ရှေးခေတ်ပုဂံပြည်၊ မြန်မာတွေရဲ့ ဘုရားမြို့တော်

pagan ဓာတ်ပုံ မူပိုင် YE AUNG THU

ပုဂံကို မြန်မာ့ယဉ်ကျေးမှုရဲ့ ပုခက်လို့ သဘောထားကြပါတယ်။ အိန္ဒိယဆန်တဲ့ ဗိသုကာ စေတီပုထိုးတွေနဲ့ ထင်ရှားတဲ့ ပုဂံဟာ မြန်မာသမိုင်းမှာ ဂန္ထဝင်ခေတ်ကြီးတခေတ် ထွန်းကားခဲ့တဲ့ ကာလကို ပြန်ပြီး အမှတ်ရစေတဲ့ မြို့ဟောင်းကြီး ဖြစ်ပါတယ်။

အီတလီလူမျိုးတွေအတွက် ရောမ၊ ဂရိတွေအတွက် အေသင်၊ ခမာလူမျိုးတွေအတွက် အန်ကာ၊ ဂျပန်တွေအတွက် နာရာနဲ့ ကျိုတို၊ အင်ဒိုနီးရှားနဲ့ မလေးကျွန်းဆွယ်အတွက် သီရိဝိဇယ နိုင်ငံနဲ့ မြို့ပြ ယဉ်ကျေးမှုတွေဟာ ဂန္ထဝင်ခေတ်ကြီးတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် သရေခေတ္တရာ၊ သထုံနဲ့ ဝေသာလီ စတဲ့ ရှေးဟောင်းနိုင်ငံတွေ ရှိခဲ့ပေမယ့် ထုထည်နဲ့ အများဆုံးကျန်ခဲ့တဲ့ ရှေးဟောင်းနယ်မြေကတော့ ပုဂံ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption နှစ်တထောင်နီးပါး မပြောင်းလဲတဲ့ ရှုခင်း

ပဲခူး၊ အင်းဝ၊ အမရပူရနဲ့ မန္တလေး စတဲ့ နောက်ပိုင်းတည်တဲ့ မြို့တော်တွေမှာလည်း ပုဂံလို ထုထည်ကြီးတဲ့ အဆောက်အအုံ များများမရှိခဲ့ဘဲ ပုဂံနီးပါး ယှဉ်နိုင်တဲ့ မြောက်ဦးမှာတောင် ပုဂံလို ဘုရားစေတီ အရေအတွက် မပေါများပါဘူး။

နောက် ပုဂံရဲ့ အုပ်ချုပ်ရေး၊ ဘာသာရေး၊ လူမှုရေး၊ စာပေနဲ့ ယဉ်ကျေးမှုတွေဟာ နောက်ဆက်ခံတဲ့ မြန်မာမင်းဆက်တွေနဲ့ မွန်ရခိုင်မင်းဆက်တွေအတွက် အခြေခံလို ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း ပုဂံအကြောင်း လူအများသိတာနဲ့ ပညာရှင်တွေ လက်ခံထားတဲ့ကြားမှာ ကွာခြားချက်တွေ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း ပုဂံရာဇဝင်ကို တုတ်တမ်းဓားထမ်းပြီး ပြောရတယ်လို့ ဆိုရိုးရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် John S Lander
Image caption ပုဂံမြို့အဝင်က သရပါတံခါး

ပုဂံမင်းဆက် အငြင်းပွားမှု

ပုဂံပြည်ကို သမုဒ္ဒရာဇ်မင်းကနေ စောမွန်နစ်အထိ မင်းပေါင်း ၅၅ ဆက်အုပ်စိုးတယ်လို့ မြန်မာရာဇဝင်တွေက ရေးခဲ့ကြပါတယ်။

ဒါပေမဲ့ ကျောက်စာ အထောက်အထားအရ တွေ့ရတဲ့ မင်းဆက်တွေထဲမှာတော့ အနော်ရထာ ရှေ့က စောရဟန်နဲ့ ကြောင်ဖြူဆိုတဲ့ ဘုရင်နှစ်ပါးကိုပဲ တွေ့ရပါတယ်။

