ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်း ၅ဝ ကြိုးပမ်းသူ ဗိုလ်ချုပ်ကြီးဆေထင်

shan ဓာတ်ပုံ မူပိုင် Romano Cagnoni
Image caption SSPP/SSA ဥက္ကဋ္ဌဟောင်း စဝ်ဆေလင်းနဲ့ တပ်သားတစု

' လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက် မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှု သမိုင်းကြောင်းနဲ့ပြောရင် လက်ရှိ မြန်မာပြည်မှာ သူ့လောက် နှစ်ပေါင်း ၅၀ ကျော် ခေတ်အဆက်ဆက် အစိုးရတွေ နဲ့ ဆွေးနွေးတာ ခေါင်းစဉ် အမျိုးမျိုးနဲ့ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင် ဆွေးနွေးဖူးတဲ့ အတွေ့အကြုံရှိတာ တဦးမှ မရှိဘူး ' လို့ ရှမ်းပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင်က သူနဲ့ အမှုတွဲအတူတူ ထောင်ကျခဲ့သူ တဦးအကြောင်းကို စိတ်ရှည်လက်ရှည် ပြောပြပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ပါဝင်သူတွေ အနက် သူဟာ အတွေ့အကြုံ အရှိဆုံးသူလို့ ပြောရရင်လည်း မှားမယ် မထင်ပါ။

' တက္ကသိုလ်ကျောင်းသား ခေတ်ပညာတတ် တယောက်အနေနဲ့ ဘ၀ ရဲ့ ၃ ပုံ ၂ ပုံလောက် နှစ် ၆ဝ ကျော်လောက်ကို အခု လိုအသက် ၈ဝ ကျော်တဲ့ အချိန် လက်နက်ကိုင် တော်လှန်ရေး နယ်မြေထဲမှာ တောက်လျှောက် ကုန်ဆုံးနေသူဖြစ်လို့ သံမဏိ စိတ်ဓာတ်ရှိတဲ့ သက်တော်ရှည် တော်လှန်ရေး သမားလို့လည်း သူ့ကို တင်စား ပြောမယ် ဆို ပြောလို့ရတယ်'လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ စိုင်းညွန့်လွင်က ပြောပါတယ်။

စိုင်းညွန့်လွင်ကပဲ ဆက်ပြီး ' ပညာတတ်တွေအနေနဲ့ နှစ်ပေါင်း ၆၀ ကျော်လောက် တောက်လျှောက် အဲလောက်တောထဲမှာ အချိန်အကြာ ကြီးနေဖို့ဆိုတာ တကယ်က မလွယ်ဘူး ' လို့ မှတ်ချက်ပြုပါတယ်။

ဦးစိုင်းညွန့်လွင် ညွှန်းဆိုတဲ့သူဆိုတာကတော့ တတိယနှစ် တက္ကသိုလ်ကျောင်းသားဘဝ အသက် ၂၂ နှစ်အရွယ် ၁၉၅၉ ခုနှစ်မှာ ရှမ်းလက်နက်ကိုင် နယ်မြေထဲကို စတင်ရောက်ရှိခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ SSPP/SSA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီးဆေထင်ကို ပြောတာပါ။

ဓာတ်ပုံ မူပိုင် Keystone
Image caption ရှမ်းလက်နက်ကိုင်တွေနဲ့ ဆွေးနွေးခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင်

(က) ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွေ့အကြုံ

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ၁၉၆၃ ခုနှစ် ဩဂုတ်လမှာ တော်လှန်ရေးကောင်စီ အစိုးရရဲ့ ဖိတ်ခေါ်မှုနဲ့ ဗကပ လို အယူအဆ ရေးရာအရ လက်နိုင်ကိုင် တိုက်ခိုက်တဲ့ အဖွဲ့အပါအဝင် အစိုးရနဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ရန်ကုန်မှာ လာရောက်ဆွေးနွေးဖို့ ဖြစ်လာခဲ့ပါတယ်။

အဲဒီတုန်းက ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော် ( SSIA ) ကတော့ ပြည်တွင်းမှာ လက်နက်ကိုင်နေတဲ့ အဖွဲ့ရှိသလို ကျယ်ပြောလှတဲ့ တရုတ်နယ်စပ်ကနေ ထိုင်းနယ်စပ် လောက်အထိ သူတို့တပ်တွေ ရှိနေတာပါ။

ဒါပေမယ့် ဆက်သွယ်ရေးစနစ်မကောင်းလှတဲ့အတွက် အဖွဲ့အတွင်း တပ်မဟာအလိုက် ကြိုတင်ညှိနှိုင်းနိုင်ခဲ့တာ မရှိဘဲ ရှမ်းပြည် တောထဲက လာတဲ့ SSIA ကိုယ်စားလှယ် အဖွဲ့နဲ့ ထိုင်းနယ်စပ်က တဆင့်လာတဲ့ ကိုယ်စားလှယ် အဖွဲ့ဆိုပြီး ရန်ကုန်ကို ကိုယ်စားလှယ် နှစ်ဖွဲ့ ခွဲရောက်လာဖို့ ဖြစ်လာခဲ့ပါတယ်။

တက္ကသိုလ် ကျောင်းသား လူငယ်တွေကိုပဲ စေလွှတ်လိုက်တဲ့ ရှမ်းပြည် တောထဲကလာတဲ့ SSIA ကိုယ်စားလှယ်အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းထားစဉ် ကွယ်လွန်ခဲ့ရတဲ့ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်ရဲ့ သားဖြစ်သူ စဝ်ဆေးဝိုင် (ခ) ယူဂျင်းသိုက်က ဦးဆောင်လာခဲ့တာဖြစ်ပြီး အဲဒီကိုယ်စားလှယ် အဖွဲ့မှာ အသက် ၂၆ နှစ်အရွယ်သာ ရှိသေးတဲ့ စဝ်ဆေထင်ဟာ အခြား ကိုယ်စားလှယ် (၂) ဦးနဲ့ အတူ ပါဝင် လာခဲ့တာပါ။

