ဦးနေဝင်းဆီ စာတွေရေးတဲ့ ဗိုလ်မှူးချုပ် အောင်ကြီး

burma ဓာတ်ပုံ မူပိုင် Science Photo Library
Image caption ၁၉၈၈ အရေးအခင်းကို လှုံ့ဆော်ပေးတဲ့အထဲမှာ ဦးအောင်ကြီးလည်းပါ

ဗိုလ်ချုပ်အောင်ကြီးလို့ လူသိများတဲ့ ဦးအောင်ကြီး ကွယ်လွန်တာ ၇ နှစ် ရှိပါပြီ။

ငယ်နာမည် တရုတ်လို ချန်ဝမ်ဂျားလို့ ခေါ်တယ်ဆိုတဲ့ ဦးအောင်ကြီးကို သခင်အောင်ကြီး (ပေါင်းတည်) ဆိုတဲ့ ကလောင်နာမည်နဲ့ သိကြသလို စမူဆာအောင်ကြီး ဆိုတဲ့ နာမည်ပြောင်နဲ့လည်း လူသိများပါတယ်။

ငယ်စဉ်ကတည်းက တို့ဗမာအစည်းအရုံးနဲ့ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ပြည်သူ့အရေးတော်ပုံပါတီခေါ် ဆိုရှယ်လစ်ပါတီ တည်ထောင်စကတည်းက ပတ်သက်ခဲ့ပါတယ်။

Image caption ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့အုပ်စု

စစ်အတွင်း ဗမာ့တပ်မတော်မှာ ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးချုပ် မောင်မောင်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရုံးမှာ လုပ်ခဲ့ပါတယ်။

ဂျပန်တော်လှန်ရေး ကြိုစဖို့ လှုံ့ဆော်မှုနဲ့ သူတို့ကို ဗိုလ်ချုပ်က စိတ်ဆိုးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ပြီးခေတ်မှာ တပ်ကထွက်ပြီး ဆိုရှယ်လစ်ပါတီ အတွင်းရေးမှူးဖြစ်လာသလို တိုင်းပြည်ပြုလွှတ်တော်အမတ်၊ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရေး ကော်မတီဝင်နဲ့ ပါလီမန်အတွင်းဝန် ဖြစ်ခဲ့ပါတယ်။

၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုမှာ ရန်ကုန်ဘဆွေနဲ့ ဦးမြလှိုင်တို့က ဂဠုန်ဦးစောကို လုပ်ကြံဖို့ ကြိုးစားခဲ့ပြီး သူတို့နောက်က ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်ချုပ်နေဝင်း စတဲ့ ဆိုရှယ်လစ်ခေါင်းဆောင်တွေ ပါတယ် ဆိုတဲ့ စွပ်စွဲရေးသားမှုတွေ ရှိခဲ့ပေမယ့် စုံစမ်းရ ခက်နေပါတယ်။

ဓာတ်ပုံ မူပိုင် Bert Hardy
Image caption ရန်ကုန်အစိုးရခေတ်က တိုက်ပွဲမြင်ကွင်း

၁၉၄၉ ပြည်တွင်းစစ် ပြင်းထန်လာချိန်မှာတော့ သခင်အောင်ကြီး တပ်ထဲပြန်ဝင်ပြီး သောင်းကျန်းမှု နှိမ်နင်းရေးတပ်ဖွဲ့တွေ စုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဗိုလ်မှူးချုပ် ရာထူးနဲ့ ကာကွယ်ရေး ဦးစီးချုပ်( ကြည်း) ဖြစ်လာသလို မဟာသရေစည်သူဘွဲ့လည်း ရခဲ့ပါတယ်။

အဲဒီအချိန်က ဝန်ကြီးချုပ် ဦးနုနဲ့ အထူးခင်တဲ့ ဗိုလ်မှူးချုပ်အောင်ကြီးဟာ တပ်ရန်ပုံငွေ တိုးချဲ့ရဖို့နဲ့ တပ်အတွက် ဝါဒဖြန့်ချိရေးတွေ လုပ်ဖို့ ဦးနုကို တိုက်တွန်းခဲ့တယ် ဆိုပြီး မေရီကယ်လယ်ဟန် စတဲ့ အနောက်တိုင်း ပညာရှင်တွေက ရေးကြပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ဗိုလ်ချုပ်အောင်ကြီး လက်ထက်က ထုတ်ခဲ့တဲ့ မြဝတီမဂ္ဂဇင်း

ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင် စတဲ့ ဆိုရှယ်လစ် တပ်မှူးကြီးတွေက တပ်ထဲမှာ ဆိုရှယ်လစ်အုပ်စုဖွဲ့ပြီး ရာထူးတွေ ယူကြတယ်လို့လည်း ကွန်မြူနစ်ပါတီဘက်က ရေးကြပါတယ်။

၁၉၅၈ မှာ စစ်တပ်ကို ပထမဆုံးအကြိမ် အာဏာလွှဲချိန်မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်း စေခိုင်းချက်နဲ့ သူ၊ ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဗိုလ်မှူးချုပ် တင်ဖေတို့ ဦးနုဆီ သွားပြီး ဆွေးနွေးခဲ့ရတယ်လို့ ရေးကြပါတယ်။

ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ အကြီးဆုံး စွမ်းဆောင်ချက်ကို အဲဒီ အိမ်စောင့်အစိုးရလက်ထက်မှာ တွေ့ရတယ်လို့ သူနဲ့အတူ နေထိုင်ခဲ့ဖူးတဲ့ အေပီသတင်းထောက်ဟောင်း ဒေါ်အေးအေးဝင်းက ပြောပါတယ်။

စီးပွားရေးမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အဆီးအတားမရှိ ခွင့်ပြုချင်တဲ့ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ကြောင့် အဲဒီခေတ် စီးပွားရေး တိုးတက်ခဲ့တယ် ဆိုပြီး ပြည်ပ ပညာရှင်တွေက ရေးသားတာတွေ ရှိပါတယ်။

ဒါကလည်း သူတို့နဲ့ ရင်းနှီးတဲ့ ထိုင်းဗိုလ်ချုပ်တွေရဲ့ လမ်းကြောင်းကို အတုယူတာလည်း ဖြစ်နိုင်ပါတယ်။

၁၉၆၁ လောက်မှာ တပ်မတော် အကြီးအကဲကို အပြောင်းအလဲ လုပ်ဖို့ ဦးနုအစိုးရက စဉ်းစားခဲ့ပေမယ့် သင့်တော်တဲ့သူ မရလို့ ဗိုလ်ချုပ်ကြီးနေဝင်း ဆက်ပြီး ရာထူးမြဲခဲ့တယ်လို့လည်း ကြည်ဝင်းစိန်က ကျွန်တော်နဲ့ တော်လှန်ရေးကောင်စီ ဗိုလ်ချုပ်ကြီးများ စာအုပ်မှာ ရေးပါတယ်။ ဗိုလ်မှူးချုပ်အောင်ကြီးကို နိုင်ငံရေးသမားမို့လို့ တပ်က မကြိုက်ဘူးလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Ron Case
Image caption မြန်မာပြည်ကို ၂၈ နှစ် အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း

၁၉၆၂ အာဏာသိမ်းချိန်မှာတော့ စစ်ရုံးထဲက ဒဂုံရိပ်သာမှာ နေတဲ့ ဗိုလ်မှူးချုပ်အောင်ကြီးတယောက် အာဏာသိမ်းပြီးမှ သိရတယ်လို့ ရေးကြပါတယ်။ သူကိုယ်တိုင်လည်း သူများတွေကို ဒီလိုပဲ ပြောခဲ့ပါတယ်။

အာဏာသိမ်းပြီး နောက်မနက်မှာပဲ အဖမ်းခံထားရတဲ့ ဦးနုအိမ်သွားပြီး မိသားစုကို အားပေးခဲ့ပါတယ်။ အာဏာသိမ်းတဲ့အထဲ ပါတယ်ဆိုပြီး သူ့ကို စိတ်ဆိုးတဲ့ ဦးနုသမီး ဒေါ်စန်းစန်းနုကိုလည်း တနေ့ကျရင် မင်း ကိုယ့်အကြောင်းကို သိမှာပါကွာ လို့ ပြောခဲ့ကြောင်း ဒေါ်စန်းစန်းနုက ရနံ့သစ်မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးချုပ်အောင်ကြီးဟာ ဆိုရှယ်လစ် ဖြစ်ပေမယ့် စီးပွားရေးမှာတော့ ပြင်းထန်တဲ့ နိုင်ငံပိုင် ထိန်းချုပ်မှုတွေကို လိုလားသူ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူပိုင် သိမ်းတာကို သူဆန့်ကျင်ခဲ့သလို စစ်ကောင်စီကနေ နုတ်ထွက်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ်တင်ဖေရဲ့ ပြင်းထန်တဲ့ စီးပွားရေးမူတွေနဲ့ သူကွဲလွဲပြီး ထွက်တယ်လို့ ဆိုပါတယ်။

