တလေးနန်းတော်

စလေဒင်ကတော့ ရွှေတိုက်အတွင်းဝန်ကို အဲဒီမနက်က မြင်လိုက်ပေမယ့် ပစ္စည်းစာရင်းပုရပိုက်ကို ရတယ်လို့ မမှတ်မိကြောင်း၊ အဲဒီအချိန်က ညီလာခံခန်းမကြီးထဲမှာ နန်းစဉ်ပစ္စည်းတွေ စုပုံပြန့်ကျဲနေပြီး ဗြိတိသျှတပ်တွေကို စောင့်ကြည့်ဖို့ သူအမိန့်ပေးရကြောင်း၊ အဲဒီမတိုင်ခင်ညက နန်းတွင်းက ထွက်သွားတဲ့ မင်းတုန်းမင်း မိဘုရားဟောင်းတွေ၊ မင်းသမီးတွေနဲ့ ၃ဝဝ လောက်ရှိတဲ့ အပျိုတော်တွေလက်ထဲ ဒီပစ္စည်းတချို့ ပါသွားတာ ဖြစ်နိုင်ကြောင်း စသဖြင့် လန်ဒန်က ရေးသားထွက်ဆိုပြီး သူ့ကိုယုံကြည်ပါ လို့လည်း စာအဆုံးသတ်မှာ ရေးပါတယ်။

လန်ဒန် ဗြိတိသျှ စာကြည့်တိုက်မှာ သိမ်းထားတဲ့ စလေဒင်ရဲ့ စာမူကြမ်းမှာတော့ ဘုရင်က ကျုပ်ကို … ရတနာ ပစ္စည်း … လက်ခံခိုင်းလို့ သဘောတူလိုက်တယ် … ကျုပ်ကို သူက … သယ်ခိုင်းတယ် ဆိုတာမျိုး ရေးထားပြီးမှ ပြန်ဖျက်ထားခဲ့တယ်လို့ အဲလက်စ်ဘက်စ်ကိုဘီက ဗြိတိန်မှာ လမ်းစပျောက်နေတဲ့ ငမောက်ပတ္တမြားကြီး ဆောင်းပါးမှာ ရေးပါတယ်။

နောက်ဆုံး ဆက်လက်စုံစမ်းမရဘဲ ဒီကျောက်တွေ သီပေါမင်းလက် ပါသွားပုံရတယ် ဆိုတာလောက်နဲ့ ပြီးသွားခဲ့ပါတယ်။

စလေဒင်လက် ငမောက် အပ်လိုက်တာကို သူ့အဘိုး မြင်လိုက်ရကြောင်း နီကိုလပ်စ်ရဲ့ မြေးတော်သူ သူနာပြုဆရာမကြီးက ၁၉၆ဝ မှာ ပြောပြတယ်လို့ မောင်သန်းဆွေ (ထားဝယ်)ကလည်း ရေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption ရတနာဂီရိရောက် သီပေါမင်းနဲ့ မိဘုရားများ

ဒါပေမဲ့ အိန္ဒိယရောက်ခါစ မဒရပ် (ချင်နိုင်း)မှာ ကတည်းက သီပေါမင်းနဲ့ မိသားစု၊ အပျိုတော်တွေ၊ စာရေးတော်တွေကအစ သူတို့ပိုင်ဆိုင်မှုတွေကို ဗြိတိသျှဘက်က စာရင်းပြု မှတ်တမ်းယူထားပြီး ဖြစ်ပါတယ်။ အဲဒီစာရင်းတွေထဲမှာလည်း ငမောက်နဲ့ တခြားပျောက်နေတဲ့ နန်းစဉ် ပတ္တမြားတွေကို မတွေ့ရပါဘူး။

စာရင်းထဲ ထည့်မပြဘဲ မြန်မာဘုရင်ဟောင်း ဘက်က လျှို့ဝှက်သိမ်းဆည်းထားခဲ့သလား၊ အကယ်လို့ ဒီလိုလျှို့ဝှက်ထားခဲ့ရင်လည်း ဘာကြောင့် ဒီပတ္တမြားတွေကို သီပေါမင်းဘက်က ဗြိတိသျှကို ပြန်လည် တောင်းခံခဲ့သလဲဆိုတာ ကာယကံရှင်တွေမှ သိနိုင်တော့မယ့် ဖြစ်ရပ်တွေပါ။

