ရခိုင်စစ်ပွဲမှာ အရပ်သားသေဆုံးမှု ၇၁ ယောက်ရှိပြီး ၄၂ ယောက်သေဆုံးမှုဟာ အစိုးရ တပ်မတော်နဲ့ သက်ဆိုင်

ဘူးသီးတောင်မြို့နယ်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦး။ ၂၅ ဇန်နဝါရီ ၂၀၁၉ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘူးသီးတောင်မြို့နယ်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦး။ ၂၅ ဇန်နဝါရီ ၂၀၁၉

မြန်မာ့တပ်မတော်နဲ့ အေအေ ရခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေ အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ အခုချိန်ထိ ကာလမှာ ကလေးငယ် ၈ ဦး အပါအဝင် အသက်သေဆုံးခဲ့ရသူ အရပ်သား အရေအတွက် စုစုပေါင်း ၇၀ ကျော်ရှိသွားပါပြီ။

စုစုပေါင်း ၇၁ ဦးအနက် ၁၁ ဦးက အမျိုးသမီးဖြစ်ပြီး ၆၀ ဦးက အမျိုးသားတွေ ဖြစ်ကြပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၈ ဦးလည်း ပါဝင်ပြီး အဲဒီအထဲမှာ ၇ နှစ်သား၊ ၈ နှစ်သား၊ ၁၀ နှစ်သမီး၊ ၁၂ နှစ်သားအရွယ်အထိ ငယ်ရွယ်သူတွေလည်း ပါဝင်ကြပါတယ်။

မြန်မာ့တပ်မတော်က အေအေ ရခိုင့်တပ်မတော်နဲ့ ဆက်စပ်တယ်လို့ မသင်္ကာတဲ့အတွက် ဖမ်းဆီးသွားပြီး စစ်ကြောမေးမြန်းစဉ် သေဆုံးသူက ၁၅ ယောက်ရှိပါတယ်။ အဲဒီ ၁၅ ယောက်ထဲမှာတော့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ ဖမ်းဆီးထားစဉ် လက်နက်ဝင်လုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မနက် ၂ နာရီထိုးမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသူ ၈ ယောက်လည်း ပါဝင်ပါတယ်။ ကျောက်တန်းမှာ သေနတ်ဒဏ်ရာတွေကြောင့် ပွဲချင်းပြီး သေဆုံးသူက ၆ ယောက်ဖြစ်ပြီး ဆေးရုံရောက်ပြီးမှ သေဆုံးသူက ၂ ယောက် စုစုပေါင်း သေဆုံးသူ ၈ ယောက်ဖြစ်ပါတယ်။

သေဆုံးသူ ၇၀ ထဲမှာ လက်နက်ကြီးဒဏ်ရာ၊ သေနတ်ဒဏ်ရာနဲ့ ရဟတ်ယာဉ်ပေါ်က ပစ်ခတ်ဗုံးကြဲမှုတွေကြောင့် သေဆုံးရသူ အရေအတွက်က အများဆုံးဖြစ်ပြီး စုစုပေါင်း ၃၇ ယောက်ဖြစ်ပါတယ်။

မိုင်းကွဲလို့ သေရသူ၊ ဗုံးပေါက်ပြီး သေရသူ၊ အလုပ်ကြံခံရလို့သေဆုံးသူတွေလည်း ရှိပါတယ်။

ဒီသေဆုံးသူစာရင်းတွေကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ပြုစုထားတာဖြစ်ပြီး သူတို့စာရင်းအရ စုစုပေါင်း အရေအတွက်က ၆၉ ယောက်ဖြစ်ပါတယ်။

