မန္တလေးလား မန္တရေးလား၊ နှစ် ၁၆ဝ ပြည့်သွားတဲ့ မန္တလေး

burma ဓာတ်ပုံ မူပိုင် AFP
Image caption ယဉ်ကျေးမှု အစဉ်အလာမပျက်တဲ့ မန္တလေးဝန်းကျင်က အမျိုးသမီးတစု

မန္တလေးကို မြန်မာပြည်ရဲ့ ဒုတိယမြို့တော်လို့ အရင်က သိခဲ့ကြပါတယ်။ ကြပ်ပြေးအရပ်မှာ နေပြည်တော် ဆိုပြီး မြို့တော်သစ် တည်လိုက်ပြီးနောက်ပိုင်း တတိယမြို့တော် ဖြစ်သွားပေမယ့် တရုတ်၊ အိန္ဒိယ နိုင်ငံတွေနဲ့ ကုန်သွယ်ရေး ကောင်းမှုကြောင့် မြို့ရဲ့ စီးပွားရေးကောင်းပြီး ခေတ်မီမြို့သစ်အဖြစ် တိုးတက်နေပါတယ်။

ဓာတ်ပုံ မူပိုင် Chau Doan
Image caption မန္တလေးက လူစည်ကားတဲ့ ၇၈ လမ်း

ဒီမြို့ကို ၁၈၅၉ ခုနှစ်က တည်ခဲ့တဲ့အတွက် မြို့သက် နှစ် ၁၆ဝ ပြည့်ခဲ့ပါပြီ။ မြို့သက်အားဖြင့် နောက်ဆုံးပြန်တည်တဲ့ ဗြိတိသျှ ရန်ကုန်မြို့ထက် ၇ နှစ် နောက်ကျပေမယ့် မန္တလေးကို ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

မန္တလေးကို ဗုဒ္ဓဘာသာထွန်းကားတဲ့မြို့ကြီးလို့လည်း သိကြပါတယ်။ ကစ်ပလင်ရဲ့ မန္တလေးသို့သွားရာလမ်း ကဗျာနဲ့ ထင်ရှားတဲ့ ဒီမြို့ကို ကမ္ဘာလှည့်ခရီးသွားတွေ အလာများပေမယ့် ဒီမြို့နဲ့ ပတ်သက်ပြီး အသိနည်းတဲ့အချက်တွေ၊ မတူထူးခြားတဲ့ အချက်တွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Jean-Michel COUREAU
Image caption မန္တလေးတောင်ကြောင့် မန္တလေးဖြစ်သလား

မန္တလေး အဓိပ္ပာယ်

မန္တလေးကို မန္တလေးလို့ ခေါ်တဲ့အကြောင်း ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။ မြို့တည်ချိန်က ဒီနေရာကို ထီးပေါင်းကားလို့ ခေါ်ကြပေမယ့် မြို့နာမည်ကို ရတနာပုံလို့ မှည့်ခဲ့ပေမယ့် မန္တလေးလို့ပဲ ခေါ်တွင်ခဲ့ပါတယ်။

မန္တလေးတောင်ပေါ်က ဘုရားကို အစွဲပြုပြီး မန္တလေးလို့ ခေါ်တယ်လို့ ယူဆကြပါတယ်။ မဏ္ဍလက မဏ္ဍလေး၊ မန္တလေးဖြစ်သွားတယ်၊ ပြန့်ပြူး သာယာတဲ့မြေလို့ အဓိပ္ပာယ်ရတယ်လို့ မြန်မာ့စွယ်စုံကျမ်းက ဖွင့်ဆိုပါတယ်။ နောက်တနည်း ကတော့ မဏ္ဍလခေါ် အဝန်းအဝိုင်း ပတ်ဝန်းကျင်ကို စွဲပြီး တောင်ကိုးလုံးရံထားတဲ့တောင်ဖြစ်တဲ့အတွက် မဏ္ဍလေးတောင်လို့ရေးသူလည်း ရှိပါတယ်။

