အမေရိကန်သမ္မတတစ်ယောက် ဖြစ်လာဖို့ ဘာတွေလိုသလဲ။

American flag in front of the White House in Washington D.C. ဓာတ်ပုံ မူပိုင် Getty Images

လာမယ့်၂၀၂၀မှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ၂၀ ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲကို ဆယ်ဦးစီခွဲပြီး ဇွန်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ လုပ်ခဲ့ပါပြီ။

လက်ရှိ သမ္မတဒေါ်နယ်ထရမ့်ကလည်း နောက်သက်တမ်းတစ်ခုအတွက် ဝင်ပြိုင်ပါမယ်လို့ ဖလော်ရီဒါမှာ တရားဝင်ကြေညာပြီး သိပ်မကြာခင်မှာ အခုလို ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲလုပ်ဖို့ ဖြစ်လာတာပါ။

အမေရိကန်မှာ သမ္မတရွေးကောက်ပွဲတစ်ခုအတွက် မဲဆွယ်ပွဲကာလက သိပ်ရှည်ပါတယ်။ အခုဆို လာမယ့်နှစ်ကုန်လောက်မှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် အဲဒီ မဲဆွယ်ပွဲတွေစပြီလို့ဆိုနိုင်ပါတယ်။ ဒီတော့ ကမ္ဘာမှာ သြဇာအကြီးဆုံး အာဏာအကြီးဆုံး နေရာရာထူးကိုရဖို့ ဘာတွေလိုပါသလဲ။

ဘယ်သူတွေပြိုင်ခွင့်ရှိသလဲ

သမ္မတလောင်းတစ်ယောက်ဟာ အသက် ၃၅ နှစ်အနည်းဆုံးရှိရမှာ ဖြစ်ပြီး အမေရိကန်မှာ မွေးဖွားသူ၊ နောက်ပြီး အမေရိကန်မှာပဲ အနည်းဆုံး ၁၄ နှစ်နေထိုင်သူဖြစ်ရမယ်လို့ အမေရိကန် အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

သမ္မတလောင်းအများစုဟာ နိုင်ငံရေးလောကထဲက ဖြစ်တတ်ပါတယ်။ သူတို့ဟာ အရင်ကလည်း ရွေးကောက်ခံရာထူးတစ်နေရာရာကို ရဖူးသူတွေဖြစ်ပါတယ်။ ဆိနိတ်အမတ်၊ ပြည်နယ် အုပ်ချုပ်ရေးမှူး၊ ဒုတိယသမ္မတနဲ့ ကွန်ဂရက်အမတ်ဖြစ်ခဲ့ကြဖူးသူတွေ များပါတယ်။

ဒါပေမယ့် သမ္မတဖြစ်လာသူတွေထဲမှာ ဗိုလ်ချုပ်ကြီးဟောင်း ဒွိုက်အိုင်ဆင်ဟောင်ဝါလို စစ်ဘက်ကလာသူတွေရှိသလို ဒေါ်နယ်ထရမ့်လို စီးပွားရေးသမားကြီးတွေလည်း ရှိပါတယ်။

ဒီဘက်ခေတ်သမ္မတတွေထဲမှာ အများစုကြီးက တက္ကသိုလ်ဘွဲ့ရတွေဖြစ်ပြီး တစ်ဝက်ကျော်က ဥပဒေဘွဲ့ရတွေဖြစ်ပါတယ်။

အမေရိကန်မှာ ခရစ်ယာန်ဘာသာဝင်မဟုတ်သူတစ်ဦးမှ သမ္မတမဖြစ်ဖူးပါဘူး။ ဒီလိုပဲ အမျိုးသမီးသမ္မတလည်း တစ်ယောက်မှ မရှိခဲ့သေးပါဘူး။

လူဖြူမဟုတ်သူဆိုလို့လည်း ဘာရက်အိုဘားမားတစ်ယောက်ပဲ ရှိခဲ့ပါတယ်။

Image caption အမေရိကန်သမ္မတများအကြောင်း တစေ့တစောင်း

မဲဆွယ်ကာလက ဘယ်လောက်ကြာပါသလဲ

ပြင်သစ်တို့ ယူကေတို့နဲ့ တချို့နိုင်ငံတွေမှာလို မဲဆွယ်ကာလကို ဥပဒေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတာမျိုး အမေရိကန်မှာ မရှိပါဘူး။ ဒါကြောင့် အမေရိကန်မှာ သမ္မတရွေးပွဲဝင်ပြိုင်သူဟာ သူကြိုက်သလောက် အချိန်ယူပြီး မဲဆွယ်နိုင်ပါတယ်။ ဒါကြောင့် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလဟာ ၁၈ လလောက် ကြာတတ်ပါတယ်။