ဘီဘီစီက သီးခြား သတင်းရင်းမြစ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရာမှာ အဲဒီ ၆၉ ယောက်အနက် ၆၇ ယောက်သေဆုံးတဲ့ ဖြစ်စဉ်တွေကို ဘီဘီစီ အပါအဝင် သတင်းဌာနတွေက အတည်ပြုချက်ရယူထားကြပြီး ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အဲဒီ ၆၇ ယောက်ရဲ့ အမည်နဲ့ နေထိုင်ရာဒေသတွေကို ဘီဘီစီက သိရှိထားပြီး ဖြစ်တဲ့ အပြင် သေဆုံးခဲ့ရပုံ အသေးစိတ်ကိုလည်း သိရှိထားပြီး ဖြစ်ပါတယ်။ ဘီဘီစီက သီးခြား အတည်မပြုနိုင်တဲ့ ၂ ယောက်ကတော့ ရေနစ်မြုပ်သေဆုံးနေပြီးမှ အလောင်းတွေ့ရှိရတဲ့ ရသေ့တောင် မြို့နယ် ထီးစွဲကျေးရွာက ကိုတင်ဝင်းလှိုင်နဲ့ ရေထဲမှာ အလောင်းမျောပါလာတဲ့ အမည်မသိသူ တယောက်တို့ ဖြစ်ပါတယ်။ အဲဒီ ၂ ယောက်ကို ဘီဘီစီက သီးခြား အတည်မပြုနိုင်ပေမယ့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးကတော့ သေသေချာချာ စစ်ဆေးပြီးမှ အတည်ပြုထားတာလို့ ဆိုပါတယ်။ သူတို့ ၂ ယောက်ဟာ မြန်မာ့ တပ်မတော် သို့မဟုတ် အခြားလက်နက်ကိုင် အဖွဲ့အစည်းတခုခုရဲ့ လက်ချက်ကြောင့် အသက်သေဆုံးရတယ်လို့ တိတိကျကျ မပြောနိုင်ပေမယ့် စစ်ပွဲဖြစ်ပွားရာ နေရာမှာ သူတို့ အလောင်းတွေကို တွေ့ရတဲ့ အတွက် ၆၉ ယောက်စာရင်းမှာ ထည့်သွင်းထားတာလို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ကိုတင်ဦးက ဆိုပါတယ်။ အခုစာရင်းထဲမှာ မပါသေးသူ တပ်မတော်က အတည်ပြုထားတဲ့ နောက်ထပ် ၂ ဦးကိုပါ ထည့်ပေါင်းရေတွက် ရင်တော့ ၇၁ ဦးဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကျောက်တန်းရွာမှ ဒဏ်ရာရထားသူ တဦး

ဘယ်သူတွေရဲ့ လက်ချက်လဲ

အဲဒီအရပ်သားတွေ သေဆုံးမှုကို ဖြစ်ပေါ်စေတဲ့ ပြုလုပ်သူကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ပြုစုထားရာမှာတော့ တပ်မတော်ကြောင့် သေဆုံးရသူက ၄၂ ဦး၊ ဘယ်သူ့လက်ချက်လို့ အတည်မပြုနိုင်တဲ့ သေဆုံးသူက ၂၄ ဦးဖြစ်ပြီး၊ အာရကန် ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် ARSA ရဲ့လက်ချက်လို့ အစွပ်စွဲခံရပြီး သေဆုံးသူက ၃ ဦးဖြစ်ပါတယ်။

တပ်မတော်ကြောင့် သေဆုံးရသူ ၄၂ ဦး

တပ်မတော်ကြောင့် သေဆုံးရသူလို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက သတ်မှတ်ထားသူ စုစုပေါင်း ၄၂ ဦးရှိပါတယ်။

တပ်မတော်ဖမ်းဆီးစစ်ဆေးမှုကြောင့် သေဆုံးသူများ

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံးက ဖော်ပြထားတဲ့ တပ်မတော်နဲ့ သက်ဆိုင်တဲ့ သေဆုံးမှု ၄၂ မှုကို ဘီဘီစီက တိုက်ဆိုင်စိစစ်ခဲ့ပါတယ်။ ၄၂ ဦးအနက် ၁၅ ဦးဟာ တပ်မတော်က မသင်္ကာလို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းစဉ်မှာ သေဆုံးသွားသူတွေ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် အဲဒီ ၁၅ ဦးသေဆုံးမှုဟာ တပ်မတော် သက်ဆိုင်မှု ရှိကြောင်း သေချာပါတယ်။

