မြစ်ဆုံနဲ့ ဒေသခံတွေ တောင်းတဲ့ဆု

မြစ်ဆုံစီမံကိန်းကြောင့် အသိမ်းခံခဲ့ရတဲ့ မြေယာတွေကို ဒေါ်ဂျာလိုင် ညွှန်ပြနေတာပါ
Image caption မြစ်ဆုံစီမံကိန်းကြောင့် အသိမ်းခံခဲ့ရတဲ့ မြေယာတွေကို ဒေါ်ဂျာလိုင် ညွှန်ပြနေတာပါ

"ကျွန်မ မြေတွေက အဲ့ဒီမှာရှိခဲ့တာ၊ အကုန်လုံး အသိမ်းခံခဲ့ရတာ" လို့ သစ်ပင်အုပ်တွေနောက်က တစ်နေရာကို ညွှန်ပြရင်း ဒေါ်ဂျာလိုင်တစ်ယောက် သူ့ပိုင်ဆိုင်မှုတွေအကြောင်း ပြောပြနေတာပါ။

စက်လှေပေါ်ကနေ ခပ်ပြပြ မြင်ရတဲ့ မြေယာတွေဆီ ကြည့်ရင်း မျက်ရည်တွေလည်း ကျလာပါတော့တယ်။

"ကျွန်မ ဒီကို ပြန်မလာချင်တော့ဘူး၊ မြင်တာနဲ့ ရောဂါပိုဆိုးလာတယ်၊ ရင်ဘတ်တွေ အောင့်တယ်"

နာရီဝက်လောက် စက်လှေစီးခဲ့ရတာမို့ ပင်ပန်းသွားပုံလည်း ရပါတယ်။

ပိန်လှီလှီ ခန္ဓာကိုယ်နဲ့ တချက်တချက် အသက်ရှုသံ ခပ်ပြင်းပြင်းက ဒေါ်ဂျာလိုင်ကို လူမမာတစ်ယောက်ဆိုတာ မြင်ရုံနဲ့ သိနိုင်ပါတယ်။

Image caption မြစ်ဆုံစီမံကိန်းကြောင့် မြေယာတွေ အသိမ်းခံခဲ့ရတဲ့ ဒေါ်ဂျာလိုင်

လွန်ခဲ့တဲ့ ၈ နှစ်ကျော်က ဒေါ်ဂျာလိုင်ဟာ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ စိုက်ပျိုးမြေတွေနဲ့ သူကြီးပြင်းခဲ့တဲ့ မွေးရပ်မြေ လဖြဲရွာကနေ တစ်မိသားစုလုံး အပြီးပိုင် နှင်ထုတ်ခံခဲ့ရပါတယ်။

မြစ်ဆုံစီမံကိန်း သင်္ကေတနေရာလို့ ဆိုရမယ့် သံတံတားနားတဝိုက်မှာ ဒေါ်ဂျာလိုင်ရဲ့ မြေယာတွေရှိခဲ့တာပါ။

အတိအကျပြောမယ်ဆိုရင် မြစ်ဆုံကနေ ဆင်းသွားရင် သံတံတားရဲ ညာဘက်အခြမ်းမှာ ဒေါ်ဂျာလိုင်ရဲ့ ဇာတိ လဖြဲရွာ ရှိခဲ့ပါတယ်။

မြစ်ဆုံဆည်ကိုတော့ သံတံတားနဲ့ ဧရာဝတီမြစ်ဆုံကြားမှာ တည်ဆောက်မှာဖြစ်ပါတယ်။

Image caption မြစ်ဆုံဆည် စီမံကိန်းဧရိယာထဲက ဆောက်လက်စ သံတံတား

"သံတံတားက မြစ်ဆုံဆည်ဆောက်တဲ့အခါ ဆောက်လုပ်ရေးပစ္စည်းတွေကို ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း သယ်ယူဖို့အတွက် တည်ဆောက်ထားတာ" လို့ စီမံကိန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုတော့ ဒီနေရာ တခွင်လုံးက စီမံကိန်းဧရိယာ ဖြစ်လို့နေပါပြီ။

