ပျော်ဘွယ်ဦးမြ၊ ဗိုလ်ချုပ်ယောက်ဖနဲ့ လုပ်ကြံမှုက လွတ်ခဲ့သူ

burma ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption အတွင်းဝန်ရုံးထဲက လွှတ်တော်အဆောက်အအုံဟောင်း

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးမှုနဲ့ ပတ်သက်ပြီး အသက်မသေကျန်ရစ်သူတွေအကြောင်း လူသိနည်းကြပါတယ်။

လုပ်ကြံချိန်က ဗိုလ်ချုပ်ညာဘက်မှာ ထိုင်နေတဲ့ ဝန်ကြီးတွေနဲ့ အတွင်းဝန် ဦးအုန်းမောင်၊ အခန်းပြင်ဘက်မှာ သက်တော်စောင့် ကိုထွေးတို့ ကျဆုံးပြီး ဘယ်ဘက်က ဝန်ကြီးတွေထဲက မိုင်းပွန်စော်ဘွားကြီး တယောက်ပဲ ကျဆုံးတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Leonard Vum Ko Hau
Image caption မသေဘဲ သံအမတ်ဖြစ်သွားတဲ့ စည်သူဦးဝမ်ကိုဟော

တဘက်ခန်းကို ထွက်ပြေးလွတ်မြောက်သွားတဲ့ အတွင်းဝန် ဦးရွှေဘော်နဲ့ ဝန်ကြီး ပျော်ဘွယ်ဦးမြ၊ အခန်းထဲမှာ ဝပ်ချလိုက်တဲ့ ဝန်ကြီး ဦးဘဂျမ်းနဲ့ ဦးအောင်ဇံဝေတို့ အသက်မသေလွတ်မြောက်ခဲ့သလို မြစ်ဝကျွန်းပေါ်နဲ့ ဥရောပကို ခရီးလွန်နေတဲ့ ဝန်ကြီး စောစံဘိုးသင်နဲ့ ဦးကျော်ငြိမ်းတို့လည်း လွတ်မြောက်ခဲ့ပါတယ်။ ကချင်နဲ့ ချင်းတောင်တန်း အတိုင်ပင်ခံတွေ ဖြစ်ကြတဲ့ ဆမားဒူးဝါးနဲ့ ဦးဝမ်ကိုဟော တို့လည်း အစည်းအဝေးခန်းမှာ မရှိတဲ့အတွက် မသေဘဲ ကျန်ခဲ့ကြပါတယ်။ ဆမားကြီးကို ၁၉၆၂ မှာ သမ္မတအဖြစ် တင်မြှောက်ဖို့ ဦးနုအစိုးရက ရွေးခဲ့ပေမယ့် အာဏာသိမ်းသွားလို့ ရန်ကုန်အလာလမ်းက လှည့်ပြန်ခဲ့ရပါတယ်။

ဝန်ကြီး ဦးဘဂျမ်းဆိုရင် လက်သူကြွယ်ကို ကျည်ဆန်ရှပ်မှန်ခံရပြီး အသက်မသေ လွတ်မြောက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu

ထူးခြားချက်အနေနဲ့ မသေဘဲ ကျန်ရစ်တဲ့အထဲက ပျော်ဘွယ် ဦးမြဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယောက်ဖဝမ်းကွဲ တော်စပ်တာ ဖြစ်ပါတယ်။

အများစုက ဗိုလ်ချုပ်အစ်ကို ဝန်ကြီးဦးဘဝင်း ဗိုလ်ချုပ်နဲ့အတူ ကျတာကို သိကြပေမယ့် လုပ်ကြံမှုမှာ မသေခဲ့တဲ့ ဦးမြနဲ့ ဗိုလ်ချုပ် ပတ်သက်မှုကို မသိကြပါဘူး။

