ဗိုလ်ချုပ်ကြီးကိုယ်ရံတော် ဗိုလ်ကြီး ကျော်စွာမြင့်နဲ့ ပြန်မတွေ့ရတဲ့ မိသားစု

burma ဓာတ်ပုံ မူပိုင် Kyi Maung Thein
Image caption မိသားစုနဲ့အတူ တွေ့ရတဲ့ ဗိုလ်ကြီးကျော်စွာမြင့်

ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံဖို့ ကြိုးစားမှုနဲ့ ကြိုးပေးခံရတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်အမှုကို လူသိများပါတယ်။ သူ့အရင်က ဗိုလ်ချုပ်ကြီးရဲ့ သက်တော်စောင့် ဗိုလ်ကြီးကျော်စွာမြင့် နိုင်ငံက ထွက်ပြေး ခဲ့ရတဲ့ ကိစ္စကိုတော့ လူတွေ အသိနည်းသွားပါပြီ။

ဗိုလ်ကြီးကျော်စွာမြင့်ကို ဂျွန်လို့ မိတ်ဆွေသင်္ဂဟတွေက ခေါ်ကြပါတယ်။ သူ့ဖခင်က မစ္စတာ ဂျိမ်းစ်လီးယားစ်ဖြစ်ပြီး မိခင်က ဒေါ်တင်ပု ဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ် ဒီဇင်ဘာလ ခရစ္စမတ်အကြိုနေ့မှာ ရွှေဘိုနားက ရွာတရွာမှာ ဖွားမြင် ခဲ့တာပါ။

သူ့ဖခင်က ရွှေဘိုဒိစတြိတ်ကောင်စီရုံးမှာ အလုပ်လုပ်ပြီး သူ့မှာ အစ်မ သုံးယောက်နဲ့ နှမ နှစ်ယောက် ရှိပါတယ်။ ဖခင်က ကက်သလစ်ဘာသာဝင် ဖြစ်တဲ့အတွက် သူတို့လည်း ကက်သလစ်တွေ ဖြစ်လာကြပါတယ်။ ဂျွန်ဟာ ဘာသာရေး ကိုင်းရှိုင်းတဲ့ ကက်သလစ်ဘာသာဝင် ဖြစ်တယ်လို့လည်း သားဖြစ်သူ ဦးကြည်မောင်သိန်းက ဆိုပါတယ်။

မစ္စတာလီးယားစ်ဟာ အိန္ဒိယကနေ မိဘတွေနဲ့အတူ ရောက်လာတာဖြစ်ပြီး ၁၉၃၉ မှာ ကားမှောက်ပြီး ကွယ်လွန်ခဲ့ပါတယ်။ ဖခင်ကွယ်လွန်ပြီးနောက် ဂျွန်တို့ မိသားစု ဆွေမျိုးတွေ ရှိတဲ့ မန္တလေးမှာ ပြောင်းနေခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Kyi Maung Thein
Image caption အရပ်ဝတ်နဲ့ တွေ့ရတဲ့ ဂျွန်ခေါ် ဗိုလ်ကြီးကျော်စွာမြင့်

ဝင်းဆိုင်က ကျော်စွာမြင့်ဖြစ်

ဂျွန်ဟာ မန္တလေးက စိန့်ပီတာ အထက်တန်းကျောင်းမှာ ပညာသင်ခဲ့ပြီး သူ့အစ်မနဲ့ နှမတွေကတော့ စိန့်ဂျိုးဇက်ကွန်ဗင့်မှာ ကျောင်းအိပ်ကျောင်းစားနေခဲ့တယ်လို့ မိသားစုမိတ်ဆွေ ဒေါက်တာ သန်းရင်မာက ပြောပါတယ်။ သူ့မိခင် ဒေါ်တင်ပု ဟာလည်း သူ့မိတ်ဆွေ သူနာပြုဆရာမကြီး ဒေါ်စိန်စိန်နဲ့အတူ မန္တလေးက လူထုသတင်းစာတိုက်မှာ လာနေတတ်ပါတယ်။

ဂျွန်ကို ကျောင်းတုန်းက ဝင်းဆိုင်လို့ သိကြပေမယ့် သူ့နာမည်ကို ကျော်စွာမြင့်အဖြစ် ပြောင်းခဲ့ပါတယ်။

