ကာကွယ်ဆေးလိုက်တိုက်သူတွေ အသတ်ခံနေရတဲ့ ပါကစ္စတန်

ပိုလီယိုဆေး တိုက်ကျွေးပေး
Image caption ပိုလီယိုဆေး တိုက်ကျွေးပေး

ကလေးမလေးက အသက် ငါးနှစ် မပြည့်သေးပါဘူး။ အခန်းထဲမှာ ငုံ့နေ ပုန်းနေပြီး အဆက်မပြတ်လည်း ငိုနေပါတယ်။

သူက ငိုရှိုက်ရင်း သူ မသေချင်ပါဘူးလို့လည်း ပြောနေပါတယ်။

ကာကွယ်ဆေးထိုးပေးတာ စိတ်ချရပါတယ်ဆိုပြီး သူ့ မိဘတွေကို နောက်ဆုံးမှာ ဖျောင်းဖျနိင်ခဲ့ပါပြီ။ အခုတော့ ကလေးမလေးလည်း အပြင်ကို ခေါ်ထုတ်လာပြီး သူ့မောင် ညီမတွေ လျှာလေးတွေထုတ်ပေးပြီး အစက်ချ ဆေးသောက်နေကြတာကို ကြည့်နေပါတယ်။

ဒါပေမယ့် သူကိုယ်တိုင်ကတော့ ဆက်ပြီး ငိုနေပါတယ်။ သူ့တို့အိမ်ထဲမှာ ကြောက်စိတ်တွေကြီးစိုးနေတာ သိသာပါတယ်။ ပိုလီယိုဆေးလာတိုက်တဲ့သူတွေကို ဒီအိမ်ရဲ့ ဆွေမျိုးတွေက အစောပိုင်းကတော့ အိမ်ထဲ အဝင်မခံပါဘူး။ ရိုင်ဖယ်တွေကိုင်ပြီးတောင် ပိတ် စောင့်နေခဲ့ကြပါတယ်။ ဒါနဲ့ ဆေးအဖွဲ့က ပြည်သူ့ကျန်းမာရေးအကြံပေး ဆရာဝန် ဒေါက်တာ အူဇမာ ဟာယက်ခန်ကို လှမ်းခေါ်ပြီး အကူအညီအတောင်းခဲ့ကြပါတယ်။

Image caption မိခင်နဲ့ ကလေးကို ကြည့်ပေးနေတဲ့ ဒေါက်တာအူဇမာ

ဒေါက်တာ အူဇမန်ဟာ နိုင်ငံထဲက ကာကွယ်ဆေး ထိုးပေးရေး စီမံချက်ကို စောင့်ကြည့် ကူညီပေးရသူပါ။ ဆေးမထိုးချင်ဘူလို့ ငြင်းဆန်သူတွေနဲ့ ထိတွေ့ဆက်ဆံရာမှာလည်း အတွေ့အကြုံအများကြီး ရှိသူပါ။ ဒါပေမယ့်လည်း သူကိုယ်တိုင်တောင် ဒီတစ်ခေါက် ဒီအိမ်ကို လာတဲ့အခါ စိတ်လှုပ်ရှားနေမိပါတယ်။

သူရောက်လာတော့ အမျိုးသား တစ်စုက အိမ်ရှေ့မှာစောင့်နေပါတယ်။ သူ့ကိုလည်း အိမ်ထဲ ပေးမဝင်ကြပါဘူး။ အိမ်ရှင်တွေရဲ့ ဆွေမျိုး ဆရာဝန်တစ်ယောက် ရောက်လာတော့မှ ပြေလည်ပါတော့တယ်။ ဆေးပေးတဲ့အဖွဲ့က အိမ်ထဲက ကလေးအားလုံးကို ဆေးတိုက်နိုင်ခဲ့ပါတယ်။ ငိုနေတဲ့ ကလေးမလေးက လွဲလို့ပါ။ သူတို့ကတော့ နောက်တစ်နေ့ ထပ်လာပြီး ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပိုလီယိုကာကွယ်ဆေးက အသက်တွေ ကယ်နိုင်တယ်ဆိုပေမယ့် ပါကစ္စတန်မှာတော့ လူတွေက ဆေးအပေါ် သံသယကြီးကြီး ရှိကြပါတယ်။ ရာဝါလ်ပင်ဒီမှာဆိုရင် ဆေးတိုက်ဖို့ မတိုက်ဖို့ ပြဿနာက အတော်ကြီးကို ကြီးမားခဲ့ပါတယ်။

Image caption ဒေါက်တာအူဇမာ (အလယ်) က ကလေးတွေကို ပိုလီယိုဆေးတိုင်တာ ခွင့်ပြုဖို့ မိဘတွေကို တော်တော် စည်းရုံးရပါတယ်။

ဆေးတိုက်တဲ့ အဖွဲ့ အစောက အိမ်ကို ရောက်မလာခင် တစ်ရက်အလိုမှာပဲ ပက်ရှာဝါမြို့ ဆင်ခြေဖုံး ရွာတစ်ရွာက ကျောင်းမှာ ပိုလီယိုဆေးတိုက်တဲ့ အစီအစဉ်ကတော့ အကြမ်းဖက်မှုတွေ၊ မီးရှို့မှုတွေနဲ့ အဆုံးသတ်သွားပါတယ်။

အဲဒီရွာကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးက ပထမတော့ ပိုလီယိုဆေးတိုက်တာကို ခွင့်မပြုပါဘူး။ ဒီတစ်ကြိမ်တော့ အစိုးရက ဖိအားပေးလာတာနဲ့ သူလည်း လိုက်လျောပြီး ကလေးတွေကို ဆေးတိုက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဆေးစတိုက်လို့ မကြာခင်မှာပဲ သူက မိဘတွေကို ဖုန်းဆက်ပြီး သူတို့ကလေးတွေ အန်နေပြီ၊ မေ့မြောကုန်ပြီလို့ အကြောင်းကြားခဲ့ပါတယ်။

Image caption ကလေးကို ကြည့်ပေးနေတဲ့ ဒေါက်တာအူဇမာ

ကျောင်းက ကလေးတချို့ကိုလည်း ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ တစ်ယောက်မှာမှ ရောဂါလက္ခဏာ မတွေ့ရတာနဲ့ ဆေးရုံက ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အပြင်မှာတော့ လူတွေကို ထိန်းရခက်သွားပါပြီ။ ဆိုရှယ်မီဒီယာကနေ ပြန့်သွားတဲ့ သတင်းကြောင့် စိတ်ပူ ဒေါသထွက်နေကြတဲ့ မိဘဆွေမျိုးတွေ အစိုးရ ဆေးခန်းကို လာဝိုင်းကြပါတယ်။ အပြင်ဂိတ်ကို ရိုက်ချိုးဖွင့်ပြီး၊ ရုံးခန်းရဲ့ တံတိုင်းကို တူတွေနဲ့ ထုနှက် ချိုးဖျက်ကြပါတယ်။ ပြီးတော့အထဲကို ဝင်ပြပြီး ရုံးကို မီးတင်ရှို့လိုက်ကြပါတယ်။

ဒါတွေအားလုံးကို ဒေသခံ ရုပ်မြင်သံကြားလိုင်းတစ်ခုက တိုက်ရိုက်ပြနေတော့ ပက်ရှာဝါပြည်နယ်တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆေးတိုက်ခံရပြီးတဲ့အချိန် ကလေးတွေ နေမကောင်းဖြစ်ကုန်တယ်ဆိုတဲ့ဘ သတင်းကြောင့် ထိတ်လန့်တကြားဖြစ်ကုန်ကြပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိတ်လန့်ပြီး ဒေါသထွက်နေကြတဲ့ လူအုပ်ကြီးက ဆေးရုံကို ဖျက်ဆီးခဲ့ကြပါတယ်။