ဗိုလ်ချုပ်အစိုးရထဲက ဘဏ္ဍာရေးဝန်ကြီး သခင်မြ ကျဆုံးပြီးနောက် သခင်နုအစိုးရသစ်မှာ ပါလာတဲ့ ကုန်သွယ်ရေးနဲ့ အမျိုးသားစီမံကိန်းဝန်ကြီး ဟင်္သာတဦးမြနဲ့လည်း ပျော်ဘွယ်ဦးမြကို မှားတတ် ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အာဇာနည် လုပ်ကြံမှု ခုံရုံးတရားသူကြီးတယောက် အကြောင်း
ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption ဝန်ကြီးမစ္စတာရာဇတ်အခန်းပေါက်မှာ ရဲဘော်ကိုထွေး ကျည်သင့်

အမျိုးသားကျောင်းအုပ်ကြီး

၁၉၂ဝ ပထမ ကျောင်းသားသပိတ်နောက်ပိုင်း အမျိုးသားကျောင်းအုပ်ကြီး ဖြစ်လာကြသူတွေထဲက ရန်ကုန် မြို့မဦးဘလွင်၊ မန္တလေးဦးရာဇတ်၊ မိတ္ထီလာဦးဘရင်နဲ့ ပဲခူးဦးသာဒင် စသူတွေ နိုင်ငံရေးထဲ ရောက်လာကြပါတယ်။

ဒီထဲမှာ ပျော်ဘွယ်က ဦးမြလည်း ပါပါတယ်။

ဦးမြဟာ ၁၉၁၇ က ဘွဲ့ရပြီး ဗြိတိသျှအစိုးရအလုပ်ကို မဝင်ဖို့ မိတ္ထီလာဦးဘရင်အပါအဝင် သူငယ်ချင်း အညာသား လေးယောက် ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့နှစ်က တနိုင်ငံလုံးဘွဲ့ရသူ ၈ ယောက်ပဲ ရှိတယ်လို့လည်း သိရပါတယ်။

မုံရွာ ဗုဒ္ဓဘာသာကျောင်းနဲ့ ပျော်ဘွယ် အမျိုးသားကျောင်းတွေမှာ ဦးမြ ကျောင်းအုပ်လုပ်ခဲ့သလို ရန်ကုန်မှာ ဘားမိစ်ရီဗျူးဂျာနယ် အယ်ဒီတာလည်း လုပ်ခဲ့ပါတယ်။ ကျောင်းအုပ်ဘဝနဲ့ အစိုးရပေးတဲ့ ထောက်ပံ့ငွေ အချိန်မီ ရောက်မလာရင် ဆရာတွေ လခပေးဖို့ ဇနီးရဲ့ မိဘတွေဆီက ပါလာတဲ့ လက်ဝတ်လက်စားတွေ ပေါင်နှံပေးရတာပါ။

ကျောင်းသားတွေ အင်္ဂလိပ်စာမညံ့အောင် ကျောင်းပိတ်ရက်မှာ စာခေါ်သင်ပေးခဲ့တယ်လို့ သမီးဖြစ်သူ စာရေးဆရာမ နန်းနွယ်နွယ်က ရေးပါတယ်။ ကျောင်းသားတွေကို မြို့ထဲမှာ သတင်းစာဟောင်းတွေ လိုက်တောင်းစေပြီး ရွာတွေမှာ ဖတ်စရာရှိအောင် ဝေငှစေခဲ့သလို ကျေးလက်တောရွာတွေမှာ အိမ်သာသုံးတတ်အောင်လည်း နွေရာသီမှာ လှည့်ပြီး ဟောပြောစေခဲ့ပါတယ်။