အထက်တန်းပြီးလို့ မန္တလေးတက္ကသိုလ်မှာ တက်တော့ သစ်တောပညာ သင်ဖို့ ကြိုးစားခဲ့ပေမယ့် ကာယကြံ့ခိုင်ရေး ဖြေခါနီးမှာ ဖျားနေလို့ မအောင်တဲ့အတွက် အင်္ဂလိပ်စာပေနဲ့ သင်္ချာပဲ ယူခဲ့ပါတယ်။ ဂျွန်ဟာ အဲဒီအချိန်က မန္တလေး ချမ်းမြသာစည်လေဆိပ်မှာ လေကြောင်း ထိန်းသိမ်းရေး လုပ်တဲ့ ယောက်ဖ တွမ်ကာဒိုဇို၊ အစ်မ ဂါတီတို့နဲ့အတူ နေသူဖြစ်လို့ သူတို့ ရန်ကုန်ပြောင်းတော့ သူလည်း လိုက်လာခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဝိဇ္ဇာဘွဲ့ရပြီးနောက် စိန့်ဂျွန်းကျောင်းမှာ အင်္ဂလိပ်စာသင်တဲ့ ဆရာလုပ်ခဲ့ပါတယ်။

အဲဒီနောက် အစ်မအကြီးဆုံးဖြစ်တဲ့ ဘေဘီ၊ ယောက်ဖ ဘူဒါတို့နဲ့အတူ အလုံသစ်တောဝင်းမှာ လိုက်နေရင်း သူ့ရဲ့ အိမ်ထောင်ဘက် ဖြစ်လာမယ့် ဒေါက်တာ ကြည်မေသိန်းနဲ့ ဆုံစည်းခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Kyi Maung Thein
Image caption ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကိုယ်ရံတော် ဗိုလ်ကြီးကျော်စွာမြင့်

သူ့ယောက်ဖ ဘူဒါက ဒေါ်ကြည်မေသိန်းရဲ့ ဖခင် သစ်တောမင်းကြီးချုပ် သီရိပျံချီ ဦးသိန်းရဲ့ အပါးတော်မြဲ ဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က ၁၉၃၂ က ဝိဇ္ဇာဘွဲ့ရခဲ့တဲ့ ဦးသိန်းရဲ့ဇနီး ဒေါ်မေကြည် ခေါ် ဒေါ်မေကြည်သိန်းကတော့ ရုပ်ရှင်ဇာတ်ပို့အဖြစ် နှစ်ပေါင်းများစွာ ရိုက်ကူးခဲ့ပါတယ်။ ဒေါ်မေကြည်ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ဒုဥက္ကဋ္ဌနဲ့ ပမညတ သဘာပတိအဖွဲ့ဝင် ဖြစ်ခဲ့တဲ့ ဒေါ်ခင်ချစ်ရဲ့ မွေးစားသမီးဖြစ်တယ်လို့လည်း ဦးဘညိမ်ရဲ့ ဦးဘညိမ် စာအုပ်မှာ ပါပါတယ်။

ဂျွန်ဟာ တက္ကသိုလ်ဘွဲ့ရပြီးမှ အိုတီအက်စ် အရာရှိလောင်းသင်တန်းတက်ပြီး တပ်မတော် ရိုင်ဖယ်တပ်မှာ ဗိုလ်ဖြစ်လာပါတယ်။ နောက် ၁၉၆ဝ ကျော်မှာ စစ်ထောက်လှမ်းရေး သင်တန်း တက်ပြီး ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ သက်တော်စောင့် ညာလက်ရုံး ဖြစ်လာပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက လူယုံလိုချင်လို့ ရှာခိုင်းချိန်မှာ သူ့ကို ထောက်လှမ်းရေးက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးလွင် (နှုတ်ခမ်းမွေးကြီး)က တွေ့သွားတယ်လို့လည်း ဦးကြည်မောင်သိန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉၆၂ အာဏာသိမ်းပွဲ မြင်ကွင်း