ထိုင်းဘက်က လာတဲ့ SSIA ကိုယ်စားလှယ်အဖွဲ့ကိုတော့ စိုင်းပန်က ဦးဆောင်ပါတယ်။

ဓာတ်ပုံ မူပိုင် Hsenpai News
Image caption စိုင်းလိတ်၊ စဝ်ဆေထင်နဲ့ စိုင်းထူး

ဒါပေမယ့် သူတို့နှစ်ဖွဲ့ဟာ သီးခြားစီတော့ အစိုးရနဲ့ ဆွေးနွေးကြတာမဟုတ်ဘဲ နှစ်ဖွဲ့ပေါင်းပြီးမှပဲ အစိုးရနဲ့ ဆွေးနွေးခဲ့ပါတယ်။ ကိုယ်စားလှယ် နှစ်ဖွဲ့ရဲ့ ဆွေးနွေးပွဲမှာ တင်ပြမယ့် နိုင်ငံရေးနောက်ခံ ရပ်တည်ချက်အရ လည်း အနည်းငယ်ကွာဟနေခဲ့တယ်လို့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စစ်ဆေးဝိုင်က သူရေးသားတဲ့ The Shan Of Burma စာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဖက်ဒရယ် အကြောင်းပြပြီး အာဏာသိမ်းခဲ့တာဖြစ်တဲ့အတွက် ဖက်ဒရယ်ကို ချက်ချင်းပြောလိုက်ရင် စိတ်ဆိုးဒေါသထွက်နေတဲ့ နွားရိုင်းအရှေ့မှာ အဝတ်စ အနီကိုပြပြီး သွားစမိသလို ပိုပြီး ဒေါသထွက်နိုင်တဲ့ အတွက် လို့ သူ့စာအုပ်မှာ ဖော်ပြထားခဲ့ပါတယ်။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးရတာဟာ အာဏာသိမ်းထားလို့ ပြည်တွင်းမှာ တဖြည်းဖြည်းကြီးထွားလာနေတဲ့ ပြည်သူတွေရဲ့ စစ်တပ်ဆန့်ကျင်ရေး စိတ်ဓာတ်ကို ကျောသပ်ချော့ပေးနိုင်ဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အပြကောင်းစေအောင် ဆွေးနွေးစားပွဲကို ခေါ်တာဖြစ်တယ်လို့ ယူဂျင်းသိုက် ( စဝ်ဆေဝိုင် ) တို့ ပညာတတ် ရှမ်းလူငယ် ကိုယ်စားလှယ်အဖွဲ့က ယူဆခဲ့ပါတယ်။

သူကတော့ အပစ်ရပ်ရေးအရင်လုပ် အပစ်ရပ်ရေးကြာနိုင်သမျှ ကြာအောင်လုပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲကတဆင့် ဖက်ဒရယ်ဆိုတာမျိုး ဖြည်းဖြည်းချင်းသွားနိုင်အောင် စည်းရုံးညှိနှိုင်းယူတာမျိုးကို လိုလား ပါတယ်။ ဒါပေမယ့် ထိုင်းနယ်စပ်က လာတဲ့အဖွဲ့ရဲ့ ခေါင်းဆောင် စိုင်းပန်ကတော့ ဗိုလ်နေဝင်းအနေနဲ့ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲခေါ်ရတာဟာ ဗမာ့တပ်မတော် အနေနဲ့ ပြိုလဲကျခါနီးဖြစ်လို့ ဆိုတဲ့ အယူအဆနဲ့အတူ ကိုယ်တောင်းနိုင်သမျှကို အကုန်တောင်းဖို့ ကိုယ့်ကစားမယ့် ဖဲကတ်တွေကို အကုန်ချပြ တခါတည်းတောင်းဆိုခဲ့ဖို့ ဆိုတာမျိုး အယူအဆနဲ့ပါ။

နောက်ဆုံးနှစ်ဖွဲ့စုပြီး သွားဆွေးနွေးဖို့ သဘောတူခဲ့ကာ တော်လှန်ရေးကောင်စီနဲ့ ဆွေးနွေးဖို့ ဖြစ်လာပါတယ်။

' ပထမ ရောက်ရောက်ချင်း ဦးနေဝင်းက နံပါတ် ၁၄၊ အင်းယားလမ်းမှာ ညစာကျွေးပြီး ကျွန်တော်တို့နဲ့တွေ့တော့ ၁၉၆၂ အာဏာသိမ်းရတာတွေနဲ့ ဖြစ်ရတဲ့ ပြဿနာတွေက စော်ဘွားတွေကြောင့် ဆိုပြီး အပြစ် ပုံချတာပေါ့နော်။ ကျွန်တော်မှတ်မိတာပေါ့နော်။ ကျွန်တော်တို့ကို ကြိုဆိုကြောင်းပြောတယ်။ နည်းနည်းပါးပါး ပြောပြီး ထမင်းစားတယ် ' လို့ စဝ်ဆေထင်က အဲတုန်းက သူတွေ့ခဲ့ရတဲ့ အတွေ့အကြုံ ကို ပြန်ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Wone Tiger
Image caption နွံစစ်ဟန်ခေါင်းဆောင် စဝ်နွဲ့က SSA ထူထောင်ခဲ့

စဝ်ဆေထင်ကပဲ ဆက်ပြီး ' ရန်ကုန်ရောက်တော့ ကျိုက္ကဆံမှာတည်းတယ်။ သတင်းစာရှင်းလင်းပွဲလုပ်တာ ပြည်လမ်းမှာလုပ်တယ်။ ဆွေးနွေးပွဲက ၁၄ အင်းယားမှာ။ ဗိုလ်မှူးကြီးလှဟန်က ကျန်းမာရေး ဝန်ကြီးထင်တယ် အဲဒီတုန်းက၊ ဗိုလ်မှူးကြီးစောမြင့်ကတော့ ပြန်ကြားရေးနဲ့ တူတယ်။ သူတို့နှစ်ယောက်နဲ့ အဓိက ဆွေးနွေးတာပေါ့ ' လို့ လွန်ခဲ့တဲ့ ၅၆ နှစ်က မြင်ကွင်းကို ပြန်ပြောပြပါတယ်။

ယူဂျင်းသိုက်ရဲ့ The Shan Of Burma မှတ်တမ်းစာအုပ်ထဲမှာတော့ ဗိုလ်ချုပ်နေဝင်းက သူစကားပြောပြီးတာနဲ့ ခင်ဗျားတို့မှာ ဘာတင်ပြစရာပါလဲလို့ မေးတော့ တဖွဲ့တည်း စုဆွေးနွေးဖို့ သဘောတူ ထားခဲ့တဲ့ စိုင်းပန်က သူ့လက်ထဲက ဖက်ဒရယ်တောင်းဆိုတဲ့ စာတမ်းကို အမြန် စားပွဲပေါ်ကို ပစ်ချလိုက်တယ် ၊ ဒေါက်တာလှဟန်က စာတမ်းကို အမြန်ကောက်ယူဖတ်ပြီး ဗိုလ်ချုပ်နေဝင်း လက်ထဲ ထည့်လိုက်တယ်။ စာတမ်းကိုမြင်ရတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း မျက်နှာက ပြုံးရွှင်မှုတွေ ပျောက်ကွယ်သွားပြီး သုန်သုန်မှုန်မှုန်နဲ့ သူတို့ SSIA အုပ်စုတွေကို ကြည့်နေခဲ့တယ်လို့ ရေးသား ထားပါတယ်။

ယူဂျင်းသိုက်ကတော့ သူတို့အနေနဲ့ တပ်ဖွဲ့တွင်းမှာ သေချာမဆွေးနွေးရသေးကြောင်းသာ ပြောခဲ့ပြီး ပြေလည်ရာပြေလည်ကြောင်းကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲဆက်လုပ်ရာမှာတော့ ဒေါက်တာလှဟန်က ' ဖက်ဒရယ်ကော ခွဲထွက်ရေးကော လက်မခံနိုင်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံးဟာ တော်လှန်ရေးကောင်စီရဲ့ ဦးဆောင်မှု နောက်မှာသာ နေရမှာဖြစ်တဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ယူဂျင်းသိုက်ရဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။