အဲဒီမှာ ကျောင်းပေါင်းစုံက ကလေးပေါင်း သုံးသောင်း လောက် ဆေးရုံတင်လိုက်ရပါတယ်။ လူတွေ ထိတ်လန့်တကြား ပိုပြီး ဖြစ်သွားစေတဲ့ အကြောင်းတစ်ခုကလည်း ဆေးထိုးထားတဲ့ ကလေးတွေကို ဆေးရုံကို အမြန်ဆုံးခေါ်သွားကြဖို့ ဗလီတွေကနေ မိဘတွေကို အသံချဲ့စက်တွေကနေ တဆင့် သတိပေးနေခဲ့ကြလို့ ဖြစ်တယ်ဆိုပြီး ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ကလေးအားလုံး ကျန်းမာကြပါတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့်လည်း အဲဒီအဖြစ်အပျက်က ယိုင်လုလုဖြစ်နေတဲ့ ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်ကို လုံးဝပျက်စီးသွားစေမလားဆိုပြီး စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ အဲဒီဧပြီလမှာ ဆေးထိုးတဲ့ အစီအစဉ်ကို သုံးရက်တာ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ကျန်းမာရေးလုပ်သားတစ်ဦးနဲ့ ဆေးထိုးပေးသူတွေကို လိုက်စောင့်ရှောက်ပေးနေတဲ့ ရဲတွေထဲက နှစ်ဦး သေဆုံးခဲ့ပါတယ်။

လူတွေက ကျွန်မတို့ကို လမ်းတွေပေါ်မှာကို အနှောက်အယှက်ပေးကြတယ်။ ရွာထဲက စျေးဆိုင်ရှင်တွေက ကျွန်မတို့ကို မောင်းထုတ်တယ်။ တစ်ယောက်ကဆို နင်တို့ ငါတို့ကလေးတွေကို လာပြီး အဆိပ်ခတ်ဖို့ လုပ်နေတာ မဟုတ်လား ဆိုပြီး ပြောတာခံရတယ်လို့ ဒေါက်တာခန်ရဲ့ အဖွဲ့ထဲက အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ဒီလို အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ပြီးတဲ့ နောက်မှာတော့ အစိုးရက ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို ရက်ပေါင်းတော်တော်ကြာအောင် ရပ်ထားလိုက်ပါတယ်။

ဒါပေမယ့် ကာကွယ်ဆေးပေးတဲ့ အစီအစဉ်ဟာ အရေးကြီးတာကို ကျန်းမာရေးဝန်ထမ်းတွေက သိနားလည်ထားကြပါတယ်။ ကလေးလေးတွေရဲ့ နုနယ်လှတဲ့ အရွယ်မှာ ကူးစက်ဒုက္ခပေးတတ်တဲ့ ရောဂါတွေအတွက် တစ်ခုတည်းသော အကာအကွယ်ဟာ ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။ ဒီလို ကာကွယ်ဆေး မထိုးထားရင် ကလေးတွေရဲ့ နာ့ဗ်ကြောစနစ်ထဲကို ရောဂါပိုးရောက်ပြီး အယောက် နှစ်ရာမှာ တစ်ယောက်လောက် ခန္ဓာကိုယ်မသန်စွမ်း အကြောသေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပိုလီယိုဟာ အဆုတ်တွေကို အလုပ်မလုပ်စေတော့ရင်လည်း နာရီပိုင်းအတွင် သေဆုံးစေနိုင်ပါတယ်။ ကုသနိုင်တဲ့ ကုထုံး မရှိသေးပါဘူး။

ပိုလီယိုကို ကမ္ဘာပေါ်မှာ အမြစ်ပြတ်သွားအောင် ကာကွယ်ဆေးထိုးပေးတာက လုပ်နိုင်ခဲ့ပါတယ်။ အခုဆို ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ နိုင်ဂျီးရီးယား သုံးနိုင်ငံမှာပဲ ပိုလီယိုဖြစ်ပွားမှုကို တွေ့ရပါတော့တယ်။ နိုင်ဂျီးရီးယားမှာဆို ၂၀၁၆ သြဂုတ်လကတည်းက ပိုလီယိုဖြစ်တာ မရှိတော့တဲ့အတွက် မကြာခင် လပိုင်းအတွင်း အဲဒီမှာလည်း ပိုလီယိုကင်းစင်ကြောင်း ကြေညာနိုင်တော့မှာပါ။

ပါကစ္စတန်မှာလည်း ပိုလီယိုကင်းစင်ကြောင်း မကြာခင် ကြေညာနိုင်ဖို့အတွက် လမ်းကြောင်းပေါ်ရောက်နေခဲ့ဖူးပါတယ်။ ၁၉၉၄ တုန်းက ပိုလီယိုဖြစ်ပွားမှု နှစ်သောင်းနှစ်ထောင် ရှိခဲ့ရာက ၂ဝ၁၅ ခုနှစ်ကစလို့ အယောက် တစ်ရာ အောက်ရောက်နေခဲ့တာ နှစ်နဲ့ချီနေပါပြီ။

ဒါပေမယ့် ဒီနှစ်မှာတော့ စိတ်ပျက်စရာ ပြန်တွေ့လာရပါတယ်။ ဒီနှစ်ဇွန်လအထိ WPV1 ဆိုတဲ့ ပိုလီယိုဗိုင်းရပ်စ်တစ်မျိုးဖြစ်တာ ၂၁ ယောက်တွေ့ခဲ့ရတယ်လို့ အစိုးရက ကြောညာပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရှစ်ယောက်ပဲတွေ့ခဲ့ရတာပါ။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကလည်း ပါကစ္စတန်ရဲ့ ပိုလီယိုနဲ့တိုက်တဲ့ စစ်ပွဲဟာ လမ်းကြောင်းလွဲဆီ ဦးတည်နေလို့ အတော်လေး စိုးရိမ်ပါတယ်လို့ ကြေညာချက်တစ်စောင်ထုတ်ခဲ့ပါတယ်။

Image caption ပိုလီယိုဆေး တိုက်ကျွေးရန်အသင့်
Image caption ပိုလီယိုဆေး ပညာပေးအစီအစဉ်တစ်ခုမှာ တွေ့ရတဲ့ မိခင်တွေ

ဆေးတိုက်တာကို လက်မခံ ငြင်းဆိုတဲ့ လူတွေများလာတာဟာ လိုက်တိုက်ကျွေးတဲ့အဖွဲ့တွေအတွက် အန္တရာယ်ကိုလည်း ပိုတိုးလာစေပါတယ်။

ကျွန်မ အိမ်တံခါးခေါက်လိုက်တာနဲ့၊ အထဲက ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို ဘယ်တော့မှ အသေအချာမသိနိုင်ပါဘူးလို့ ဒေါက်တာခန်က ပြောပါတယ်။