ကျော်စွာမြင့် ဘာကြောင့်ပြေး

ဗိုလ်ကြီးကျော်စွာမြင့်ဟာ ၁၉၆၂ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့အတူ နိုင်ငံခြားခရီးတွေ လိုက်ရပါတယ်။ ရုပ်ရည်သန့်ပြန့်ပြီး ခရစ်ယာန်ဘာသာဝင် ဥရောပသွေးပါသူ ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေဆီက သတင်းရယူဖို့ ဗိုလ်ကြီး ကျော်စွာမြင့်ကို ဗိုလ်ချုပ်ကြီးက အသုံးချခဲ့တယ်လို့ ဦးကြည်မောင်သိန်းက ပြောပါတယ်။ အဘိုးကြီးက အကုန်လုပ်ခိုင်းတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ၁၉၆၅ မှာတော့ ဗိုလ်ကြီး ကျော်စွာမြင့် ရန်ကုန်က ထွက်ပြေးတဲ့အမှု ဖြစ်ခဲ့ပါတယ်။

ဗိုလ်ကြီး ကျော်စွာမြင့်နဲ့ ဗိုလ်ချုပ်ကြီးကတော် ဒေါ်ခင်မေသန်းတို့ ရင်းနှီးမှုကြောင့် သူထွက်ပြေးရတယ် ဆိုကြသလို မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်လမ်းစဉ် ကျင့်သုံးမယ် ဆိုပြီး ခရစ်ယာန်ဘာသာဝင်တွေကို ဖိနှိပ်တာ တွေကြောင့် သူလုပ်ကြံဖို့ ကြိုးစားရာက မအောင်မြင်ဘဲ ထွက်ပြေးရတယ်လို့လည်း ရေးသူတွေ ရှိပါတယ်။ တခါ ပြည်ပနိုင်ငံတခုကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ ရောင်းစားလို့ ထောက်လှမ်းရေး အချင်းချင်း တိုင်ကြားမှုကြောင့် ထွက်ပြေးရတယ်လို့လည်း ပြောဆိုမှုတွေ ရှိခဲ့ကြောင်း ဗွိုက်စ်ဂျာနယ်ပါ ကျော်စောဟန်ရဲ့ အမျိုးသားလုံခြုံရေးနှင့် ထောက်လှမ်းရေးပြုပြင်ပြောင်းလဲမှု ဆောင်းပါးမှာ ပါရှိပါတယ်။ စီအိုင်အေလူလို့ စွပ်စွဲခံရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Keystone
Image caption ကျော်စွာမြင့်ကို ညီလိုသားလို ထားခဲ့တယ် ဆိုတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း

ဗိုလ်ချုပ်ကြီးနေဝင်းကို ဗိုလ်ကြီးကျော်စွာမြင့်က အဆိပ်ခတ်သတ်ဖို့ ကြံရာမှာ ပေါက်ကြားသွားလို့ အဲဒီနောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်းက သူ့ကိုကျွေးတဲ့ အစားအသောက်တွေကို စားဖိုမှူးကို အမြဲတမ်းမြည်းခိုင်းတယ် လို့လည်း ဧရာဝတီ မဂ္ဂဇင်းက အတွင်းရန်သူ (Enemy Within) ဆိုတဲ့ ဆောင်းပါးမှာ ၂ဝဝဝ ပြည့်နှစ်က အောင်ဇော်က ရေးခဲ့ဖူးပါတယ်။