မဏ္ဍလေးဖုရားသခင် ဆိုတဲ့ အရေးအသားကို အင်းဝခေတ် (၁၅) ရာစုထိုး ရတနာမဉ္ဇူဘုရားကျောက်စာမှာ ကတည်းက တွေ့ရကြောင်းလည်း သုတေသီ မင်းကျော်သက်က ထောက်ပြပါတယ်။

ဓာတ်ပုံ မူပိုင် Ratha Gardren
Image caption မန္တလေးအနောက်ပြင်က ရတနာမဉ္ဇူဘုရား

နောက် ကျက်သရေဆောင်တဲ့အရပ် မန္ဓရေးကလာတယ်လို့လည်း ဖွင့်တဲ့သူတွေရှိပါတယ်။ မန္တရေတောင်လို့ ရေးတဲ့ကျောက်စာလည်း ရှိခဲ့ပါတယ်။

တချို့ကလည်း ပုဂံခေတ်က မင်းရှင်စော ဆိုတဲ့ မင်းကလေးနေသွားခဲ့လို့ မင်းကလေးတောင်ကလာတာလို့ ပြောပါတယ်။

သာသနာ ၂၄ဝဝ အထိမ်းအမှတ် မန္တလေးတောင်စက်ရိပ်ကို နင်းပြီး မန္တလေးမြို့တည်ထောင်ရာမှာ ဘိုးတော်ဘုရားကလည်း အမရပူရမြို့ကို မန္တလေးအဖြစ် တည်ထောင်ခဲ့ပါတယ်။ မန္တလေးရဲ့ တောင်ပြင်ရပ်ကွက်တွေဟာ အမရပူရရဲ့ မြောက်ပြင်ရပ်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Education Images
Image caption ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဝင် ကုသိုလ်တော် ကျောက်စာများ

မန္တလေးရဲ့ လမ်းစနစ်

မန္တလေးကို လာသူတိုင်းက မြို့ရဲ့ နံပါတ်နဲ့လမ်းအမည်ပေးစနစ်ကို ရှုပ်ထွေးတယ်လို့ ယူဆကြပါတယ်။ အရှေ့ အနောက် အရပ်မျက်နှာခွဲခြား ပြောတဲ့အကျင့်ကြောင့်လည်း ပိုပြီး မျက်စိလည်စေပါတယ်။

တကယ်က မြောက်ကနေ တောင်ကို ၁ လမ်းကနေ ၄၅ လမ်းကျော်အထိ ရေတွက်ပြီး အရှေ့ကအနောက်ကို ၆၂ လမ်းကနေ လမ်း ၉ဝ ကျော်အထိ မှတ်သားတဲ့စနစ်ဖြစ်ပါတယ်။

စတုရန်းပုံ ပြကွက်ကြီးတွေကို ကြားလမ်း ဒူးလမ်းတွေနဲ့ ထပ်ပြီး စိတ်ပိုင်းထားတဲ့အတွက် မန္တလေးဝင်းတွေထဲကို သွားရင် မျက်စိလည်တတ်ကြပါတယ်။

ဒီလို ထူးခြားတဲ့ မြို့ကွက်ချစနစ် မန္တလေးမှာ ရှိတာက မြေညီပြီး ချောင်းမြောင်းနည်းတဲ့ အရပ်ဖြစ်တာမို့ လမ်းဖြောင့်တွေနဲ့ တည်ခဲ့ပုံရပါတယ်။ ပြင်သစ် ဗိသုကာ အကွက်ချတာ ဆိုသလို တရုတ် ဗိသုကာက မြို့ကို တည်ကြောင်း၊ နန်းတော်ထဲမှာ တရုတ် ဥယျာဉ်ရှိကြောင်း ရေးတာမျိုးလည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် DEA / C. SAPPA
Image caption မြန်မာဘုရင်တွေ နောက်ဆုံးရုံးစိုက်ရာ မန္တလေးနန်းမြို့

ချောင်းနဲ့ အင်းအိုင်တွေ များတဲ့ မန္တလေး အနောက်ခြမ်းမှာ မြို့ကွက်ချဲ့တာကတော့ ပါတော်မူပြီးနောက်မှ အပြီးသတ်နိုင်ပါတယ်။