သေနတ်သံ

၂ဝ၁၂ ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်မှာတော့ ပိုလီယိုဆေးတိုက်ကျွေးတဲ့ အဖွဲ့ထဲက ဝန်ထမ်း ဂူလ်နက်ဇ်ဟာ သူ့အမေနဲ့ အိမ်မှာ ရှိနေတုန်း သေနတ်သံတွေ ကြားလိုက်ရပါတယ်။ စိတ်ပူနေတဲ့ သူ့အေမကို ဂူလ်နက်ဇ်က နှစ်သိမ့်ရပါတယ်။ သူက အဲဒီတုန်းကတော့ သေနတ်သံဟာ မင်္ဂလာဆာင်တစ်ခုက ကြားလိုက်ရတာလို့ ထင်ခဲ့ပါတယ်။

အဲဒီ အချိန်မှာပဲ သူတို့ဆီ ဖုန်းဝင်လာပြီး အနားက ရပ်ကွက်ဆီလာဖို့ ပြောပါတယ်။ အဲဒီ ရပ်ကွက်မှာ သူ့ တူမ မဒီဟာနဲ့ ယောင်းမ ဖာမီဒါတို့က ကာကွယ်ဆေးထိုးပေးနေကြပါတယ်။

Image caption ဂူလ်နက်ဇ်က သူတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေအကြောင်း သိပ်သတိမပြုမိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီအချိန်ထိလည်း ဂူလ်နက်ဇ်က ဒါပုံမှန် သူတို့ ကြုံနေကျ ဆေးတိုက်တာ မခံတဲ့လူတွေနဲ့ စကားများနေရာတာလောက်လို့ပဲ သူက ထင်နေပါသေးတယ်။ ဒါကြောင့် သူလိုက်သွားပြီး ဆေးတိုက်တာ မခံချင်တဲ့လူတွေကို ဖျောင်းဖျမယ်လို့ စိတ်ကူးထားပါတယ်။

သူရောက်သွားတဲ့ အချိန်မှာတော့ လူအုပ်ကြီးကိုတွေ့ရပြီး၊ ရဲတွေရော လူနာတင်ကားတွေပါ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ အလောင်းတစ်လောင်းကိုလည်း ထမ်းစင်တစ်ခုပေါ်တင်ထားတာ တွေ့လိုက်ရပါတယ်။ "အလောင်းကို အဝတ်ဖြူနဲ့ အုပ်ထားတယ်။ ဒါပေမယ့် မဒီဟာရဲ့ လက် အဲဒီအဝတ်အောက်က ထွက်နေတာကို ကျွန်မတွေ့လိုက်ရပါတယ်။"

အလန့်တကြားနဲ့ နောက်ဖက်ကို လှည့်လိုက်မိတဲ့အချိန် သူ့ယောင်းမကိုလည်း သွေးအလိမ်းလိမ်းနဲ့ လမ်းတစ်ဘက်မှာ လဲနေတာ တွေ့လိုက်ရပါတယ်။ သူလည်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

"ကျွန်မ အဲဒီနေရာမှာပဲ ပုံလဲကျသွားတယ်။ ကျွန်မရဲ့ ကမ္ဘာလည်း ပျက်ပါပြီ။"

ဂူလ်နက်ဇ်ဟာ ပိုလီယိုတိုက်ဖျက်ရေးအတွက် လိုက်ဆေးတိုက်ပေးနေတဲ့ ရှေ့တန်းက လုပ်သားတွေပါ။ သူဟာ မဟီဒါ၊ ဖာမီဒါတို့နဲ့အတူ ကရာချိမှာ ဆေးတိုက်တဲ့အဖွဲ့ထဲ ၂ဝ၁၁ မှာ ဝင်ပါခဲ့ပါတယ်။ သူတို့ဟာ အိမ်တွေ တစ်အိမ်ချင်းကို လှည့်ပြီး အသက်ငါးနှစ်အောက် ကလေးတွေအားလုံးကို ပိုလီယိုကာကွယ်ဆေး လိုက်တိုက်ပေးကြပါတယ်။

ပါကစ္စတန်ရဲ့ ပိုလီယိုဆေးတိုက်ကျွေးတဲ့ ဝန်ထမ်းအများစုဟာ အမျိုးသမီးတွေပါ။ ၇ဝ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အမျိုးသမီးတွေဟာ အိမ်တွေထဲ ဝင်ခွင့်ရဖို့ ပိုလွယ်ပါတယ်။ နောက်တစ်ခါ တခြားမှာ အလုပ်မရ ဝင်ငွေမရနိုင်တဲ့ ပညာသိပ်မတတ်တဲ့ မိန်းကလေးတွေအတွက်လည်း ဒီအလုပ်က အခွင့်အလမ်းဖန်တီးပေးပါတယ်။

ဒါပေမယ့်လည်း ဒီလို ဆေးလိုက်တိုက်ပေးရတဲ့ အလုပ်ရဲ့ အန္တရာယ်တွေကိုတော့ လျှော့တွက်ထားမိတယ်လို့ ဂူလ်နက်ဇ်က ပြောပါတယ်။

"အန္တရာယ်တကယ်ကြီးတယ်ဆိုတာကို ကျွန်မ သဘောမပေါက်မိခဲ့ဘူး။"

မဒီဟာနဲ့ ဖာမီဒါတို့နဲ့အတူ အဲဒီနေ့က မိနစ် ၂၀ အတွင်း ကျန်းမာရေးလုပ်သား နောက်ထပ် သုံးယောက်လည်း ပစ်သတ်ခံခဲ့ကြရပါတယ်။ တစ်နေရာထဲမှာတော့ မဟုတ်ပါဘူး။ ကရာချိမှာ သုံးနေရာ၊ ပက်ရှာဝါမှာ နောက်တစ်နေရာ အသတ်ခံခဲ့ရတာပါ။ နောက်တစ်ရက်မှာပဲ ကျန်းမာရေးလုပ်သား နောက်ထပ် လေးယောက် အသတ်ခံလိုက်ရပါတယ်။

အဲဒီလို ဖြစ်ပြီးတဲ့နောက်မှာ ဂူလ်နက်ဇ်ရဲ့ မိသားစုက သူ့ကို အလုပ်ပြောင်းဖို့ ဝိုင်းဖိအားပေးခဲ့ပါတယ်။

ဒါပေမယ့် လူတွေသေဆုံးရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်က သူ့ရဲ့ သန္နိဋ္ဌာန်ကို ပိုခိုင်မာစေခဲ့ပါတယ်။

"ကိုယ့်ရဲ့ ကြောက်စိတ်ကို ဖယ်မထားနိုင်ရင် ဘာအလုပ်မှ လုပ်လို့ ရမှာမဟုတ်ဘူး။"

Image caption ကလေးတစ်ယောက်ကို ဆေးတိုက်နေတဲ့ ဂူလ်နက်ဇ်

ဒါပေမယ့် သူ ဒီအလုပ်ကို ဆက်လုပ်နေတဲ့အတွက် ပေးဆပ်ရမှုလည်း ရှိပါတယ်။

သူ့ကို အိမ်နီးချင်းတွေက တောင်းဆိုလို့ တခြားရပ်ကွက်ကို ပြောင်းပြီး နေရပါတယ်။ နောက်တစ်ခါ ထပ်ပြီး တိုက်ခိုက်ခံရမှာကိုလည်း သူ စိုးရိမ်နေရပါတယ်။ ဒါကြောင့် သူ အလုပ်သွားတဲ့ အခါမှာလည်း လမ်းကြောင်းကို မကြာမကြာပြောင်းပြီး သွားခဲ့ပါတယ်။

"အစမှာတော့ ကျွန်မ သိပ်ကြောက်နေ စိုးရိမ်နေမိတယ်၊ ဒါကြောင့် လမ်းမှာ ကျွန်မဘေးက ဆိုင်ကယ်တစ်စီးဖြတ်သွားရင်တောင် တော်တော်တုန်လှုပ်မိတယ်။"