အဲ့ဒီတဝိုက်မှာလည်း မြစ်ဆုံဆည်ဆောက်မယ့် တရုတ်ကုမ္ပဏီ ရုံးတွေ ဟိုတစ်စု ဒီတစ်စု ရှိနေပြီး လုံခြုံရေးတင်းကျပ်ထားသလို ပုဒ်မ ၁၄၄ ထုတ်ပြီး အပြင်လူ သွားလာခွင့်ကို ကန့်သတ်ထားပါတယ်။

မြစ်ဆုံနဲ့ အောင်မြင်သာကျေးရွာ

Image caption ပြောင်းရွှေ့ရွာသားတွေအတွက် တရုတ်ကုမ္ပဏီက ပြန်ချပေးထားတဲ့ အောင်မြေသာကျေးရွာ

မြစ်ဆုံစီမံကိန်းကြောင့် အောင်ဂျာရန်၊ ဒေါင်ပန်၊ လဖြဲ၊ မြစ်ဆုံ၊ တန်ဖရဲ ဆိုတဲ့ ရွာ ငါးရွာလုံး အသိမ်းခံရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အဲ့ဒီအတွက် တရုတ် SPIC ကုမ္ပဏီက "အောင်မြင်သာရွာ" ဆိုပြီး ရွာသစ်တစ်ခုတည်ပြီး နေအိမ်တွေတော့ ပြန်ချပေးခဲ့ပါယယ်။ ဒါပေမယ့် ဒေသခံတွေဟာ အရင်က မြေယာ ဘယ်လောက်ပဲ ပိုင်ခဲ့ပါစေ၊ နေရာသစ်မှာ မိသားစု တစ်စုချင်းစီဟာ ပေ ၄ဝ၊ ပေ ၆ဝ မြေကွက်ပေါ်ဆောက်ထားတဲ့ နေအိမ်တစ်လုံးစီပဲ ပြန်ရကြပါတယ်။

Image caption အောင်မြင်သာကျေးရွာထဲ ဒေသခံထောင်နဲ့ချီပြီး ပြောင်းရွှေ့ခဲ့ရ

အောင်မြင်သာရွာကို ပြောင်းလာခဲ့ရသူတွေထဲ ဒေါ်ဂျာလိုင်လည်း ပါပါတယ်။ သူ့အဖို့ ဒီပြောင်းရွှေ့ရွာမှာ နေရတာက ဒုက္ခတွေချည်းပါပဲတဲ့။

"အခု ဘာမှမရှိတော့ဘူး၊ နားကပ် သုံးရံ၊ ဆွဲကြိုးလည်း ရွေး ၃ဝ ကုန်ပြီ၊ ငါက ဆင်းရဲသားဘ၀ ဖြစ်နေတယ်၊ ငါ့သမီးတွေလည်း နေ့စား ဘဝရောက်နေတယ်"

စီမံကိန်းကြောင့် ဒေါ်ဂျာလိုင်ဟာ လဖြဲရွာက သူပိုင်ဆိုင်တဲ့ မြေဧက ၄ဝ ကျော်လုံးလည်း အသိမ်းခဲ့ခံရပါတယ်။

Image caption တန်ဖရဲရွာကနေ အောင်မြင်သာကို ပြောင်းရွှေ့လာတဲ့ ဒေါ်ဂျာလိုင်တို့ မိသားစု

မြေယာအတွက် တရုတ်ကုမ္ပဏီက လျော်ကြေး တစ်ပြားတစ်ချပ်မှ မပေးပါဘူး။ အဲ့ဒီအစား ပိုင်ဆိုင်ခဲ့တဲ့ မြေယာပေါ်က လိမ္မော်ပင်၊ တညင်းပင်၊ ကျွဲကောပင် စတဲ့ နှစ်ရှည်ပင်တွေကို ပင်ပျို၊ ပင်အို ဆိုပြီး အစားစား ဈေးဖြတ်ပေးခဲ့တာပါ။