မြို့သစ်တွေမှာတော့ လေးထောင့်ကွက်ပုံစံ လမ်းတွေ မရှိသလို လမ်းနာမည်ကို ဂဏန်းနဲ့ပေးတာလည်း မရှိပါဘူး။

တကယ်က မန္တလေးမှာ လမ်းနာမည်နဲ့ ပေးတဲ့ စနစ်က ဗြိတိသျှသိမ်းပြီးမှ ဖြစ်လာတာပါ။ အရင်ကတော့ မြန်မာပုံစံ အလုပ်အကိုင်နဲ့ ခွဲခြားအစုချတာ၊ ရပ်ရွာတူတဲ့သူတွေ စုနေတာကိုလိုက်ပြီး လမ်းတွေကို နာမည်ပေးခဲ့ပါတယ်။

ဒါကြောင့် ယိုးဒယားဝင်း၊ တရုတ်တန်း၊ တာရဲတန်း၊ ဘုရင်ဂျီတန်း၊ ပုဏ္ဏားကုန်း စတဲ့ လူမျိုးနာမည်လိုက်တဲ့ နေရာတွေရှိသလို ရသာတန်း၊ မောင်းထောင်ဝင်း၊ ငပယင်းဝင်း စတဲ့ ရွာနာမည်တွေနဲ့ ဝင်းတွေ ရှိပါတယ်။

ဆန်တန်း၊ ပေါက်ပေါက်တန်း၊ ပဲပုတ်တန်း၊ နီပါးတန်း၊ ဂျင်းတန်း၊ မဲအိုးတန်း၊ ဆိုင်းတန်း၊ ပုလင်းဝင်း စတဲ့ အလုပ်အကိုင်နာမည်နဲ့ လမ်းတွေ ဝင်းတွေလည်း ရှိပါတယ်။

မန္တလေးရဲ့ အပြင်မြို့ရိုးကြီးကိုတော့ ဧရာဝတီမြစ်ကမ်းပါးမှာ တာရိုးကြီးအဖြစ် တွေ့နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Slim Aarons
Image caption အပြောချိုတယ်လို့ နာမည်ကျော်တဲ့ ရွှေမန်းသူများ

မန္တလေး စကား

မန္တလေးက လူတွေက သူတို့မြို့ကို စကားအရာမှာ ချေငံယဉ်ကျေးတယ်လို့ ယူဆပြီး တခြားမြို့က လူတွေကတော့ မန္တလေးစကားပြောတာကို ချွဲတယ်၊ ယဉ်ကျေးလွန်းတယ်လို့ ထင်ခဲ့ကြပါတယ်။ တခါက မန္တလေးစျေးချိုက စျေးသည် အမျိုးသမီးတွေ စကားပြောတာကို မောင်ကြီးနှမကျားကိုက်ပါရစေရဲ့ ဆိုပြီး ကျိန်တွယ်ပြီး ရောင်းချကြတယ်လို့ ပြောစမှတ် ဖြစ်ခဲ့ပါတယ်။

အဓိကအားဖြင့် ပဒေသရာဇ် ယဉ်ကျေးမှု ကြီးတာ၊ သာသနာရေးနဲ့ သဘင်အနုပညာ ထွန်းကားတာ၊ အရောင်းအဝယ်မှာ မြန်မာကြီးစိုးတဲ့ မြို့ဖြစ်ခဲ့တာတွေကြောင့် ဒီလို စကားပြောတဲ့ ယဉ်ကျေးမှု ထွန်းကားတာ ဖြစ်ပါတယ်။

မြန်မာသံ ပီပီသသနဲ့ သံရှည်ဆွဲ ပြောခဲ့ကြတဲ့အတွက် အသံအလေးအပေါ့ အပြင်းအပျော့ကို ဂရုစိုက် ပြောတတ်ပါတယ်။