Image caption နိုင်ငံတချို့က ရွေးကောက်ပွဲ မဲဆွယ်ကာလတွေ

သမ္မတထရမ့်ကတော့ နောက်သက်တမ်းတစ်ခုဝင်အရွေးခံဖို့ ဆန္ဒပြုလွှာကို သူ အိမ်ဖြူတော်ကို စရောက်တဲ့နေ့မှာကတည်းက တင်သွင်းလိုက်ပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီ ၂၀၁၇ ဇန်နဝါရီလကတည်းကပါ။ သူ့ရဲ့ မဲဆွယ်ကာလ ကြွေးကျော်သံ အမေရိကားကို ပြန်ပြီးကြီးမြတ်လာအောင်လုပ်ကြစို့ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူထုကို စည်းရုံးလာခဲ့တာ အဲဒီအချိန်ကတည်းကပါ။

သမ္မတတစ်ယောက်ဖြစ်လာဖို့ ကြိုးစားရတာ သိပ်စရိတ်ကြီးပါတယ်။ ကိုယ့်ကို ထောက်ခံသူတွေဆီက ရန်ပုံငွေတွေရဖို့နဲ့ ကိုယ်ပိုင်ငွေထဲက စိုက်ထုတ်ကျခံ သုံးစွဲနိုင်ဖို့ ဆိုတာ သိပ်ကို အရေးကြီးပါတယ်။

၂၀၁၆ ခုနှစ်က ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ သမ္မတရွေးပွဲမှာ နှစ်ယောက်ပေါင်း ဒေါ်လာ သန်းနှစ်ထောင့် ငါးရာ နီးပါးသုံးခဲ့ကြတယ်လို့ မဲဆွယ်ကာလ ဘဏ္ဍာငွေအသုံးစာရင်းတွေကို စောင့်ကြည့် မှတ်တမ်းတင်ခဲ့တဲ့ OpenSecrets.org ဝက်ဆိုက်က ဖော်ပြပါတယ်။

Image caption သမ္မတလောင်းတွေရပြီးသမျှ ရန်ပုံငွေ

အဓိက ပါတီကြီးတွေက ဘာတွေလဲ

ပါတီအငယ်လေးတွေရှိပေမယ့် လူတွေအဓိက မဲပေးတဲ့ ပါတီကြီးက နှစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဒီမိုကရက် (လစ်ဘရယ်) ပါတီနဲ့ ရီပတ်ဘလီကန် (လက်ယာစွန်း) ပါတီ တို့ပါ။

ရီပတ်လလီကန်ပါတီကို သူ့ပြည်တွင်းမှာ မီဒီယာတွေ၊ နိုင်ငံရေးသုံးသပ်သူတွေက အတိုကောက်အားဖြင့် GOP လို့ ရည်ညွှန်းတတ်ပါတယ်။ Grand Old Party သက်တမ်းရင့်ပါတီကြီး ဆိုပြီးတော့ပါ။ တခြားပါတီငယ်တွေလည်း ရွေးကောက်ပွဲ ဝင်တတ်ပါတယ်။ အဲဒီထဲမှာ လစ်ဘာတေးရီးယန်းတို့၊ သဘာဝပတ်ဝန်းကျင်အရေး ဦးစားပေးတဲ့ ဂရင်းပါတီတို့၊ လွတ်လပ်သော အင်ဒီပင်းဒင့်ပါတီတို့ဟာ ထင်ရှားပါတယ်။

၂၀၂၀ မှာ ဘယ်သူတွေ ပြိုင်မလဲ

ဒီမိုကရက်တစ်ပါတီအတွက် သမ္မတလောင်း အမည်စာရင်းတင်ခံရဖို့ ကိုယ်စားလှယ်လောင်း ၂၀ ကျော်က အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။

အဲဒီလူတွေထဲကမှ အမေရိကန်က ပြည်နယ်တစ်ခုစီက အဆိုတင်ရွေးချယ်မယ့် ကိုယ်စားလှယ်ကို ပရိုင်မာရီလို့ခေါ်တဲ့ ကနဦးရွေးချယ်ပွဲတွေက ရွေးမှာပါ။ အဲဒီ ရွေးကာက်ပွဲတွေက လာမယ့်နှစ် ဖေဖေါ်ဝါရီလောက်မှာ စလုပ်ပါမယ်။