သူ ဖဆပလခေတ်မှာ ထူထောင်ခဲ့တဲ့ ဘီအီးဒီစီ စတဲ့ တပ်မတော် စီးပွားရေးလုပ်ငန်းကြီးတွေကိုလည်း သူနုတ်ထွက်ပြီးနောက်မှာ ဆိုရှယ်လစ် စစ်ကောင်စီက ပြည်သူပိုင်သိမ်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Myo Myint
Image caption ရာထူးကထွက်ပြီး မချမ်းဘောသွားနေခဲ့

၁၉၆၃ မှာ တပ်ကထွက်ပြီး မချမ်းဘောမှာ သွားနေခဲ့ပေမယ့် ၁၉၆၅ မှာ အထိန်းသိမ်းခံခဲ့ရပါတယ်။

ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ တပ်မှူးဟောင်းတချို့က တန်ပြန်အာဏာသိမ်းဖို့ ကြံလို့ ဖမ်းတာလို့ ပြောဆိုကြတာတွေ ရှိပေမယ့် သူ့စိတ်ထားအရ ဗိုလ်ချုပ်ကြီးနေဝင်းဆီကနေ ပြန်ပြီး အာဏာသိမ်းဖို့ကြံမယ့်သူမျိုး မဟုတ်ဘူးလို့ ဒေါ်အေးအေးဝင်းက ပြောပါတယ်။ သူနဲ့ ခင်မင်သူတချို့က ဦးနေဝင်းကို ဒီကောင်ကြီး စသဖြင့် ပြောဆိုရင်လည်း သူက ကြိုက်နှစ်သက်ပုံ မရဘူးလို့ ဒေါ်အေးအေးဝင်းက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Kyaw Ye
Image caption ဗိုလ်ချုပ်အောင်ကြီးနေခဲ့တဲ့ ဂူဘားရိပ်သာ

ထောင်က ပြန်လွတ်လာပြီးနောက် သူ့မိတ်ဆွေ ဂါးဒီးယန်း သတင်းထောက် ဦးစိန်ဝင်းဆီမှာ လာနေခဲ့ပါတယ်။ နောက်မှ မေမြို့မှာ အခြေချနေပြီး ရန်ကုန်ကို လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ ပြန်လာခဲ့ပါတယ်။

အဲဒီမှာလည်း သူနဲ့ ပုဂ္ဂိုလ်ရေးအရ အရင်ကတည်းက ခင်ခဲ့တဲ့ ဒေါ်ထူးနဲ့ ဦးဇော်ညွန့် စတဲ့ မိတ်ဆွေတွေဆီက အကူအညီယူပါတယ်။

နောက် မဂ္ဂဇင်းတွေမှာလည်း နိုင်ငံရေးအတွေ့အကြုံ ဆောင်းပါးတွေ ရေးပါတယ်။ ဒါကလည်း နိုင်ငံ့ဂုဏ်ရည် ဆုပေးပွဲအပြီး အိမ်တော်မှာ သူအပါအဝင် ဗိုလ်မှူးချုပ်ဟောင်းအောင်ရွှေ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ဦးနေဝင်းက ခေါ်တွေ့ပြီး နိုင်ငံရေး မှတ်တမ်းတွေ ရေးကြဖို့ ဆွေးနွေးကြတာကနေ ဖြစ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ ဒီလိုရေးတာကလည်း သိန်းဖေမြင့်၊ သခင်တင်မြ စတဲ့ ကွန်မြူနစ်ဟောင်းတွေရဲ့ တော်လှန်ရေး အတွေ့အကြုံတွေက မြန်မာစာပေမှာ ကြီးစိုးနေတာကို တန်ပြန်တာ ဖြစ်နိုင်ပါတယ်။

Image caption ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်

သူရေးတဲ့ ဆောင်းပါးတွေထဲက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့ မြေးများရှင်ပြုအလှူအကြောင်း၊ ဒေါ်ခင်ကြည် မျက်စိခွဲဖို့ သူ ဦးနေဝင်းဆီ ပြောပေးတဲ့အကြောင်း ဆောင်းပါးတွေက နာမည်ကြီးခဲ့ပါတယ်။