၁၉၃၆ အောက်လွှတ်တော် ရွေးကောက်ပွဲမှာ မြို့လူထု တောင်းဆိုမှုနဲ့ ဦးမြ အမတ်ဖြစ်လာပြီး နိုင်ငံရေးထဲ ရောက်လာပါတယ်။ အဲဒီအချိန်က ဦးမြ ခေါင်းသာညိတ်လိုက်ပါ၊ အိမ်ကို ခေါင်းပေါင်းနဲ့ တောင်ရှည်ပုဆိုးပို့လိုက်ပါမယ် ဆိုပြီး ဝန်ကြီးရာထူးလက်ခံဖို့ မဲဆွယ်တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အဲဒီခေတ်က နာမည်ပျက်တဲ့ ကျပ်ငါးထောင်လခရတဲ့ ဝန်ကြီးအလုပ်ကို ဦးမြ ငြင်းပယ်ခဲ့ပါတယ်။ ဒေါက်တာဘမော်ရဲ့ ဆင်းရဲသားပါတီမှာ ဗဟိုအလုပ်မှုဆောင် ဖြစ်ခဲ့ပြီး ဒေါက်တာဘမော် အဖမ်းခံရချိန်မှာ ပါတီကို ခေါင်းဆောင်ပြီး ဗမာ့ထွက်ရပ်ဂိုဏ်းမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဂျပန်ခေတ် ဒေါက်တာဘမော် လက်ထက်မှာ ဝန်ကြီး ဖြစ်ခဲ့ပြီးနောက် စစ်အပြီး ဗြိတိသျှတပ်တွေပြန်အဝင်မှာ ခဏထိန်းသိမ်းခံရပါတယ်။

Image caption သတင်းထောက်တွေနဲ့ တွေ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း

တနှစ်လောက် ထိုင်စားစရာ ရှိလား

စစ်ပြီးစ အညာကို ပြန်ဖို့ ပြင်တဲ့ ဦးမြကို ဗိုလ်ချုပ်က မပြန်ဘဲ အတူဆက်လုပ်ဖို့ တောင်းဆိုပါတယ်။ သားသမီးများတဲ့ ဦးမြမှာ တနှစ်လောက် ထိုင်စားစရာ ရှိလားလို့လည်း ဗိုလ်ချုပ်က မေးပါတယ်။ တနှစ်လောက်ဆိုရင် သူတို့ အစိုးရ ဖွဲ့နိုင်ပြီလို့လည်း ဗိုလ်ချုပ်က ပြောခဲ့ပါတယ်။

နောက် ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်း အစိုးရမှာ ဦးမြ ဝန်ကြီးဖြစ်လာပြီး လယ်ယာစိုက်ပျိုးရေး ဌာနကို ကိုင်ပါတယ်။ ဦးကျော်ငြိမ်း ဥရောပသွားခိုက် ပြည်ထဲရေး ဌာနကို ကိုင်ပြီး ယောက်ဖတော်သူ ဗိုလ်ချုပ်အောင်ဆန်း ကို ကာကွယ်ပေးဖို့ ကြိုးစားပါတယ်။

ဗိုလ်ချုပ်မကြိုက်မှန်း သိလို့ သူ့ရုံးခန်းနား တပ်စိတ်တစိတ်ချထားတာကို ဗိုလ်ချုပ်ကို မပြောဖို့ အပါးတော်မြဲ ဗိုလ်ထွန်းလှခေါ် တက္ကသိုလ်နေဝင်းကို ဦးမြက မေတ္တာရပ်ခံခဲ့တယ်လို့လည်း တက္ကသိုလ်နေဝင်း က ရေးခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်က ဒီတပ်သားတွေကို တွေ့သွားတဲ့အတွက် မထားဖို့ ဦးမြကို ခေါ်ပြောပါတယ်။

Image caption ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်နဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှ

ဗိုလ်ချုပ်က ဦးမြကိုခေါ်ပြီး "ကျွန်တော့်ကို မုန်းရင် ကျွန်တော့်ကို သတ်လိမ့်မယ်။ ဦးမြကိုမုန်းရင် ဦးမြကို သတ်လိမ့်မယ်။ တစ်ဖွဲ့လုံးတော့ သတ်မှာမဟုတ်ပါဘူး။ မလိုပါဘူး" လို့ ပြောကြောင်း ဦးမြရဲ့ သားဖြစ်သူ မျိုးအောင်က ပြန်ပြောင်းရေးပြခဲ့ပါတယ်။