နောက် မင်းယဉ်နရသိင်္ခ မင်းဟာလည်း ကျောက်စာ အထောက်အထားအရ မရှိဘဲ နရသိင်္ဃဥစ္စနာနဲ့ မင်ယန် ဆိုတဲ့ နောက်ပိုင်း မင်းတပါး အမည်ကို ပေါင်းစပ်ထားတယ်လို့ ယူဆကြပါတယ်။

ပုဂံမြို့အဝင်မှာ ရှိတဲ့ သရပါတံခါးနဲ့ မြို့ရိုးကို အေဒီ ၉ ရာစုက ပျဉ်ပြားမင်းတည်တယ်လို့ ရေးစမှတ် ရှိခဲ့ပေမယ့် နောက်ပိုင်းတူးဖော်မှုတွေအရ မွန်ဂို မဝင်မီ ၁၃ ရာစုကမှ တည်ဆောက်တာလို့ တွေ့ရကြောင်း ဒေါက်တာသန်းထွန်း စတဲ့ သမိုင်းပညာရှင် တွေက ရေးသားပါတယ်။

ယုန်လွှတ်ကျွန်း၊ သီရိပစ္စယာ၊ ဖွားစော စတဲ့အရပ်တွေမှာ တည်ခဲ့တယ် ဆိုတဲ့ ပုဂံမြို့ဟောင်းတွေ တူးဖော်မှုလည်း သေချာ မဆောင်ရွက်ရသေးပါဘူး။ ပုဂံဟာ ပျူဂါမ ပျူရွာဆိုတဲ့ စကားက လာတယ် ဆိုသလို ပျူတွေ တည်ထောင်တာ လို့ပဲ သမိုင်းပညာရှင် ဒေါက်တာတိုးလှက ဆိုပါတယ်။

နောက်ထပ်ဝင်လာတဲ့ လူမျိုးအနွယ်ချင်းဆင်တဲ့ မြန်မာတွေနဲ့ ရောယှက်သွားတဲ့အတွက် ပျူတွေဟာ မြန်မာဖြစ်သွားပြီး ဒါဟာလည်း ဥရောပနဲ့ တခြားနိုင်ငံတွေမှာ လူမျိုးတွေ ပေါင်းသွားတဲ့ပုံစံမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption အနော်ရထာတည်ခဲ့တဲ့ ရွှေစည်းခုံစေတီ

ပြီးတော့ အရှေ့ဘက် ယူနန်နယ်မှာရှိတဲ့ နန်ချောင်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုရှိလို့ ပျူစောထီး၊ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊ ပိုက်သေဉ်လည်၊ သေဉ်လည်ကြောင်နဲ့ ကြောင်ဒူရစ်လို အဖအမည် နောက်ကဆက်တဲ့ နာမည်ပေးမှုကို မြန်မာရာဇဝင်တွေမှာ တွေ့ရတာ ဖြစ်ပါတယ်။

အခုထိ တရုတ်နယ်စပ်က ကချင်အနွယ် ရဝမ်လို လူမျိုးတချို့မှာ အဖအမည်ကို နောက်ကဆက်တဲ့ အမည်ပေးမှုမျိုး ရှိသေးတယ်လို့လည်း ဒေါက်တာတိုးလှက ပြောပါတယ်။

နောက် ပုဂံဟာ အနိရုဒ္ဓခေါ် အနော်ရထာလက်ထက်မှ နိုင်ငံအဆင့်ကို ရောက်လာပြီး ပဲခူး၊ တနင်္သာရီ စတဲ့ ပင်လယ်ဘက်ကို ချဲ့ထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခေတ်ကစပြီး အထောက်အထား မှတ်တမ်း တွေလည်း အသေအချာ စတွေ့လာပါတယ်။ ဒါကြောင့် အနော်ရထာမတိုင်ခင်က မင်းတွေဟာ ပြည်ကို ပိုင်တဲ့ မင်းအဆင့်လောက်ရှိပြီး အနော်ရထာနောက်ပိုင်းမှ နိုင်ငံကို အုပ်စိုးတဲ့ မင်းကြီးအဆင့်ကို ရောက်လာတာ ဖြစ်ပါတယ်။

အနော်ရထာနဲ့အတူ ကျန်စစ်သား၊ အလောင်းစည်သူခေါ် ပထမစည်သူ စတဲ့ ဘုရင်တွေကို မြန်မာတွေ အခုထိ သိကြသေးသလို ပုဂံပျက်ချိန်မှာ ဘုရင်ဖြစ်တဲ့ နရသီဟပတေ့ကိုလည်း တရုတ်ပြေးမင်းအဖြစ် လူပြောများပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption မန္တလေးအနီး တောင်ပြုန်းက ကောက်စိုက်သမများ