Image caption ပါကစ္စတန်မှာ ပိုလီယိုလိုက်တိုက်ပေးတဲ့ လုပ်သားတွေကို ရဲက လိုက်စောင့်ရှောက်ပေးရ

၂၀၁၂ ခုနှစ်က စလို့ ပါကစ္စတန်မှာ ပိုလီယိုလိုကာကွယ်ဆေး လိုက်တိုက်ကျွေး၊ ထိုးပေးတဲ့ လူတွေကို ဦးတည် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့အတွက် ကျန်းမာရေးဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၉၄ ယောက်မက အသက်ဆုံးခဲ့ရပါတယ်။

အဲဒီလို အကြမ်းဖက်မှုတွေ တိုးလာတဲ့အချိန်ဟာ ပါကစ္စတန်ရဲ့ ပိုလီယိုနဲ့ တိုက်ပွဲမှာ အရှုံးဖက်ပြန်ရောက်လာတဲ့အချိန်ရဲ့ အစလည်း ဖြစ်တာကို တွေ့ရပါတယ်။ ဂူလ်နက်ဇ်ရဲ့ ဆွေမျိုးတွေ အသတ်ခံရတဲ့ ၂ဝ၁၂ ခုနှစ်က တစ်နိုင်ငံလုံး ပိုလီယိုဖြစ်ပွားမှု ၅၈ ခု ပဲရှိခဲ့ရာက ၂ဝ၁၄ မှာ ၃ဝ၇ မှုအထိ တိုးလာခဲ့ပါတယ်။

အဲဒီနှစ် ဇွန်လမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာပေါ်ကို ပိုလီယိုမပြန့်သွားစေဖို့ ပါကစ္စတန်လေဆိပ်တွေမှာ လူတိုင်းကို ပိုလီယိုဆေးတိုက်ကျွေးဖို့ အကြံပြုခဲ့ပါတယ်။

ပါကစ္စတန်အစိုးရကလည်း ပိုလီယိုရောဂါကို စစ်ကြေညာခဲ့ပါတယ်။ ကာကွယ်ဆေး လိုက်တိုက်တဲ့အဖွဲ့တွေကို လုံခြုံရေးပိုပေးလာပြီး တချို့ အန္တရာယ်ရှိတဲ့ ဒေသတွေကို သွားရရင် ရဲအစောင့်အရှောက်ပါ လိုက်ပေးပါတယ်။

ကလေးတွေကို ဆေးအတိုက်မခံတဲ့ ရာနဲ့ချီတဲ့ မိဘတွေကိုလည်း လူထုကို အန္တရာယ်ရှိစေမှုနဲ့ ဖမ်းဆီးထိန်းသိမ်းတာမျိုး လုပ်ခဲ့ပါတယ္။

ငြင်းဆန်သူများ

ပါကစ္စတန်မှာ မိဘတွေက ကာကွယ်ဆေးကို အထိုးမခံ အတိုက်မခံချင်ကြတာဟာ ဆယ်စုနှစ်ပေါင်းများစွာ ပိုလီယိုဆေးအပေါ် သံသယရှိခဲ့တာတွေနဲ့လည်း ဆက်စပ်နေပါတယ်။

ပါကစ္စတန်မှာ အမျိုးသားကာကွယ်ဆေးတိုက် စီမံကိန်း ပထမဆုံးစခဲ့တဲ့ ၂ဝဝဝ ခုနှစ်မတိုင်ခင် တစ်နှစ်လောက်မှာပဲ တာလီဘန် ခေါင်းဆောင်တစ်ယောက်ရဲ့ အမည်ဟာ ထင်ရှားစ ပြုလာပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ တာလီဘန်ခေါင်းဆောင် မူလာဖာဇလူလာဟာ ၂ဝဝ၇ ခုနှစ်မှာ ဆွက်တောင်ကြားဒေသကို ထိန်းချုပ်ခဲ့ပြီး သူ့ဒေသထဲမှာ ကာကွယ်ဆေး မထိုးရ၊ မတိုက်ရဆိုပြီး ပိတ်ပင်ခဲ့ပါတယ်။ သူဟာ နောက်ပိုင်းမှာ ပါကစ္စတန်က တာလီဘန်အဖွဲ့တစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ ၂ဝ၁၂ မှာ ကျောင်းသူလေး မာလာလာယူဆွတ်ဇိုင်ကို သတ်ဖို့ အမိန့်ပေးခဲ့တာ သူပါပဲ။

၂၀၀၇ ခုနှစ်တုန်းကတော့ သူ့ကို ရေဒီယိုမူလာလို့ အသိများခဲ့ပါတယ်။ သူကြီးစိုးတဲ့ ဆွက်တောင်ကြား တလျှောက်မှာ အက်ဖ်အမ်ထုတ်လွှင့်စက်တွေ တပ်ထားပြီး သူ့တရားတွေကို အဲဒီ ရေဒီယိုတွေကနေ တဆင့် လွှင့်နေခဲ့လို့ ဖြစ်ပါတယ်။ သူက ပိုလီယိုကာကွယ်ဆေးကို ဆန့်ကျင်ပြီးလည်း ဟောပြောပါတယ်။ သူက ဒီကာကွယ်ဆေးတိုက် လုပ်ငန်းဟာ မွတ်ဆလင်တွေကို ပန်းသေ ပန်းညိုးဖြစ်အောင်လုပ်ကြံတဲ့ စီမံချက်လို့ ဟောပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မူလာဖာဇလူလာဟာ ကာကွယ်ဆေးဆန့်ကျင်ရေး ဟောပြောချက်တွေကို စပီကာတွေကနေ နေ့စဉ်ထုတ်လွှင့်ခဲ့ပါတယ်။

ဒီလို လုပ်ကြံပြောဆိုချက်တွေကြောင့် လူထုကြားသံသယနဲ့ စိုးရိမ်စိတ်တွေပွားစေခဲ့ပါတယ်။ အဲဒီကြားမှာပဲ ၂၀၁၁ ခုနှစ်မှာ နောက်ထပ်အဖြစ်အပျက်တစ်ခုက အခြေအနေတွေကို ပိုဆိုးသွားစေခဲ့ပါတယ်။

အမေရိကန်မှာ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုကို ဦးဆောင်စေခိုင်းခဲ့သူ အယ်ကိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံထဲမှာ အမေရိကန်တပ်တွေက ဝင် သတ်ဖြတ်နိုင်ခဲ့အပြီးမှာတော့ ပါကစ္စတန်က ဆရာဝန်တစ်ယောက် အဖမ်းခံခဲ့ရပါတယ်။

ဒေါက်တာရှာကီးလ်အာဖရီဒီဟာ ဘင်လာဒင်ကို တစ်အိမ်တက်ဆင်း လိုက်ရှာနိုင်ဖို့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တစ်ခုကို အယောင်ပြလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီလို သတင်းတွေထွက်လာတော့ ပါကစ္စတန်ရဲ့ ပိုလီယိုအမြစ်ပြတ်အောင် ကာကွယ်ဆေး တိုက်ကျွေးရေး စီမံချက်ကို နောက်ထပ် သံသယတွေနဲ့ ထိုးနှက်ခံလိုက်ရသလို ဖြစ်သွားခဲ့ရပြန်ပါတယ်။