လိုအပ်တယ်ထင်လို့ လုံခြုံရေးပေးတာကို ဗိုလ်ချုပ်မြင်သွားတော့ သူ့အမိန့်ကို မနာခံလို့မရဘူး၊ စိတ်မကောင်းဘူးလို့ ဦးမြက ပြောကြောင်းလည်း တက္ကသိုလ်နေဝင်း က ရေးပါတယ်။

လုပ်ကြံမှု မဖြစ်ခင်ကလည်း ဦးမြမိတ်ဆွေ အပျော်တမ်းဗေဒင်ဆရာတယောက်က ဗိုလ်ချုပ်တို့ ဇာတာညံ့လို့ ဥပုသ်ရက်ရှည် စောင့်ခိုင်းဖို့ ဦးမြကို အကြံပြုပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်က ဒါမျိုးတွေ ယုံမှာ မဟုတ်သလို တိုင်းပြည်တာဝန်နဲ့ ဥပုသ်စောင့်နိုင်မှာလည်း မဟုတ်တဲ့အတွက် မပြောဖြစ်ခဲ့ဘူးလို့ ဦးမြဇနီးက သမီး နန်းနွယ်နွယ်ကို ပြန်ပြောပြပါတယ်။

ဒီလိုနဲ့ လုံခြုံရေးအတားအဆီးမရှိဘဲ လူသတ်သမားတွေ အကြံအောင်မြင်သွားခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့လယ်မှာ ဦးစောအိမ်ကို တပ်နဲ့ဝင်ရှာဖို့ စီစဉ်ထားပေမယ့် နောက်ကျသွားတယ်လို့လည်း မျိုးအောင်က ရေးပါတယ်။

လုပ်ကြံမှု ဖြစ်ချိန်မှာ ဦးရွှေဘော်အခန်းကို ပြတင်းပေါက်က ကျော်ပြေးကြတဲ့ ဦးမြနဲ့ ဦးရွှေဘော်ဟာ သူတို့ကို လိုက်ရှာပစ်မှာစိုးလို့ ရုံးစာရေးတွေ အခန်းမှာ သွားရပ်နေရပါတယ်။ ပြီးမှ ဘုရင်ခံဆီ ဖုန်းဆက်ပြောရပါတယ်။ ဘုရင်ခံက ကားလွှတ်ပြီး အိမ်တော်ကို ခေါ်ချိန်မှာတော့ ဖိနပ်က အစည်းအဝေးခန်းထဲ ကျွတ်ကျန်နေလို့ အပါးတော်မြဲ ဖိနပ် ယူစီးပြီး သွားရပါတယ်။

ဘုရင်ခံရှေ့မှာ စကားပြောမထွက်နိုင်အောင် ဖြစ်နေလို့ စိတ်ငြိမ်အောင် ဘုရင်ခံက ဦးမြနဲ့ ဦးအောင်ဇံဝေတို့ကို ကော့ညက် အရက်တိုက်ရတယ်လို့လည်း သိရပါတယ်။

လုပ်ကြံမှု ဖြစ်တဲ့နေ့က အိမ်ပြန်လာချိန်မှာ နိုင်ငံရေးဆက်မလုပ်ဖို့ သမီးဖြစ်သူက ငိုပြောတဲ့အခါမှာ ဦးမြက "သမီး၊ ခုအချိန်ဟာ ပိုအရေးကြီးတယ်။ တိုင်းပြည်မှာ အာဏာလိုချင်တဲ့သူတွေက များနေတယ်။ ရှေးတုန်းကလို ရှင်ဘုရင်ကိုသတ်ရင် ရှင်ဘုရင် ဖြစ်မယ်လို့ ထင်နေကြတယ်။ ရှေ့ဘာဖြစ်မလဲမသိသေးဘူး" လို့ ရှင်းပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Myo Aung
Image caption ခေါင်းဆောင်ကြီးများစျာပနက ပျော်ဘွယ်ဦးမြနဲ့ ဝန်ကြီးချုပ်သခင်နု

