ကိုမိုဒိုနဂါးတွေရဲ့ ကျွန်းတိုက်ပွဲ

ကိုမိုဒိုနဂါး ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုမိုဒိုနဂါးတွေကို အင်ဒိုနီးရှား အရှေ့ပိုင်းက ဒေသကွက်ကွက်လေး တစ်ခုမှာပဲ တွေ့နိုင်ပါတယ်။

အင်ဒိုနီးရှားက ကိုမိုဒိုနဂါးတွေနေတဲ့ ကျွန်းကို အဲဒီဖွတ်နဂါးတွေပဲ သီးသန့်နေရတဲ့ နေရာအဖြစ် ဒေသအာဏာပိုင်တွေက လုပ်ချင်နေပါတယ်။ နဂါးတွေကို သူတို့ ကျွန်း သူတို့ကို ပြန်ပေးလိုက်မယ်ဆိုတဲ့ သဘောပါ။ အဲဒီလို လုပ်တဲ့အခါ ကိုမိုဒိုနဂါးတွေနဲ့အတူ ကျွန်းပေါ်မှာ မျိုးဆက်နဲ့ချီနေလာကြတဲ့ လူတွေကိုလည်းဖယ်ရှားချင်နေပါတယ်။

ကိုမိုဒိုနဂါးတွေဟာ ကမ္ဘာပေါ်က လူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့တာ ဆယ်စုနှစ်ပေါင်း များစွာရှိပါပြီ။ ကမ္ဘာပေါ်မှာ အကြီးဆုံး အိမ်မြောင်မျိုးနွယ် ဖွတ်နဂါးကြီးတွေဟာ ချွန်မြ ထက်ရှတဲ့ သွားတွေရှိပြီး ကိုက်ရင်လည်း အဆိပ်အပြည့်ရှိပါတယ်။ သူတို့ကို အင်ဒိုနီးရှား အရှေ့ပိုင်းက ဒေသကွက်ကွက်လေး တစ်ခုမှာပဲ တွေ့နိုင်ပါတယ်။ ဒါကြောင့် ဒီ အကောင်ကြီးတွေကို ကြည့်ဖို့ ကမ္ဘာတလွှားက ခရီးသွားတွေလည်း ဒီကိုလာကြပါတယ်။ ဒီသတ္တဝါကြီးတွေကို အမှီပြုလို့ ကြောက်စရာ ရုပ်ရှင်ကားတွေလည်း ထုတ်လုပ်ခဲ့ကြပါတယ်။ ကျွန်းသားတွေကတော့ ဒီဖွတ်နဂါးတွေဟာ လူတွေနဲ့ ခန္ဓာကိုယ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာ အရပါဆက်နွှယ်မှုရှိနေတယ်လို့ ယုံကြည်ကြပါတယ်။

အခုတော့ အဲဒီ လူသားနဲ့ ဖွတ်ကြီးတို့ရဲ့ ဆက်နွယ်မှုဟာ အဆုံးသတ်မယ့်သဘော တွေ့လာရပါပြီ။

ဒီကျွန်းကို ကိုမိုဒိုကျွန်းလို့ခေါ်တယ်။ ဒီတော့ ကျွန်းဟာ ကိုမိုဒိုတွေအတွက်ပဲ ဖြစ်ရမယ်၊ လူတွေ အတွက် မဖြစ်ရဘူးပေါ့။ ဒီနေရာမှာ လူ့အခွင့်အရေးဆိုတာ မရှိဘူး၊ တိရိစ္ဆာန်အခွင့်အရေးပဲ ရှိတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး ဗစ်တာ ဘန်တီလူလိုင်စကိုဒတ်က ပြောပါတယ်။

Image caption ကိုမိုဒိုနဂါးတွေကို ကြည့်ဖို့ ခရီးသွားတွေ တိုးလို့ လာနေကြပါတယ်။

ကိုမိုဒိုကျွန်းတွေရှိတဲ့ ဒေသကို ကုလသမဂ္ဂယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီကျွန်းတွေကို ၂၀၂၀ ကျရင် တစ်နှစ်ပိတ်ပြီး ပြန်ဖွင့်တဲ့အခါမှာလည်း ပိုက်ဆံများများပေးနိုင်တဲ့ လူချမ်းသာတွေလာက်ပဲ လူနည်းနည်း လာကြည့်ခွင့်ပေးဖို့ လိုင်စကိုဒတ်က တောင်းဆိုနေတာပါ။ ကျွန်းပေါ်သားတွေအားလုံးကိုလည်း ဒီနေရာက အပြီးသတ်ဖယ်ရှားဖို့ သူက လိုလားပါတယ်။