သိန်း ၈ဝ လောက် ဒေါ်ဂျာလိုင် ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီလျော်ကြေးက ဒေါ်ဂျာလိုင်အဖို့ မိသားစုဘဝ ရပ်တည်ဖို့ မလုံလောက်ခဲ့ပါဘူး။

"ငါ့ခြံမှာဆို ဘာစိုက်ရင် ဘာကောင်းတယ်၊ ငရုတ်သီးလည်း စိုက်စား… မုန့်ညင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆယ်လပိုင်း ကိုးလပိုင်း စိုက်ပြီဆိုရင် တစ်နှစ်လုံး မစားရရင်တောင်မှ သုံးလ၊ ခြောက်လ ကတော့ ဝယ်စားစရာ မလိုဘူး၊ ခုက ပိုက်ဆံ တစ်ထောင်ဆို ဟင်းစားတောင် မရဘူး၊ ဘာမှ မရဘူး" လို့ ဒေါ်ဂျာလိုင်က မျက်ရည်တွေ သုတ်ရင်း ပြောပါတယ်။

"မြစ်ဆုံအကြောင်းပြောရင် အသိမ်းခံခဲ့ရတဲ့ စိုက်ပျိုးမြေတွေကို နှမြောတသ ပြန်ဖြစ်ရတယ်" လို့လည်း ဆက်ပြောပါတယ်။

မြစ်ဆုံနဲ့ တရုတ်ကုမ္ပဏီ

Image caption မြစ်ဆုံဆည် ဆောက်လုပ်ရေးလုပ်ငန်းခွင်

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှာ ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၇.၂ ဘီလျံ ရှိမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ခြောက်ထောင်ကျော်ထွက်ဖို့ လျာထားပါတယ်။

လက်ရှိမှာ ဆည်စီမံကိန်းဧရိယာတစ်ခုလုံးရဲ့ လုံခြုံရေးကို တရုတ်ကုမ္ပဏီက ယူထားတာပါ။

အောက်ခြေရာထူးတွေမှာ မြန်မာဝန်ထမ်းတချို့ ခန့်ထားပေမယ့် အများစုကတော့ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

ဆည်ဧရိယာတဝိုက်မှာလည်း တရုတ်ကုမ္ပဏီရုံးတွေရှိနေပြီး စီမံကိန်းဝင်းထဲမှာ နေထိုင်ကြတဲ့ တရုတ်ဝန်ထမ်း ဆယ်ဂဏန်းလောက် ရှိတယ်လို့ အဲ့ဒီထဲ ရောက်ဖူးသူတချို့က ဘီဘီစီကို ပြောပါတယ်။

"မြစ်ဆုံဆည် ဆောက်လုပ်ရေးက လုံးဝ ရပ်ထားတာ မဟုတ်ဘူး၊ မြစ်ရေ အတက်အကျတိုင်းတာလို အသေးစား တည်ဆောက်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေသေးတယ်" လို့ စီမံကိန်းဝင်းထဲ ရောက်ဖူးသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

Image caption မြစ်ဆုံဆည်စီမံကိန်းဧရိယာ ဂိတ်ကစလို့ စစ်ဆေးရေးတင်းကြပ်ထားပြီး လုံခြုံရေးလည်းပိုချထားပါတယ်

ဒေသခံတွေကတော့ ရပ်ဆိုင်းထားတဲ့ စီမံကိန်းဝင်းထဲ တရုတ်ဝန်ထမ်းတွေ ဘာလို့ဆက်ရှိနေလဲ ဆိုတာကို မေးခွန်းထုတ်နေကြတာပါ။