တချို့ ဗြိတိသျှ နန်းတွင်းသမိုင်းပညာရှင်တွေကတော့ ငမောက်ကို ဝိတိုရိယ ဘုရင်မရဲ့ သမီးတော် လူဝီစ်မင်းသမီးကို ပေးခဲ့တယ်လို့ ယူဆပါတယ်။

မင်းသမီးလက်ကို ကျောက်က ဘယ်လိုရောက်လာတယ် ဆိုတာ မပြောနိုင်ပေမယ့် မြန်မာပြည်က သိမ်းမိတဲ့ ပစ္စည်းတချို့ကို ဘုရင်မဆီကို အိန္ဒိယ ဘုရင်ခံချုပ်က တိုက်ရိုက်ဆက်သတာ ဖြစ်နိုင်တယ် လို့လည်း ယူဆကြပါတယ်။

ဒါကြောင့် မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မင်းသမီးရဲ့ သေတမ်းစာနဲ့ ပိုင်ဆိုင်မှု စာရင်းတွေထဲ ဒီကျောက်ကို ဆက်ပြီး ရှာနေကြပါတယ်။

ဓာတ်ပုံ မူပိုင် Print Collector
Image caption ဝိတိုရိယ ဘုရင်မ ရှေ့တော်ဝင်နေတဲ့ ကင်းဝန်မင်းကြီးနဲ့ သံအဖွဲ့

အရှေ့အင်္ဂလီယာ တက္ကသိုလ်က ပါမောက္ခ မိုက်ကယ်နက်ရှ်ကို ဗြိတိသျှဘုရင်မ ရွှေတိုက်တော်က ပြန်ကြားချက်အရ မြန်မာဘုရင်ရဲ့ သံအမတ်ကြီးတွေက ဝိတိုရိယဘုရင်မကို ပေးတဲ့ ပတ္တမြားကို လည်ဆွဲလုပ်ဖို့ ဒီမင်းသမီးကို ပေးခဲ့တာလို့ သိရပါတယ်။

ပါတော်မမူခင်က လာတဲ့ မြန်မာသံအဖွဲ့က ဆက်သတာ ဖြစ်နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption ဝိတိုရိယဘုရင်မသမီးတော် လူဝီစ်မင်းသမီး

နှစ်တရာကျော် တောင်းဆိုခဲ့တဲ့ မိသားစု

သီပေါမင်းဘက်ကလည်း အိန္ဒိယ အပို့ခံရပြီးနောက် စလေဒင်လက်ပေးခဲ့ရတဲ့ သူ့ကိုယ်ပိုင်ပစ္စည်းတွေကို ပြန်တောင်းပါတယ်။

ပါတော်မူနေ့က ရွှေတိုက်အတွင်းဝန် ပြုစုတဲ့ စာရင်းမှာ ဘုရင်ဟောင်းရဲ့ နိုင်ငံရေးအရာရှိ ဖန်ရှောလက်မှတ်ထိုးပြီး အိန္ဒိယဘုရင်ခံချုပ်ဆီ စာတင်တာပါ။ အဲဒီစာထဲမှာတော့ နဂါးမောက်ခေါ် ပတ္တမြား လက်စွပ်လို့ ပါပါတယ်။

နောက် ၁၉၁၁ မှာ ဒေလီကို ဘိသိက်ခံဖို့ လာတဲ့ ဝိတိုရိယ ဘုရင်မရဲ့ မြေးတော် ပဉ္စမဂျော့ဘုရင်ကို ဒီကျောက်တွေနဲ့ သူ့ပိုင်ဆိုင်မှုတွေအကြောင်း စုံစမ်းတောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။