'ကျွန်တော်တို့က စုစုပေါင်း သုံးချက်တင်တယ်။ ဖက်ဒရယ်အပါအဝင်ပေါ့။ သူတို့ကလည်း မပေးနိုင်ဘူး။ ၁၉၆၂ ခုနှစ်မှာ ဖက်ဒရယ်ကြောင့် အာဏာသိမ်းတယ်လေ။ သူတို့အစိုးရ လက်အောက်မှာနေဖို့ ပြောတယ်။ ကျွန်တော်တို့လည်း နေလို့ မဖြစ်နိုင်ဘူးလေ' ဆိုပြီး ဘာကြောင့် ၁၉၆၃ ဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ရသလဲ ဆိုတဲ့ အကြောင်းကို စဝ်ဆေထင်က ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Authenticated News
Image caption မြန်မာနဲ့တွဲပြီး ရှမ်းတွေ လွတ်လပ်ရေးယူခဲ့

(ခ) ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေးထဲ ရောက်လာသလဲ

ငယ်နာမည် စိုင်းကျော်စိန်လို့ နာမည်ရတဲ့ စဝ်ဆေထင်ဟာ သိန္နီနယ်သား တဦးဖြစ်ပြီး မွေးချင်း ငါးဦးအနက် အကြီးဆုံးသားလည်းဖြစ်ပါတယ်။ ၈ တန်း တက်တော့ အဘိုးအဘွားတွေရှိတဲ့ သီပေါမှာ ပြောင်းနေခဲ့ပါတယ်။ပညာတတ်ဖြစ်အောင်လုပ်မယ် အရာရှိဖြစ်အောင်လုပ်မယ်ဆိုတဲ့ အတွေးနဲ့ ကြိုးစားခဲ့လို့ ၁၉၅၆ ခုနှစ်မှာ အထက်တန်းကို အောင်မြင်ခဲ့ပါတယ်။ ထူးချွန်သူဖြစ်လို့ သူ တက္ကသိုလ် ဆက်နေနိုင်ဖို့အတွက် သီပေါစော်ဘွား စဝ်ကြာဆိုင်က တနှစ်ကို ငွေကျပ် ၆၀ ကျောင်းစရိတ် ထောက်ပံ့ပေးခဲ့ပါတယ်။

' သီပေါစော်ဘွား ( စဝ်ကြာဆိုင် )က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်တယ်။ သူကလည်း အမေရိကားမှာ သတ္တုအင်ဂျင်နီယာဘွဲ့ ယူတယ်၊ အဲဘာသာရပ်နဲ့ပဲ သူ့အမျိုးသမီးနဲ့ တွေ့တယ်။ သီပေါမှာ စက်တွေ ဘာတွေနဲ့ သူထွန်တဲ့ စက်မှု လယ်ယာ စနစ်တွေလုပ်တယ်။ အဲဒါလည်း သူထဲထဲဝင်ဝင် လက်ဆုပ်လက်ကိုင်ပြနိုင်အောင် ဒီမိုကရေစီအရ အောင်မြင်အောင်တော့ မလုပ်နိုင်ခဲ့ပေမယ့် အမေရိကားမှာ စာသွားသင်ခဲ့တော့ ရှမ်းပြည်ကို ဒီမိုကရေစီ စနစ် ကျင့်သုံးတဲ့ ဒေသအဖြစ် သူဖြစ်စေချင်ခဲ့တယ်' လို့ စစ်အာဏာသိမ်းတဲ့နေ့မှာ စစ်တပ်က ခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး ယနေ့အချိန်အထိ ပြန်မတွေ့ ရတော့တဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင် အကြောင်းကို ပြန်ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Jean-Michel COUREAU
Image caption စော်ဘွားပျောက်သွားတဲ့ သီပေါဟော်

တက္ကသိုလ်တက်ဖို့ သွားတုန်းက ပညာတတ်ကြီးဖြစ်အောင်ဆိုပြီး ရည်ရွယ်ခဲ့တဲ့အတွက် တနှစ်တတန်းအောင်မြင်အောင် ကြိုးစားခဲ့ပေမယ့် သူ့ရည်မှန်းချက် ပြည့်မြောက်အောင်အထိ ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး။ အဲဒီလို မျက်နှာမပေးရတာ ငွေကြေး ကိစ္စကြောင့်တော့မဟုတ်။ သူ့ရဲ့ ဇာတိရပ်ရွာ ရှမ်းပြည်က အခြေအနေတွေကြောင့်ပါ။

' ကူမင်တန်တိုက်ဖို့အတွက် ရှမ်းပြည်ကို ပြည်မကတပ်တွေအများကြီး ရောက်လာတယ်။ ကူမင်တန်ကိုတော့ တိုက်ပေးပါရဲ့၊ ဒေသခံတွေကို ပေါ်တာဆွဲတယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေ ရှိတယ်။ နောက်ပိုင်းမှာတော့ ရှမ်းပြည်စစ်အုပ်ချုပ်ရေးလုပ်၊ တပ်တွေက မပြန်တော့တဲ့အပြင် ဒေသတွင်း ရှိနေတဲ့ အုပ်ချုပ်ရေးပါ ဝင်စွက်လာတယ်လေ' လို့ စဝ်ဆေထင်က ပြန်ပြောပြပါတယ်။

' ပင်လုံကတိကဝတ်တွေကလည်း ဆယ်နှစ် ပြည့်ခါနီးအချိန်အထိ ဘာမှ မရတဲ့ကိစ္စတွေလည်းဖြစ်၊ စော်ဘွားတွေကို ဖိအားပေးဝင်စွက်တာတွေလည်းဖြစ်လာ ၊ ၁၉၅၉ အိမ်စောင့်အစိုးရတက်တော့ စော်ဘွားတွေဆီက လက်နက်သိမ်းတဲ့အပြင် ခြေဥ အခန်း ၁ဝ ကိုလည်း ဖျက်ဖို့ လုပ်လာတယ်လေ။ ကျွန်တော်တို့လည်း သိတော့ သွေးဆူကြတာပေါ့နော် ' လို့ သူက တောခိုဖို့ ဖန်လာရတဲ့ အကြောင်းရင်း တွေကို ပြန်ပြောင်းပြောပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption ခွဲထွက်ခွင့် ကတိပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၇ ခုနှစ် ခြေဥ အခန်း ၁ဝ ဆိုတာက တကယ်လို့ ၁ဝ နှစ် ပေါင်းကြည့်ပြီးလို့မှ စိတ်ကျေနပ်မှု မရှိဘူးဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကတိအရ ပေးထားတဲ့ ခွဲထွက်လိုက ခွဲထွက်ခွင့်ကို ဆိုလိုတာပါ။