အဲဒီလို သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ခဲ့တာ ဟုတ်မဟုတ် တပ်မတော်က စစ်ဆေးဖို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ခုံရုံးဖွဲ့ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ မိဘတွေက သူတို့ဟာ သာမန် အရပ်သူ အရပ်သားတွေလို့ ပြောကြပါတယ်။ သူတို့ဟာ သာမန် အရပ်သူ အရပ်သားအဖြစ် လုပ်ကိုင်စားသောက်နေထိုင်ခဲ့ကြကြောင်း အထောက်အထားတွေလည်း ရှိပါတယ်။ ဒါပေမယ့် တပ်မတော်ကတော့ သေဆုံးသူ တော်တော်များများကို အေအ ရခိုင့်တပ်မတော်နဲ့ ဆက်စပ်ပတ်သက်သူတွေ အဖြစ် ယူဆပါတယ်။ အေအေ ရခိုင့်တပ်မတော်နဲ့ ဆက်စပ်ရင်တောင်မှ အသက်သေဆုံးတဲ့ အထိ မေးမြန်းနှိပ်စက်ခွင့်ရှိမရှိ၊ အဲသလို မေးမြန်းစစ်ဆေးရင် တရားဥပဒေနဲ့ ညီမညီဟာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ တပ်မတော်ကဖွဲ့တဲ့ ခုံရုံးက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကျောက်တန်းမှာ အပစ်ခတ်ခံရသူ တဦးကို ဆေးရုံပို့ဖို့ သယ်ဆောင်လာစဉ်

ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးရသူတွေထဲမှာ အများဆုံးသေဆုံးမှုက ကျောက်တန်းရွာမှာ ဖြစ်ပွားခဲ့ပါတယ်။ ကျောက်တန်းရွာက ရွာသား ၂၇၅ ယောက်ကို ဧပြီလ ၃၀ ရက်နေ့မှာ အေအေ ရခိုင့်တပ်မတော်နဲ့ ဆက်စပ်တယ်လို့ တပ်မတော်က သံသယရှိတဲ့ အတွက် စစ်ဆေးမေးမြန်းခဲ့ပါတယ်။ စစ်ဆေးမေးမြန်းရာမှာ တနေကုန်နေလှန်းစစ်ဆေးတာ၊ သေနတ်ဒင်တွေနဲ့ထုတာတွေ လုပ်ခဲ့တယ်လို့ ရွာသားတွေကဆိုပါတယ်။ ဖမ်းဆီးပြီး ၂ ရက်အကြာ မေလ ၂ ရက် မနက် ၂ နာရီထိုးမှာ ကျောင်းထဲက ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီး လူ ၆ ယောက် နေရာမှာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဆေးရုံရောက်ပြီးနောက် ၂ ယောက်ထပ်မံ သေဆုံးခဲ့ပါတယ်။ ရွာသားတွေက သေနတ်ဝင်လုလို့ ပစ်ခတ်တာလို့ တပ်မတော်ဘက်က ဆိုပါတယ်။

တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် နောက်ထပ်သေဆုံးသူတွေကတော့ လက္ကာရွာသား ၂၇ ယောက်ဖမ်းဆီးစစ်ဆေးစဉ်က သေဆုံးသူ ၃ ဦးဖြစ်ပါတယ်။ မြောက်ဦးဝေသာလီဘုရားကြီး ပြုပြင်နေပြီး ထမင်းစား ပြန်အလာမှာ တပ်မတော်က မသင်္ကာလို့ ဖမ်းဆီးပြီး စစ်ဆေးရာက သေဆုံးတဲ့ ပန်းရံဆရာနဲ့ လက်သမားဆရာ ၂ ဦးလည်း ပါဝင်ပါတယ်။ ကျန် ၂ ဦးကတော့ ငှက်ဖျားရောဂါထလို့ ဆေးရုံတက်ဖို့ထွက်ခွာလာစဉ် တပ်မတော်က ဖမ်းဆီးစစ်ဆေးရင်း သေဆုံးရသူ မင်းပြားမြို့နယ် သပေါ့စာတဲစုရွာက ကိုလှမောင်ဝင်းနဲ့ သစ်ခုတ်ဝါးခုတ်ထွက်ရာမှာ တပ်မတော်က အဖမ်းဆီးခံရပြီး သေဆုံးခဲ့တဲ့ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာက ဦးကျော်လှိုင်တို့ ဖြစ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကျောက်တန်းမှာ ဒဏ်ရာရခဲ့သူတွေ ဆေးရုံမှ ဆေးကုသဖို့ စောင့်ဆိုင်းနေစဉ်