ပုဂံရာသီဥတု

ပုဂံမှာ ဘုရားတွေတည်လို့ တောပြုန်းပြီး ရာသီဥတုပူပြင်းတယ်လို့ ပြောကြပေမယ့် ရခိုင်ရိုးမအရှေ့ မိုးကွယ်ရာမှာ ရှိတဲ့ ပုဂံဒေသဟာ အစဉ်အလာအားဖြင့် ပူပြင်းတဲ့ ဒေသဖြစ်တယ်လို့ ပညာရှင်တွေက ယူဆပါတယ်။

ဒါပေမဲ့ ကျောက်ဆည်၊ မင်းဘူးနဲ့ မန္တလေးဒေသက ပို့တဲ့ ဆန်ရေစပါးကို အမှီပြုပြီး နိုင်ငံထူထောင်ခဲ့တာ ဖြစ်တယ်လို့လည်း မြန်မာသမိုင်း အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှက ဆိုပါတယ်။

အနော်ရထာခေတ် နိုင်ငံချဲ့ထွင်တာဟာ ခရီးထွက်ရင်း သစ္စာပေးပြီး မြို့ရွာသေးလေးတွေမှာ လူသူစည်းရုံးတဲ့ပုံစံ ပိုများတယ်လို့လည်း သူက ပြောပါတယ်။

ခြောက်သွေ့တဲ့ အညာဒေသကနေ ဘေးပတ်လည်ကို ချဲ့ထွင်ရင်း အင်အားကြီးလာတဲ့ မြန်မာတွေဟာ ပုဂံခေတ်ကစလို့ လူများစု ပုံစံဖြစ်လာပါတယ်။ ဒါပေမဲ့ တောင်ပေါ်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ မြန်မာတွေ ပြောင်းရွှေ့အခြေချတာကတော့ ရာစုတစု နှစ်စုပဲ ရှိပါသေးတယ်။

ရှမ်းနဲ့ရခိုင်

ရှမ်းယွန်းတွေ မရောစိမ့်သောငှာ ခံမြို့ ၄၃ မြို့ကို အရှေ့ဘက်တလွှားမှာ အနော်ရထာတည်ခဲ့တယ်ဆိုတာကလည်း ဒွာရာဝတီ မွန်နိုင်ငံကို ထိုင်းခေါ် ရှမ်းလူမျိုးတွေ သိမ်းပိုက်သွားတာမျိုး ရှိခဲ့တဲ့အတွက် အနော်ရထာနဲ့ ပုဂံမင်းတွေရဲ့ စိုးရိမ်မှု ရှိနိုင်ပါတယ်။

ရှမ်းလွှမ်းမိုးမှုကို တကယ်ကြုံရတာကတော့ ပုဂံနောက်ပိုင်း တည်ထောင်တဲ့ မင်းဆက်တွေ ဖြစ်ပါတယ်။ ဘုရင့်နောင်မတိုင်ခင် အညာမှာ မင်းပြုတဲ့ စစ်ကိုင်း၊ အင်းဝက ဘုရင်တွေဟာ မိုးကောင်း၊ မိုးညှင်း၊ အုန်းဘောင်သီပေါ စတဲ့ ရှမ်းမင်းတွေရဲ့ သြဇာကို မလှန်နိုင်အောင် ဖြစ်ခဲ့ပြီး မောပါနရသူဆိုတဲ့ အမည်နဲ့ ဘုရင်ရှိခဲ့သလို သိုဟန်ဘွား၊ မိုးညှင်းစလုံနဲ့ အုန်းဘောင်ခုံမှိုင်းတို့ အင်းဝမှာ မင်းပြုခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီရှမ်းမင်းတွေဟာ မြန်မာယဉ်ကျေးမှုကို လက်ခံသူများတဲ့အတွက် မြန်မာပြည်က ထိုင်းမှာလို ရှမ်းပြည်ဖြစ်မသွားခဲ့တာကို တွေ့ရပါတယ်။