ဒါပေမယ့် ရှမ်းတော်လှန်ရေးစတဲ့ ၁၉၅၈ ခုနှစ် မေလ သူ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဘဝမှာတော့ တော်လှန်ရေးထဲ သူမဝင်ခဲ့ပါဘူး။ ဒါပေမယ့် ရန်ကုန်ရောက် ရှမ်းကျောင်းသားတွေရဲ့ လှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီခေတ်က နာမည်ကျော်ခဲ့တဲ့ ကျားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ အနက် တဦးအဖြစ် အသက် ၂၁ နှစ်အရွယ် စိုင်းကျော်စိန်ဟာ ပါဝင်ခဲ့ပါတယ်။

စမ်းချောင်းဗားကရာက ရှမ်းဘုန်းကြီးတပါးကနေ အမျိုးသားရေးအတွက် လုပ်မယ့် ရှမ်းလူငယ် ကျောင်းသားတွေအတွက် မင်ကြောင်ထိုးတဲ့ စုပ် နဲ့ ကျား တံဆိပ်တွေထိုး ၊ ငါးပါးသီလထဲက အနည်းဆုံး သီလတပါး စောင့်ထိန်းစေပြီး အမျိုးသားရေး လှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်စေတဲ့ လှုပ်ရှားမှုကို ကျား လှုပ်ရှားမှုလို့ ဆိုလိုတာပါ။

နောင်မှာ SSA ခေါင်းဆောင်တွေဖြစ်လာမယ့် ခွန်ကြာနု ၊ စဝ်ခေးတိုင်း ၊ သမိုင်းပညာရှင် ဖြစ်လာမယ့် စိုင်းအောင်ထွန်းအပါအဝင် လူငယ် ၃ဝ လောက် ဖက်ဒရယ်အရေးကို ဦးတည်တဲ့ ကျား လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ပါဝင်ပြီးနောက် သူ့အမည်ကိုလည်း စဝ်ဆေထင် လို့ အမည်ပြောင်းခဲ့တာပါ။ ဒါပေမယ့် ၁၉၅၉ မှာတော့ သူ့ရဲ့ ကျောင်းသားဘဝကို ဆုံးခန်းတိုင်စေခဲ့ပြီး နွံစစ်ဟန် ရှမ်းတော်လှန်ရေးအဖွဲ့နဲ့ ပူးပေါင်းဖို့ ရှမ်းပြည်ဘက်ကို သူထွက်ခွာ လာပါတော့တယ်။

ဓာတ်ပုံ မူပိုင် Keystone
Image caption လွတ်လပ်ရေးယူချိန်က သမ္မတ စဝ်ရွှေသိုက်

(ဂ) သူပုန်ဘဝနဲ့ သမ္မတဟောင်း အိမ်မှာ တည်းခဲ့သူ

၁၉၅၉ နှစ်ဆန်းပိုင်းမှာ တောခိုသွားတဲ့ ဆေထင်ဟာ ၁၉၅၉ နှစ်ကုန်ပိုင်းမှာတော့ ကေအန်ယူနယ်က အစည်းအဝေး တရပ်ကို သွားတက်ရင်း ရန်ကုန်ကို ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ SSIA အဖွဲ့ စဖွဲ့ချိန်ပါ။ သမ္မတဟောင်း စဝ်ရွှေသိုက်ရဲ့ သားဖြစ်သူနဲ့ ရန်ကုန်ကို လမ်းကြုံလို့ ပြန်လိုက်လာသူ ဆေထင်ဟာ သူ့သူငယ်ချင်းလည်းဖြစ်တဲ့ စဝ်ဆေဝိုင် ခေါ် ယူဂျင်းသိုက် နေတဲ့ ကုက္ကိုင်း ( ယခုခေတ် ဆရာစံ လမ်းထောင့် ပုလဲကွန်ဒိုနေရာ ) က စဝ်ရွှေသိုက်ရဲ့ နေအိမ်မှာ လိုက်တည်းခိုခဲ့ပါတယ်။ ဝင်းခြံက ကြီးလွန်းတဲ့အတွက် သမ္မတဟောင်းအနေနဲ့ သူ့သားအခန်းထဲမှာ သူပုန်တယောက် လာတည်းခို နေတာကို မသိခဲ့ပါ။

သူရောက်နေတဲ့အချိန်မှာပဲ သီပေါစော်ဘွားကလည်း စဝ်ရွှေသိုက်အိမ်မှာ ရန်ကုန်ရောက်ရင်း လာတည်းတဲ့အချိန်နဲ့ တိုးမိပါတော့တယ်။

' မနက်စောစော သူကော်ဖီသောက်တဲ့အချိန်မှာ ထမင်းစားခန်းထဲကို နောက်ဖေးကနေ ဝင်ပြီး စဝ်ကြာဆိုင်ကို သွားတွေ့တယ်။ သူက တခွန်းတည်း ပြောတယ် I'm under Oath ဆိုပြီးတော့ပဲ။ ကျမ်းကျိန်ထားတယ်၊ နိုင်ငံတော်ကို သစ္စာဖောက်လို့မရဘူး။ နိုင်ငံတော် ပုန်ကန်နေသူတွေကို အားပေးအားမြှောက်လုပ်လို့ မရဘူးလို့ သူက ပြောတယ် ' လို့ စဝ်ဆေထင်က သူသူပုန်ဘဝမှာ သီပေါစော်ဘွားနဲ့ သွားတွေ့ဖြစ်ပုံကို ပြန်ပြောင်းပြောပြပါတယ်။

'စဝ်ရွှေသိုက် အိမ်မှာ တည်းခဲ့ပေမယ့် စဝ်ရွှေသိုက် အနေနဲ့ ရှမ်းအမျိုးသားရေးအခြေခံ လက်နက်ကိုင် လှုပ်ရှားမှုကို ဘယ်လို သဘောထားရှိလဲဆိုတာ သူနဲ့ မတွေ့လိုက်ရလို့ မမေးဖြစ်ခဲ့ဘူး၊ သူနဲ့ ကျွန်တော်က လက်ပွန်းတသီးမရှိဘူး ' လို့ စဝ်ဆေထင်က ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရန်ကုန်ခရီးစဉ်အတွင်းမှာ ကျိုင်းတုံစော်ဘွားနဲ့လည်းတွေ့ခွင့်ရခဲ့ပါတယ်။

သမ္မတဟောင်းအိမ်ဝင်းက ကျယ်တဲ့အပြင် ထောက်လှမ်းရေးတွေအနေနဲ့ သူ တောခိုတာ သိပေမယ့် အဲလို နေရာမှာ လာတည်းလိမ့်မယ်ဆိုတာ မထင်ထားတဲ့အတွက် သူပုန်ဘဝ ပထမဆုံး ရန်ကုန်ခရီးစဉ်မှာ အဖမ်းမခံရခဲ့တာ ဖြစ်လိမ့်မယ်လို့ သူက တွက်ဆ ပြောဆိုပါတယ်။