ရခိုင်စစ်ပွဲကြောင့် ၈ လအတွင်း အရပ်သား ၇၀ ကျော်သေဆုံး

ရဟတ်ယာဉ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူ ရိုဟင်ဂျာများ

၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ ဝါးခုတ်နေတဲ့ ရိုဟင်ဂျာတချို့ တပ်မတော် ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ သူတို့ဟာ အေအေ ရခိုင့်တပ်မတော်နဲ့ အတူရှိနေလို့ တပ်မတော်က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တပ်မတော်ဘက်က ဆိုပါတယ်။ တပ်မတော်က ထုတ်တဲ့ မြဝတီ သတင်းစာမှာ သေဆုံးသူ ဘင်္ဂါလီမွတ်စလင် ၆ ဦးရှိတယ်လို့ ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စ ရာဗီနာ ရှမ်မ် ဒါဆာနီကတော့ သေဆုံးသူ အနည်းဆုံး ၇ ဦးရှိတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးရဲ့ စာရင်းထဲမှာတော့ ၄ ဦးသာ အတည်ပြု ဖော်ပြထား ပါတယ်။ တကယ်လို့ မြဝတီ သတင်းစာမှာ တပ်မတော်က အတည်ပြုထားတဲ့ စာရင်းကို အတည်ယူမယ်ဆိုရင် စုစုပေါင်း သေဆုံးသူ စာရင်းဟာလည်း ၂ ဦးတိုးသွားပြီး ၇၁ ဦးဖြစ်သွားပါမယ်။

လက်နက်ကြီး ထိမှန်သေဆုံးသူ ၁၅ ယောက်

လက်နက်ကြီး ထိမှန်သေဆုံးသူက စုစုပေါင်း ၁၅ ယောက်ဖြစ်ပါတယ်။ လက်နက်ကြီး ထိမှန်သေဆုံးသူ ၁၅ ယောက် အနက် ၁၁ ယောက်သေဆုံးမှုဟာ တပ်မတော်က ပစ်တဲ့ လက်နက်ကြီးကျည်ဆံကြောင့် သေဆုံးရတာလို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက အတည်ပြုထားပါတယ်။ ကျန်တဲ့ ၄ ယောက်ကို သေဆုံးစေတဲ့ လက်နက်ကြီးကျည်တွေကတော့ မြန်မာ့တပ်မတော်က ပစ်တဲ့ လက်နက်ကြီးကျည်လား၊ အေအေ ရခိုင့်တပ်မတော်က ပစ်တဲ့ လက်နက်ကြီးကျည်လားဆိုတော့ တိတိကျကျ မခွဲခြားနိုင်ဘူးလို့ ဆိုထားပါတယ်။

လက်နက်ကြီးထိမှန် သေဆုံးမှု အများဆုံးဖြစ်ပွားတာက မင်းပြားမြို့နယ် စပါးထား ကျေးရွာမှာ ဖြစ်ပါတယ်။ ရွာသား ၆ ဦးသေဆုံးခဲ့ပါတယ်။ ရွာသားတွေက တပ်မတော် စခန်းချရာ ချောင်းတဖက်ကမ်း မြောင်းဗွေရွာဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံလို့ ဆိုပါတယ်။ အေအေ ရခိုင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက စပါးထား ဘုန်းကြီးကျောင်းထဲမှာ ဒုက္ခသည်တွေ ခိုလှုံနေတာကိုသိလို့ တမင်ပစ်ခတ်တာလို့ စွပ်စွဲပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်မင်းထွန်းကတော့ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လက်နက်ကြီးကျည်ဆံကြောင့် အိမ်ခေါင်မိုးပေါက်သွားပုံ

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒုတိယ အများဆုံး သေဆုံးတာက ဘူးသီးတောင်မြို့နယ် စည်တောင်ရွာမှာပါ။ မတ်လ ၂၀ ရက် ညနေပိုင်းကတည်းက မြန်မာ့တပ်မတော် စစ်သားတွေဟာ စည်တောင်ရွာထဲ ဝင်ပြီး ဆဲဆိုသလို သေနတ်နဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ရွာသားတွေက ဆိုပါတယ်။ သူတို့ဟာ ရန်သူကို ပစ်တာ မဟုတ်ဘဲ ပြည်သူလူထုကို ပစ်ခတ်နေတာလို့ စည်တောင်ရွာသူ တဦးက ဘီဘီစီကို ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အေအေတွေ ရွာထဲကနေ သေနတ်နဲ့ ပစ်တဲ့အတွက် ပြန်ပစ်တာဖြစ်ပြီး တပ်က အကြောင်းမဲ့ ပစ်တာ မရှိဘူးလို့ ပြောပါတယ်။ ည ၇ နာရီကျော်မှာတော့ ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရာမှာ ပုန်းခိုကျင်းတခုပေါ်လက်နက်ကြီးကျည် တည့်တည့် ကျရောက်ပြီး ရွာသား ၅ ယောက်သေဆုံးခဲ့ပါတယ်။