အခုတော့ ဗဟိုအစိုးရက သူ့ အကြံပြုချက်ကို စဉ်းစား သုံးသပ်နေပါတယ်။ ဒီကျွန်းကို ၂၀ ရာစု အစောပိုင်းက ဥရောပက စူးစမ်းလေ့လာသူတွေရောက်ခဲ့ချိန်ကနဲ့ စာရင် ကိုမိုဒိုနဂါးတွေဆီ ဧည့်သည်တွေ အများကြီး ပိုပြီး လာရောက်ခဲ့ကြတာကတော့ လက်တွေ့ပါပဲ။

ဘီဘီစီက အဲဒီကျွန်းဆီ ရောက်သွားတဲ့နေ့မှာတော့ အထပ်ပေါင်းတော်တော်များများပါတဲ့ ဇိမ်ခံသင်္ဘောကြီးတစ်စီးက လိုချန်ပင်လယ်ကွေ့မှာ ဆိုက်ကပ်ထားတာတွေ့ရပါတယ်။ ကိုမိုဒိုနဂါးတွေ ရှိရာ အမျိုးသားဥယျာဉ်ကို မနက် ၇ နာရီမှာ စဖွင့်လိုက်တဲ့ အချိန်မှာတော့ အဲဒီ သင်္ဘောပေါ်က ခရီးသွားတွေ အပါအဝင် လူပေါင်း ထောင်ချီလို့ နဂါးတွေ ရှိရာဆီ သွားကြပါတော့တယ်။

ဒီလို ရှုခင်းသာယာလှပတဲ့နေရာကို အင်ဒိုနီးရှားအစိုးရကတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ နေရာတစ်ခုအဖြစ် စျေးကွက် မြှင့်တင်နေပါတယ်။ ပိုပြီးတိုးတက် ရောက်လာနေတဲ့ ခရီးသည်တွေအတွက် နေထိုင်စရာ အဆောက်အအုံတွေကိုလည်း ကျွန်းပေါ်မှာ တိုးပြီး ဆောက်နေပါတယ်။ အမျိုးသားဥယျာဉ်ဆီဝင်ပေါက်ဖြစ်တဲ့ လာဘူအန်ဘာဂျိုမြို့ကို ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အများကြီး ရောက်လာနေကြပါတယ်။

ကိုမိုဒိုအမျိုးသားဥယျာဉ်ရှိရာအရပ်ဟာ ဒီကျွန်းဆွယ်ပေါ်က အဆင်းရဲဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုတော့ ခရီးသည်တွေဆီက ရတဲ့ တစ်ဒေါ်လာဟာ ဒေသခံတွေအတွက်တော့ အများကြီး အထောက်အကူပြုတဲ့ ဝင်ငွေဖြစ်ပါတယ်။

"လူတွေကြားမှာ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားနေကြတယ်။ ဒါကြောင့် အလုပ်ရှာတဲ့သူတွေလည်း အများကြီး ဒီနေရာကို ရောက်လာကြတယ်။ ဒီနေရာက အခုမှ စပြီး ဖွံ့ဖြိုးတာဆိုတော့ အခွင့်အလမ်းတွေလည်း အများကြီး ပွင့်လာနေပြီလို့ ယူဆကြတယ်လေ" လို့ ဧည့်လမ်းညွှန် တီဆာ ဆက်ပတီယာနီ အင်ဒရာက ဆိုပါတယ်။

ဒါပေမယ့် ခရိုင်အုပ်ချုပ်ရေးမှူးကတော့ အခုလို ဖြစ်လာနေတာကို သဘောတွေ့ပုံမရပါဘူး။ ကိုမိုဒိုနဂါးတွေကို အကာအကွယ်ပေးမထားကြဘူးလို့ လိုင်စကိုဒတ်က ပြောပါတယ်။