ဓာတ်ပုံ မူပိုင် SSPP info
Image caption ထောင်ကလွတ်ပြီးနောက် ဝမ်ဟိုင်းဌာနချုပ် ပြန်ရောက်

(ဃ) မိတ်ဆွေဟောင်း လော်စစ်ဟန် ၊ ခင်ခဲ့ဖူးတဲ့ ဗိုလ်ခင်ညွန့် နဲ့ အတူ ကြိုးပမ်း

၁၉၆၃ ဆွေးနွေးပွဲပျက်ပြီးနောက် တောထဲပြန်ရောက်ခဲ့ပြီးတော့ ၁၉၆၄ ခုနှစ်မှာ ပြန့်ကျဲနေတဲ့ ရှမ်းလက်နက်ကိုင်တွေကို စုပေါင်းတည်ထောင်တဲ့ ရှမ်းပြည်တပ်မတော် SSA မှာ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ SSA ရဲ့ နိုင်ငံရေးပါတီအဖြစ် SSPP ရှမ်းပြည်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ပါတယ်။ SSA အဖွဲ့ကနေ ဗိုလ်မိုးဟိန်း ဦးဆောင်တဲ့ အဖွဲ့ခွဲထွက်ပြီး SURA အဖြစ်ရပ်တည်ချိန်မှာလည်း သူက SSA မှာ ဆက်ရှိခဲ့တာပါ။ အဲဒီကာလတွေမှာ SSA ဟာ အရှေ့မြောက်ဒေသ ရောက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မဟာမိတ်အဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဦးနေဝင်းလက်ထက် ၁၉၈ဝ ပြည့်လွန်နှစ်တွေက ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာတော့ SSPP/SSA ဖိတ်ကြားမခံရပါ။ ကေအိုင်အေ ၊ ဗကပ တို့နဲ့သာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံအပြီး နောက်တနှစ် ၁၉၈၉ ခုနှစ်မှာတော့ ဗကပ လက်အောက်မှာ ရှိတဲ့ ဗကပ လက်အောက်မှာ ရှိတဲ့ ကိုးကန့် ၊ ၀ ပုန်ကန်မှုကတဆင့် ဗကပ ပြိုကွဲခဲ့ပါတယ်။ ဗကပ ပြိုတော့ မြောက်ပိုင်းမှာ ကျန်ခဲ့တဲ့ တိုင်းရင်းသားမဟာမိတ်တွေအနေနဲ့ စစ်အစိုးရကို ဆက်တိုက်ရမလား ၊ မတိုက်ရဘူးလား ကိစ္စဖြစ်နေချိန်မှာ သံလွင် အရှေ့ဘက်ကမ်းမှာရှိတဲ့ ဝ ၊ ကိုးကန့် ၊ တပ်ဖွဲ့တွေဟာ စစ်အစိုးရနဲ့ အပစ်ရပ်စဲရေးလုပ်လိုက်ကြပါတယ်။ သံလွင်မြစ်အနောက်ဘက်ခြမ်း ရှမ်းမြို့ရွာတွေ ဘက်မှာ လှုပ်ရှားနေတဲ့ SSA အဖို့ သီးခြားရပ်တည်ရသလို ဖြစ်လာပြီး ရှမ်း+ အာခါ ပူးပေါင်း အဖွဲ့ ဖြစ်တဲ့ မိုင်းလားအဖွဲ့ကပါ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ၁၉၈၉ ဇွန်လမှာ အပစ်ရပ်သွားချိန်မှာတော့ SSA အဖို့ တဖွဲ့တည်းကျန်သလို ဖြစ်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် HOANG DINH NAM
Image caption ၁၉၈၉ မှာ လူမျိုးစုတပ်တွေနဲ့ အပစ်ရပ်စဲရေး ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်

' ကျွန်တော်တို့ချည်း သီးသန့်လိုဖြစ်နေချိန်မှာ ကိုးကန့် အဖွဲ့ကို ဝင်ညှိပေးသလိုပဲ တချိန်က ကျွန်တော်တို့ SSA ထဲမှာ ခဏနေဖူးတဲ့ ကိုးကန့် ကာကွယ်ရေးတပ်ခေါင်းဆောင်ဟောင်း လော်စစ်ဟန်ကို ဗိုလ်ခင်ညွန့်က ကြားဝင်ညှိနှိုင်းပေးဖို့ ကျွန်တော်တို့ဆီ လွှတ်လိုက်တယ်။ အပစ်ရပ်ပြီး ကိုယ့်နယ်မှာ ကိုယ်နေ သေနတ်ကိုင်ထား ဆက်ဆွေးနွေးကြမယ်ဆိုတာ နဲ့ ကျွန်တော်တို့လည်း မဟာမိတ်တွေလည်း အပစ်ရပ်ကုန်ပြီ ဆိုတော့ အပစ်ရပ်ခဲ့တာ ' လို့ စဝ်ဆေထင်က စစ်အစိုးရနဲ့ SSA အပစ်ရပ်ခဲ့ချိန်အကြောင်းကို ပြောပြပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ နာမည်ကြီးခဲ့တဲ့ လောစစ်ဟန်ဟာ ကိုးကန့်ကာကွယ်ရေးတပ်က ဆိုပေမယ့် သူတို့တပ်ဖွဲ့တွေကို ဖျက်သိမ်းဖို့ ဦးနေဝင်းအစိုးရက ဖိအားပေးချိန်မှာ SSA နဲ့ ပူးပေါင်းခဲ့ပြီး အဲတုန်းက SSA ထိန်းချုပ်ထားတဲ့ ဟိုမိန်းကနေ ထိုင်းဘက်ကို အသွားမှာ ထိုင်း စစ်တပ်ရဲ့ ဖမ်းဆီးမှု ခံရကာ ဦးနေဝင်းလက်ထဲ ထိုင်းက ပြန်လည် လွှဲပြောင်းပေးခဲ့ရသူလည်းဖြစ်ပါတယ်။

စစ်အစိုးရနဲ့ အပစ်ရပ်ချိန်မှာတော့ SSA ခေါင်းဆောင်အဖြစ် သူရောက်ရှိနေခဲ့ပါပြီ။ သူ အပစ်ရပ်ဖို့ ဆုံးဖြတ်တဲ့ အကြောင်းအရင်းတွေထဲမှာ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တောထဲကနေ လွိုင်လင်မြို့ကို လာခဲ့ချိန်မှာ လာကြိုတဲ့ တပ်မတော်ရှိတွေအနက် ဗိုလ်ခင်ညွန့်လည်း ပါခဲ့ပြီး အဲဒီ ခင်မင်ခဲ့မှုကြောင့်လည်း ပါကောင်းပါနိုင်တယ်လို့ ရှမ်း အသိုင်းအဝိုင်းက ဆိုကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ဆေထင်ရဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါ။