၁၉၈၈ အရေးအခင်း မဖြစ်ခင်မှာတော့ ဦးနေဝင်းဆီ သူရေးတဲ့ ၄၁ မျက်နှာပေးစာက နာမည်ကြီးခဲ့ပါတယ်။ ဒီပေးစာမှာ မြန်မာပြည်ရဲ့ စီးပွားရေးအဆင့်အတန်းက ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းဝင် သွားတဲ့အတွက် ဒါက ရုန်းထွက်ဖို့ စီးပွားရေး တံခါးဖွင့်ဖို့နဲ့ တခြားအပြောင်းအလဲတွေ လုပ်ဖို့ အကြံပေးတာ ဖြစ်ပါတယ်။ ဒီစာတွေကို မြန်မာပြည် အနှံ့မှာ ကူးယူဖြန့်ကြတဲ့အတွက် ဦးနေဝင်းက တမင်သိသိနဲ့ လွှတ်ပေးခဲ့ပုံရတယ်လို့လည်း ဦးဝင်းထိန်က သံသရာတကွေ့ စာအုပ်မှာ မှတ်ချက်ချခဲ့ပါတယ်။

တကယ်က ၁၉၈၈ မှ သူ့ပေးစာတွေကို လူသိများလာပေမယ့် ဦးအောင်ကြီးဟာ ဦးနေဝင်းဆီကို စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေးစာတွေ အရင်ကတည်းက ရေးလာခဲ့တာလို့ ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ သမီး ဒေါ်အေးအေးဝင်းက ထောက်ပြပါတယ်။

၁၉၇ဝ ကျော်တုန်းကလည်း ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲခံရမှုမှာ သူမပါကြောင်း ဦးနေဝင်းဆီ စာနဲ့ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလို ဦးနေဝင်းနဲ့ အဆက်အသွယ်မပြတ်တဲ့အတွက်လည်း ၁၉၈၈ လှုပ်ရှားမှုတွေအတွင်း သူ့ရဲ့ ပြောစကားတချို့ကို လူထု ထောက်ခံမှု မရတာတွေ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Science Photo Library
Image caption ၈၈ ကာလ ရန်ကုန်လမ်းပေါ်မှာ ရင်ဆိုင်မိကြတဲ့ တပ်နဲ့ လူအုပ်

ဦးအောင်ကြီးဟာ စိတ်လှုပ်ရှားမှု များသူဖြစ်လို့ တပ်နဲ့ လူထု ထိပ်တိုက်တွေ့မှာ စိုးပြီး တားဆီးခဲ့တာ ဖြစ်ပေမယ့် လူထုလက်မခံမှုနဲ့ပဲ ကြုံခဲ့ရတာလို့လည်း ဒေါ်အေးအေးဝင်းက ဆိုပါတယ်။ တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့တပ်က အာဏာသိမ်းရင် သတ်သေမယ် စတဲ့ သူ့ရဲ့စကားတွေကတော့ ပြောစရာ ဖြစ်ခဲ့ပါတယ်။

၁၉၈၈ က စပြီး နိုင်ငံရေးမှာ သူပေါ်တင် ပြန်ပါလာပါတယ်။ အရေးအခင်းအပြီး ဂါးဒီးယန်း ဦးစိန်ဝင်းအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးစတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စုမိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ရာမှာ သူ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

ဓာတ်ပုံ မူပိုင် WORLD NEWS
Image caption အရေးအခင်းအပြီးမှာ ထွက်လာတဲ့ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးအောင်

ဒါပေမဲ့ လပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နားမှာ ကွန်မြူနစ်တွေဝိုင်းနေတယ်ဆိုတဲ့ ဦးအောင်ကြီးရဲ့ စွပ်စွဲချက်ကြောင့် ပါတီထဲ မဲခွဲရာမှာ သူရှုံးနိမ့်ပြီး ဦးအောင်ကြီး ပါတီသစ် ခွဲထောင်ခဲ့ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာတော့ NLD ကို မပြိုင်နိုင်ဘဲ ဦးအောင်ကြီးပါတီ ရှုံးနိမ့်သွားပါတယ်။