လာကြည့်တဲ့ လူတွေက များလွန်းတယ်။ ဒီလို လာကြည့်ဖို့လည်း ပေးရတာက ဘာမှ မရှိဘူး၊ ဒါကြောင့် ဘယ်သူမဆို ဒီကို လာကြည့်လို့ ရနိုင်နေတယ်လို့သူက ပြောပါတယ်။

သူ ရည်မှန်းတာကတော့ လာကြည့်တဲ့သူတွေက ပိုများများ ပေးရပြီး ပိုပြီး ဝင်ငွေများများ ရလာဖို့ ဖြစ်ပါတယ်။

"လာကြည့်ချင်တဲ့သူတွေက အသင်းဝင်ရမယ်၊ နှစ်စဉ်ကြေး ဒေါ်လာတစ်ထောင်ပေးရမယ်။ ဒါတောင် စျေးက တော်တော်သက်သာပါတယ်။ ဒီလိုဆိုရင် တစ်နှစ် လူ ငါးသောင်းပဲ ပေးဝင်၊ ဝင်ငွေက သန်း ၅၀ ရမယ်။"

Image caption ခရိုင် အုပ်ချုပ်ရေးမှူး ဗစ်တာ ဘွန်တီလု လိုင်စကိုဒတ်က ကျွန်းပေါ်ကို ခရီးသွားတွေ အလုံးအရင်းနဲ့လာတာကို ပိတ်ချင်နေပါတယ်

ကိုမိုဒိုတွေကို အဲဒီကျွန်းပေါ်မှာ နှစ်ပေါင်းများစွာ သုတေသနလုပ်ခဲ့တဲ့ သြစတြေးလျက ပညာရှင် ဒေါက်တာတင်မ်ဂျက်ဆော့ကလည်း ခရီးသွားလုပ်ငန်းဟာ အကျိုးအပြစ် ရောနေပါတယ်လို့ ဆိုပါတယ်။

"လှေ၊ သင်္ဘောတွေအများကြီး ဝင်လိုက်ထွက်လိုက်လုပ်နေတာရယ်၊ ပါလာတဲ့လူတွေက စွန့်ပစ်တဲ့ ပလတ်စတစ်တွေရယ်ဟာ ရေနေသတ္တဝါတွေကို အများကြီး ထိခိုက်စေတယ်" လို့ သူက ဆိုပါတယ်။

သူက ခရီးသွားလုပ်ငန်းက ထိန်းချုပ်ဖို့ သိပ်ခက်တဲ့ အခြေအနေရောက်မသွားခင် စည်းကမ်းတွေ ကန့်သတ်ဖို့ လိုလားသူပါ။ သူက ဂါလာပါဂို့စ်ကျွန်းတွေမှာလို လာတဲ့ ခရီးသည် အရေအတွက် ကန့်သတ်ထားတဲ့ ပုံစံကို သဘောကျသူပါ။

ဒါပေမယ့် ဂျက်ဆော့ကတော့ ခရီးသည်တွေလာလို့ ကိုမိုဒိုတွေအပေါ် သက်ရောက်မှု ရှိတယ်ဆိုတာက သိပ်မကြီးမားလှပါဘူးလို့ မြင်ပါတယ်။

"ဒီကိုလာကြသူတွေက အဓိကအားဖြင့် မြေနိမ့်ပိုင်း နေရာ နှစ်ခုမှာပဲ လမ်းလျှောက်သွားကြတာပါ။ အဲဒီနေရာတွေဆိုတာလည်း ဒီ ဥယျာဉ်ကြီး တစ်ခုလုံးမှာ ဧရိယာရဲ့ ၃ ရာခိုင်နှုန်းက ၄ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဧည့်သည် ၉၀ ရာခိုင်နှုန်းလောက်က အဲဒီနေရာတွေကိုပဲ သွားကြတာပါ။"

ကိုမိုဒိုနဂါး အများစုက သူတို့အမည်ကို အစွဲပြု မှည့်ထားတဲ့ ကိုမိုဒိုကျွန်းပေါ်မှာ နေကြပါတယ်။ ဒါပေမယ့် ကိုမိုဒိုအမျိုးသားဥယျာဉ်ဆိုတာကတော့ ကျွန်းပေါင်း ၂၀ ကျော်ပါတဲ့ ဧရိယာကြီးပါ။ နောက်ထပ် ကိုမိုဒိုနဂါးတွေ အများဆုံးနေတဲ့ ကျွန်းကတော့ ရင်ကာကျွန်းပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသားဥယျာဉ်ထဲမှာ ကိုမိုဒိုနဂါးတွေ တွေ့ရတဲ့နေရာတွေ။