သူ့သမီးတော် မော်လမြိုင် စုဘုရားကလည်း စတုတ္ထသမီးတော် အရေးတော်ပုံစာတမ်းမှာ ဒီကျောက်တွေနဲ့ တခြားပိုင်ဆိုင်မှုတွေ စာရင်းလုပ်ပြီး ၁၉၃၁ က တောင်းဆိုပါတယ်။

၁၉၄၈ ကလည်း မြန်မာပြည်ရဲ့ လော့မောင့်ဘက်တန်ကို သီပေါအနွယ်တော်တွေက တောင်းဆိုခဲ့ပါသေးတယ်။

နောက် ဘုရင့်မြေးတော်တစုနဲ့ တတိယသမီးတော်တို့က ၁၉၅၃ မှာ ဒုတိယ အဲလဇ္ဇဘက် ဘုရင်မ နန်းတက်ပွဲအတွက် ဘိသိက်ကူညီစောင်မမှု တောင်းခံတဲ့ အနေနဲ့ သူတို့ ဆုံးရှုံးမှုတွေကို စာရင်းပြု တောင်းဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Fred Ramage
Image caption လန်ဒန်ရောက် မြန်မာ ဆင်စွယ်ကုလားထိုင်ကို ကြည့်နေတဲ့ သံအမတ်ကြီး ဦးကြင်

နောက်ဆုံး ၁၉၈၅ မှာ လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းကတဆင့် ဗြိတိသျှအစိုးရနဲ့ အိန္ဒိယ သံရုံးတို့ကို မြန်မာဘုရင်နဲ့ မိဘုရားခေါင်ကြီးတွေရဲ့ နန်းစဉ်ရွှေကိုယ်လေး အရုပ်တွေ ပြန်ရဖို့ တောင်းဆိုခဲ့ပါတယ်။

ဘုရင်အစဉ်အဆက် ကိုးကွယ်ခဲ့တဲ့ ကုန်းဘောင်ခေတ် ဘုရင်တွေရဲ့ ရုပ်တု ၁၁ ရုပ်ကို ကာလကတ္တားမှာ ၁၈၈၆ က ပြသဖို့ စီစဉ်ထားတယ်၊ အနွယ်တော်တွေ ပြန်တောင်းရင် ပေးမယ် ဆိုပြီး အိန္ဒိယ ဘုရင်ခံချုပ် မှတ်ချက်ပဲ ရှိတဲ့ ဒီအရုပ်တွေ လည်း ဘယ်ရောက်နေမှန်း မသိရတော့ပါဘူး။

၁၈၈၆ ကတည်းက စတဲ့ ဒီတောင်းဆိုတဲ့ အကြိမ်အားလုံးမှာ တိတိကျကျ ပြန်ကြားမှု ဘာမှ မရခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဆုံးရှုံးသွားတဲ့ ပိုင်ဆိုင်မှုတွေ ပြန်တောင်းခံခဲ့တဲ့ သီပေါအနွယ်တော်များ

သီပေါဘုရင်မိသားစုနဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီး စလေဒင်ကြားက ဖြစ်တဲ့ကိစ္စလို့ ဖဆပလအစိုးရက ပြန်ကြားဖူးသလို ဝမ်းနည်းကြောင်း၊ မည်သို့မှ ကြားမဝင်နိုင်ကြောင်း၊ နု-အက်လီစာချုပ်အရ မြန်မာပြည်နဲ့ ဗြိတိသျှ အစိုးရကြား ကြွေးမြီတွေကို ပြီးပြတ်ပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ ကိစ္စတွေကို မြန်မာအစိုးရကိုပဲ လွှဲပြောင်းပြီးသားဖြစ်လို့ မြန်မာဘက်ကိုပဲ မေးမြန်းဖို့ ဗြိတိသျှ ဝန်ကြီးချုပ်ရုံးက ပြန်ခဲ့ဖူးတယ်လို့ သီပေါမင်းရဲ့ မြေးတော်သူ တော်ဘုရားလေးက ရေးခဲ့ ပါတယ်။