ရခိုင်နဲ့ မြန်မာ ဆက်ဆံရေးကလည်း စူဠသမ္ဘဝ မဟာသမ္ဘဝ တကောင်းမင်းဆက်က ဆင်းသက်တယ်လို့ ရေးခဲ့ကြသလို ပျူခေတ်ကတည်းက အဆက်အဆံရှိခဲ့ပြီး ပုဂံခေတ်မှာလည်း အလောင်းစည်သူကို နန်းလျာတောင်းတယ်ဆိုတဲ့ ရာဇဝင်အဆိုအတိုင်း ပုဂံရဲ့ လွှမ်းမိုးမှု ရခိုင်မှာ ရှိခဲ့ပုံရပါတယ်။

သထုံ

နောက် အနော်ရထာတိုက်တယ်ဆိုတဲ့ သထုံဟာ ထိုင်းမှာရှိတဲ့ နခုံပထုံဖြစ်နိုင်တယ်လို့ ယူဆသူတွေ ရှိသလို တကယ်တိုက်မတိုက် အငြင်းပွားကြတာလည်း ရှိပါတယ်။

ပင်လယ်ထွက်ပေါက်အတွက် မြန်မာတွေ တောင်ဘက် ချဲ့တာဟာ ဘုရင့်နောင်လက်ထက်မှ သေနတ်ရဖို့ ပဲခူးကို သိမ်းတာမျိုးတွေ ဖြစ်လာတယ်လို့ ဒေါက်တာတိုးလှက ယူဆပါတယ်။

မိုးများတဲ့ အောက်ပိုင်းမှာ မနေနိုင်လို့ အနောက်ဘက်လွန်မင်းနောက်ပိုင်း မြန်မာဘုရင်တွေ အညာမှာ ပြန်နန်းစိုက်ခဲ့တာ ဖြစ်ပြီး ဘိုးတော်ဘုရားခေတ်နောက်ပိုင်း မိုးခေါင်မှုတွေနဲ့ ကိုလိုနီခေတ်မှာ လယ်သစ်တည်မှုတွေကြောင့် အညာကနေ အောက်ပိုင်းကို မြန်မာတွေ ရွှေ့ပြောင်းလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption အိန္ဒိယအကူအညီနဲ့ ပြင်နေတဲ့ အာနန္ဒာဘုရား

ပုဂံ စေတီပုထိုးများ

ပုဂံဒေသမှာ တွေ့ရတဲ့ ဘုရားစေတီကြီးတွေ ပုံစံမျိုးကို ပုဂံပျက်ပြီးနောက်ပိုင်းမှာ တည်ဆောက်နိုင်တာ မရှိသလောက် ဖြစ်သွားပါတယ်။ အထူးသဖြင့် ကုလားကျောင်းခေါ် အုတ်တိုက်နှစ်ထပ်သုံးထပ် အဆင့်ဆင့်နဲ့ တည်တဲ့ ဘုရားကြီးတွေ ဖြစ်ပါတယ်။

ပုဂံထွန်းကားစဉ်က အိန္ဒိယက ဗိသုကာ လက်သမားတွေကို ခေါ်ယူတည်ဆောက်ခဲ့လို့ ဒီလိုထူးခြားတဲ့ လက်ရာတွေကို တွေ့ရတာလို့ ဒေါက်တာတိုးလှက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ပုဂံမှာ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရားကြီး

ဒါပေမဲ့ ပုဂံမှာနေတဲ့ မြန်မာတွေက ဒီလက်ရာပုံစံတွေကို မြန်မာဆန်အောင် နည်းယူပြီး ပုဂံနောက်ပိုင်းကာလတွေမှာ တည်ဆောက်တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ပုဂံပျက်ပြီးနောက်မှာတော့ ပုဂံလို ကြီးကျယ်တဲ့ ကျောင်းကန်ဘုရားတွေကို အားပေးချီးမြှင့်နိုင်တဲ့သူတွေ မရှိတော့တဲ့အတွက် ပုဂံခေတ်လို ခမ်းနားတဲ့ ဗိသုကာတွေ အတွေ့ရနည်းသွားပါတယ်။

ရခိုင်ပြည် မြောက်ဦးက အိန္ဒိယဆန်တဲ့ ဘုရားပုထိုးကြီးတွေအပြင် ပဲခူးဟံသာဝတီက စေတီကြီးတွေ၊ ဒဂုံခေါ် ရန်ကုန်က ရွှေတိဂုံကို မွန်မင်းတွေ ဉာဏ်တော်မြှင့်တာနဲ့ မင်းကွန်းပုထိုးတော်ကြီးလို စေတီကို ဘိုးတော်ဘုရားက တည်တာမျိုး လောက်ပဲ နောက်ပိုင်းခေတ်မှာ တွေ့ရပါတယ်။