ဂျက်ဆော့ဟာ ၂၀၀၂ ခုနှစ်ထဲက အမျိုးသားဥယျာဉ်နဲ့ ပေါင်းပြီး ကိုမိုဒိုနဂါးကောင်ရေကို စောင့်ကြည့်လေ့လာနေခဲ့သူပါ။

ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ တခြားစိုးရိမ်ချက်ဖြစ်တဲ့ ကိုမိုဒိုတွေရဲ့ အဓိက အစာ သမင်အရေအတွက်ကလည်း လျော့ကျလာနေတယ်ဆိုတာ တကယ်တော့ မမှန်ပါဘူးလို့ သူက ပြောပါတယ်။

"ဒီ ဥယျာဉ်ကြီးက အကြီးကြီး ဖြစ်တယ်။ တချို့နေရာတွေမှာ လုံခြုံပေမယ့် တချို့ နေရာတွေမှာတော့ မလုံခြုံဘူးလို့ တောထိန်းတွေပြောတာ မှန်ပါတယ်။ ဒါပေမယ့် ကိုမိုဒိုတွေ စားစရာ ပြတ်သွားလောက်အောင် သမင်ကောင်ရေ လျော့သွားလောက်မယ့် ခိုးသတ်နေတာမျိုးတွေကတော့ မတွေ့ရပါဘူး။"

ဥယျာဉ်ထိန်း စတီဖန်နုဂျာလက်ကလည်း အခုဆို သမင်တွေဟာ ပိုပြီးတော့တောင် အစောင့်အရှောက်ခံနေရပါတယ်လို့ ပြောပါတယ်။

"သမင်တွေကို ဖမ်း သတ်စားတာ အများကြီး နည်းသွားပါပြီ။ ဒီက လူတွေကလည်း အခုဆို နားလည်လာပါပြီ။ တခါတလေတော့လည်း ရဲတို့ စစ်တပ်တို့နဲ့ ပေါင်းပြီး ခိုးသတ်တာတွေကို နှိမ်နင်းရပါတယ်။"

Image caption ကိုမိုဒိုကျွန်းပေါ်မှာတော့ ရွာကတစ်ရွာပဲ ရှိပါတယ်။

တချိန်က ကမ်းခြေတလျှောက်က တဲတန်းအစီအရီလေးတွေနဲ့ ကိုမိုဒိုရွာလေးဟာ အခုတော့ လူပေါင်း ၂၀၀၀ လောက်နေကြတဲ့ ရွာကြီး တစ်ခု ဖြစ်နေပါပြီ။

ဧည့်ဂေဟာတွေ စီတန်းပြီး ပေါ်လာတယ်၊ မီးအားပေးစက်တွေက ထုတ်တဲ့ လျှပ်စစ်မီးတွေ ညအခါထိန်လင်းလို့ လမ်းပေါ်က ဆိုင်တန်းတွေဆီက စွန့်ပစ်တဲ့ ပလပ်စတစ် စွန့်ပစ် ပစ္စည်းတွေလည်း ကမ်းခြေတလျှောက်မှာ ပြန့်ကျဲနေပါတယ်။

ကိုမိုဒိုကျွန်းပေါ်က လူတွေထဲက ၇၀ ရာခိုင်နှုန်းလောက်ဟာ ခရီးသည်တွေအပေါ် မှီခိုနေကြပါတယ်။ ဒါကြောင့် ဒီကို ခရီးသွားအလာနည်းသွားမယ်ဆိုတဲ့ သတင်းဟာ သူတို့အတွက်တော့ သတင်းဆိုးပါပဲ။

ဒေသထွက်လက်ဆောင် ပစ္စည်းရောင်းတဲ့ ဆိုင်လေးတစ်ဆိုင် ထောင်ထားတဲ့ နူးရ်ဆိုတဲ့ အမျိုးသမီးကတော့ သူတို့ အနာဂတ်အတွက် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

ရွာသားတွေဟာ ဟိုးအရင်တုန်းကလို အမဲလိုက်တာ၊ တောတောင်ထဲက စားစရာ ရှာဖွေစားသောက်တာမျိုး အပေါ် မှီခိုနေလို့ ရတော့တာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