ဘုရင်ပိုင်ရေနံတွင်း ၁၃ဝ ကိစ္စ ဘီအိုစီ ကုမ္ပဏီနဲ့ မေးမြန်းတာတွေ လုပ်ခဲ့ပေမယ့် ၁၉၅ဝ ကျော်မှာပဲ ဘီအိုစီက ဗိုလ်ချုပ်နေဝင်းကို အာဏာသိမ်းဖို့ ချဉ်းကပ်တဲ့ ကိစ္စဖြစ်လို့ သီပေါဘုရင် မြေးတော်တွေ လက်ရှောင်နေခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption လွတ်လပ်ရေးရပြီးနောက် ပလ္လင်တော် လွှဲပြောင်းပေး

ပြည်တော်ပြန် နန်းစဉ်ပစ္စည်းတွေ

ဒါပေမဲ့ မြန်မာ နန်းတွင်းပစ္စည်းတွေကို ဗြိတိန်ဘက်က ပြန်ပေးတာတွေလည်း ရှိခဲ့ပါတယ်။

၁၉၄၁ ဂဠုန်ဦးစော နန်းရင်းဝန်ဘဝနဲ့ ဗြိတိန်ရောက်တုန်း ဒေါ်ချက်စတာဟိုတယ်မှာ အမည်မဖော်သူတယောက်က သီပေါမင်း မိဘုရားရဲ့ ကျောက်စိမ်းလက်ကောက်ကို ငွေကွမ်းအစ်နဲ့ထည့်ပြီး လာပေးသွား ဖူးပါတယ်။ နောက် ဦးစော ကြိုးပေးခံရပြီးနောက် မိသားစုက ဒီလက်ကောက်ကို ရွှေတိဂုံဘုရား လှူခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Keystone
Image caption လန်ဒန်က မင်းခမ်းတော်တွေ သယ်လာသူ ဗိုလ်ချုပ်ကြီးနေဝင်း

၁၉၄၈ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် အိန္ဒိယ ဘုရင်ခံချုပ် လော့မောင့်ဘက်တန်က သီဟာသနပလ္လင်ကို ပြန်ယူလာပြီး မြန်မာသမ္မတကို အခမ်းအနားနဲ့ အပ်ပါတယ်။

၁၉၆၄ မှာ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း ဗြိတိန်ကနေ မင်းခမ်းတော်ပစ္စည်းတွေ ပြန်ယူလာပြီး အလောင်းဘုရားရဲ့ ဓားကို သူဝှေ့ယမ်းလာတယ်လို့ ပါမောက္ခ ရောဘတ်တေလာရေးတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ နိုင်ငံရေးအတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။

ဗြိတိန်မှာ သောင်တင်နေဆဲ

ဒါပေမဲ့ လန်ဒန်က ဝိတိုရိယနဲ့ အဲလ်ဘတ်ပြတိုက်အပါအဝင် ဗြိတိန်က တချို့ နေရာတွေမှာ မြန်မာနန်းတွင်းပစ္စည်းတွေ အများအပြား ကျန်ရှိနေပါသေးတယ်။

ဓာတ်ပုံ မူပိုင် Heritage Images
Image caption လန်ဒန်ရောက် မြန်မာဘုရင့်ရထားတော်

ဒီထဲက ထင်ရှားတဲ့ ပစ္စည်းတခုကတော့ ကျောက်အလုံးရေ နှစ်သောင်း စီခြယ်ထားတဲ့ မြန်မာဘုရင်ရဲ့ ရထားကြီးဖြစ်ပါတယ်။ ဘကြီးတော်ပိုင် ရွှေရထားကို ထားဝယ်ကနေ ပထမ အင်္ဂလိပ် မြန်မာစစ် အတွင်း ယူဆောင်သွားပြီး လန်ဒန်က ပစ်ကယ်ဒီလီ အဝိုင်းမှာ ပြသခဲ့ဖူးတယ်လို့ သိရပါတယ်။

နောက်ပိုင်းတော့ ဆပ်ကပ်ပွဲမှာ ပြတဲ့ရထားဖြစ်သွားပြီးနောက် ဘယ်ရောက်သွားတယ် မသိရပါဘူး။