ဗိုလ်ကြီးကျော်စွာမြင့်ဟာ ဗိုလ်ချုပ်ကြီးကို ဆန့်ကျင်သူတွေနဲ့ နီးစပ်သွားတယ်လို့လည်း ဆိုပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်နဲ့ သူ့ယောက်ဖ ဇာလီမော်၊ ၁၉၄၉ ကရင်သူပုန်ထစဉ်က တပ်က နားခဲ့ရတဲ့ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး၊ ၁၉၆၂ အာဏာသိမ်းပြီးနောက် တပ်ကထွက်ခဲ့တဲ့ လေတပ်ဦးစီးချုပ်ဟောင်း တီကလစ် စတဲ့ သူတွေနဲ့ သူအုပ်စုဖွဲ့ခဲ့တယ်လို့လည်း လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိကပညာသင်ကျောင်းက နိုင်ငံရေးသိပ္ပံ ပါမောက္ခဟောင်း ရောဘတ် တေလာရဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ နိုင်ငံရေး အတ္ထုပ္ပတ္တိ စာအုပ်မှာ ပါပါတယ်။ ဒီအဆို ဘယ်လောက်သေချာတယ်ဆိုတာ မသိနိုင်ပေမယ့် ဗိုလ်ရန်နိုင်တို့ နယ်စပ်မှာ ဖွဲ့ဖို့ပြင်ထားတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်က အမေရိကန်သံရုံးကို ပို့တဲ့ စာမှာတော့ သူတို့မှာ တပ်သား ငါးရာရှိပြီး ထောက်ခံတဲ့ ကရင် လေးထောင် ငါးထောင် ရှိတယ်လို့ ပါပါတယ်။

ဗိုလ်ကြီးကျော်စွာမြင့် ရန်ကုန်က ထွက်ပြေးပြီးနောက် ကရင်လက်နက်ကိုင်တွေဆီမှာ တနှစ်လောက် နေထိုင်ခဲ့ပါတယ်။ သူထွက်ပြေးတဲ့အချိန်လောက်မှာပဲ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်အောင်ကြီးကို ထိန်းသိမ်းသလို တော်လှန်ရေးကောင်စီဝင်ဟောင်း ဗိုလ်မှူးကြီးကြည်မောင်လည်း အဖမ်းခံရပါတယ်။ တပ်ထဲက တန်ပြန်တော်လှန်ရေး လုပ်မယ်လို့ မသင်္ကာတဲ့ အရာရှိငယ်တွေကို ရေကြည်အိုင် အကျဉ်းစခန်းမှာ ဖမ်းဆီး ညှဉ်းပန်းလို့ ဖက်ဆစ်တော်လှန်ရေး ကို အရင်စခဲ့တဲ့ ဗိုလ်မှူးကြီး ဗထူးရဲ့သား ဗိုလ်ကြီးမြင့်ထူး ကွယ်လွန်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Kyi Maung Thein
Image caption အမေရိကန် တောင်ပိုင်းစစ်သားယူနီဖောင်းနဲ့ ဗိုလ်ကြီးကျော်စွာမြင့်

တောပစ်မယ်ဆိုပြီး ထွက်

ဗိုလ်ကြီးကျော်စွာမြင့် ထွက်သွားစဉ်က တောပစ်သွားမယ်ဆိုပြီး တပ်ကြပ်ကြီးတယောက်နဲ့ သောကြာနေ့ ရုံးဆင်းချိန်မှာ ထွက်သွားတာလို့ သား ဦးကြည်မောင်သိန်းက ပြောပါတယ်။ တနင်္လာနေ့မှာ ပြည်ပခေါင်းဆောင်တွေ လာတွေ့မယ့် အချိန်မှာ သူပေါ်မလာမှ ခေါင်းဆောင်ပိုင်းက သိတယ်လို့လည်း ဆိုပါတယ်။ ထွက်သွားပြီးနောက်မှ လိုချင်တဲ့ပစ္စည်းတချို့ ပြန်ယူဖို့ ဇနီးကို တပည့်ဖြစ်သူ တပ်ကြပ်ကြီးကတဆင့် စမ်းချောင်းနားက ရုပ်ရှင်ရုံမှာ ချိန်းခဲ့တယ်လို့လည်း ဆိုပါတယ်။ နှုတ်လုံသတိကောင်းတဲ့ ဗိုလ်ကြီးကျော်စွာမြင့်ဟာ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး မိသားစုကို ပြောလေ့မရှိသလို ထွက်မသွားခင်ကလည်း ဘာမှပြောသွားတာ မရှိခဲ့ပါဘူး။