"ကျွန်မတို့မှာ ငါးဖမ်းလှေလည်း မရှိတော့ဘူး၊ အမဲလည်း မလိုက်ရတော့ဘူး၊ ကိုယ်ပိုင် မြေလည်း မရှိတော့ဘူး။"

ဧည့်လမ်းညွှန် ဂဖူးရ်ကာဆင်ကတော့ ရွာသားတွေဟာ အရင်လို ပြန် အသက်မွေးကြရမယ်ဆိုရင် အဲဒါကမှ သဘာဝ ပတ်ဝန်းကျင်အတွက် ပိုဆိုးတော့မှာပေါ့လို့ ပြောပါတယ်။

"ပင်လယ်ထွက် ငါးဖမ်းကြရမယ်ဆိုရင် ငါးတွေ အများကြီး မိအောင်ဆိုပြီး ဗုံးခွဲဖမ်းတာမျိုးတွေ လုပ်လာကြတော့မယ်။ အဲဒါဆို ဒီဥယျာဉ်ထဲက ရေသတ္တဝါတွေရဲ့ သဘာဝတွေ ပျက်စီးကုန်မယ်။ တောထဲပြန်သွားကြမယ်ဆိုရင်လည်း သစ်ခိုးခုတ်တာတွေ ဖြစ်လာတော့မယ်။"

Image caption ကျွန်းပေါ်ကရွာသားအများစုက ခရီးသည်တွေအပေါ်မှီခိုရပ်တည်နေကြရပါတယ်။

ကျွန်းသူ ကျွန်းသားတွေကတော့ အစိုးရက လုပ်မယ့် အစီအစဉ်အပေါ် စိတ်ပူကြပါတယ်။

ဒီကျွန်းက မရွှေ့ချင်ဘူး၊ ကိုမိုဒိုတွေကိုလည်း ကျွန်မတို့ မနှောင့်ယှက်ပါဘူးလို့ အသက် ၁၇ နှစ်အရွယ် ရိုဆာ ဆာဖီရာက ပြောပါတယ်။

"ကိုမိုဒိုတွေနဲ့ လူတွေ အတူတူ အဆင်ပြေပြေနေနေကြတာပါ။ အုပ်ချုပ်ရေးမှူးနဲ့ ပူးတွဲပြီး ကိုမိုဒိုတွေကို ပိုကောင်းကောင်း စောင့်ရှောက်ပေးလို့ရပါတယ်။ ကျွန်မတို့ တခြားနေရာကို ရွှေ့ပေးစရာ မလိုပါဘူး။"

Image caption ရွာသားတွေကတော့ ကျွန်းပေါ်မှာ ဆက်နေရရေး တိုက်ပွဲဝင်နေကြ

ကျွန်းသားတွေဟာ ကိုမိုဒိုတွေအတွက် အန္တရာယ်မဟုတ်ပါဘူးဆိုတာ သုတေသနပညာရှင် ဂျက်ဆော့ကလည်း သဘောတူပါတယ်။

"ကိုမိုဒို အမျိုးသားဥယျာဉ်ထဲမှာ ကျွန်တော် မိုင်ပေါင်းထောင်ချီပြီး လျှောက်သွားဖူးတယ်။ နှစ်ပေါင်းများစွာ ကျွန်တော် ဒီ ဧရိယာထဲမှာ အလုပ်လုပ်နေခဲ့တာ။ လူတွေ သစ်ပင်တွေကို ခုတ်လှဲနေတာ၊ တိရိစ္ဆာန်တွေ လိုက်ခိုးသတ်နေတာ၊ သစ်တောတွေ မီးရှို့နေတာမျိုး မတွေ့ရဘူး။ ဒီရွာသားတွေက သဘာဝပတ်ဝန်းကျင်ကို လေးစားမှု အထိုက်အလျောက်ရှိကြပါတယ်။"

ကိုမိုဒိုကျွန်းသားတွေကတော့ ဖွတ်နဂါးကြီးတွေအပေါ် သူတို့လေးစားမှုရှိတာက ရာဇဝင်ထဲက နဂါးမင်းသမီး ဒဏ္ဍာရီကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။