' ကြံခိုင်ရေးနဲ့စစ်တပ်က ၂ဝဝ၈ အခြေခံ ဥပဒေပေါ်ဖို့ ဦးဆောင်ပြီးလုပ်သွားတာ။ ကျန်တဲ့တိုင်းရင်းသားတွေဆိုတာက နာမည်ပဲရှိတယ်။ ပြောပြီဆို ဗိုလ်ချုပ်ကြီးခင်ညွန်က ကျွန်တော်တို့ ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်က တန်းတူရေး လိုကိစ္စတွေ တင်ပြတော့ ဟောက်လိုက်သေးတယ်၊ အဲလိုအခြေအနေတွေပေါ့။ ပြောရရင် အမျိုးသားညီလာခံက သူတို့ဖြစ်ချင်တာ သူတို့လုပ်ချင်တာတွေကို လုပ်သွားကြ တာပဲ။ ဒါကြောင့်အဲ့ဒါတွေက ပြည်သူဆန္ဒမပါဘူး။ နောက်မှ တက်လာတဲ့ အရပ်သားအစိုးရနဲ့ ဆွေးနွေးဆိုတာတွေ ဖြစ်ကုန်တယ်လေ' လို့ လက်ရှိ SSPP/SSA မှာ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းနေ တဲ့ စဝ်ခွန်ဆိုင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SSPP info
Image caption ခွန်ဆာ MTA က ခွဲထွက်တဲ့ ကျောက်ကန်းယွက် ရဲ့ SSNA တပ်ဖွဲ့ နဲ့အတူ

ဒါပေမယ့် ငြိမ်းချမ်းရေးကို လိုလားသူပီပီ တခြားအင်အားစုတွေ ပါတီတွေနဲ့ ပေါင်းစည်းဆောင်ရွက်ရမယ့် နည်းလမ်းတွေကို အမြဲရှာနေခဲ့ပါတယ်။ ဒါတောင် အမျိုးသား ညီလာခံတက်တဲ့ လက်နက်ကိုင် တွေ အနေနဲ့ ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေနဲ့ မဆက်သွယ်ရ ဆိုတဲ့ လက်မှတ်ထိုးထားရတာပါ။ ၁၉၉၆ ခုနှစ်မှာတော့ ရှမ်းလက်နက်ကိုင် SSA ၊ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ရှမ်းပါတီ SNLD တို့ကို အခြေပြုပြီး ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC ကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီပူးပေါင်းဆောင်ရွက်မှုတွေကပဲ ဗိုလ်ချုပ်ဆေထင် နရသိန်မှာ စံမြန်းရဖို့ အစပျိုးမှုဖြစ်စေခဲ့ပါတယ်။ SSJAC မှာ ဦးဆောင်သူအဖြစ် ပါဝင်ခဲ့တဲ့ SNLD ကျားခေါင်းပါတီဟာ ၂၀၀၄ ခုနှစ်မှာ ပြန်စတဲ့ အမျိုးသား ညီလာခံကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ် မှာ ရှမ်းပြည်က အပစ်ရပ်စဲထားတဲ့ SSA အပါအဝင် SNLD လို ပါတီလည်းပါဝင်ကာ ပင်လုံ စာချုပ် လက်မှတ်ထိုးရေး ကမကထ လုပ်ခဲ့တဲ့ ရှမ်းပြည် လွတ်လပ်ရေး အဖွဲ့ဝင်ဟောင်းတွေ ၊ ရှမ်းပြည်မျိုးဆက်သစ် အင်အားစုတို့လို အသင်းအဖွဲ့တွေနဲ့ ပြည်မက နိုင်ငံရေးအင်အားစုအချို့ပါဝင်တဲ့ အစည်းအဝေးတရပ်ကို ဖေဖော်ဝါရီ ၇ ရက်နေ့ ရှမ်းပြည်အမျိုးသားနေ့မှာ ကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးပြီးချိန်မှာတော့ ဆွေးနွေးပွဲရဲ့ အဓိက ကျသူတွေကို စစ်အစိုးရက ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

' ခွန်ထွန်းဦးတို့ကိုက ရန်ကုန်အပြန်လမ်းမှာ ဖမ်းတာ။ ကျွန်တော့်ကိုကတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဖမ်းတယ်၊ လူကွဲသွားမှ ဖမ်းတဲ့ သဘောပါပဲ။ အဓိကကတော့ ရှမ်းတွေ စုစည်းဖို့ လုပ်တာ မကြိုက်တဲ့ သဘောပေါ့ဗျာ ' လို့ အခု SSPP/SSA ရဲ့ နာယက အဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဆေထင်က ပြန်ပြောပြပါတယ်။

သူကိုယ်တိုင်ကတော့ ထောင်ဒဏ် ၁ဝ၆ နှစ်ချမှတ်ခံရသလို SNLD ခေါင်းဆောင် ခွန်ထွန်းဦးကို ၉၃ နှစ် ၊ စိုင်းညွန့်လွင်ကို ၈၅ နှစ် ၊ စိုင်းလှအောင်ကို ၆၃ နှစ် ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် SSPP info

(င) ဘာကြောင့် တော်လှန်ရေးနယ်ထဲ ပြန်လာခဲ့သလဲ

ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့အတွက် အမျိုးသားညီလာခံတက်နေတဲ့ SSA တာဝန်ရှိသူတွေဟာ အစည်းအဝေးကနေ ခေတ္တ အစည်းအဝေး မတက်တော့တာတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ညီလာခံ ကျင်းပရေး ဥက္ကဋ္ဌ ဦးသိန်းစိန်ရဲ့ ဖျောင်းဖျမှုကြောင့် ဒုတိယ ဥက္ကဋ္ဌ စဝ်ကိုင်ဖ ဦးဆောင်တဲ့ ကိုယ်စားလှယ်အချို့သာ ညီလာခံပြီးဆုံးတဲ့အထိ ဆက်တက်ခဲ့တာပါ။

' ခေါင်းဆောင် အဖမ်းခံရတာတောင် ကျွန်တော်တို့ ဆက်တက်ခဲ့တာ ငြိမ်းချမ်းရေး လိုလားမှုကိုပြတာပဲ။ ဒါပေမယ့် သူတို့က နိုင်ငံရေးဆွေးနွေးဖို့နေက်တက်လာတဲ့ အစိုးရနဲ့ ဆွေးနွေးဆိုတာ လုပ်တဲ့အပြင် ပြည်သူ့စစ် နယ်ခြားစောင့် အသွင်ပြောင်းခိုင်းဖို့ လုပ်လာတယ် အဲဒါတွေက တကျော့ပြန်တိုက်ပွဲတွေ ဖြစ်စေခဲ့တာပါပဲ။ ' လို့ လက်ရှိ SSPP/SSA ဒုတိယ ဥက္ကဋ္ဌ စဝ်ခွန်ဆိုင်က ပြောပါတယ်။