ဓာတ်ပုံ မူပိုင် Marka
Image caption မန္တလေးမြို့စွန်က ရှင်လောင်းလှည့်ပွဲ

ရွှေထီးကို ရွှေဓီးလို့ ထွက်ရကြောင်း မင်းတုန်းမင်းခေတ်က ဗန်းမော်ဝန်ကတော်က သားဖြစ်သူ မန္တလေးတက္ကသိုလ် ဥက္ကဋ္ဌ စည်သူမောင်မောင်ကျော်ကို သင်ပေးတယ်လို့ ပြောစမှတ် ရှိပါတယ်။

၁၉၈ဝ နောက်ပိုင်းမှာတော့ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုကနေ ရန်ကုန်ဘက်က ပြောတဲ့လေယူလေသိမ်း အသုံးအနှုန်းတွေ ပိုရောက်လာပြီးနောက် နယ်နဲ့ ရန်ကုန် စကားပြောပုံတွေ ပိုပြီး ဆင်တူလာပါတယ်။

ဒါပေမဲ့ မန္တလေးပြောလို့ ပြောကြတဲ့ စကားအသုံးအနှုန်းတချို့ကတော့ ကျန်နေပါတယ်။ လမ်းကို ပြနဲ့ ရေတာ၊ အမျိုးသမီးတွေက ကျွန်တော်လို့ပြောတာ၊ နန်းကြီးသုပ်၊ ငွေထမင်း စတဲ့မုန့်တွေကို မုန့်တီ၊ စိန်ဖေမုန့် စသဖြင့် ခေါ်တာတွေ ဖြစ်ပါတယ်။

ထမင်းစားခေါ်တာကို သုံးဆောင်ပါလို့ ပြောကြသေးပေမယ့် အရင်တုန်းကလို စားတော်ခေါ်ပါဦး ဆိုတဲ့ အသံမျိုးတွေတော့ မကြားနိုင်တော့ပါဘူး။

ပျောက်ကွယ်ကုန်တဲ့ မန္တလေးစကားတွေကို လူထုစိန်ဝင်းက နန်းစကား မန်းစကား မြန်မာတို့ရဲ့ မြန်မာစကား စာအုပ်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီထဲက အကြားရ နည်းသွားတဲ့ မန်းစကားတွေကတော့ ချိတ်ကုန်တိုက်ကုန်၊ တော်ပြေတယ်၊ ချိုင်တယ်၊ ဒင်္ဂမော်၊ ဆွဲကောင်းငင်ပါ စတဲ့ စကားတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption မန္တလေးက ကရေကရာ

မန္တလေးအစား

မန္တလေးဟာ အညာဒေသဖြစ်ပေမယ့် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ကသည်း၊ ထိုင်း၊ ရှမ်းစတဲ့ လူမျိုးစုံ နေတဲ့မြို့ကြီး ဖြစ်တဲ့အတွက် အစားအသောက်တွေ ထွေပြားစုံလင်ပါတယ်။

နန်းတွင်းက ဆင်းသက်လာတဲ့ ခနုံအီ ခနုံထုပ် စတဲ့ မုန့်တွေက အများအားဖြင့် ထိုင်းမုန့်တွေ ဖြစ်ပါတယ်။ ထိုးမုန့်၊ မာစကတ် စတဲ့ ထင်ရှားတဲ့ မန္တလေးမုန့်တွေကတော့ ဟာလဝါ၊ မာစကတ် စတဲ့ အိန္ဒိယစာတွေနဲ့ နီးစပ်ပါတယ်။ ကရေကရာ၊ စလူမုန့်၊ အနုဆုပ် စတဲ့ မုန့်တွေကတော့ ပွဲတော်တွေမှာ တွေ့ရတတ်ပြီး မန္တလေး၊ စစ်ကိုင်းနယ်တွေမှာသာ တွေ့ရတတ်ပါတယ်။