နောက် ပုဂံမှာ နောက်ကာလမင်းတွေကလည်း စေတီတွေတည်တာတွေ ရှိခဲ့တဲ့အတွက် ထက်ဝက်လောက်က နှောင်းလက်ရာတွေဖြစ်တယ်လို့လည်း ဒေါက်တာတိုးလှက ပြောပါတယ်။

ပုဂံရဲ့ ထင်ရှားတဲ့ စေတီပုထိုးတွေထဲမှာ အာနန္ဒာ၊ သဗ္ဗညု၊ ဓမ္မရံကြီးနဲ့ ရွှေစည်းခုံ စတဲ့ စေတီတွေ ပါပါတယ်။ လှည်းဝင်ရိုးသံတညံညံ ဆိုတဲ့အတိုင်း ပုဂံစေတီပုထိုး အရေအတွက်ကလည်း ပြောစမှတ် ဖြစ်အောင် များပြားပါတယ်။ ခေတ်အဆက်ဆက် သေချာ ထိန်းသိမ်းမှု မရှိခဲ့ပေမယ့် ကနေ့အထိ နှစ်တထောင်နီးပါး တင်ကျန်ခဲ့တဲ့ ဘုရားစေတီတွေကြောင့် ပုဂံဟာ ဘုရားမြို့ကြီးအဖြစ် မြန်မာပြည်က ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။

အစောဆုံး မြန်မာကျောက်စာလို့ လူသိများခဲ့တဲ့ ပုဂံ မြင်းကပါက အေဒီ ၁၂ ရာစုဦး ရေးထိုးတဲ့ မြစေတီကျောက်စာကိုလည်း ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် အဖြစ် ၂ဝ၁၅ က စာရင်းသွင်းခဲ့သလို ရွှေစည်းခုံက ဘုရင့်နောင် ခေါင်းလောင်းကိုလည်း ၂ဝ၁၇ က အမွေအနှစ် စာရင်းသွင်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Jean-Noel DE SOYE
Image caption စူဠာမဏိစေတီက ပုဂံခေတ်နံရံပန်းချီလာ ရဟန်းတော်တွေ

ပုဂံက ဗုဒ္ဓဘာသာ

ပုဂံမှာ ထေရဝါဒရော မဟာယာနပါ အတူထွန်းကားခဲ့တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ ဒါကြောင့် မဟာယာနပုံစံ ဘုရားလောင်း ကိုးကွယ်မှု လက်ရာ ဆင်းတုတော်တွေ အများအပြား ပုဂံမှာ ကျန်ရစ်ခဲ့ပါတယ်။

နောက် အရည်းခေါ် တောမှီဘုန်းကြီးတွေဟာ တရုတ်ပြည်က ရဟန်းတွေလိုပဲ ဆွမ်းမခံဘဲ လယ်ပိုင်ယာပိုင်နဲ့ စိုက်ပျိုးနေထိုင်တဲ့ ရဟန်းတွေဖြစ်လိမ့်မယ်လို့လည်း ဒေါက်တာတိုးလှက ပြောပါတယ်။

ဒါကြောင့် ပုဂံခေတ်မှာ သာသနိကပိုင်အဖြစ် လှူခဲ့တဲ့ လယ်မြေအရေအတွက်အများအပြား ရှိခဲ့တာပါ။ ပုဂံကျောက်စာတွေအရလည်း ဘုန်းကြီးနဲ့ ဒကာတွေ အလှူအောင်ပွဲပုံစံ သေသားသောက်စားတာတွေ ရှိခဲ့ပါတယ်။ အခုထိလည်း အညာဒေသမှာ ရဟန်းကြီးကြိုက်အဖြစ် မွန်းမတိမ်းမီ ကျတဲ့ ထန်းရည်ချိုကို သံဃာတွေ သုံးဆောင်တာမျိုး ရှိပါသေးတယ်။