ဗိုလ်ချုပ်ဆေထင်ဟာ ဖမ်းဆီးခံရပြီးနောက် ခန္တီး ၊ စစ်တွေ စသဖြင့် ထောင်တွေမှာ အကျဉ်းချခံခဲ့ရသလို အဲဒီထောင်တွေထဲမှာ အကျဉ်းချခံရစဉ်အတွင်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချ ခံထားရတဲ့ ပြည်မက နိုင်ငံရေး လှုပ်ရှားသူ အကျဉ်းသားတွေနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။

' အဘက ကျွန်တော်တို့ထက် ၄ လလောက်စောပြီးလွှတ်တယ်။ စစ်တွေထောင်မှာ အတူတူနေရတာ၊ အဘက စိတ်ဓာတ်မာကျောတယ်။ ကျွန်တော်တို့ကိုလည်း ပြတ်ပြတ်သားသားနေဖို့၊ နိုင်ငံရေး ယုံကြည်ချက် ရပ်တည်ချက်ကို မယိမ်းမယိုင်ကြဖို့ အမြဲမှာတယ်။ အဘ ထောင်ကလွတ်တော့ မြို့ပေါ်မှာ အေးဆေးမနေဘဲ တောထဲမှာ စစ်တိုက်နေတဲ့ သူ့တပ်ဖွဲ့ဆီ ပြန်သွားတာ ကျွန်တော်ကတော့ မအံ့ဩမိပါ ' လို့ ဗိုလ်ချုပ်ဆေထင်နဲ့အတူ စစ်တွေထောင်မှာ အတူကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်အောင်ကျော်က မှတ်ချက်ပြုပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption ဗိုလ်ချုပ်ဆေထင်နဲ့ ဦးအောင်မင်း

၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ဗိုလ်ချုပ်ဆေထင် ထောင်ကလွတ်ချိန်မှာ သမ္မတ ဦးသိန်းစိန်က လမ်းစရိတ်အဖြစ် ငွေ ၁၀ သိန်းပို့ပေးခဲ့ပြီး ရန်ကုန်လေဆိပ်အရောက်မှာတော့ သူ့ကို ဝန်ကြီးဦးအောင်မင်း အိမ်ကို ခေါ်သွားခဲ့ပါတယ်။

' ဦးအောင်မင်းအိမ်ရောက်တော့ ငြိမ်းချမ်းရေးကိုယ်စားလှယ်ဦးလှမောင်ရွှေတို့လည်းပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီး ပါတီထောင်မလား သို့မဟုတ် ငြိမ်းချမ်းရေးကိုယ်စားလှယ် လုပ်မလားပေါ့။ အစိုးရဘက် ကနေ သူတို့ကမ်းလှမ်းတယ်။ ၂၀၁၁ ခုနှစ် ဩဂုတ်လမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ဖိတ်ခေါ်ထားတယ်။ ကျွန်တော်ဘာမှလည်း သူတို့ကို မတုံ့ပြန်ခဲ့ဘူး။ ပြောဖို့လည်း မလိုဘူးနော့။ ' ဗိုလ်ချုပ်ကြီးဆေထင်က ထောင်က လွတ်စ အခြေအနေကိုပြန်ပြောပြပါတယ်။

၂၀၁၁ သူထောင်က လွတ်ချိန်မှာ တကယ်တမ်း သူ့အတွက် ရွေးချယ်စရာ နှစ်လမ်းရှိတာပါ။ ဒါကလည်း သူ့တပ်ဖွဲ့ SSPP/SSA ဟာ ၂၀၁၀ ခုနစ် ပြည်သူ့စစ် နယ်ခြားစောင့် ပြောင်းရေး အစီအစဉ်မှာ တပ်မဟာ ၂ ခုဟာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ပြီး တပ်မဟာ ၁ ဝမ်ဟိုင်းကသာ SSPP/SSA အမည်ကို ဆက်ခံယူကာ အသွင်ပြောင်းအစီအစဉ်ကို ဆန့်ကျင်ကာ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံခဲ့ တာကြောင့်ပါ။

ဒါပေမယ့် လားရှိုးမှာ ခေတ္တနားပြီးနောက် တိုက်ပွဲဖြစ်ပြီးစ တင်းမာမှုတွေ ရှိနေကာ စစ်တပ်က တပ်ရင်းအမြောက်အမြားနဲ့ ဝိုင်းထားတဲ့ SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းကို ထွက်ခွာလာခဲ့ပါတယ်။

' ကျွန်တော်တို့ မူရင်း ရည်ရွယ်ချက်ကလည်း ရှမ်းပြည်ကို လွတ်မြောက်ဖို့ လုပ်ဖို့ပဲ။ ဒီရည်ရွယ်ချက်အတွက်လုပ်လာတယ်။ သမိုင်းတလျှောက်သေသူလည်း အများကြီးပဲ။ ကိုယ့်ကိုကိုယ်လွတ်မြောက်ရေး လုပ်လိုက်ရင် ကျဆုံးရဲဘော်တွေအပေါ် သစ္စာဖောက်ရာကျလိမ့်မယ်လေ။ ရဲဘော်တွေလည်း ရာချီ ထောင်ချီ သေဆုံးခဲ့ပြီးပြီပဲ' ဆိုပြီး ၂၀၁၁ ခုနှစ်မှာ အသက် ၇၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ထောင်ထွက်တဦး အနေနဲ့ ဘာကြောင့် တောထဲကို ခြေဦးပြန်လှည့်ဖြစ်ခဲ့ရသလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။

အဲဒီနောက် လပိုင်းအကြာ SSPP/SSA နဲ့ အစိုးရအကြားပြုလုပ်တဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဗိုလ်ချုပ်ဆေထင်အနေနဲ့ SSPP နာယက အဖြစ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် 8888 Silver Jubilee
Image caption ရှစ်လေးလုံးငွေရတုကိုလာတဲ့ ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်

(စ) ဒေါ်အောင်ဆန်းစုကြည် နဲ့ NLDပါတီဝင်တွေရဲ့ ကန်တော့ခံလည်းဖြစ်ဖူး

ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ် အောင်ဆန်းသမီးအနေနဲ့ တိုင်းရင်းသား အခွင့်အရေးအတွက် ဆောင်ကြဉ်းပေးနိုင်ဖို့ မျှော်လင့်ဖူးသူထဲ တခါက သူလည်းပါခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးဆေထင်က ပြောပါတယ်။