ပုရစ်ဥပြောင်းကြော်၊ ကြက်သွန်ဥတလုံးကြော် စတဲ့ နန်းတွင်းစာတွေအပြင် စစ္စလီထမင်းခေါ် ပဲထောပတ်ထမင်းကိုလည်း မန္တလေးအလှူတွေမှာ ကျွေးလေ့ရှိပါတယ်။ ပွဲလမ်းတွေမှာ ရှေးပုံစံမပျက် အချိုပွဲ၊ အချဉ်ပွဲ ခွဲခြားကျွေးတာကလည်း မန္တလေးဓလေ့တခု ဖြစ်ပါတယ်။ သီးသီးပေါင်းကတော့ မန္တလေးဘက်မှာ အစားများတဲ့ အချဉ်ပေါင်း ဖြစ်ပါတယ်။

Image caption တရုတ်၊ အိန္ဒိယ စားတော်ကဲတွေ ထားတဲ့ မင်းတုန်းမင်း

ဝက်စဥကြော်ခေါ် ယူနန်တရုတ်စာလည်း မန္တလေးဘက်မှာ ရှိပါတယ်။ တရုတ်မြီးရှေနဲ့မတူတဲ့ မန္တလေးမြီးရှေဆိုပြီးလည်း သီးခြားရှိသလို ဆီချက်နဲ့ ထမင်းပေါင်း စတဲ့ တရုတ်မုန့်တွေမှာလည်း မန္တလေးပုံစံက သီးခြားဖြစ်ပါတယ်။ ဧလမုန့်ကလည်း တရုတ်ဘက်ကလာတာ ဖြစ်ပါတယ်။ မလိုင်ပေါက်စီဆိုတဲ့ ပေါက်စီအချိုပွဲလည်း အိမ်တော်ရာ ဘက်မှာ ရှိပါတယ်။

မန္တလေးနားက ပုဏ္ဏားနဲ့ ကသည်းတွေနေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာတော့ ကဆားလီ၊ အငေါက်ဘား၊ ပန်ထွေဖျော်၊ ဖော်လားစတဲ့ သူတို့ရိုးရာ စားစရာတွေ ရှိပါတယ်။ အဲဒီဘက်ကချက်တဲ့ ဝက်သားဟင်းလေးကို ကသည်းချက်လို့ပဲ ခေါ်ကြပါတယ်။ အမရပူရ မြို့နားက ပွဲတော်ရွာကလည်း ဘုရင်တွေရဲ့ ပွဲတော်ချက် စားဖိုမှူးတွေ နေခဲ့တဲ့ ရွာဖြစ်ပါတယ်။

ကတိုးဝါ၊ အုန်းပေါင်းငှက်ပျောကြော်နဲ့ ခေါ်ပဲပေါင်း စတဲ့ နေ့လယ်ခင်း စားစရာတွေအပြင် ခိုတောင်မုန့်တီလည်း ထင်ရှားပါတယ်။

မန္တလေးမုန့်တီကတော့ ပဲမှုန့်နိုင်နိုင်နဲ့ အစိမ့်သုပ်တဲ့ မုန့်တီသုပ်ဖြစ်ပါတယ်။ တိုရခေါ် ပဲပင်ပေါက်နဲ့ ဗမာဘယာကြော်ခေါ် မတ်ပဲကြော်၊ ဒညင်းသီးပြုတ်၊ ငါးဗိုက်သားပြုတ် စတဲ့ အဆာတွေနဲ့လည်း မုန့်တီကို စားကြပါတယ်။

အညာမုန့်ဟင်းခါး ခေါ် ပဲမှုန့်နဲ့ချက်တဲ့ မုန့်ဟင်းခါးသည်တွေကို အရင်က မန္တလေးမှာ အများအပြားတွေ့ရပေမယ့် ရန်ကုန် မုန့်ဟင်းခါး ပိုခေတ်စားလာတဲ့အတွက် အတွေ့ရနည်းသွားပါတယ်။

ဓာတ်ပုံ မူပိုင် ullstein bild
Image caption မန္တလေးက ရွှေကျောင်း

မန္တလေးမှာ လည်စရာ

မန္တလေးကို လာသူတွေက ကျုံးနဲ့ မြို့ရိုး၊ မန္တလေးတောင် တဝိုက်နဲ့ မဟာမုနိဘုရားကြီး၊ စစ်ကိုင်း၊ တောင်သမန် စတဲ့ဘက်တွေကို သွားလေ့ရှိပါတယ်။ ကုသိုလ်တော်၊ အတုမရှိ၊ ရွှေကျောင်းကြီး၊ ကျောက်တော်ကြီးနဲ့ မဟာဂန္ဓာရုံတိုက်တွေက ခရီးသွားတွေ အသွားများတဲ့ နေရာတွေ ဖြစ်ပါတယ်။