ရခိုင်စစ်ပွဲအတွင်း သေနတ်ကျည်ဆံထိမှန်သေဆုံးသူ ၁၇ ယောက်

သေနတ်ကျည်ဆံထိမှန် သေဆုံးသူ စာရင်းကို ၁၇ ယောက်ဖော်ပြထားပြီး သူတို့အားလုံးဟာ အစိုးရတပ်မတော်ရဲ့ သေနတ်ကျည်ဆံ ထိမှန် သေဆုံးရတာလို့ ဖော်ပြထားပါတယ်။ အဲဒီ ၁၇ ယောက်ထဲမှာ ကျောက်တန်းရွာမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ ၈ ဦးလည်း ပါဝင်ပါတယ်။

ရသေ့တောင်မြို့နယ် သမီးလှကျေးရွာ အနီးမှာ တပ်မတော်စစ်ကြောင်း တခုကို မိုင်းဆွဲတိုက်ခိုက်တာ ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အေအေ ရခိုင့်တပ်မတော်တပ်ဖွဲ့ဝင်တွေက သမီးလှ ကျေးရွာထဲမှာ နေထိုင်ပြီး မိုင်းထောင်တယ်လို့ တပ်မတော်က ယူဆတဲ့ အတွက် တပ်မတော်က ရွာထဲဝင်ပြီး ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ သမီးလှကျေးရွာ ရွာသားတွေက ပြောပါတယ်။ သေနတ်ပစ်ခတ်မှုတွေကြောင့် အိမ်ထဲက မီးဖိုချောင်ထဲမှာ ပုန်းနေတဲ့ အသက် ၇ နှစ်အရွယ် ပထမတန်းကျောင်းသား မောင်နိုင်စိုးရဲ့ ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ တပ်မတော်သားတွေ ပစ်သွားတာပါလို့ သေဆုံးသူ မောင်နိုင်စိုးရဲ့ မိခင် ဒေါ်မဘုက ပြောပါတယ်။ မောင်နိုင်စိုးဟာ ရခိုင်မှာ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့ရတဲ့ အသက်အငယ်ဆုံး ကလေးငယ်ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာက အသက် ၃၃ နှစ်အရွယ် ဦးမောင်ချေဟာ မတ်လ ၂၅ ရက်နေ့မှာ ရေဆိုးချောင်းကျေးရွာကနေ ကုတို့ပို့ပြီး အပြန်မှာ မြန်မာ့တပ်မတော်က ပစ်ခတ်သတ်ဖြတ်တာကိုခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယိုးတရုတ် ရဲစခန်းကို အေအေ ရခိုင့်တပ်မတော် တိုက်ခိုက်စီးနင်းပြီးမြင်ကွင်း