ဒီကိစ္စတွေ ဖြစ်အပြီးမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်ကြီး ကျော်စွာမြင့်ကို သားသမီးလို၊ ညီအစ်ကိုလို သဘောထားခဲ့တယ်၊ ကရင် အမျိုးသား ဖြစ်ပြီး သွက်လက်ဖြတ်လတ်သူမို့ တော်တော် သဘောကျခဲ့တယ်လို့ ထောက်လှမ်းရေး အဖွဲ့ဝင် တွေကို ပြောကြားခဲ့တယ်လို့လည်း ဒုဗိုလ်မှူးကြီး(ငြိမ်း) ကြည်ဆွေ ရေးတဲ့ အာဏာရှင်ကြီးများ၏အတွင်းရေး စာအုပ်မှာ ပါပါတယ်။ သူက ငါနဲ့ အမြဲလိုလို အနီးကပ်နေတာ ဆိုတော့ ငါသိသလို သိမှာပဲလို့ ထင်ခဲ့တယ် လို့လည်း ဗိုလ်ချုပ်ကြီးနေဝင်းက ရှင်းပြတယ် ဆိုပါတယ်။ ထောက်လှမ်းရေးဟောင်းတွေဘက်က သူ့ကို ကရင်လို့ ဆိုပေမယ့် ဗိုလ်ကြီး ကျော်စွာမြင့်ဟာ မြန်မာအင်္ဂလိပ်ကပြားဖြစ်ပြီး ကရင်မဟုတ်ဘူးလို့ မိသားစုဘက်က ပြောပါတယ်။

ဗိုလ်ကြီးကျော်စွာမြင့်ဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဇနီး ဒေါ်ခင်မေသန်းရဲ့အချစ်တော်၊ အိမ်တော်ကြီးအထိ ဝင်ထွက်ခွင့် ရှိသူဖြစ်လို့ အခုလို သူထွက်သွားတဲ့ကိစ္စကြောင့် စစ်ရုံး တခုလုံး တုန်လှုပ်ချောက်ချား ခဲ့ရတယ်လို့လည်း ဒုဗိုလ်မှူးကြီး(ငြိမ်း) ကြည်ဆွေက ရေးပါတယ် ။

ဓာတ်ပုံ မူပိုင် Dennis Oulds
Image caption ဦးနု လန်ဒန်ခရီးမှာ ပါလာတဲ့ ဗိုလ်မှူးကြီးလွင်