၂၀၁၂ ခုနှစ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ သက်ကြီးနိုင်ငံရေးသမားများ ပူဇော်ကန်တော့ပွဲမှာ ဦးဝင်းတင် ၊ မွန်ခေါင်းဆောင်နိုင်ငွေသိမ်း အပါအဝင် အခြားနိုင်ငံရေးဝါရင့်ခေါင်းဆောင်အချို့နဲ့အတူ ဗိုလ်ချုပ်ကြီးဆေထင်ဟာ ကန်တော့ခံ ပုဂ္ဂိုလ်ထဲ ပါဝင်ခဲ့ပါတယ်။ ကန်တော့ပွဲ ဂုဏ်ပြုအမှာစကားပြောကြားမှုမှာတော့ ' ဗိုလ်ချုပ်အောင်ဆန်းသမီးအနေနဲ့ ပင်လုံ ကတိကဝတ်တွေကို အကောင်ထည်ဖော်ဖို့ အတွက် ကြိုးစားဖို့ တာဝန်ရှိတဲ့အကြောင်း ထည့်ပြောခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲအချို့မှာလည်း ဆက်ပါခဲ့သလို ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းတွေ ပါတီတွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် The Hsenpai News
Image caption အသက် ၈ဝ ကျော်ထိ ငြိမ်းချမ်းရေးမှာ တက်ကြွစွာ ပါဝင်နေ

(ဆ ) ဘာကြောင့် အန်စီအေ မထိုး

ဒါပေမယ့် SSPP အနေနဲ့ကတော့ တဖွဲ့ချင်းအပစ်ရပ်စဲရေး စာချုပ်ချုပ်တဲ့ အခြေအနေလောက်သာရှိခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး စာချုပ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး မပါနိုင်ခဲ့တာကို အကြောင်းပြုပြီး လက်မှတ်မထိုးနိုင်ခဲ့ပါ။

သူတချိန်က မျှော်လင့်ဖူးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLDစိုးရ တက်လာပြီး ၃ နှစ်ခွဲကျော် ကြာလာတဲ့အထိ သူ့ တပ်ဖွဲ့ SSPP/SSA က အန်စီအေ လက်မှတ် မထိုးနိုင်ခဲ့ပါဘူး။

' အမှန်တော့ ဒေါ်စုက သူကိုယ်တိုင်လည်း ဦးသိန်းစိန် လက်ထက်က အန်စီအေ အလျင်စလို မလုပ်ဖို့ ပြောသလို သူလည်း ကြိုက်တဲ့ပုံမပေါ်ခဲ့ဘူး။ သူ့အစိုးရတက်လာပြီးချင်း ၂၀၁၆ မှာ ရန်ကုန် NRPC မှာ ထိပ်သီးဆွေးနွေးပွဲ လုပ်တော့ ကျွန်တော်လည်း ပါတယ်။ သူ့ အနေနဲ့ အရင်အစိုးရရဲ့ အမွေကို ဆက်ခံထားရတယ်လို့ပဲ ပြောတယ်။သူက ' လို့ ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေ သီးသန့် တွေ့ဆုံခဲ့မှုကို ပြန်ပြောပြပါတယ်။

ဗိုလ်ချုပ်ကြီး ဆေထင်ကပဲ ဆက်ပြီး " အခုက ကျန်တဲ့ ကိစ္စတွေ မှာဘယ်လောက်ပဲ ကွဲလွဲကွဲလွဲ တိုင်းရင်းသား ကိစ္စမှာ စစ်တပ်နဲ့ သူ ( ဒေါ်အောင်ဆန်းစုကြည် ) က လက်ပွန်းတတီး ဖြစ်နေတာပေါ့နော် ' လို့လည်း ညည်းတွားပြပါတယ်။

အချိန်ကန့်သတ်ပြီး ငြိမ်းချမ်းရေးကို အပြတ်ဖြတ်မယ်လို့ စီစဉ်တဲ့ အစိုးရနဲ့ တပ်မတော် ရဲ့ မူဝါဒတွေ ပြေလည် မပြေလည်လည် ဖက်ဒရယ်မူဘောင်တွေ အပြီးချမယ်၊ လက်နက်ကိုင် လုံခြုံရေး ပေါင်းစည်း ရေး တွေကို နိုင်ငံရေးမပြေလည်လည်း အချိန်သတ်မှတ်ပြီး လုပ်မယ်ဆိုတဲ့ ကိစ္စတွေက တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အခက်တွေ့စေတဲ့ အချက်တွေ ဖြစ်နေတယ်လို့ သူက ဆက်ပြော ပါတယ်။

ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption ဒေါ်စုရဲ့ မူဝါဒနောက်ကို ဆက်မလိုက်နိုင်တော့ဆို

၂ဝ၁၆ ခုနှစ်မှာ အဲဒီလို အခြေအနေကြုံရပေမယ့် အသက်အရွယ်ကြီးမြင့်လာပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဆေထင်ဟာ ဆွေးနွေးပွဲတွေ တက်ဖို့ စိတ်တော့ မပျက်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်လက်ထက် လုပ်ခဲ့တဲ့ ၂၁ ပင်လုံ ပထမ အကြိမ်နဲ့ တတိယ အကြိမ်တို့ကိုလည်း ဆက်တက်ခဲ့ပါသေးတယ်။

၂ဝ၁၈ ခုနှစ်က ကျင်းပတဲ့ ၂၁ ပင်လုံ တတိယအကြိမ် ကျင်းပချိန်မှာဆိုရင် အသက် ၈၁ နှစ် ရှိပြီဖြစ်ပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လာနေဆဲဖြစ်ပါတယ်။

အခုထိ ၂၁ ပင်လုံ စတုတ္တအကြိမ်ကို ဆက်မကျင်းပနိုင်တာ တနှစ်ကျော် ရှိပေမယ့် တိုင်းရင်းသားအဖွဲ့တွေအကြား လုပ်တဲ့ ပန်ဆန်း ၊ ချင်းမိုင် လိုနေရာက ဆွေးနွေးပွဲတွေ ရန်ကုန် ၊ တောင်ကြီးတို့မှာလုပ်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အလွတ်တွေ့ဆုံဆွေးနွေးပွဲတွေကိုတော့ အသက် ၈၂ နှစ် ကျော်ပြီ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဆေထင်ဟာ မမောနိုင် မပန်းနိုင် တက်ရောက်နေဆဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် အသက်အရွယ် မငဲ့ကွက် ကြိုးပမ်းနေပေမယ့် ဘာကြောင့် ငြိမ်းချမ်းရေး မရနိုင်သေးသလဲဆိုတဲ့ မေးခွန်းအပေါ် သူ့ အဖြေကတော့ ' ဘာကြောင့်မရလဲ ရှင်းရှင်း ပြောရရင် ၂ဝဝ၈ အခြေခံ ဥပဒေကို တန်းတူညီမျှမှု ရှိတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ဖွဲ့စည်းပုံအဖြစ် မပြောင်းနိုင်မချင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လည်း ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ဖျက်ပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံနဲ့ အစားမထိုးနိုင်သမျှ ငြိမ်းချမ်းရေးမဖြစ်ဘူး။ လောလောဆယ် အနေထားအရ ဖြစ်ဖို့ မလွယ်ဘူး ' ဆိုတာပဲ ဖြစ်ပါတယ်။

ဒီအတိုင်းသွားနေရင် ဒေါ်စုရဲ့ မူဝါဒနောက်ကို သူဆက်မလိုက်နိုင်တော့ဘူးလို့လည်း ဗိုလ်ချုပ်ဆေထင်က ပြောပါတယ်။