ဦးအောင်ကြီးက ကွန်မြူနစ်ဆိုရင် တီကိုဆားနဲ့တို့သလို ရွံမုန်းတဲ့အတွက် ဒီလို ကွဲပြဲမှုတွေ ဖြစ်ခဲ့ပေမယ့် သူ့ပထမဇနီးရဲ့ မောင် ရဲဘော်အေးငွေ ကိုယ်တိုင်က ဗမာပြည် ကွန်မြူနစ်ပါတီဝင် တယောက် ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ် မတိုင်ခင်က ရဲဘော်အေးငွေကို တရုတ်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရဖို့ မြန်မာဘက်က ကုန်းလမ်းကနေ တရုတ်ပြည် လွှတ်ခဲ့တာ ဖြစ်ပြီး ၁၉၅ဝ ကျော်မှ ဗိုလ်မှူးချုပ်အောင်ကြီး တရုတ်ပြည်သွားရင်း သူ့ကို ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အနှစ် ၃ဝ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ၁၉၉ဝ ပါတီစုံ ရွေးကောက်ပွဲ

နောက် ဦးအောင်ကြီးဟာ NLD ပါတီ ဥက္ကဋ္ဌဘဝမှာ နဝတ အစိုးရအတွက် နိုင်ငံတကာ အဆက်အသွယ်တွေရအောင် ကူညီခဲ့တယ် ဆိုပြီး ကြည်ဝင်းစိန်ရဲ့ ရေးသားချက်လည်း ရှိပါတယ်။

ဒါပေမဲ့ အဲဒီအချိန်က နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဦးအောင်ကြီး ဆက်ဆံရေးဟာ ပြေလည်တာ မဟုတ်ဘူးလို့လည်း သူ့ရဲ့ မိသားစု မိတ်ဆွေ ဒေါ်အေးအေးဝင်းက ဆိုပါတယ်။ ဝန်ထမ်းတွေကို ဖြေခိုင်းတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မေးခွန်းလွှာတွေ ပို့ပြီး ဦးအောင်ကြီးကို ဗိုလ်ချုပ်ကြီးစောမောင်က ဖြေခိုင်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း တဘက်မှာတော့ ၁၉၈၉ ကွန်မြူနစ်ပါတီကို ဝနဲ့ ကိုးကန့် စတဲ့ လူမျိုးစုတပ်တွေ ပုန်ကန်ချိန်မှာ ဦးအောင်ကြီးနဲ့ အောလစ်ယန်း၊ လော်စစ်ဟန် စသူတွေကို သုံးပြီး စစ်အစိုးရနဲ့ စေ့စပ်ဖို့လုပ်ခဲ့တယ် ဆိုတဲ့ ရေးသားမှုတွေ ရှိပါသေးတယ်။

သေချာတာကတော့ ဦးအောင်ကြီးဟာ နိုင်ငံရေးစင်ပေါ်ကို ပြန်ထွက်မလာတော့တာပဲ ဖြစ်ပါတယ်။ ဦးနေဝင်း ကွယ်လွန်ချိန်မှာ သူ့ဇနီး ဒေါ်နီနီမြင့်တောင် ပို့ခွင့်မရခဲ့ပေမယ့် ဦးအောင်ကြီးလိုက်ပို့ခွင့် ရခဲ့ပါတယ်။

သူတို့နှစ်ယောက် ကွယ်လွန်ခါနီးအထိ စာအဆက်အသွယ် ရှိခဲ့သလား၊ နဝတနဲ့ နအဖ အစိုးရခေါင်းဆောင်တွေကိုရော ဦးအောင်ကြီး စာတွေရေး အကြံပေးခဲ့သလား ဆိုတာတွေကတော့ မသိရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Fairfax Media Archives

မကွယ်လွန်ခင်မှာ သြစတြေးလျမီဒီယာတခုနဲ့ တွေ့ဆုံခန်းမှာတော့ ဦးအောင်ကြီးက မြန်မာပြည်မှာ စီးပွားရေးကောင်းဖို့ လူလတ်တန်းစား အားကောင်းဖို့လိုပြီး စီးပွားရေးလုပ်ငန်းငယ်တွေကို အားပေးဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

NLD အာဏာရခဲ့ရင် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း မြန်မာပြည်မှာ ဒီမိုကရေစီစစ်စစ် ရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရအောင် စွမ်းဆောင်နိုင်မယ်လို့တော့ အဲဒီအချိန်က သူမမျှော်လင့်ခဲ့ပါဘူး။