တခါ ပုဂံကို သထုံက ပိဋကတ်တွေ ပင့်ဆောင်လာမှ ထေရဝါဒသာသနာ ထွန်းကားတယ် ဆိုပေမယ့် ပုဂံမတိုင်မီ ပျူခေတ်ကတည်းက ဗုဒ္ဓဘာသာနှစ်မျိုးစလုံး ရှိခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ပိုင်းမှာ ထေရဝါဒလွှမ်းမိုးမှု များလာတဲ့အတွက် အရည်းရဟန်းတွေကို နှိမ့်ချတဲ့ အရေးအသားတွေ တွေ့လာရတာ ဖြစ်ပါတယ်။ အရည်းအနွယ်ဝင် ပွဲကျောင်းဘုန်းကြီးတွေကို ကုန်းဘောင်ခေတ်အထိ တွေ့ရပြီး ရှမ်းနဲ့ မြောက်ပိုင်းတောင်ကုန်းတွေမှာ မဟာယာနပုံစံ မြင်းစီးတဲ့ ဘုန်းတော်ကြီးတွေ ယခုထိ ရှိတာကို တွေ့ရပါတယ်။

အရည်းရဟန်းကိုးကွယ်မှုကို ကနေ့တိုင် တွေ့နိုင်တာက အလောင်းတော် ကဿဖ ကိုးကွယ်မှု ဖြစ်ပြီး ဘုရားလောင်းအဖြစ် အရိမေတ္တေယျ ကိုးကွယ်မှုလည်း ကျန်ရှိပါတယ်။ သာမန်လူအများစုမှာ ယုံကြည်မှုအဖြစ်နဲ့ ကိုးကွယ်တာဖြစ်တဲ့အတွက် ထေရဝါဒနဲ့ မဟာယာနကွဲပြားမှုကို သတိမထားမိတတ်ကြဘူးလို့လည်း ဒေါက်တာတိုးလှက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ပုဂံပုံစံ ဝတ်ဆင်ကပြဖျော်ဖြေ

ပုဂံဝတ်စားဆင်ယင်မှု

ပုဂံခေတ်ဟာ အိန္ဒိယ ယဉ်ကျေးမှု လွှမ်းမိုးမှုကို အများဆုံးတွေ့ရတဲ့ခေတ်ဖြစ်တဲ့အတွက် အိန္ဒိယပုံစံ အဝတ်အစားနဲ့ ဗိသုကာ၊ ပန်းချီပန်းပု ယဉ်ကျေးမှုတွေ ထွန်းကားပါတယ်။

ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား၊ မလေးကျွန်းဆွယ်တွေမှာလည်း ဒီလို အိန္ဒိယပုံစံ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့ပြီး အန်ကာဝပ်၊ ဘောရောဗုဓော စတဲ့ ဘုရားကြီးတွေမှာ ထွင်းထုထားခဲ့တဲ့ ရုပ်ကြွတွေမှာ အိန္ဒိယပုံစံ ပုဂံနဲ့ဆင်တဲ့ ဝတ်စားဆင်ယင်မှုကို မြင်နိုင်ပါတယ်။

ပုဂံခေတ်က နန်းတော်အိမ်တော်တွေမှာ အဝတ်ချုပ်သည်အဖြစ် အိန္ဒိယလူမျိုးတွေကို ခန့်ထားခဲ့လို့ ဒီလို လွှမ်းမိုးမှုကို တွေ့ရတာလို့ ဒေါက်တာတိုးလှက ထောက်ပြပါတယ်။

ပုဂံမှူးမတ်တွေက အိန္ဒိယပုံစံ ဆံမုတ်ဆိတ်ထားသလို ပုဂံသူတွေကလည်း နဖူးမှာ မှန်ကူကွက်တို့ပြီး ဂါဝန်လို ခါးစည်းရတဲ့ အိတ်ရှုံ့ထဘီတွေ ဝတ်ကြတယ်လို့ ရွှေကိုင်းသားရဲ့ ဆင်ယင်ထုံးဖွဲ့မှုကျမ်း က ရေးပါတယ်။

နောက် ပုဂံမှာ ရဟန်းတော်တွေ များလွန်းလို့ လူထွက်အောင် နရသူမင်းလက်ထက်မှာ ရင်ကွဲအင်္ကျီနဲ့ ရှေ့ကွဲထဘီကို ထွင်ပြီး ကချေသည်တွေကို ဝတ်စေတယ်လို့လည်း အဆိုရှိပါတယ်။ ဒီအင်္ကျီထဘီတွေဟာ မြန်မာ့ရိုးရာဝတ်စုံအဖြစ် မန္တလေးခေတ် အထိ တည်ရှိခဲ့ပါတယ်။