ဒေါ်ဂျာလိုင်ကလည်း "စီမံကိန်းဝင်းထဲ ဘာမှမလုပ်ဘူးဆို ကျွန်မတို့ကို ပေးဝင်လေ၊ ခုက ကျွန်မပိုင်ခဲ့တဲ့ စိုက်ပျိုးမြေထဲ ပေါက်နေတဲ့ ဆေးပင်က အရွက်ခူးချင်လို့ ခွင့်တောင်းတာကိုတောင် ပေးမဝင်ဘူး" လို့ ပြောပါတယ်။

မြစ်ဆုံဆည်စီမံကိန်းဧရိယာထဲ ဝင်ရောက်ရိုက်ကူးခွင့်ကို ဘီဘီစီက တောင်းခဲ့ပေမယ့်လည်း စီမံကိန်းတာဝန်ယူဆောက်လုပ်နေတဲ့ ACHC ကုမ္ပဏီက လက်မခံခဲ့ပါဘူး။

Image caption ဧရာဝတီမြစ်နဲ့ မေခ မလိခမြစ်ပေါ် တည်ဆောက်မယ့် ဆည်စီမံကိန်းများမြေပုံ

မြစ်ဆုံနဲ့ NLD အစိုးရ

စီမံကိန်းသာ မရပ်ခဲ့ဘူးဆိုရင် အခုချိန်ဟာ စီမံကိန်းလုပ်ငန်းတွေ အားလုံးပြီးစီးရမယ့် အချိန်ကိုတောင် ကျော်လာနေပါပြီ။

စီမံကိန်းဟာ ဆန္ဒပြမှုတွေကြောင့် ၂၀၁၁ ခုနှစ်က ရပ်ဆိုင်းခဲ့တာပါ။ စီမံကိန်းကို ၂၀၀၆ ခုနှစ်က စခဲ့ပြီး ၁၂ နှစ် ကြာ စီမံကိန်းလျာထားချက်အတိုင်းဆိုရင် (ကနဦးကာလ ၂ နှစ်၊ စုံစမ်းစစ်ဆေးတဲ့ကာလ သုံးနှစ်၊ အကောင်အထည်ဖော်ကာလ ခုနစ်နှစ်) ၂ဝ၁၈ ခုနှစ် ဝန်းကျင်မှာ ပြီးရမှာ ဖြစ်လို့ စီမံကိန်းကာလ ကျော်လာပြီလို့ ဆိုနိုင်ပါတယ်။

NLD အစိုးရကတော့ ၂ဝ၁၆ ခုနှစ် အာဏာရချိန်ကစလို့ ဒီစီမံကိန်းကို ဘယ်လိုဆက်လုပ်မလဲဆိုတာ အခုထိ တိတိပပ ထုတ်မပြောသေးပါဘူး။

Image caption စီမံကိန်းရပ်ထားတာ ၈ နှစ်ကျော်ရှိနေပြီဖြစ်ပြီး ဒေသခံအချို့ကလည်း စီမံကိန်းဧရိယာထဲ ပြန်နေကြ

အစိုးရတက်လာလာချင်းမှာပဲ ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများ လေ့လာသုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိမှာ ကော်မရှင်က အစီရင်ခံစာကို သမ္မတရုံးကို တင်ထားခဲ့တာ ၂ နှစ်နီးပါးလောက် ရှိနေပါပြီ။

" ကျွန်တော်တို့ တင်ထားတဲ့ အစီရင်ခံစာကို ကော်မရှင် ထိပ်ပိုင်းတာဝန်ယူထားသူ နှစ်ယောက် သုံးယောက်က ပေါင်းရေးပြီး အတိုင်ပင်ခံဆီ ပို့တာ၊ ဘာတွေရေးပြီး ဘယ်လိုပို့ထားမှန်းတော့ မသိဘူး" လို့ အမည်မဖော်လိုတဲ့ ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အမည်မဖော်လိုတဲ့ ကော်မရှင်အဖွဲ့ဝင် တစ်ဦးကတော့ မြစ်ဆုံကော်မရှင်ရဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ မီဒီယာတွေကို မပြောဖို့ တရားဝင်စာထုတ်ပြီး ကန့်သတ်ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"ခုဆို ကော်မရှင်က အစည်းအဝေးတွေ မခေါ်တော့ဘူး၊ တစ်နှစ်ကျော်လောက် ရှိပြီ၊ ကော်မရှင်က ဆက်ရှိနေလား မရှိတော့ဘူးလား ဆိုတာတောင် မသိတော့ဘူး" လို့ အမည်မဖော်လိုတဲ့ ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