နောက်တစ်နှစ်အကြာ ၂၀၁၂ မှာတော့ အမေရိကန် ဒရုန်းလေယာဉ်တွေက အာဖဂန်နစ္စတန်နဲ့ နယ်စပ်က ပါကစ္စတန်တိုင်းရင်းသားလူမျိုးစုတွေနေထိုင်ရာ ဒေသတွေမှာ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။ မြောက်နဲ့ တောင် ဝါဇီရီစတန်ဒေသတွေက တာလီဘန်တပ်မှူးတွေ ကလည်း သူတို့ ဒေသတွေမှာ ပိုလီယိုတိုက်ဖျက်ရေးလုပ်ငန်းတွေကို တားမြစ်လိုက်ပါတယ်။ ဆေးလိုက်တိုက်သူတွေဟာ အမေရိကန်တွေအတွက် သူလျှိုလုပ်ပေးနေတယ်လို့ သူတို့က စွပ်စွဲထားပါတယ်။

ပါကစ္စတန် စစ်တပ်က တာလီဘန်တွေအုပ်စိုးထားတဲ့ ဒေသတွေကို ပြန်သိမ်းပိုက် နိုင်ပြီးတဲ့ နောက်မှာတော့ အဲဒီလို တားမြစ်ထားတာကို ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မူလာတွေက ဘာသာရေး ဟောပြောချက်တွေကို အသုံးချပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ဆန့်ကျင်တဲ့ ဝါဒဖြန့်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ လူတွေကြား သံသယတွေ ဖြစ်လာအောင် လုပ်ခဲ့ကြပါသည်။

မူလာတွေက ပိုလီယိုဆေးထဲမှာ အစ္စလာမ်ဘာသာက တားမြစ်ထားတဲ့ ဝက်ဆီတွေပါတယ်။ ကလေးတွေကို မြုံသွားစေနိုင်တယ်လို့ ဆိုပြီး တားမြစ်တဲ့ ဘာသာရေး အမိန့်တွေ ထုတ်ကြပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ အဲဒီ စွပ်စွဲချက်တွေ လုံးဝ မမှန်ကြောင်း ငြင်းဆိုပါတယ်။

မူလာတွေက ကာကွယ်ဆေးလိုက်တိုက်တဲ့ အမျိုးသမီး ကျန်းမာရေးလုပ်သားတွေဟာ စာရိတ္တပျက်ယွင်းတဲ့ အမူအကျင့်တွေကို ဖြန့်ချီနေသူတွေလို့ ဆိုပြီး သူတို့ကို အတင်းလက်ထပ်ယူဖို့ဟာ မွတ်ဆလင်ယောက်ျားတွေရဲ့ တာဝန်လို့လည်း အမိန့်ထုတ်ခဲ့ပါတယ်။

Image caption တရားဟောဆရာ ဟာမီဒါလာ ဟာမီဒီဟာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သူ့သဘောထားကို ပြောင်းခဲ့ပါတယ်။

အဲဒီလို သဘောထားရှိခဲ့သူ တရားဟောဆရာတစ်ယောက်ကတော့ ဟာမီဒါလာဟာမီဒီပါ။ သူကလည်း ကိုယ်တိုင် ကာကွယ်ဆေးထိုးတာကို ဆန့်ကျင်ကြဖို့ အမိန့်ထုတ်ခဲ့သူပါ။

ဟာမီဒီဟာ အခုတော့ အသက် ၃ဝ ကျော်အတွင်းရှိပါပြီ။ သူဘာကြောင့် ကာကွယ်ဆေးကို ဆန့်ကျင်တာလဲဆိုတာကို ခုလိုပြန်ပြောပြခဲ့ပါတယ်။

ကျွန်တော်လည်း လူကြီးတွေဆီက ကြားခဲ့တာပဲ။ ကာကွယ်ဆေးတွေက မကောင်းဘူးတဲ့။ ကာကွယ်ဆေးဆိုတာ အနောက်နိုင်ငံတွေကို မွတ်ဆလင်တွေကို မျိုးပြုတ်အောင်လုပ်ဖို့ အစီအစဉ်၊ ကျွန်တော်တို့ မျိုးမပွားနိုင်အောင်လုပ်တာလို့ ပြောခဲ့တယ်။ နောက်ဆုံးတော့ အကြိမ်ကြိမ် ဇွဲကောင်းကောင်းနဲ့ လာနေကြတဲ့ ကာကွယ်ဆေးတိုက်အဖွဲ့တွေက သူ့စိတ်ကို ပြောင်းလာစေခဲ့ပါတယ်။

Image caption ဟာမီဒီက အစ္စလာမ်တရားတော်က ဟောကြားချက်တွေကို ပြောပြီး လူတွေ ကာကွယ်ဆေးကို လက်ခံကြဖို့ တိုက်တွန်းပါတယ်။

"တစ်နေ့မှာတော့ ပိုလီယိုဆေးတိုက်တဲ့အဖွဲ့က လူတစ်ယောက်က ကျွန်တော့်ကို စာအုပ်တစ်အုပ်ပြတယ်။ အဲဒီအထဲမှာ ပိုလီယိုဆေးကို ထောက်ခံတဲ့အကြောင်း ဂိုဏ်းပေါင်းစုံက အစ္စလာမ်ဘာသာရေးဆရာကြီး တွေ ထုတ်ထားတဲ့ အမိန့်တွေ တွေ့ရတယ်။"

အဲဒီထဲက အမိန့်အများစုဟာ ပိုလီယိုဆေးကို ထောက်ခံသူတွေ ထုတ်ထားတာတွေပါ။

အဲဒိတော့ ဟာမီဒီလည်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ သူ့ရွာကလူတွေအားလုံးကို ဗလီကိုခေါ်လိုက်ပြီး သူခရီးထွက်မယ်။ ပိုလီယိုဆေးကို ထောက်ခံကြောင်း ပြန်တမ်းထုတ်ထားတဲ့ ဘာသာရေးဆရာတွေ အားလုံးနဲ့ သူလိုက်တွေ့မယ်လို့ ပြောလိုက်ပါတယ်။

သူ ခရီးစထွက်ခဲ့ပါတယ်။ ကရာချိ၊ ပက်ရှာဝါ၊ လာဟိုး၊ ကွက်တာနဲ့ တခြားဒေသတွေကို သွားပြီး ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့ပြီး သူတို့ရဲ့ အမြင် သဘောထားတွေကို မေးခဲ့ပါတယ်။ အဲဒီ ခရီးဟာ လပေါင်းများစွာကြာခဲ့ပါတယ်။

သူပြန်ရောက်ချိန်မှာတော့ ရဲဝံ့တဲ့ လုပ်ရပ်တစ်ခုကို လုပ်လိုက်ပါတယ်။

နေ့ခင်းဝတ်ပြုချိန်အပြီးမှာ ကျွန်တော် ကြေညာလိုက်တယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ရှိနေတဲ့ မေးခွန်းတွေရဲ့ အဖြေကို ရခဲ့ပြီလို့ ကြေညာလိုက်တယ်။

မွတ်ဆလင်ဂိုဏ်းပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေက ဒီဆေးဟာ အန္တရာယ်မရှိဘူးလို့ ယုံကြတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေ မသန်မစွမ်းမဖြစ်ရအောင်လို့ ဒီ ကာကွယ်ဆေးကို တိုက်ကျွေးသင့်တယ်လို့ ပြောလိုက်တယ်။