နောက် မင်းသုဝဏ် ကျောင်းသားဘဝနဲ့ ဒုတိယကမ္ဘာစစ် မဖြစ်ခင်က ဗြိတိသျှ ပြတိုက်မှာ တွေ့ခဲ့တဲ့ ဗန္ဓုလ သံချပ်အင်္ကျီကိုလည်း ပြတိုက်မှာပဲ ထိန်းသိမ်းထားတယ်လို့ ယူဆရပါတယ်။

ပလ္လင်ရှေ့မှာ ထားတဲ့ သူငယ်တော်ရုပ်တချို့ကိုလည်း လန်ဒန်ပြတိုက်တွေမှာ ပြသထားပြီး မင်းခမ်းတော် ထဲက ပတ္တမြားစီ ဟင်္သာကွမ်းအုပ်ကိုတော့ ချစ်ကြည်ရေး အနေနဲ့ ဗြိတိန်ကို ပြန်ပေးခဲ့သလို ရွှေတိဂုံဘုရားက ရတဲ့ ရှင်စောပုဘုရင်မ ခေါင်းဆောင်းလို့ ယူဆတဲ့ ရွှေခေါင်းဆောင်းလည်း ဝိတိုရိယနဲ့ အဲလ်ဘတ်ပြတိုက်မှာ ရှိနေပါတယ်။

အလောင်းဘုရားက အင်္ဂလန်က ဒုတိယ ဂျော့ဘုရင်ဆီကို ပို့တဲ့ ရွှေပေလွှာကိုတော့ ဂျာမနီက ဟန်နိုဗာ မြို့မှာ ပြန်တွေ့ပြီး ပြသထားပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption မြန်မာပြည်က ပတ္တမြားကွမ်းအစ်နဲ့ ခွက်

ဦးနေဝင်းရဲ့ အစ်မတော်စကား

နန်းစဉ်ပစ္စည်းတချို့ ပြန်ရပေမယ့် လမ်းစပျောက်နေတဲ့ ငမောက်အကြောင်းက မြန်မာတွေအတွက် အမြဲ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ဗြိတိသျှအောက်မှာကတည်းက ဒီအကြောင်းကို ရေးကြတာတွေ ရှိသလို ၁၉၈ဝ ကျော်က မြန်မာစာနယ်ဇင်းတွေမှာလည်း အိုင်စီအက် ဦးချမ်းသာဇနီး ဒေါ်တင်တင်မေကို ကိုးကားပြီးရေးတဲ့ ဆောင်းပါးတွေ ထွက်လာပါတယ်။

ဒေါ်တင်တင်မေက ကုန်းဘောင်ဆက် ရာဇဝင်ကို ပြုစုတဲ့ မင်းသား ဦးမောင်မောင်တင်နဲ့ မင်းတုန်းမင်းနောင်တော် ပြည်မင်းသားရဲ့ မြေးတော်တဲ့ ပြည်ထိပ်တင်ဆင့်တို့ရဲ့ သမီးဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် GraphicaArtis
Image caption ငမောက်ကြီး ထည့်ထားတယ်လို့ ယူဆကြတဲ့ အိန္ဒိယအင်ပါယာသရဖူ

သူ့ဖခင်လိုပဲ ဒေါ်တင်တင်မေကို မြန်မာဘုရင်ခေတ်အကြောင်း လိုက်စားသူတွေက မေးမြန်းပြီး ရေးသားလေ့ရှိသလို အဲဒီအချိန်က နိုင်ငံခေါင်းဆောင် ဦးနေဝင်းက အစ်မတော်ဆိုပြီး သူ့ကို နန်းတွင်းရေး တွေ မေးမြန်းလေ့ရှိတယ်လို့ ဒေါ်တင်တင်မေရဲ့ ဆွေမျိုးထဲက သိရပါတယ်။

ဒေါ်တင်တင်မေ အဆိုအရ ၁၉၁၁ ဒေလီမှာ ပဉ္စမမြောက် ဂျော့ဘုရင် ဘိသိက်ခံရာမှာ အင်ပါယာသရဖူကို ပြည်ပ မသယ်ရတဲ့ ဓလေ့အရ အိန္ဒိယ အင်ပါယာသရဖူအသစ် ပြုလုပ်ပြီး ဆောင်းပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပဉ္စမမြောက် ဂျော့ဘုရင်နဲ့ မေရီမိဘုရားတို့ ဒေလီမှာ ဘိသိက်ခံ