Image caption မြစ်ဆုံဆည် စီမံကိန်းဝန်းကျင် နေရာပြ မြေပုံ

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဦးသောင်းထွန်း၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ မြစ်ဆုံကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် စတဲ့ အစိုးရအရာရှိကြီးတွေကို ဘီဘီစီက အင်တာဗျူးခွင့် တောင်းခံခဲ့ပေမယ့်လည်း အခြေအနေအကြောင်းမျိုးမျိုးကြောင့် လက်မခံနိုင်ပါဘူးဆိုပြီး အကြောင်းပြန်ခဲ့ကြပါတယ်။

တကျော့ပြန် စီမံကိန်းနဲ့ တရုတ်ခြေလှမ်း

Image caption မြစ်ဆုံစီမံကိန်းဧရိယာထဲက တရုတ်ကုမ္ပဏီရုံးတစ်နေရာ

မြစ်ဆုံစီမံကိန်းကို တရုတ် (China Power Investment - CPI)နဲ့ လက်မှတ်ထိုးခဲ့တာဖြစ်ပေမယ့် အဲ့ဒီနောက်ပိုင်း CPI ဟာ SPIC (နိုင်ငံတော် လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု လုပ်ငန်းစု) ဆိုပြီး ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

ဒါ့ကြောင့် စီမံကိန်းအကောင်အထည်ဖော်ရာမှာ တရုတ် SPIC က ဦးဆောင်ပြီး မြန်မာအစိုးရ လျှပ်စစ်ဌာနတာဝန်ရှိသူတချို့ပါတဲ့ Upstream Ayeyawady Confluence Basin Hydropower Co.,ltd (ဧရာဝတီမြစ် မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်-ACHC) ကိုဖွဲ့စည်းခဲ့ပါတယ်။

Image caption မြစ်ဆုံဆည်စီမံကိန်းကို ACHC ကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေ

ဆည်စီမံကိန်းမှာ အဓိက တာဝန်ရှိတဲ့ ACHC ကုမ္ပဏီကို ဘီဘီစီက ဆက်သွယ်ရာမှာတော့ "ဥပဒေနဲ့အညီ ဆိုတဲ့စကားကို ကိုင်စွဲပြီး မြစ်ဆုံဆည်စီမံကိန်းကို လုပ်နေတာပါ" လို့ စာနဲ့ အကြောင်းပြန်လာပါတယ်။

"စီမံကိန်းအတွက် ဥပဒေအရ တရားဝင်တဲ့၊ သက်ဝင်မှုရှိတဲ့၊ အကောင်အထည်ဖော်နိုင်တဲ့ စာချုပ်စာတမ်း အပြည့်အစုံရှိတယ်"

"မြစ်ဆုံဆည်စီမံကိန်းကို နိုင်ငံတကာ ကျင့်ထုံးတွေ၊ ပြည်တွင်း ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ လုပ်နေတယ်" လို့ ACHC ကုမ္ပဏီက အကြောင်းပြန်ပါတယ်။

"ဒါ့အပြင် အစိုးရ မြစ်ဆုံကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ကလည်း တရားမျှတပြီး ဘက်လိုက်မှုမရှိဖို့ ယုံကြည်ပါတယ်" ဆိုပြီး ဘီဘီစီရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။