တကယ်က မန္တလေးမြို့ထဲမှာ အိမ်တော်ရာ၊ သကျသီဟ၊ ရှင်ပင်ပက်လက်၊ ဗောင်းတော်ကျ၊ ချမ်းသာရ စတဲ့ နာမည်ကြီးဘုရားတွေ အများအပြားရှိပါတယ်။

ရွှေကျီးမြင် ဘုရားမှာတော့ ဘုရင်အဆက်ဆက် ကိုးကွယ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေနဲ့ အညာသီဟတော ဘုရားဆင်းတု ကိန်းဝပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ရွှေပိန်းချတိုင်ကြီးတွေနဲ့ မစိုးရိမ်တိုက်ဟောင်းက သံဃာတွေ

မြန်မာပြည်မှာ စာသင်သံဃာတွေ အများဆုံး သီတင်းသုံးတဲ့ မန္တလေးမြို့က မစိုးရိမ်တိုက်ဟောင်း၊ တိုက်သစ်နဲ့ ဝိသုဒ္ဓါရုံ၊ မိုးကောင်း၊ ထီးလင်း၊ ဘုရားကြီးစတဲ့ စာသင်တိုက်ကြီးတွေကလည်း မြန်မာဘုန်းတော်ကြီးတွေရဲ့ စာသင်ပုံနဲ့ ကျောင်းတိုက်ဖွဲ့စည်းပုံကို လေ့လာဖို့ ကောင်းတဲ့နေရာတွေ ဖြစ်ပါတယ်။

ကင်းဝန်မင်းကြီးကျောင်းနဲ့ ယောမင်းကြီးအုတ်ကျောင်းတို့မှာတော့ ဥရောပဟန်နဲ့ ရောစပ်လာတဲ့ မြန်မာဗိသုကာကို လေ့လာနိုင်ပါတယ်။

အနောက်ပြင်က ရွှေအင်ပင်ကျောင်းကလည်း မြန်မာဘုန်းကြီးကျောင်း ပီပီသသအဖြစ် လေ့လာလို့ ကောင်းတဲ့ကျောင်းပါ။

ဓာတ်ပုံ မူပိုင် ပန်းသေးမိသားစု - မန္တလေးမြို့
Image caption အနှစ် ၁၅ဝ ကျော် ပန်းသေးဗလီ

ဗုဒ္ဓဘာသာဗိသုကာအပြင် ခရစ်ယာန်နဲ့ မွတ်ဆလင်ဗိသုကာတွေလည်း မန္တလေးတဝိုက်မှာ ထွန်းကားပါတယ်။

လဖုန်းဘုရားကျောင်းမှာ ပြင်သစ်လက်ရာ ခရစ်ယာန်ရုပ်ကြွတွေကို တွေ့နိုင်ပြီး မနော်ရမ္မံက ကိုယ်ရေပြား ရောဂါဆေးရုံဟောင်းကလည်း စိတ်ဝင်စားစရာနေရာ ဖြစ်ပါတယ်။ သံတဲကျောင်းခေါ် အက်စ်ပီဂျီကျောင်းတော်မှာတော့ သီပေါမင်းနဲ့ တခြားမင်းသားတွေ ဆင်စီးလာရင် ဆင်ချည်တဲ့တိုင်ကို ခုထိ ထိန်းသိမ်းထားပါတယ်။

၁၉၈၄ မန္တလေးမီးမှာ မြို့ထဲက မွတ်ဆလင် ရှေးဗလီကြီးတွေ အများအပြား မီးထဲပါသွားပေမယ့် လမ်း ၈ဝ က ပန်းသေးဗလီကြီးကတော့ အနှစ် ၁၅ဝ ကျော် တည်ရှိနေပါတယ်။