လုပ်ကြံမှုဖြစ်ပြီးနောက် သခင်နု အစိုးရဖွဲ့ချိန်မှာတော့ ဦးမြ ဝန်ကြီး ပြန်ဖြစ်ခဲ့ပါတယ်။

လွတ်လပ်ရေးရချိန်မှာ သူ့ကို တိုင်းပြည်ပြုလွှတ်တော် ယာယီပါလီမန်ရဲ့ ဥက္ကဋ္ဌ ခန့်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကလည်း ၁၉၅၂ မှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးခဲ့လို့ သတိုးသီရိသုဓမ္မ ဒေါက်တာဦးမြလို့ ထင်ရှား ပါတယ်။

ဦးမြဟာ ပညာရေးဘက်ကလာပေမယ့် ဥပဒေကိစ္စတွေ နားလည်ကျွမ်းကျင်သူလို့လည်း ထင်ရှားပါတယ်။ လွှတ်တော်ထဲမှာ အတိုက်အခံရော အာဏာရရောကပါ လေးစားခံရတဲ့ ဥက္ကဋ္ဌလို့လည်း ထင်ရှားပါတယ်။ လွတ်လပ်ရေးရစ ပြည်တွင်းစစ်မီး ပြင်းထန်ချိန်မှာ လွှတ်တော်အကြီးအကဲတာဝန်ယူခဲ့ရသူ ဖြစ်ပါတယ်။

လုပ်ကြံမှုက လွတ်ခဲ့ပေမယ့် ဦးမြဟာ ညပိုင်းမှာ မအိပ်နိုင်ဘဲ ငြိမ်သက်စွာ ထိုင်နေတတ်တယ်လို့လည်း သမီးဖြစ်သူက ရေးပါတယ်။ ဒီစိတ်ဖိစီးမှုတွေကြောင့်လည်း အသက် ၅ဝ ကျော်မှာ နှလုံးရောဂါနဲ့ ကွယ်လွန် ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် NAing Aung
Image caption သတိုးသီရိသုဓမ္မ ဒေါက်တာဦးမြ

အိမ်မရှိတဲ့ ဝန်ကြီး

၁၉၅၃ ကွယ်လွန်ချိန်မှာ မိသားစုအတွက် နေစရာအိမ်နဲ့ စီးစရာကားချန်မထားနိုင်ခဲ့လို့ တော်တော်ကသီဖြစ်ခဲ့ရတယ်လို့ သမီး နန်းနွယ်နွယ်က ရေးသားခဲ့ပါတယ်။

ဖေဖေတို့များ ခေတ်သုံးခေတ် ဝန်ကြီးဖြစ်ပြီး အိမ်လေးကားလေးတောင် ချန်မထားနိုင်ခဲ့ဘူးလို့ အဲဒီအချိန်က သားသမီးတွေက အပြစ်တင်ခဲ့ကြပေမယ့် နောက်ပိုင်း သိနားလည်လာချိန်မှာတော့ ဖခင်ရဲ့ သိက္ခာနဲ့ တန်ဖိုးကို လေးစားလာကြတယ်လို့လည်း နန်းနွယ်နွယ်က အမှတ်တရ ရေးခဲ့ပါတယ်။