ဒီအချိန်မှာပဲ နောင်မှာ ထောက်လှမ်းရေး အကြီးအကဲဖြစ်လာမယ့် ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး)ရဲ့ ထောက်လှမ်းရေး ပိုက်ကွန်နဲ့ ဗိုလ်ကြီး ကျော်စွာမြင့်တို့ ပဲခူးရိုးမမှာ ဆုံပြီး စစ်ရုံးကို သတင်းတက်လာတယ်လို့လည်း ဒုဗိုလ်မှူးကြီး (ငြိမ်း) ကြည်ဆွေက ရေးပါတယ်။ ဒီလို ပျောက်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးကြီးလွင်နဲ့ တပ်ကအရာရှိ ဗိုလ်မှူးချာလီ တို့ ဘာလုပ်ရမှန်းမသိ ဖြစ်ပြီး ကြိတ်ရှာခဲ့လို့ သူတို့ကို ဗိုလ်ချုပ်ကြီးနေဝင်းက အထင်မှားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဗိုလ်မှူး ချာလီ (ဒုဗိုလ်မှူးကြီး ချာလီသိန်းရွှေ)ကို စစ်သံမှူးနဲ့ ဇင်းမယ်ကို ပို့ပြီး ဗိုလ်မှူးကြီးလွင်ကို တာဝန်မပေးဘဲ ထားခဲ့ပုံရတယ်လို့လည်း ဆိုပါတယ်။ အဲဒီနောက်ပိုင်း မျက်မှန်တင်ဦး နေရာရလာပြီး ဗိုလ်ချုပ်ကြီး နေဝင်းပြီးရင် အာဏာအရှိဆုံး ထိ ဖြစ်လာခဲ့ပါတယ်။ ဗိုလ်မှူးကြီးလွင်တို့ အုပ်စုဟာ အမေရိကန်လေ့ကျင့်ပေးထားသူတွေ ဖြစ်လို့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ ဆိုရှယ်လစ်အုပ်စုတွေက ဖယ်ရှားချင်တယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ကြီးကျော်စွာမြင့်နဲ့ ခင်တဲ့ ဗိုလ်မှူးတယောက်ကို တပ်နဲ့နင်းပြီး ရှာခိုင်းတဲ့အခါမှာတော့ သူက တရက်နောက်ကျပြီးမှ လိုက်သွားတယ်လို့ ဦးကြည်မောင်သိန်းက ပြောပါတယ်။ ဒီလိုနဲ့ လွတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်း ထောက်လှမ်းရေးက ဗိုလ်မှူးချာလီနဲ့ ဗိုလ်မှူးတင်မောင်ထွန်း တို့ကို နောက်ပိုင်း ရေကြည်အိုင် အကျဉ်းစခန်းမှာ ဖမ်းတာထိ ဖြစ်ခဲ့တယ်လို့လည်း မောင်စည်သာရဲ့ သပြေတခက် ကြွေရက်ကယ်စော ဆောင်းပါးမှာ ပါရှိပါတယ်။ ဗိုလ်ကြီးကျော်စွာမြင့် ထွက်ပြေးချိန်က သူ့ကို ညောင်လေးပင်မှာ ကူညီခဲ့တဲ့ ပြင်သစ် ကက်သလစ် ဘုန်းကြီးတပါးကိုလည်း ရေကြည်အိုင်မှာ ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။ ဒီဘုန်းကြီးကို စစ်ဆေးညှဉ်းပန်းမှုကြောင့် နားပင်းသွားတယ်လို့လည်း သိရကြောင်း ဦးကြည်မောင်သိန်းက ပြောပါတယ်။ နောက် ဗိုလ်ကြီး ကျော်စွာမြင့်ရဲ့ ဇနီး မီးဖွားပြီးနောက်မှာ သူ့ကို ရေကြည်အိုင်မှာ နှစ်နှစ် ထိန်းသိမ်းခဲ့သလို ကျော်စွာမြင့်ရဲ့ မိခင်နဲ့ အစ်မတွေ၊ နှမတွေကိုလည်း တနှစ်ကြာ ဖမ်းဆီးခဲ့ပါတယ်။ ရေကြည်အိုင်မှာ နေတုန်း ဗိုလ်ရန်နိုင်ရဲ့ဇနီး ဒေါ်တင်စာမော်နိုင်နဲ့ အတူနေခဲ့ရပြီး သူတို့ ခင်မင်သွားခဲ့တယ်လို့လည်း ဦးကြည်မောင်သိန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kyi Maung Thein
Image caption ဒေါ်မေကြည်သိန်း၊ ဦးသိန်းနဲ့ မြေးများ

ဖခင်နဲ့ဝေးတဲ့ဘဝ

ဒီလို မိသားစုဝင်တွေကိုပါ ဖမ်းဆီးတာတွေ ဖြစ်ခဲ့ပေမယ့် ဗိုလ်ကြီးကျော်စွာမြင့်ရဲ့ ယောက္ခမ သစ်တောမင်းကြီးချုပ် ဦးသိန်းကို ဗိုလ်ချုပ်ကြီးနေဝင်းက ရာထူးက မဖယ်ရှားခဲ့ပါဘူး။ အိမ်တွေ သေချာအရှာခံရတာ ဖြစ်ပေမယ့် အလုပ်မပြုတ်တဲ့ အပြင် နှစ်နှစ်ထပ်ပြီး သက်တမ်းတိုး ပေးခဲ့ပါတယ်။ ဗိုလ်ကြီးကျော်စွာမြင့်ရဲ့ဇနီး ဒေါက်တာကြည်မေသိန်းကိုလည်း အကျဉ်းက ပြန်လွှတ်ပေးခဲ့ပြီးနောက် အစိုးရအလုပ် ဆက်လုပ်ခွင့်ပေးခဲ့လို့ အောင်ဆန်းကျန်းမာရေးမှူးကျောင်းမှာ စာသင်ပေး ခဲ့ပါတယ်။ ရာထူးကတော့ မတက်ခဲ့ပါဘူး။