ဟာဂျီအာမင်ဟာ အင်ဒိုနီးရှားက လူအများစုလိုပဲ ဘာသာရေး ကိုင်းရှိုင်းတဲ့ မွတ်ဆလင် တစ်ယောက်ပါ။ သူက မက္ကာကိုလည်း ဘုရားဖူးသွားခဲ့ပါတယ်။ ဒီကျွန်းမှာ ကိုမိုဒိုတွေနဲ့ အဆက်အစပ်က ဘာသာရေးယုံကြည်မှုနဲ့ မဆိုင်ဘဲ သမိုင်းကြောင်းအရပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီက ရွာသားတွေက သူတို့သိထားတဲ့ ဒဏ္ဍာရီ ပုံပြင်တစ်ခုကို ပြောပြလေ့ရှိပါတယ်။ ပုံပြင်ထဲမှာ ပူထရီနဂါးလို့ခေါ်တဲ့ နဂါးမင်းသမီးလေးတစ်ယောက်ဟာ နာဂျိုလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး အမြွှာသားလေးနှစ်ယောက် မွေးပေးခဲ့ပါတယ်။ တစ်ယောက်က ယောက်ျားလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကိုမိုဒိုနဂါးလေးပါ။

"နည်းနည်းလေးကြီးလာကြတော့ ကိုမိုဒိုသားလေးက အသားစိမ်းကိုပဲ စားချင်တော့တယ်" လို့ ဟာဂျီအာမင်က ပြောပြပါတယ်။

"သူက အိမ်နီးချင်းတွေရဲ့ ကြက်တွေကို ဖမ်းပြီး စားပစ်တယ်၊ ဒီတော့ ပတ်ဝန်းကျင်က သူ့ကို စိတ်ဆိုးလာကြတယ်။ နောက်ဆုံးတော့ သူ တောထဲမှာ သွားနေရတယ်။ ဒါပေမယ့် သူ ရွာကို ပြန်ပြန်လာပြီး သူ့အမေနဲ့ အစ်ကိုကို လာကြည့်တတ်တယ်။"

အဲဒီလို အဆက်အစပ်ရှိခဲ့ဖူးတယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပဲ ဒီက ရွာသားတွေက ကိုမိုဒိုတွေကို မကြောက်ကြတာပါ။ ကိုမိုဒိုတွေမှာ သင်တုန်းဓားလို ထက်ရှတဲ့သွားတွေရှိသလို၊ ကိုက်မိရင် နာရီပိုင်းအတွင်း သေနိုင်တဲ့ အဆိပ်လည်းရှိပါတယ်။ အကောင်ကြီးတွေက ၁၀ ပေလောက်အထိလည်း ကြီးနိုင်ပါတယ်။

ဟာဂျီရဲ့ မိန်းမ အင်ဒါဝတီကလည်း သူတို့ကလေးတွေ အိမ်နောက်ဖက်က တောထဲ ဝင်ဆော့တတ်ကြတာကို စိတ်မပူပါဘူး။

"နဂါးတွေကိုတော့ စိတ်မပူပါဘူး၊ ကျွန်မက ကလေးတွေ ပင်လယ်ထဲဆင်းဆော့မှာကိုပဲ ပူတယ်။ သူတို့ ရေနစ်သွားနိုင်တယ်လေ။"

"တကယ်တမ်း ကိုမိုဒိုမျိုးဆက် စစ်တယ်ဆိုရင် ဘာမှ ပူစရာမလိုဘူး။ သူတို့ကလည်း ကိုယ့်ကို ဘာမှ ဒုက္ခ မပေးပါဘူး။"

ကိုမိုဒို အမျိုးသားဥယျာဉ်ထဲမှာ ကိုမိုဒိုတွေကိုက်လို့ သေတာ၊ အပြင်းအထန်ဒဏ်ရာရတာ ဘယ်လောက်ရှိသလဲဆိုတဲ့ စာရင်းဇယားတော့ အတိအကျ မရှိပါဘူး။ အာဏာပိုင်တွေကတော့ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ကိုမိုဒိုတွေကိုက်တာ ၁၅ ခါပဲ ရှိခဲ့ဖူးပြီး တစ်ယောက်ပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုမိုဒိုနဂါးတွေဟာ ၁၀ပေအထိမြင့်ကြပြီး အဆိပ်ရှိသတ္တဝါတွေဖြစ်ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ဒီအကောင်တွေက အရမ်းယဉ်တယ်တယ်လို့ ပြောပါတယ်။