ဟာမီဒီဟာ အဲဒီလို ပြောအပြီးမှာတော့ စုဝေးရောက်ရှိနေကြတဲ့ လူအုပ်ကြီး ရှေ့မှာပဲ သူ့ကလေးတွေကို ပိုလီယိုအစက်ချဆေးတွေ တိုက်ကျွေးလိုက်ပါတယ်။

အဲဒီလိုလည်း လုပ်ပြလိုက်ရော သူ့ အိမ်နားတဝိုက်က လူ ၂၅ လောက်က စိတ်သက်သာရာရသွားကြပုံရပြီး နောက်တစ်ကြိမ် ပိုလီယိုဆေးလာတိုက်ရင် သူတို့ မငြင်းတော့ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် သူ့ရွာအပြင်ဘက် တခြားဒေသက လူတွေကို စည်းရုံးရတာကတော့ ပိုခက်ခဲခဲ့ပါတယ်။

သူ့ကို အပြင်းအထန်ဆန့်ကျင်ကြပြီး သူ့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေတောင် ရှိခဲ့ပါတယ်။

Image caption ပိုလီယိုကာကွယ်ဆေးကို ဆန့်ကျင်မှုဟာ ဘလူချီစတန်ပြည်နယ်မှာ အများဆုံးတွေ့နေရ

"တစ်ခါက တာလီဘန်ထောက်ခံသူ တစ်ယောက်နဲ့ ကျွန်တော် စကားများခဲ့တယ်။ ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ ကျွန်တော့်ဖုန်းက မြည်လာပြီး လူတစ်ယောက်က ကျွန်တော့်ကို ကာကွယ်ဆေးထိုးတဲ့ စီမံကိန်းမှာ ဝင်မပါဖို့၊ ပါရင် ကျွန်တော့် အသက် အန္တရာယ်ရှိလိမ့်မယ်လို့ ခြိမ်းခြောက်ပါတယ်။"

အဲဒီလို သတိပေးချက်တွေ သူ နောက်ထပ် လပေါင်းတော်တော်ကြာအောင် ရနေခဲ့ပါတယ်။ သူ့မှာ စိုးရိမ်စိတ်တော့ ရှိတယ်။ ဒါပေမယ့် သူ့ လုပ်ငန်းကို ရပ်ပစ်ဖို့တော့ ဘယ်တုန်းကမှ မတွေးမိဘူးလို့ ပြောပါတယ်။

မွတ်ဆလင်တစ်ယောက်အနေနဲ့ ကျွန်တော် သေရမှာကိုတော့ မကြောက်ပါဘူး။ အချိန်ကျရင် သေရမှာပဲ ဆိုတာ ကို လက်ခံထားပါတယ်လို့ သူက ပြုံးရင်းပြောပါတယ်။

သူ့လုပ်ငန်းက အရေးပါပါတယ်။ ဟာမီဒီရဲ့ မြို့ ကီလာအဗ္ဗဒူလာဟာ ဘလူချီစတန်ပြည်နယ်ထဲမှာ ရှိပါတယ်။ အဲဒီနေရာဟာ အာဖဂန်နစ္စတန်နဲ့ နယ်စပ်မှာ ဖြစ်ပြီး တာလီဘန်တွေကြီးစိုးတဲ့ဒေသပါ။ ပိုလီယိုကာကွယ်ဆေးတိုက်တာကို အပြင်းအထန်ဆန့်ကျင်ခဲ့တဲ့ သမိုင်းရှိခဲ့တဲ့ ဒေသဖြစ်ပါတယ်။

NGO တွေမှာလုပ်နေကြသူတွေဟာ ဒေသခံတွေကို ခရစ်ယာန်ဘာသာကို ပြောင်းပစ်ဖို့ လျှို့ဝှက်ရည်ရွယ်ချက်တွေရှိကြတယ်လို့ တရားဟောဆရာတွေက ဟောပြောကြပါတယ်။

ဒါပေမယ့် ကာကွယ်ဆေးတိုက်တာကို မခံတဲ့မိသားစုအများစုကတော့ သူတို့ ငြင်းရတဲ့ အဓိက အကြောင်းက ကာကွယ်ဆေးတိုက်ခံရင် ဆုလာဘ်တစ်ခုခု ရသင့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ငြင်းကြတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

"မိဘတွေက သူတို့ကလေးတွေကို ဆေးတိုက်ခံရင် အစိုးရက တစ်ခုခုပြန်လုပ်ပေးသင့်တယ်။ လမ်းဖောက်ပေးတာ၊ ကျောင်းတွေ ဆေးရုံတွေဆောက်ပေးတာ လုပ်သင့်တယ်လို့ ယူဆကြတယ်။ တချို့ကဆို ပိုက်ဆံတောင် ပေးသင့်တယ်လို့ ခံယူကြပါတယ်။"

လူတချို့က ငြင်းဆန်နေသေးပေမယ့် ဟာမီဒီကိုယ်တိုင် ကာကွယ်ဆေးကို လက်ခံလာတဲ့ ၂၀၁၄ ခုနှစ်က စလို့ သူ့ရွာမှာ ပိုလီယိုဖြစ်ပွားမှုနှုန်း ကျလာပါတယ်။ ၂ဝ၁၇ ကစရင်တော့ ပိုလီယိုဖြစ်တာ တစ်ယောက်မှ မရှိတော့ပါဘူး။

သူဟာ ကုရ်အာန်ထဲမှာပါတဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်း ပြဌာန်းချက်တွေနဲ့ တခြားအစ္စလာမ်မစ်တရားတော်တွေထဲက ဟောပြောချက်တွေကို ကိုးကားပြီး ရောဂါပြန့်ပွားမှု ရပ်တန့်အောင် လုပ်ဖို့ အရေးကြီးပုံကို သူ့တရားတွေထဲမှာ ထည့်ဟောပါတယ်။

"ကျွန်တော့်အလုပ်က မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော့် ကြိုးစားချက်ကြောင့် ကလေးတစ်ယောက်ပဲ အသက်ကယ်နိုင်ကယ်နိုင် ကျွန်တော်ရင်းနှီးစွန့်စားရတာ တန်ပါတယ်။"

သံတမန်များ

အာဘရာဟာ ချိုင်းထောက်ကို အားပြုလို့ မညီညာတဲ့ လမ်းကျဉ်းလေးထဲမှာ ခြေတုနဲ့ သတိထားပြီး လျှောက်နေပါတယ်။ သူ့လက်ထဲမှာတော့ လိမ္မော်ရောင် ဖိုင်တစ်ခုကိုင်ထားပါတယ်။ အိမ်တစ်လုံးရှေ့မှာ ရပ်ပြီး တံခါးကို အသာခေါက်လိုက်ပါတယ်။ ကရာချိမြို့ရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ သူ့တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေပါတယ်။

Image caption အာဘရာဟာ ပိုလီယိုကြောင့် ခြေနှစ်ဘက်စလုံး မသန်ဖြစ်ခဲ့ပါတယ်။

တံခါးလာဖွင့်သူကတော့ အရပ်မြင့်မြင့် မုတ်ဆိတ်ရှည်ရှည်နဲ့ လူတစ်ယောက်ပါ။ သူကလည်း ဒီဒေသထဲက ကိုယ့်ကလေးတွေကို ကာကွယ်ဆေး အတိုက်မခံတဲ့ မိဘတွေထဲက တစ်ယောက်ပါ။