Image caption မြစ်ဆုံစီမံကိန်းဧရိယာထဲက တန်ဖရဲရွာမှာ ပြန်နေကြတဲ့ ဒေသခံများ

လတ်တလောမှာလည်း ACHC ကုမ္ပဏီဟာ မြစ်ဆုံဆည်ဆောက်ဖို့ ပြောဆိုစည်းရုံးမှုတွေ၊ ပြောင်းရွှေ့ရွာက ဒေသခံတွေကို ကူညီပေးမှုတွေလုပ်နေပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်လွှတ်တော်ထဲအထိ သွားရောက်ပြီး မြစ်ဆုံဆည်ဟာ ငလျင်ဒဏ် စိုးရိမ်စရာမရှိဘူး ဆိုတာတွေကို ရှင်းပြတာတွေ လုပ်ခဲ့ပါတယ်။

စီမံကိန်း ကန့်ကွက်ကြသူတွေကတော့ မြစ်ဆုံဆန့်ကျင်ရေး ဟောပြောပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့ မြစ်ဆုံစာချုပ်ကို လူထုကို ချပြဖို့အထိ တောင်းဆိုမှုတွေ လုပ်လာနေပါတယ်။

တစ်ဦး တစ်ဒေါ်လာကျစီ ထည့်ဝင်ပြီး ကုန်ကျစရိတ်တွေ ပြန်ပေးတဲ့ နည်းလမ်းနဲ့ မြစ်ဆုံကို ပြန်ရွေးယူဖို့အထိ ကမ်ပိန်းလုပ်ရှားမှုတွေလည်း ရှိနေပါတယ်။

Image caption မြစ်ဆုံဆန့်ကျင်ရေး ကမ်ပိန်းလှုပ်ရှားမှုတစ်ခု

မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာမြင့်ဇော်က " မြစ်ဆုံအပါအဝင် မေခ၊ မလိခမြစ်ပေါ်မှာ တည်ဆောက်မယ့် ဆည်နေရာတွေမှာ မြန်မာနိုင်ငံ နောက်ဆုံးလက်ကျန်သစ်တောတွေရဲ့ ၇၅% ရှိနေပါတယ်။ ဆည်တွေဆောက်မယ်ဆို သစ်တောတွေ ကုန်သလောက် ဖြစ်သွားမယ်၊ ဒါကြောင့် စွမ်းအင်ပြဿနာ ဖြေရှင်းမယ်ဆိုရင် စီမံကိန်းသေးသေးတွေနဲ့ ဖြေရှင်းပါ၊ ပြန်ပြင်လို့မရတဲ့ စီမံကိန်းကြီးတွေကို မလုပ်ပါနဲ့" လို့ ထောက်ပြပါတယ်။

မြေဆုံနဲ့ ဒေသခံတွေရဲ့ ဒုက္ခ

Image caption မြစ်ဆုံစီမံကိန်းဧရိယာထဲမှာရှိတဲ့ တန်ဖရဲရွာမှာ ပြန်နေကြတဲ့ မိသားစုတစု

မြစ်ဆုံကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံတွေအဖို့တော့ တရုတ်ကုမ္ပဏီက ချပေးထားတဲ့ နေရာသစ်မှာ အသားကျဖို့ အခုထိ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

နေထိုင်စားသောက်ရေး အခက်ခဲတွေကြောင့် အသိမ်းခံခဲ့ရတဲ့ စီမံကိန်း ဧရိယာထဲက သူတို့ရဲ့ နေအိမ်တွေဆီ ပြန်သွားသူ တချို့လည်း ရှိနေပါတယ်။