Image caption သမ္မတဖြစ်ရန်လိုအပ်ချက်

အခုအထိ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ရှေ့ကပြေးနေသူတွေကတော့ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်၊ မက်ဆာချူးဆက်ဆိနိတ်အမတ် အဲလိဇဘက်ဝါရင်နဲ့ ဗားမောင့် ဆိနိတ်တာ ဘာနီဆန်းဒါးစ်တို့ဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ကလည်း အခုအချိန်အထိတော့ ရီပတ်ဘလီကန်ပါတီရဲ့ တရားဝင် သမ္မတလောင်း မဟုတ်သေးပါဘူး။ လာမယ့်နှစ် နွေရာသီမှာ ပါတီက တရားဝင်အမည်စာရင်း တင်သွင်းပြီးမှ သူ သမ္မတလောင်းဖြစ်လာမှာပါ။

သူ့ကို ပါတီတွင်း ပြိုင်မယ့်သူ အနည်းဆုံးတစ်ယောက်တော့ ရှိပါတယ်။ သူကတော့ မက်ဆာချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ဝဲလ်ဒ်ပါ၊ ဒါပေမယ့် ပါတီတွင်းမှာ လူကြိုက်များနေပြီးသား မစ္စတာထရမ့်ကို သူကျော်ဖြတ်နိုင်ဖို့တော့ ခက်ပါလိမ့်မယ်။

ရွေးကောက်ပွဲနိုင်ဖို့ ဘာလိုမလဲ။

ပါတီနှစ်ခုက ရွေးပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်း နှစ်ယောက်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြိုင်ကြရမှာပါ။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ လူထုက ပေးလိုက်တဲ့ မဲအရေအတွက် အနည်းအများဟာ ဘယ်သူ အနိုင်ရတယ်ဆိုတာကို အဆုံးအဖြတ်မပေးပါဘူး။

အဆုံးအဖြတ်ပေးတာကတော့ အီလက်တိုရယ်ကောလိပ်မဲလို့ ခေါ်တဲ့ ပြည်နယ်အလိုက် ရထားတဲ့ ကိုယ်စားလှယ်မဲပါ။ အားလုံးပေါင်း ၅၃၈ မဲမှာ တဝက်ကျော်ဖြစ်တဲ့ ၂၇၀ ရရင် အဲဒီလူ နိုင်ပါတယ်။

ဒါကြောင့် ပြည်နယ်ကိုယ်စားလှယ်မဲအရေအတွက် များတဲ့ ပြည်နယ်တွေဟာ သမ္မတလောင်းအတွက် သိပ်အရေးကြီးလာပါတယ်။ ဒီစနစ်အရ တစ်နိုင်ငံလုံးက ပြည်သူတွေ ထည့်တဲ့ စုစုပေါင်းမဲ အရေအတွက်အများစုရပေမယ့်လည်း ကိုယ်စားလှယ်မဲနည်းသွားလို့ ရွေးကောက်ပွဲမနိုင်တာမျိုး ရှိတတ်ပါတယ်။ အဲဒီလို အဖြစ်မျိုး ၂၀၀၀ ခုနှစ်မှာ ဒီမိုကရက်ဘက်က အယ်လ်ဂိုးနဲ့ ၂၀၁၆ မှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်တို့ ကြုံခဲ့ရပါတယ်။

အီလက်တိုရယ်ကောလိပ်မဲဆိုတာကတော့ ပြည်နယ်တစ်ခုစီမှာ ပြည်နယ်ရဲ့ လူဦးရေအချိုးအစားအလိုက် ကွန်ဂရက်မှာ အမတ်ဘယ်နှစ်ယောက်ရှိသလဲဆိုတဲ့အပေါ်မူတည်ပြီး အဲဒီပြည်နယ်ရဲ့ 'ရွေးကောက်သူကိုယ်စားလှယ်' အရေအတွက်ကို သိတ်မှတ်ထားပါတယ်။