ဦးမြရှိစဉ်ကလည်း အိမ်ကောင်းမှာ နေရပြီး ကားစီးရတာကလွဲလို့ ဘာအခွင့်အရေးမှ သားသမီးတွေအတွက် မခံစားစေခဲ့ဘူးလို့လည်း သိရပါတယ်။ သူ့ရုံးကို အိမ်ကလူတွေ မလာစေရဘူးလို့လည်း ဆိုပါတယ်။ သားသမီးတွေကို ရန်ကုန်က ခရစ်ယာန်သာသနာပြုကျောင်းတွေမှာ မထားဘဲ စစ်ဒဏ်သင့်ထားတဲ့ ဆရာအတတ်သင် လေ့ကျင့်ရေးကျောင်းမှာပဲ သင်စေခဲ့ပါတယ်။

တီတီစီကျောင်းက တဲကြီးထဲမှာ ကျောင်းသားပေါင်းစုံနဲ့ အဆင့်အတန်းမခွဲဘဲ စာသင်ခဲ့ရတယ်၊ ဝန်ကြီးသမီးလည်း စာမရရင် စာမေးပွဲကျတယ်၊ အရိုက်ခံရတယ်လို့ နန်းနွယ်နွယ်က ဆိုပါတယ်။

သူတို့ခေတ်က ဝန်ကြီးသားသမီးဆိုပြီး ရမ်းကားရင် သတင်းစာထဲမှာ စာလုံးမည်းကြီးနဲ့ပါလာပြီး အရှက်ကွဲတတ်တယ်လို့လည်း ရေးပါတယ်။ ဒါကို လူမသိအောင် မိဘက လိုက်ဖုံးရင်လည်း ပိုအရှက်ကွဲတယ်လို့ သိရပါတယ်။

အခွင့်အရေးမယူဖို့၊ ရိုးသားဖို့၊ သူများကို မတရားမလုပ်ဖို့ သားသမီးတွေကို ဦးမြ သင်ပေးခဲ့သလို စာမေးပွဲအောင်ရုံနဲ့မပြီးဘဲ ပညာတတ်ဖြစ်ချင်ရင် စာဖတ်မှ ရမယ်ဆိုပြီး စာဖတ်ဝါသနာ ထူထောင်ဖို့ အားပေးခဲ့ပါတယ်။

ရန်ကုန်က အင်္ဂလိပ်စာအုပ်ဆိုင်ကြီးတွေကို သားသမီးတွေ ခေါ်သွားပြီး စာအုပ်တွေ ဝယ်ပေးလေ့ရှိတယ်လို့လည်း သိရပါတယ်။ ဦးမြသားသမီးတွေဟာ ပညာတတ်အရာရှိတွေ ဖြစ်လာပြီး သမီးဒေါ်မျိုးနွယ်က နိုင်ငံခြားစီးပွားဆက်သွယ်ရေးဌာနမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption လုပ်ကြံမှုကြီး ဖြစ်ပွားရာ အတွင်းဝန်ရုံး

ဦးမင်းမောင်ရဲ့ မြေးနဲ့ယူ

အသက် ၁ဝဝ ကျော်မှ ကွယ်လွန်သွားတဲ့ ဦးမြဇနီး ဒေါ်ခင်မြကြီးဟာ ပင်း နတ်မောက် ကျောက်ပန်းတောင်း သုံးမြို့ဝန် ဦးမင်းမောင်ရဲ့ မြေးဖြစ်ပါတယ်။ ဦးမင်းမောင်နဲ့ အစ်ကိုဖြစ်သူ ဗိုလ်မင်းရောင်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဘိုးတဝမ်းကွဲ တော်စပ်ပါတယ်။

ဦးမင်းမောင်က မန္တလေးနေပြည်တော်မှာ အမှုထမ်းတဲ့ လူနုဖြစ်ပြီး ဦးမင်းရောင်က တောမှာ နေတဲ့ မြို့သူကြီးဖြစ်လို့ အနေအထိုင်ကြမ်းတယ်လို့ သခင်ကိုယ်တော်မှိုင်း ကြီးမှူးပြုစုတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။