အဲဒီသရဖူမှာ မြန်မာပြည်က ပတ္တမြားကြီး တပ်ဆင်ထားကြောင်း ဒေလီဒါဘာကို တက်တဲ့ ဗြိတိသျှ အရာရှိတွေက ပြောတယ်လို့ ဒါဘာက ပြန်လာတဲ့ ကျောက်ဆည် ရာဇဝတ်ဝန်ထောက် ဦးထွန်းမင်းက ကျောက်ဆည်နယ်ပိုင်ဖြစ်နေတဲ့ ဦးမောင်မောင်တင်ကို ပြန်ပြောပါတယ်။ ဦးထွန်းမင်းက သီပေါမင်းခေတ်မှာ တန်ခိုးကြီးခဲ့တဲ့ ရနောင်မောင်မောင်တုတ် တူမရဲ့ ခင်ပွန်းဖြစ်ပါတယ်။

ဦးမောင်မောင်တင်က သူ့နှမကို မန္တလေးက ခေါ်ပြီး ပတ္တမြားပုံပါတဲ့ ရောင်စုံပို့စကတ်ကို ပြတဲ့အခါမှာ ဘုရင်နဲ့ မိဘုရား ဘဏ္ဍာထိန်း ဖြစ်ခဲ့တဲ့ မင်းသမီးက ချက်ချင်းမှတ်မိပြီး ဒါ ငမောက်ပဲ လို့ ပြောတယ် ဆိုပါတယ်။

ဒေါ်တင်တင်မေရဲ့ ပြောစကားကို အခြေတည်ပြီး ဆောင်းပါးတွေ ရေးကြပေမယ့် အနှစ် ၇ဝ ကျော်က ဖြစ်ရပ်က ပြန်ပြောချိန်မှာ ဘယ်လောက်တိကျမယ် ဆိုတာ မသေချာသလို မင်းသမီးရဲ့ စိတ်သိနဲ့ ပြောတဲ့ စကားကို သက်သေအခိုင်အမာ ယူဖို့ခက်နေပါတယ်။

နောက် မြန်မာပတ္တမြားကို တပ်ထားတယ် ဆိုတာနဲ့ ငမောက်လို့ တပ်အပ်ပြောဖို့က စွဲလမ်းစိတ်နဲ့ ပြောသလို ဖြစ်နေပါတယ်။

ပြီးတော့ အဲဒီ ဒါဘာပွဲကိုတက်တဲ့ မြန်မာပြည်က ရှမ်းစော်ဘွားတွေဘက်က ဒီသရဖူအကြောင်း ပြောဆိုတာလည်း မကျန်ရစ်ခဲ့ပါဘူး။ မန္တလေးနန်းတွင်းမှာ ကျင်လည်ခဲ့ဖူးတဲ့ စော်ဘွားတွေကတော့ ငမောက် ပတ္တမြားအကြောင်း နားရည်ဝခဲ့ကြမှာ ဖြစ်ပါတယ်။

Image caption ကုန်းဘောင်ဆက် ရာဇဝင် ပြုစုသူ ဦးမောင်မောင်တင်

တဘက်မှာလည်း မြန်မာပြည်က ဗြိတိသျှတော်ဝင်မိသားစုကို လက်ဆောင်ပေးခဲ့တဲ့ လက်ဝတ်ရတနာတွေ ရှိခဲ့ပါတယ်။

၁၉၄၇ က ဗြိတိသျှ အိမ်ရှေ့စံ အဲလဇ္ဇဘက် မင်းသမီး လက်ထပ်ပွဲအတွက် မိုးကုတ်မြို့က ကျောက် ၉၆ လုံးပါတဲ့ ပတ္တမြားလည်ဆွဲကြီး ပေးပို့ခဲ့ပါတယ်။