အာဘရာဟာ သုံးနှစ်သားမှာ ပိုလီယိုရောဂါ ကူးစက်ခံခဲ့ရပြီး ခြေနှစ်ဖက်စလုံး ဖြတ်လိုက်ရပါတယ်။ သူ့မိဘတွေက ပညာမတတ်ကြတော့ ကာကွယ်ဆေးတွေရဲ့ အရေးကြီးပုံကို နားမလည်ခဲ့ကြဘူးလို့ ပြောပြပါတယ်။

Image caption အာဘရာကတော့ တတ်နိုင်သမျှလိုက်ရှင်းပြ စည်းရုံးနေပါတယ်။

သူက ကရာချိမြို့က ဘာလဒီရာရပ်ကွက်မှာ နေပါတယ်။ ဒီနေရာဟာ ဆွက်တောင်ကြားကဆို အများကြီး လှမ်းပါတယ်။ ဒါပေမယ့် ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ် ၅၀ ကတည်းက အလုပ်အကိုင်ရှာဖွေရင်း ရောက်လာ အခြေချခဲ့တဲ့ ဆွက်တောင်ကြားက မိသားစု ၃ဝဝ ကျော်လောက် နေနေကြပါတယ်။ ဆွက်တောင်ကြားက ဓလေ့စရိုက်တွေ ဒီအထိ ပါလာတယ်လို့ ဆိုရပါမယ်။ သူတို့ကလည်း ကာကွယ်ဆေးကို လက်မခံချင်ကြပါဘူး။

ဒီရပ်ကွက်က မြောင်းတွေမှာ ပိုလီယို ပိုးရှိနေပါတယ်။ ဒီနေရာဟာ ဘလူချီစတန်နဲ့ အာဖဂန်နစ္စတန်ကို ဆက်သွယ်တဲ့ လမ်းမကြီးတစ်ခုနဲ့ ကပ်ပြီး တည်ရှိတာမို့ ပိုလီယိုကူးစက်ပြန့်ပွားဖို့ အန္တရာယ်ကြီးကြီးမားမား ရှိတဲ့နေရာလို့ သတ်မှတ်ခံထား ရပါတယ်။

Image caption ဒီ လူကလည်း အာဘရာ ရှင်းပြတာတွေကို လက်မခံချင်ပါဘူး။

တံခါးလာဖွင့်ပေးသူက အာဘရာရဲ့ ကနဦး ရှင်းပြချက်တွေကို လက်မခံပါဘူး။ အာဘရာက သူ့လက်ထဲမှာ ကိုင်လာတဲ့ ဖိုင်ထဲက ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စာရွက်လေးကို ထုတ်ပြပါတယ်။ အိမ်ထဲကလူက တစ်ချက် ဝေ့ကြည့်လိုက်ပေမယ့် စိတ်ဝင်စားပုံ မပြပါဘူး။

"ပိုလီယိုဆေးထဲမှာ ဘာပါတယ်ဆိုတောတော့ ငါမသိဘူး။ ငါသိတာကတော့ အဲဒီဆေးတွေဟာ ငါ့ကလေးတွေရဲ့ ကိုယ်ခံအားကို ဖျက်ဆီးပစ်လိုက်မယ်ဆိုတာပဲ။

"မင်းတို့ ကိုယ့်ဟာကိုယ် မနေနိုင်ကြဘူးလား။ ငါတို့ ကလေးတွေရဲ့ ကျန်းမာရေးအတွက်ဆိုပြီး မင်းတို့က ဘာလို့ ဒီလောက် လိုက်ပူနေတာလဲ" လို့ သူက တန်ပြန် မေးခွန်းထုတ်ပါတယ်။

ပိုလီယို အစက်ချဆေးဟာ ဘေးထွက်ဆိုးကျိုးမျိုးလည်း မရှိတတ်ပါဘူး။ ဒါပေမယ့် အာဘရာ အဲဒီလို မေးခွန်းကို အမြဲရင်ဆိုင်ရပါတယ်။

ဒါပေမယ့် အခုတွေ့နေရတဲ့ လူကတော့ စည်းရုံးလို့ ရမယ့် ပုံမပေါ်ပါဘူး။ အာဘရာက သူ့မှာ ပါလာတဲ့ စာရွက်တချို့ကို ထပ်ပြီး ထုတ်ပြပါတယ်။ နောက်ဆုံးတော့ အဲဒီလူကို လက်ဆွဲနှုတ်ဆက်ပြီး သူ ထွက်လာခဲ့ရပါတယ်။

ဒီလို ခေါင်းမာ တင်းခံ ငြင်းဆန်နေတဲ့ မိဘတွေကို သူတို့ကလေးတွေ ပိုလီယိုဆေးတိုက်တာ ခွင့်ပြုလာအောင် ဘယ်လို စည်းရုံးရမှာပါလဲ။

အစ္စလာမ်မာဘတ်မြို့အပြင်ဘက်နားမှာရှိတဲ့ မာဂါလာအရပ်က စိမ်းလန်းတဲ့တောင်ကုန်းတွေရဲ့ အခြေမှာတော့ အတားအဆီးတွေ ကာရံထားတဲ့ အဆောက်အဦတစ်ခု ရှိပါတယ်။ အဲဒီမှာ လက်နက်ကိုင်အစောင့်တွေရှိသလို အနံ့ခံခွေးတွေကိုလည်း တွေ့ရပါတယ်။ လာတဲ့ ဧည့်သည်တွေကိုလည်း အထဲပေးမဝင်ခင်မှာ အသေအချာရှာဖွေတတ်ပါတယ်။

ကြည့်လိုက်ရင် ဒါဟာ စစ်ဌာနချုပ်တစ်ခုရဲ့ အဝင်ပေါက်လို့ ထင်စရာရှိပါတယ်။ တကယ်တော့ ဒါဟာ ပါကစ္စတန်ရဲ့ အမျိုးသားအရေးပေါ်တုံ့ပြန်ရေးဌာနဖြစ်ပြီး ပိုလီယိုတိုက်ဖျက်ရေးအစီအစဉ်ရှိရာ ဌာနချုပ်လည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ရဲ့ အကြီးအကဲ ဘာဘာအက်တာက ဇယားတွေ၊ မြေပုံတွေပြည့်နေတဲ့ အခန်းထဲမှာ ဘီဘီစီကို လက်ခံတွေ့ဆုံပါတယ်။ ဘေးက နံရံတစ်ခုပေါ်မှာတော့ ရောင်စုံ ပင်အပ်တွေထိုးစိုက်ထားတဲ့ ပါကစ္စတန်မြေပုံကြီးတစ်ခုကို ချိတ်ထားပါတယ်။ အဲဒီ ပင်အပ်တွေစိုက်ထားရာ နေရာတွေဟာ နိုင်ငံထဲက ပိုလီယို ဖြစ်နိုင်ချေ အများဆုံး ဒေသတွေပါ။

Image caption အက်တာကတော့ မိဘတွေကို စည်းရုံးသွားဖို့ အစိုးရက စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။

သိပ်မကြားသေးခင်က အခက်အခဲတချို့ကြောင့် နောက်ကြောင်းပြန်ခဲ့ရတာတွေ ရှိပေမယ့် ပါကစ္စတန်ရဲ့ ပိုလီယိုတိုက်ဖျက်ရေး အစီအစဉ်ဟာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း အောင်မြင်မှုတွေ အများကြီးရခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက် ကျယ်ပြန့် ကြီးမားတဲ့ အစီအစဉ်ကြီးတစ်ခုဟာ အခက်အခဲနဲ့တော့ မကင်းနိုင်ပါဘူး။