ဗိုလ်ကြီးကျော်စွာမြင့်ရဲ့ သားအငယ် ဦးကြည်မောင်သိန်းကတော့ မွေးစကတည်းက အဘိုးအဘွားတွေနဲ့ ကြီးပြင်းခဲ့ရပြီး ဖခင်ကို သက်ရှိထင်ရှား မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် သူမမွေးခင် နှစ်ပတ်က ထွက်သွားတဲ့ ဖခင်ဖြစ်သူကို ငယ်စဉ် ကတည်းက တွေ့ချင်စိတ် ပြင်းပြခဲ့ပါတယ်။ သူ ငါးနှစ်သားလောက်ကတည်းက ဖခင်နဲ့ တွေ့တယ်ဆိုပြီး စိတ်ကူးယဉ်တတ်သလို ညတိုင်း ဖခင်ကို အိပ်မက်မက်ခဲ့ပါတယ်။ မီးဖွားခါနီးမှာ ခင်ပွန်း ထွက်သွားတဲ့အတွက် စိတ်နာသွားပုံရတဲ့ သူ့မိခင် ဒေါက်တာ ကြည်မေသိန်းကလည်း ခင်ပွန်းအကြောင်းကို သားသမီးတွေကို သိပ်ပြောလေ့မရှိတဲ့အတွက် သားဖြစ်သူက ပိုတွေ့ချင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Kyi Maung Thein
Image caption ဗိုလ်ကြီးကျော်စွာမြင့် နောက်ဆုံးအနားယူရာ

တဘက်မှာလည်း ဗိုလ်ကြီးကျော်စွာမြင့်ဟာ ကရင်ပိုင်နက်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ရောက်သွားပြီးနောက် ဘန်ကောက်မှာ သူ့ကိုသိတဲ့ ထိုင်းစစ်ဗိုလ်ချုပ်တယောက်ရဲ့ ကူညီမှုနဲ့ နေခဲ့ပါတယ်။ နောက်ပိုင်းမှာ မြန်မာဘက်က သူ့ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်တာမျိုးတွေ ရှိလာပြီးနောက် ၁၉၆၈ မှာ သြစတြေးလျမှာ ခိုလှုံခွင့်ယူခဲ့တယ်လို့ ဦးကြည်မောင်သိန်းက ပြန်ပြောပြပါတယ်။ အဲဒီမှာ အင်္ဂလိပ်စာသင်တဲ့အလုပ်လုပ်ပြီး နေထိုင်ရင်း ၁၉၈၁ မှာ ဘရစ္စဘိန်းမှာ ကွယ်လွန် ခဲ့ပါတယ်။ စာကြည့်တိုက်မှူးနဲ့ တင်းနစ်နည်းပြ လည်း လုပ်ခဲ့တဲ့အတွက် ကျောင်းသားနဲ့မိဘတွေက သူ့ကို ချစ်ခင်ကြပါတယ်။ သူကွယ်လွန်ချိန်မှာတော့ ၁၉၄၈ လွတ်လပ်ရေးရစကမြန်မာအလံ အုပ်ပြီး သင်္ဂြိုဟ်ခဲ့ပြီး ကျောင်းသားတွေ အများကြီး လိုက်ပို့ကြပါတယ်။

မကွယ်လွန်ခင်မှာ မိသားစုဆီ လူကြုံ တွေက တဆင့် တိပ်ခွေနဲ့ အသံသွင်းပို့၊ စာပို့ ဆက်သွယ်ခဲ့တယ်လို့လည်း သိရပါတယ်။ ကင်ဆာရောဂါ ခံစားနေရစဉ်မှာလည်း ဘန်ကောက်မှာ နှစ်ခါ ဆေးလာကုခဲ့ပြီး ယောက္ခမအိမ်ကို ဖုန်းဆက်တယ် လို့ သိရပါတယ်။ အဲဒီမှာ အဘွားဖြစ်သူ ဒေါ်မေကြည်သိန်းက ဖုန်းလက်ခံပြီး သူနဲ့ ဖခင်တို့ စကားပြောခဲ့ရတယ်လို့လည်း ဦးကြည်မောင်သိန်းက ပြောပါတယ်။