ဒါကြောင့် တခါက ဦးမင်းရောင်က ဦးမင်းမောင်ကို ကြက်သတ်ခိုင်းတဲ့အခါ မသတ်ရဲလို့ သူကိုယ်တိုင် သတ်ပြီး ကြက်သားကို ညီမကျွေးဘဲ ခွေးကျွေးပစ်တယ်လို့ ဗိုလ်ချုပ်ကိုယ်တိုင် ရေးသားခဲ့ပါတယ်။

ဦးမင်းမောင်ဟာ စောင်းစည် သီချင်းဆိုတော်တယ်၊ စကားပြောချိုသာပြီး အထက်လူကြီးတွေရဲ့ အချစ်တော်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သီပေါမင်းလက်ထက် ဗြိတိသျှနဲ့ နယ်ခြားရေး ရှုပ်ထွေး လာချိန်မှာ နေမျိုးသတိုးသုဓမ္မာဘွဲ့နဲ့ ရမည်းသင်း၊ တောင်ငူနှစ်မြို့ဝန် ရာထူးလည်း ရခဲ့ပါတယ်။

သူတို့ညီအစ်ကို နှစ်ယောက်စလုံးဟာ မင်းညီမင်းသားတွေ မဟုတ်ပေမယ့် သားမွေးဝတ်လုံကြီးတွေ၊ ဖရဲစင်း တောင်ရှည်ပုဆိုးကြီးတွေနဲ့ ခန့်ခန့်ညားညား ဝတ်ဆင်နေထိုင်ကြတယ်လို့လည်း ဗိုလ်ချုပ်ရဲ့ အစ်ကိုဝမ်းကွဲ တော်တဲ့ တက္ကသိုလ်ဆုမြိုင်က ရေးခဲ့ပါတယ်။

ဦးမင်းမောင်ကို ဗြိတိသျှက တောင်တွင်းမင်းကြီး ရာထူးပေးပေမယ့် ကျွန်တော်တို့မှာ တပါးကျွန်ဖြစ်ပါသည်၊ နှစ်ပါးကျွန် မခံတတ်ပါ ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။ ဦးမင်းမောင်ရဲ့ သမီး ခင်ခင်ကြီးဟာ သူ့သမက် ဦးမြ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ချိန်အထိ အသက်ရှင်လျက်ရှိတယ်လို့ သူတို့ ဆွေမျိုးထဲက ရှေ့နေကြီး ဦးတင်လှက ရေးသားခဲ့ပါတယ်။

ဦးမင်းမောင်ရဲ့ ဝန်စာရေးအဖြစ် အမှုထမ်းခဲ့တဲ့အပြင် ဆွေမျိုးလည်းတော်တဲ့ ဦးကြော့ကတော့ စုံနံ့သာမြိုင် ရှာပုံတော်ကို ရေးတဲ့ စာဆိုအဖြစ် လူသိများတဲ့အပြင် ဗိုလ်မင်းရောင်ဘွဲ့ကို အစောဆုံး စပ်တဲ့သူ လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် တပ်မတော်-လေ
Image caption ဗိုလ်ချုပ်အောင်ဆန်းတူမနဲ့ လက်ထပ်တဲ့ လေတပ်ဦးစီးချုပ်

အညာသား ဗိုလ်မှူးချုပ်

ဦးမြသမီး ဒေါ်မျိုးညွန့်နဲ့ လေတပ်ဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်မှူးချုပ် သောင်းဒန်တို့ လက်ထပ်ခဲ့ပါတယ်။ ဗိုလ်မှူးချုပ် သောင်းဒန်ဟာ စစ်အတွင်း ဂျပန်မှာ လေကြောင်းပညာသင်ခဲ့ပြီး ၁၉၆၂ အာဏာသိမ်းပြီးနောက် ယဉ်ကျေးမှုနဲ့ ပြန်ကြားရေး တာဝန်ခံ ဝန်ကြီး ဖြစ်ခဲ့သလို ဗိုလ်မှူးချုပ်တီကလစ် နုတ်ထွက်ပြီးနောက် လေတပ်ဦးစီးချုပ်ဖြစ်ခဲ့ပါတယ်။