ဒီထဲက ပတ္တမြားလုံးတွေကို အိန္ဒိယက နိုင်ဇမ် မဟာရာဇာ စော်ဘွား ဆက်သတဲ့ သရဖူမှာ စီပြီး မြန်မာပတ္တမြားသရဖူအဖြစ် အခမ်းအနားတွေမှာ လက်ရှိ ဗြိတိသျှ ဘုရင်မကြီးက သုံးစွဲလေ့ရှိပါတယ်။

ဒီသရဖူကို ဘုရင်မက မြတ်မြတ်နိုးနိုး ဆင်မြန်းလေ့ရှိတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် DOMINIC LIPINSKI
Image caption သမ္မတထရမ့်နဲ့ ညစာစားပွဲမှာ မြန်မာ့ပတ္တမြားသရဖူ ဆင်မြန်းထားတဲ့ ဗြိတိသျှဘုရင်မ

အနွယ်တော်တွေ လန်ဒန်ရောက်

မြန်မာပြည် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် ဘုရင့်အဆက်အနွယ်တွေရဲ့ နန်းစဉ်ရတနာ ကိစ္စ ပြောဆိုတာတွေ ပြန်ထွက်လာပါတယ်။

ဗြိတိန်ထိ လာပြီး ဒီအကြောင်း ပြောဆိုတာ၊ မှတ်တမ်းရုပ်ရှင်ပြတာတွေ ရှိလာပါတယ်။

အလားတူပဲ အာဖရိကနဲ့ တခြား ကိုလိုနီဟောင်း နိုင်ငံတွေက ဗြိတိန်နဲ့ အနောက်နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ သူတို့ရဲ့ သမိုင်းအမွေအနှစ်တွေကို ပြန်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိလာပါတယ်။

ဓာတ်ပုံ မူပိုင် Patrick AVENTURIER
Image caption အိန္ဒိယက ပြန်ရတဲ့ သီဟာသနပလ္လင်

တချို့ကို ပြန်ပေးရတာတွေလည်း ရှိပါတယ်။

အိန္ဒိယက စစ်ရှုံးတဲ့ ပန်ဂျပ် မဟာရာဇာ စော်ဘွားဆီကနေ စာချုပ်နဲ့တကွ သိမ်းယူလာတဲ့ ကိုဟီးနူးစိန်ကြီးကို ဗြိတိသျှ အင်ပါယာသရဖူမှာ တပ်ဆင်ထားခဲ့ပါတယ်။

ဒါကိုလည်း အိန္ဒိယ၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေက ပြန်တောင်းနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption ကိုဟီးနူးစိန်ကြီးတပ်ထားတဲ့ ဘုရင်မမယ်တော် သရဖူ

၁၈၈၆ ကတည်းက ဘယ်ရောက်သွားမှန်းမသိတဲ့ ငမောက်နဲ့ တခြား နန်းစဉ်ပစ္စည်းတွေ ပြန်ရဖို့ကတော့ ရေအဆုံး ကုန်းတဝက်ဆိုတာထက်ကို ခက်ခဲနေပါတယ်။

ဗြိတိသျှနန်းတွင်းက လူဝီစ်မင်းသမီးရဲ့ သေတမ်းစာကနေ ဒီအကြောင်း ထွက်လာမလား၊ စာကြည့်တိုက် မှတ်တမ်းတွေထဲက ပြန်တွေ့ရမလား ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့ မြန်မာစကားပုံ မှန်မမှန် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပတ္တမြားနဲ့ စိန်ကျောက်နီလာတွေ၊ ရွှေရုပ်တုတွေနဲ့ နန်းတွင်းသရဖူတွေ၊ စလွယ်တွေ အများအပြားကတော့ သီပေါမင်း မိသားစုလက်ထဲမှာ မရှိတော့သလို ဘယ်သူ့လက်မှာ ရောက်နေတယ် ဆိုတာလည်း မသိရပါဘူး။

ဓာတ်ပုံ မူပိုင် © British Library Board Mss Burmese 199
Image caption မိဘုရားနဲ့ သမီးတော်တွေ ဆင်မြန်းတဲ့ ဝတ်စုံနဲ့ လက်ဝတ်ရတနာတွေ