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက RFA ကိုပြောကြားရာမှာ "အေအေသောင်းကျန်းသူတွေဟာ အရပ်ဝတ်တွေနဲ့လည်းနေတယ်။ အရပ်ဝတ်တောင်မှ များသောအားဖြင့် အားကစားဘောင်းဘီတွေဝတ်တယ်။ ရွာသားအသွင်နဲ့ဒီလိုနေတာ။ သေနတ်ကိုင်ထားရင် သူတို့က သူပုန်၊ သေနတ်မကိုင်ထားရင် ရွာသားလို့ပြောတယ်။ အခုဒဏ်ရာရရင် ရွာသားတွေချည်းပဲ။ အဲဒီရွာသားတွေက အကုန်လုံးက သူပုန်တွေချည်းပဲ။ သူပုန်ဆိုတာက ဒါကျွန်တော်တို့က ခပ်ပြင်းပြင်းပြောတာပါ။ အေအေနဲ့ ဆက်စပ်နေတဲ့လူတွေချည်းပဲ။ သောင်းကျန်းသူအမာခံတွေချည်းပဲ။ ကျွန်တော်တို့က ဒီလိုသေချာမစီစစ်ဘူးဆိုရင် ဘာဖြစ်မလဲ။ ကျွန်တော်တို့လူတွေက အငိုက်ဖမ်းပြီးတော့ အပစ်ခံရတယ်လေ။ ကျွန်တော်တို့မှာ ဒီလိုအငိုက်ဖမ်းပြီးတော့ အပစ်ခံရတဲ့အတွေ့အကြုံတွေကများနေပြီ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က လိုအပ်တဲ့စစ်ဆေးမှုတွေ၊ မေးမြန်းမှုတွေပြုလုပ်ဖို့အတွက်ခေါ်တယ်။ သူကမလာဘူး။ မလာဘဲနဲ့ ခုန်ဆင်းပြီးတော့ ပြေးတယ်လေ။ အခုပြောနေကြတာက တိုက်ပွဲဖြစ်တာကျတော့မပြောဘူး။ တပ်ကနေပစ်လိုက်လို့ ရွာသားတစ်ယောက်မှန်တယ်လို့ပဲပြောနေကြတာလေ။ အဲဒီလူက ရွာသားလို့ဘာနဲ့အတည်ပြုပေးမှာလဲ။ ဖြစ်စဉ်ကတော့ အဲဒီဟာပဲဗျ" လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာလည်း မြောက်ဦးမြို့နယ် အောက်သကန် ကျေးရွာထဲကို စစ်တပ်က ဝင်ရောက်လာပြီး ရွာသားတွေကို ပစ်ခတ်သွားခဲ့ရာမှာ အသက် ၆၀ အရွယ် ဦးဖိုးခိုင်နဲ့ အသက် ၃၀ အရွယ် မစံပယ်တို့ သေဆုံးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက "ကျွန်တော်တို့ သိသလောက်ကတော့ မြောက်ဦးမြို့ အောက်သကန်ကျေးရွာ မြောက်ဘက်မှာ တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်တယ်။ အေအေအဖွဲ့က ချောင်းပစ်တယ်။ အောက်သကန် ကျေးရွာထဲဝင်ပြေးတယ်။ ရွာထဲကနေ မိုင်းဆွဲတယ်။ ဒီလောက်ပဲ သိပါသေးတယ်" လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စစ်ပွဲအပြီးမှာ ကျန်ရစ်တဲ့ ကျည်ဆံတွေကို ရွာသားတွေက ပြသစဉ်

ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာက ဆိုင်ကယ် ကယ်ရီသမား ဦးမောင်မောင်လှ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက တပ်မတော်လက်ချက်လို့ ဖော်ပြထားပေမယ့် တပ်မတော်က သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

ရသေ့တောင် မင်းဖူးကျေးရွာ မရီရီစိုးဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားစဉ် သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ အေအေနဲ့ မြန်မာ့တပ်မတော် နှစ်ဖက်စလုံးက သူတို့လက်ချက်မဟုတ်ကြောင်း တခြား တဖက်ရဲ့ လက်ချက်ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

လက္ကာရွာသား ဦးကျော်သိန်းနဲ့ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာက အသက် ၁၀ နှစ်အရွယ် သုံးတန်းကျောင်းသူ မအသိန်းချေဟာလည်း တိုက်ပွဲဖြစ်ပွားစဉ် ကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရသူ ၁၁ ဦး

လုပ်ကြံသတ်ဖြတ်ခံရသူ ၁၁ ဦးနဲ့ ပတ်သက်ပြီး အမည်မသိသူတွေရဲ့ လက်ချက်လို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ဖော်ပြထားပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ရဲ့ ဗဟိုကော်မတီဝင်တယောက်ဖြစ်တဲ့ ဦးခင်သန်းမောင်ဟာ ၂၀၁၈ ခု ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရ ပါတယ်။ လုပ်ကြံသတ်ဖြတ်သူကို မဖော်ထုတ်နိုင်ခဲ့ပါဘူး။

မင်းပြားက ကျောက်ခုတ်ကျေးရွာတာဝန်ခံ ဦးမောင်ကျော်၊ ကျောက်တော် သရက်တပင်က ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဘစော၊ မြေပုံမြို့ စံညှင်းကျေးရွာ ရာအိမ်မှူးဟောင်း ဦးမောင်တင်၊ မြေပုံ ကမ်းထောင် အလယ်ပိုင်းရပ်ကွက်က ဦးသန်းမောင်ချေ၊ ကျောက်တော်ပီကောက်ဝက တပ်ကြပ်ကြီး အငြိမ်းစား ဦးစိန်ကုလားတို့ဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူတွေထဲက တချို့ဖြစ်ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုတွေမှာ လုပ်ကြံသတ်ဖြတ်သူတွေကို မဖမ်းနိုင်တဲ့ အတွက် ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ အတိအကျ စွပ်စွဲပြောဆိုဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် အေအေ ရခိုင့်တပ်မတော်ဟာ စစ်တပ်အတွက် သတင်းပေးတဲ့သူတွေကို ခြိမ်းခြောက်စာပေးပို့ခဲ့ဖူးတဲ့ အစဉ်အလာမျိုးရှိလို့လုပ်ကြံသတ်ဖြတ်မှု အများစုနဲ့ ပတ်သက်ပြီး အေအေ ရခိုင့်တပ်မတော်ကို သံသယ ဝင်လေ့ရှိကြပါတယ်။ မြန်မာ့တပ်မတော်ကလည်း လုပ်ကြံသတ်ဖြတ်မှု တော်တော်များများကို အေအရဲ့ လက်ချက်လို့ စွပ်စွဲလေ့ရှိပါတယ်။

မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှူးကျော်ကျော်လှ အသတ်ဖြတ်ခံရတဲ့ အမှုမှာတော့ ရခိုင်အမျိုးသမီးစာရေးဆရာ နွယ်သာကီက စစ်သား ၂ ယောက်က လုပ်ကြံသတ်ဖြတ်တာကို လူအများမြင်တွေ့ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူ့ကိုလည်း ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုတာခံခဲ့ရပါတယ်။

ဗုံး၊ လက်နက်ကြီးကျည်၊ မိုင်းကြောင့် သေဆုံးသူ

ဗုံး၊ လက်နက်ကြီးကျည်နဲ့ မိုင်းကြောင့် သေဆုံးသူ အရပ်သား ၈ ဦးရှိပါတယ်။ မပေါက်ကွဲသေးတဲ့ဗုံးကို တွေ့ပြီး စူးစမ်းရင်း သေဆုံးခဲ့ရသူ ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာက အသက် ၁၅ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်အောင်ဝင်းထွန်းလည်း အပါအဝင်ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်း ကျေးရွာက ဦးမောင်ဦးထွန်းနဲ့ ဒေါ်မဆန်းဝင်းတို့ ဇနီးမောင်နှံဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံကို တွေ့လာပြီး လှေပေါ်သယ်ယူလာပါတယ်။ လှေပေါ်မှာ စူးစမ်းရင်း ခေါက်ကြည့်ရာမှာ ဇနီးခင်ပွန်း နှစ်ဦးစလုံးကွယ်လွန်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေလည်း ငါးသောင်းကျော်ရှိ

ဒိုင်းနက် ၃ ဦးအလောင်းတွေ့ရှိ

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဒိုင်းနက်လူမျိုး ၃ ဦးရဲ့ အလောင်းကို မြေကျင်းတခုတည်းမှာ စုပြုံမြှုပ်နှံထားတာ တွေ့ခဲ့ရပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်း အထက်သင်္ဘောလှရွာမှာနေထိုင်တဲ့ ဒိုင်းနက်လူမျိုး ရွာသား ၃ ဦးဟာ ငါးရှာထွက်သွားရင်း ပြန်မလာတဲ့အတွက် လိုက်လံရှာဖွေရာမှာ သူတို့ အလောင်းတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒေသခံရွာသားတယောက်က အဲဒီသတ်ဖြတ်မှုဟာ အာရကန် ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် ARSA အာဆာသူပုန်လက်ချက်ဖြစ်မယ်လို့ ဆိုပါတယ်။ ရဲအဖွဲ့က စုံစမ်းစစ်ဆေးဆဲလို့ ဆိုပါတယ်။

အခုလို အသက်သေဆုံးရသူတွေ အပြင် ဒဏ်ရာရသူ စုစုပေါင်းဟာလည်း လူဦးရေ ၁၃၀ ကျော်ရှိတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက စာရင်းပြုစုဖော်ပြထားပါတယ်။

အေအေရခိုင့်တပ်မတော်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုက်တွန်းမှုတွေရှိသလို ကြိုးစား ဆောင်ရွက်မှုတချို့လည်း ရှိပါတယ်။ ဒါပေမယ့် အေအေကို ကချင်ပြည်နယ်မှာပဲ အခြေစိုက်စခန်းချရမယ်လို့ တပ်မတော်နဲ့ အစိုးရဘက်က ပြောဆိုနေပြီး အေအေကတော့ ရခိုင့်တပ်မတော်ဟာ ရခိုင်ပြည်နယ်မှာပဲ ရှိရမယ်လို့ ဆိုနေပါတယ်။

ဆက်စပ် အကြောင်းအရာများ