စီမံကိန်းဧရိယာထဲမှာရှိတဲ့ တန်ဖရဲရွာက နေအိမ်မှာ ပြန်နေတဲ့ ဒေါ်ရွယ်တောင်က "အောင်မြင်သာမှာ နေခဲ့တုန်းက ဝက်မွေးရင်လည်း ဝက်စာယူရတာ ဝေးတယ်၊ လယ်လုပ်စားမယ့် နေရာလည်း မရှိဘူး၊ သွားသွားပြန်ပြန် လုပ်စားမယ်ဆိုရင် သုံးဘီးခက နှစ်ထောင်လောက်ကုန်တယ်၊ ဆိုင်ကယ်နဲ့ ဆိုရင်လည်း ဆိုင်ကယ်က မရှိဘူး၊ အဆင်မပြေဘူး" လို့ ပြောပါတယ်။

Image caption တန်ဖရဲရွာက နေအိမ်မှာ ပြန်နေတဲ့ ဒေါ်ရွယ်တောင်

ဒါပေမဲ့လည်း ဒေါ်ရွယ်တောင် ပြန်နေတဲ့ တန်ဖရဲရွာဟာ တကယ်တမ်း မြစ်ဆုံဆည်စီမံကိန်းပြန်စမယ်ဆိုရင် ရေလွှမ်းမိုးနိုင်တဲ့ ဧရိယာတွေထဲ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ ဒါကို သိပ်စိတ်ပူပုံ မရပါဘူး။

မြစ်ဆုံဆည်စီမံကိန်း ရပ်တန်းက ရပ်ဖို့ကိုပဲ ကန့်ကွက်မှုတွေ၊ တောင်းဆိုလှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ လုပ်လာနေကြပါတယ်။

Image caption တန်ဖရဲရွာသူ ဒေါ်လုရာ

မြစ်ဆုံအကြောင်း ရေးစပ်ထားတဲ့ ကချင်ရိုးရာသီချင်းကို သီဆိုရင်း "တကယ်လို့ ဒီမြစ်ဆုံကို လုပ်လိုက်ရင် ကျမတို့ရဲ့ တန်ဖရဲရွာကလည်း ရှိတော့မှာ မဟုတ်ဘူး၊ မြစ်ဆုံကလည်း ဘယ်သောအခါမှ ဆုံတော့မှာ မဟုတ်ဘူး၊ ကျွန်မတို့အတွက် အရမ်းခံစားရတာပေါ့" လို့ အောင်မြင်သာကျေးရွာထဲ ပြောင်းရွှေ့နေထိုင်နေရတဲ့ ဒေါ်လုရာက ပြောပါတယ်။

အခုတော့ သူတို့က မြစ်ဆုံဆည်စီမံကိန်းနဲ့ ဘယ်အပေးအယူကိုမှ လက်ခံမယ့်ပုံ မရှိကြတော့ပါဘူး။

Image caption မြစ်ဆုံစီမံကိန်းကို သီချင်းဆိုရင်း ကန့်ကွက်မှုပြခဲ့ကြ

အောင်မြင်သာထဲ ပြောင်းရွှေ့ခဲ့ရတာ ရှစ်နှစ်ကျော်နေပြီဖြစ်ပေမယ့် ဒေါ်ဂျာလိုင်ကတော့ မြစ်ဆုံဆည် စီမံကိန်းအကြောင်းပြောတိုင်း မျက်ရည်ကျနေဆဲပါ။

ဖျော့တော့တော့ လေသံနဲ့ သူပြောတာကတော့ "မြစ်ဆုံရေအားလျှပ်စစ်အကြောင်း ပြောရင် နှစ်ခါ၊ သုံးခါ ပြောလည်း မျက်ရည်ကျတယ်၊ ငါက နေချင်တာ… ငါ့ရွာမှာပဲ ပြန်နေချင်တယ်၊ ဒီ တရုတ်တွေက ဘယ်လိုစမလဲ၊ ဘယ်လို အဆုံးသတ်မလဲ မသိဘူး။"

Image caption စီမံကိန်းကြောင့် ဒေါ်ဂျာလိုင်ဟာ ပိုင်ဆိုင်တဲ့ မြေဧက ၄ဝ ကျော် အသိမ်းခဲ့ခံရပါတယ်