ပုဂံနောက်ပိုင်းမှာတော့ ရှမ်းနဲ့ တရုတ်သြဇာပိုဝင်လာတဲ့အတွက် ဝန်ကြီးဝတ်လုံနဲ့ မင်းမျိုးတွေ ဝတ်ဆင်တဲ့ အဝတ်အစားတွေမှာ တရုတ်ပုံစံ အင်္ကျီရှည်တွေ တွေ့လာရပါတယ်။

မြန်မာတွေ တောင်ပေါ်က ဆင်းလာချိန်မှာ ဘောင်းဘီဝတ်ခဲ့ပြီး အိန္ဒိယနဲ့ ထိတွေ့မှု ရချိန်ကစလို့ ဒိုတီပုံစံ လုံကွင်းကို ပြောင်းဝတ်လာကြတယ်လို့လည်း ဒေါက်တာသန်းထွန်းက ရေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ထုဓမ္မရံလို့ ထင်ရှားတဲ့ ကုလားကျမင်းကုသိုလ်

ပုဂံပြည်ကို မွန်ဂိုဝင်တိုက်ပြီးနောက် နိုင်ငံရေး အာဏာဗဟိုချက်ကနေ ကျဆင်းသွားပေမယ့် ပုဂံရဲ့ ခမ်းနားမှုကိုတော့ နောက်မင်းဆက်တွေက ဆက်ပြီး အသိအမှတ်ပြုကြပါတယ်။ ဒါကြောင့် ကုန်းဘောင်ခေတ် အထိ ဘုရင်တွေ အောက်ပြည် စုန်ချိန်မှာ ပုဂံဘုရားပုထိုးတွေကို ရှိခိုးတာ၊ ပြုပြင်မွမ်းမံတာတွေ ရှိခဲ့ပါတယ်။ ဒီလို ပြုပြင်လို့ ပုဂံရဲ့ မူလလက်ရာတွေ ပျောက်ပျက်တာတွေလည်း ရှိခဲ့ပါတယ်။

ပုဂံအနီးဝန်းကျင်က မြို့တွေမှာတော့ ပုဂံခေတ်က ခန့်အပ်ခဲ့တဲ့ မြို့သူကြီးမျိုးတွေ အဆက်မပြတ် အုပ်ချုပ်ခဲ့ပြီး ဒီထဲက စလေမြို့သူကြီးရိုး ဦးပုညနဲ့ ကျောက်ပန်းတောင်းသူကြီးမျိုး ဒဂုန်ခင်ခင်လေးတို့ ထင်ရှားပါတယ်။

ပုဂံခေတ်ကစပြီး ထွန်းကားခဲ့တဲ့ မြန်မာစာပေနဲ့ မြန်မာသက္ကရာဇ်တွေကိုလည်း အခုထိ သုံးစွဲနေကြဆဲ ဖြစ်ပါတယ်။

အနော်ရထာခေတ်က ပေါ်ထွန်းခဲ့တယ် ဆိုတဲ့ ရာဇဝင်လာ သူရဲကောင်းလေးယောက် အကြောင်းကိုတော့ ခင်မျိုးချစ်က အင်္ဂလိပ်လိုရေးပြီး သော်တာဆွေက ပုဂံသူရဲကောင်းများ အဖြစ် ပြန်ဆိုခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မဖြစ်ခင် ၁၉၃၆ က ဇော်ဂျီ ရေးစပ်တဲ့ မောင်တို့ကြားကုန်လော့ မယ်တို့ကြားကုန်လော့ အစချီတဲ့ ရှေးခေတ်ပုဂံပြည် ကဗျာကို လွတ်လပ်ရေး လှုံ့ဆော်တဲ့ ကဗျာလို့ ယူဆကြသလို ပုဂံရဲ့ ခမ်းနားမှုကို ပြန်လည်တမ်းတရင်း ခေတ်သစ်မြန်မာပြည်ကို တည်ထောင်ဖို့ တိုက်တွန်းတဲ့ လက်ရာလို့လည်း သတ်မှတ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ပုဂံခြင်္သေ့လို့ ထင်ရှားတဲ့ လက်ရာ