ဒီလိုတွေ့ချိန်မှာ သူ့ဖခင်က သူ ကင်ဆာရောဂါ ခံစားနေရတာကို မပြောခဲ့ပါဘူး။ သူနဲ့တခါမှ မတွေ့ခဲ့ဖူးတဲ့ဖခင်က သူ့ကို သတိရကြောင်း၊ လွမ်းကြောင်း အင်္ဂလိပ်လိုပြောသလို လိမ်လိမ်မာမာနေဖို့လည်း ဆုံးမပါတယ်။ နောက် ဗိုလ်ကြီး ကျော်စွာမြင့် ကွယ်လွန်ချိန်မှာ သူ့အစ်မအကြီးဆုံးအိမ်မှာ ဆုတောင်းပွဲလုပ်ရာမှာတော့ ထောက်လှမ်းရေးက လာပြီး ဘယ်သူတွေတက်သလဲ မေးခဲ့တယ် လို့ ဦးကြည်မောင်သိန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Bettmann
Image caption ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့နောက်လိုက်တွေကို စိတ်ဆိုးကျိန်ဆဲခဲ့

ဖခင်ကွယ်လွန်ပြီးနောက် အနှစ် ၃ဝ ကျော်မှ ဗိုလ်ကြီးကျော်စွာမြင့် မြှုပ်နှံထားတဲ့နေရာကို ဦးကြည်မောင်သိန်း နှစ်ခါ သွားကြည့်နိုင်ခဲ့ပါတယ်။ ဖခင်ကို မတွေ့ခဲ့ဖူးသူမို့ သူ့ကိုမြှုပ်ထားတဲ့နေရာကို တွေ့ရတဲ့အခါ သူ့မှာ ကျေနပ်တာရော၊ နှစ်ပေါင်းများစွာကြာမှ တွေ့ရတဲ့အတွက် ဝမ်းနည်းတာရော ခံစားချက်တွေ ရောပြွမ်းခဲ့ပါတယ်။ သူ့ရဲ့အတွေးမှာ ဖခင်နဲ့ သြစတြေးလျမှာ ပျော်ရွှင်စွာ ပြန်တွေ့ရမယ်လို့ ငယ်ဘဝက စိတ်ကူးခဲ့ပေမယ့် လက်တွေ့မှာ မဖြစ်ခဲ့ပါဘူး။ ဖခင် ကွယ်လွန် ကြောင်း သိရတဲ့အခါမှာလည်း သူ့အိပ်မက်တွေ ပြိုကွဲခဲ့ရပါတယ်။

နောက် အခုထိ ဖခင်နောက်ဆုံးနားနေရာကို သူတို့မိသားစုတွေ ထဲက တခြားသူတွေ မသွားနိုင်သေးဘူး လို့လည်း ပြောပါတယ်။ ဦးကြည်မောင်သိန်းအတွက် ဖခင်အမွေအဖြစ် ပြစရာ ပစ္စည်းတချို့သာ ရရှိခဲ့ပါတယ်။ ငယ်စဉ်က သူ့ဖခင်နဲ့ သူတို့မိသားစု ကွေကွင်းအောင် လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့နောက်လိုက်တွေကို စိတ်ဆိုးကျိန်ဆဲခဲ့ပေမယ့် သူ့ဖခင်ဂူကို တွေ့ခဲ့ရပြီးနောက် ဒီစိတ်တွေ ပျောက်သွားပြီး သူ့ဖခင် ထွက်ပြေးစဉ်နဲ့ ပြည်ပမှာ နေရစဉ် စောင့်ရှောက်ခဲ့သူတွေကို ကျေးဇူးတင်ပြီး ဖခင်ကို ဘုရားသခင် ကောင်းချီးပေးဖို့ ဆုတောင်းမိတယ်လို့ ဆိုပါတယ်။

သူ့ဖခင်ရှိစဉ်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းကို ပြန်ကြည့်ချိန်မှာတော့ သူနဲ့ မျက်နှာ၊ အသံနဲ့ နေပုံထိုင်ပုံ တူတာကို တွေ့ရတဲ့အတွက် အံ့အားသင့်မိတယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kyi Maung Thein
Image caption အနှစ် ၅ဝ နီးပါးကြာမှ ဖခင်နဲ့ အနီးဆုံးကို ရောက်ခဲ့သူ ဦးကြည်မောင်သိန်း