အကြီးဆုးပြည်နယ် ခြောက်ခု၊ တနည်းအားဖြင့် 'ရွေးကောက်သူကိုယ်စားလှယ်' အရေအတွက်အများဆုံး ပြည်နယ်တွေကတော့ ကယ်လီဖိုးနီးယား (၅၅)၊ တက္ကဆပ် (၃၈)၊ နယူးယောက် (၂၉)၊ ဖလော်ရီဒါ (၂၉)၊ အီလီနွိုင်း (၂၀) နဲ့ ပင်ဆယ်ဗေးနီးယား (၂၀) တို့ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား၊ နယူးယောက် နဲ့ အီလီနွိုင်းတို့က အစဉ်အလာအရ ဒီမိုကရက်တွေရဲ့ လက်ထဲမှာပဲ ရှိကြပြီး၊ တက္ကဆပ်က ရီပတ်ဘလီကန်အားကောင်းတဲ့ ပြည်နယ်ဖြစ်နေလေတော့ သမ္မတတတွေကို တကယ်တန်းအဆုံးအဖြတ်ပေးတတ်တာကအိုဟိုင်းယိုးနဲ့ ဖလော်ရီဒါလို ဟိုဘက်ဒီဘက်ယိမ်းသွားတတ်တဲ့ ပြည်နယ်တွေ ဖြစ်နေတတ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတလောင်းတစ်ယောက်ကို တရားဝင်အဆိုပြုတဲ့ပွဲမှာ ပူဖောင်းတွေချပေးရတာလည်း အစဉ်အလာပါ

အဲဒီလို ပြည်နယ်တွေက သမ္မတလောင်းတွေကို ကြိုက်နှစ်သက်မှုအပေါ်မူတည်ပြီး ပြောင်းတတ်ကြပါတယ်။ ပါတီစွဲ တစ်သမတ်တည်း မရှိဘူးလို့ ဆိုချင်တာပါ။ ၂၀၂၀ မှာတော့ အာရီဇိုးနား၊ ပင်ဆယ်ဗေးနီးယားနဲ့ ဝစ္စကွန်ဆင်တို့ဟာ အဲဒီလို ယိမ်းနိုင်တဲ့ ပြည်နယ်တွေလို့ သတ်မှတ်ထားပါတယ်။

ဒီတော့ မဲဆွယ်ကြတဲ့အခါမှာ သမ္မတလောင်းတွေက သူတို့ နိုင်ချေလုံးဝမရှိတဲ့ ပြည်နယ်တွေကို မသွားသလို အဲဒီပြည်နယ်မှာ ငွေတွေသုံးပြီး မဲဆွယ်တာမျိုးလည်း မလုပ်ပဲနေတတ်ကြပါတယ်။

အီဒါဟို၊ အလာစကာနဲ့ တောင်ပိုင်းပြည်နယ်တွေက ရီပတ်ဘလီကန်အားကောင်းတဲ့ 'အနီရောင်ပြည်နယ်'တွေလို့ မှတ်ယူနိုင်ပြီး နယူးအင်္ဂလန်နဲ့ တခြားအရှေ့မြောက်ပိုင်း ကမ်းရိုးတန်းပြည်နယ်တွေကတော့ ဒီမိုကရက်တွေ လွှမ်းမိုးထားတဲ့ 'အပြာရောင်ပြည်နယ်'တွေ ဖြစ်ပါတယ်။

ရွေးကာက်ပွဲတွေအတွက် မဲရေတွက်မှုကို ပြည်နယ်တစ်ခုချင်းစီမှာ လုပ်ကြပြီး ရလဒ်ကိုတော့ ညတွင်းချင်းပဲ ထုတ်ပြန်ကြေညာတတ်ကြပါတယ်။

အနိုင်ရသူ ပေါ်ထွက်လာပြီးတဲ့အခါကျရင် အာဏာလွှဲပြောင်းရရယူရေးကာလတစ်ခုကို ဖြတ်သန်းရပါတယ်။ အဲဒီအချိန်မှာ သမ္မတသစ်က သူ့အစိုးရအဖွဲ့မှာ ခန့်အပ်မယ့်သူတွေကို ရွေးချယ်တာတွေ လုပ်ပြီး ဇန်နဝါရီလထဲမှတော့ ရာထူးကို အခမ်းအနားနဲ့ ရယူပါတယ်။ ကွန်ဂရက်လွှတ်တော်မှာ ကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအပြီးမှာတော့ သမ္မတသစ်ဟာ စီတန်းလမ်းလျှောက်သူတွေနဲ့အတူ အိမ်ဖြူတော်ဆီလျှောက်လာပြီး သူ့ရဲ့ လေးနှစ်သက်တမ်းတာဝန်တွေ အဲဒီအခိုက်အတန့်ကနေ စတင်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