သူကိုယ်တိုင်လည်း အညာသား နာမည်နဲ့ သီချင်းစပ်ခဲ့ပြီး သူစပ်တဲ့ အပြစ်ကိုမြင်လည်း အချစ်မဝင်သာ၊ အချစ်ကိုမြင်လည်း အပြစ်မမြင်သာ စတဲ့ တဝက်မေတ္တာ သီချင်းကို အဆိုတော်ကိုသန်းလှိုင် သီဆိုခဲ့ပါတယ်။ ဒီသီချင်းဟာ သူနဲ့လွဲခဲ့တဲ့ ချစ်သူတယောက်အတွက် စပ်ဆိုတာ လို့လည်း အဲဒီခေတ်က ပြောစမှတ် ရှိခဲ့ပါတယ်။

မာမာအေးရဲ့ သံသာလေကမ်းတိုင် သီချင်းကိုလည်း သူစပ်တယ်လို့ ဆိုပါတယ်။

နောက် ၁၉၇၁ က ရန်ကုန်မှာ ခွဲစိတ်ခဲ့တဲ့ ရင်ချင်းဆက် အမြွာညီအစ်မထဲက အသက်ရှင်ကျန်ရစ်သူ မနန်းစိုးကို မွေးစားခဲ့သူအဖြစ်လည်း ဗိုလ်မှူးချုပ် သောင်းဒန်ကို လူသိများပါတယ်။

ဒါဟာ မြန်မာပြည်မှာ ပထမဆုံး ရင်ချင်းဆက်အမြွာခွဲစိတ်မှုလည်း ဖြစ်ပါတယ်။ ဒီညီအစ်မအတွက် စပ်တဲ့သီချင်းတောင် ရှိခဲ့ပါတယ်။

၁၉၈၈ နောက်ပိုင်း မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့မှာလည်း ဦးအောင်ကြီး၊ ဦးတင်ဦးတို့နဲ့အတူ ဗိုလ်မှူးချုပ် သောင်းဒန်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ မနန်းစိုးကိုယ်တိုင်လည်း ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD ပါတီဘက်က မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Forward
Image caption မနန်းစိုးနဲ့ မနန်းစံကို ခွဲပြီးစက

နန်းနွယ်နွယ်

ပျော်ဘွယ်ဦးမြရဲ့ နောက်သမီးတယောက် ဖြစ်တဲ့ ကွယ်လွန်သူ နန်းနွယ်နွယ်ဟာလည်း ၁၉၈ဝ ကျော်က မဂ္ဂဇင်းတွေမှာ ဝတ္ထုတွေ ရေးခဲ့ပါတယ်။

ဒီထဲက တချို့ကို စုစည်းပြီး အချစ်ပန်းကားနုပျိုဆဲ အမည်နဲ့ ထုတ်ဝေခဲ့ပါတယ်။ စိန်းမြစ်ကမ်းပေါ်က ပန်းချီဆရာ ဝတ္ထုမှာတော့ဆေးကျောင်းမတက်ဘဲ ပဲရစ်မှာ လေလွင့်သွားတဲ့ လူချမ်းသာသား တပည့်နဲ့ မြန်မာပြည်မှာ ဆရာဝန်အဖြစ် အောင်မြင်လာတဲ့ ဆင်းရဲတဲ့နောက်ခံက တပည့်ကို နှိုင်းယှဉ်ရေးပြခဲ့ပါတယ်။

ဦးမင်းမောင်နဲ့ ဦးကြော့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်က ရှိတဲ့ အနုပညာဗီဇဟာ မြေးမြစ်နဲ့ တူမအထိ ဆက်ခံတယ်လို့ ယူဆနိုင်ပါတယ်။