ပါကစ္စတန်မှာ အသက် ငါးနှစ်အောက်ကလေးက သန်း ၄ဝ ကျော်ရှိပါတယ်။ အစိုးရကတော့ နိုင်ငံတဝန်း ကာကွယ်ဆေးတိုက်ကျွေးရေး စီမံချက်တွေလုပ်ခဲ့တဲ့ ကြားက ကလေး ပေါင်း ငါးသိန်းလောက် ဆေးမတိုက်နိုင်ပဲ ကျန်နေကြသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အက်တာကတော့ အဲဒီအရေအတွက်ထက် အများကြီး ပိုလိမ့်မယ်လို့ ယူဆပါတယ်။

"ပိုလီယိုရောဂါပိုး ကျွန်တော်တို့ နိုင်ငံထဲမှာ ရှိနေသေးတယ်ဆိုရင် ပြောစရာက တစ်ခုပဲ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးတိုက်စီမံချက်တွေမှာ ကလေးတွေ အများကြီး ကျန်ရစ်နေခဲ့တယ်ဆိုတာပါပဲ။"

ဆေးတိုက်ပြီးသား ကလေးတွရဲ့ လက်ချောင်းလေးတွေမှာ မင်နဲ့ အမှတ်အသားတွေ လုပ်ပေးထားပါတယ်။ ဒါပေမယ့် ပိုလီယိုဆေးတိုက်တဲ့ လုပ်သားတွေဟာ ဆေးတိုက်ပြီးသား ကလေးအရေအတွက် များတယ်ထင်ရအောင် ဆေးမတိုက်ရ သေးတဲ့ ကလေးတွေကိုပါ လက်မှာ မင်နဲ့ အမှတ်အသား လုပ်ပေးခဲ့တတ်တယ်လို့ ပိုလီယိုဆေး လက်ခံရေး စည်းရုံးလှုံ့ဆော်နေသူ အာဘရာက ပြောပြပါတယ်။

စီမံကိန်းအကြီးအကဲ အက်တာကလည်း အဲဒီဖြစ်ရပ်မျိုး ရှိနိုင်တာကို လက်ခံပါတယ်။

"ကျွန်တော် ဒီ ပိုလီယိုတိုက်ဖျက်ရေးစီမံကိန်းမှာ လုပ်လာတာရှစ်နှစ်ရှိပြီ။ လက်ချောင်းမှာ မင်နဲ့ အတုမှတ်သားထားတာတွေ့ရတာတွေလည်း ရှိပါတယ်။"

ပါကစ္စတန်လူထုက ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သံသယကြီးကြီးမားမား ရှိခဲ့ရတဲ့ အကြောင်းရင်းတစ်ခုကတော့ အိုစမာဘင်လာဒင်ကို လိုက်ရှာပြီး သတ်ပစ်ခဲ့တုန်းက စီအိုင်အေက ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်ကို သုံးပြီး ထောက်လှမ်းရေး လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့်ဖြစ်တယ်လို့ သူကပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆေးတိုက်ပြီးသား ကလေးတွကို လက်မှာ မင်နဲ့ အမှတ်အသားပြုပေးခဲ့

စီအိုင်အေကရော စွပ်စွဲခံခဲ့ရတဲ့ ဆရာဝန်ကပါ ကာကွယ်ဆေးစီမံချက်ကို အဲဒီလို သုံးခဲ့တယ်ဆိုတာကို ငြင်းခဲ့ပေမယ့် ပါကစ္စတန်အာဏာပိုင်တွေကတော့ လုပ်ခဲ့တယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။ ဒေါက်တာ အာဖရီဒီဟာ အခုအထိလည်း အကျဉ်းထောင်ထဲမှာ ရှိနေဆဲပါ။

"လူတွေကြားမှာ သံသယတွေ၊ မယုံကြည်မှုတွေဖြစ်သွားခဲ့တယ်။ သူတို့က အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်က ပါကစ္စတန်က ပိုလီယို အစီအစဉ်ကို ဘာလို့ ဒီလောက် စိတ်ဝင်စားနေကြတာလဲလို့ မေးကြတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ ပိုလီယိုတိုက်ဖျက်ရေး အောင်မြင်ဖို့ ဆိုရင် အနောက်နိုင်ငံတွေနဲ့ ဆက်စပ်မှုကို အရင်ဖျက်ရပါလိမ့်မယ်။"

ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သတင်းတု သတင်းမှားတွေဖြန့်နေတာကိုလည်း အစိုးရအနေနဲ့ သည်းခံမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ သိပ်မကြာခင်မှာပဲ ဧပြီလတုန်းက ကာကွယ်ဆေးအစီအစဉ်အပေါ် လူတွေ ထိတ်လန့်တကြားဖြစ်အောင် လုပ်ရာမှာ ပါဝင်ခဲ့တဲ့ ကျောင်း ခုနှစ်ကျောင်းကို အစိုးရက ပိတ်လိုက်ပါတယ်။

Image caption ဂူလ်နက်ဇ်ကတော့ သူ့ လုပ်ငန်းကို ဆက်လုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

ကာကွယ်ဆေး စီမံချက်အောင်မြင်ဖို့ အဓိက သော့ချက်ကတော့ မိဘတွေရဲ့ ယုံကြည်လက်ခံမှု ရလာဖို့ပဲ ဖြစ်တယ်လို့ အက်တာက ပြောပါတယ်။

မိဘတွေ လက်ခံလာဖို့လိုတယ်။ မိဘတွေက မေးခွန်းတွေ မေးနိုင်ဖို့က သူတို့ အခွင့်အရေးပါ။ ဒီမေးခွန်းတွေ ဖြေပေးဖို့ကလည်း အစိုးရရဲ့ တာဝန်ပါပဲ။

လမ်းတွေပေါ်မှာတော့ မိဘတွေရဲ့ စိုးရိမ်မှုကို ရင်ဆိုင် ဖြေရှင်းနေရသူတွေက တစ်အိမ်တက်ဆင်း ကလေးတွေကို ပိုလီယိုဆေးလိုက်တိုက်နေရတဲ့ ဂူလ်နက်ဇ်တို့လို ကျန်းမာရေးလုပ်သားတွေပါ။ ပါကစ္စတန်ရဲ့ ပိုလီယိုရောဂါနဲ့တိုက်ပွဲမှာ ကြောက်ရွံစိုးရိမ်စိတ်ရဲ့ နောက်က အကြမ်းဖက်မှုက လိုက်လာတတ်ပါတယ်။

"ကျွန်မကြောက်မနေတော့ပါဘူး။ ဒီလို အခြေအနေရင်ဆိုင်နေရတာ ကျွန်မ တစ်ယောက်ထဲလဲ မဟုတ်ဘူး။ ကျွန်မတို့ လုပ်ရတဲ့နေရာထက် ပိုအန္တရာယ်ကြီးတဲ့ နေရာတွေမှာ အလုပ်လုပ်ရပြီး ကျွန်မတို့ထက် ပိုကောင်းအောင် လုပ်နိုင်နေတဲ့ လူတွေ ရှိတယ်။ ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေဆီကလည်း ခွန်အားရတယ်။ အလာကလည်း ကျွန်မနဲ့ ရှိနေတယ်။ ကျွန်မ အခုအလုပ်ကို ကြိုက်လည်းကြိုက်တယ်။ ဒီအလုပ်လုပ်ရတာ ကျွန်မ စိတ်နှလုံးအတွက် ခိုလှုံရာတစ်ခုရထားသလိုပါပဲ" လို့ ဂူလ်နက်ဇ်က သူ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။