ကိုမိုဒိုကျွန်းကို ဘယ်လိုပုံစံ ပြောင်းလဲရလဲဆိုတာ သူကောင်းကောင်းသိနေပါတယ်။

လူတွေက ဒီရောက်လာရင် "အိုး၊ တကယ့် အရိုင်းပဲ" လို့ အံ့သြသွားတာမျိုး ဖြစ်သွားစေချင်တာလို့ လိုင်စကိုဒတ်က ပြောပါတယ်။

အဲဒါကြောင့် ကိုမိုဒိုတွေကို သဘာဝ အရိုင်းကောင်အတိုင်း ထားတော့မယ်။ အခု မြင်နေရသလိုမျိုး လူတွေနဲ့ ယဉ်နေနဲ့ အကောင်မျိုးတွေ မဟုတ်ဘူး။ သူတို့ သဘာဝအတိုင်း နေထိုင်ကျက်စားနေတဲ့ သဘာဝ အရိုင်းကောင်၊ အန္တရာယ်ရှိတဲ့ ကိုမိုဒိုတွေကို လူတွေ လာကြည့်နိုင်ကြမယ်လို့ သူက ပြောပါတယ်။

အမှန်တကယ်ကတော့ ကိုမိုဒိုတွေက လုံးဝ အယဉ်ကောင်တွေ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က တောထဲမှာ နေတဲ့သူတွေရဲ့ မီးဖိုချောင်တွေနား အထိ သွားလာနေကြတဲ့အထိတော့ လူတွေနဲ့ နီးစပ်နေတာတော့ အမှန်ပါပဲ။

အခုနှစ်ပိုင်းမှာ ပထမဆုံး ဖမ်းမိလိုက်တဲ့ ကိုမိုဒို မှောင်ခိုရောင်းဝယ်တဲ့ ကွင်းဆက်ကိစ္စက သူ အခုလို ပြောင်းလဲမယ်ဆိုတဲ့ အဆိုပြုချက်ကို အထောက်အပံ့ ဖြစ်သွားစေပါတယ်။

နိုင်ငံတကာနဲ့ အချိတ်အဆက်ရှိတဲ့ အင်ဒိုနီးရှား ဒေသခံတွေဟာ ကိုမိုဒိုအကောင်ပေါက်ကလေး ၄၅ ကောင်ကို မတ်လကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ အပြင်ကို ခိုးထုတ်ခဲ့ကြပြီး နောက်ပိုင်းအဲဒါကို ဖမ်းမိခဲ့တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောပါတယ်။

တကယ်တမ်းတော့ ဒီအန်အေ စစ်ဆေးချက်အရ အဲဒီ ခိုးထုတ်သွားတဲ့ ကိုမိုဒိုအကောင်လေးတွေဟာ ဖလောရက်စ်ကျွန်းက ဖြစ်ပြီး ကိုမိုဒိုကျွန်းက မဟုတ်ဘူးလို့ သိရပါတယ်။

အင်ဒိုနီးရှား မှောင်ခိုတားဆီးရေး တပ်ဖွဲ့က ခုနှစ်ပိုင်းတွေမှာ ကြီးကြီးမားမား ဝင်ရောက်ဖမ်းဆီးတာမျိုးတွေ လုပ်နေပေမဲ့ အဲဒီ ကိုမိုဒို ဈေးကွက်ကိုတော့ ထိထိရောက်ရောက် မတားဆီးနိုင်သေးပါဘူး။

တားမြစ်စောင့်ရှောက်ထားတဲ့ သတ္တဝါတွေကို ပေါ်ပေါ်တင်တင် ရောင်းဝယ်နေကြတာတွေကို နိုင်ငံအနှံက မြို့ကြီးတွေမှာ တွေ့နေရပါသေးတယ်။

မှောင်ခိုသမားတွေလက်ထဲက ကယ်ထားလိုက်တဲ့ထဲက ကိုမိုဒိုလေး လေးကောင်ဟာ အခုတော့ တောရိုင်းထိန်းသိမ်းစောင့်ရှောက်ရေးခြံထဲမှာ နေနေကြပါပြီ။သူတို့ကို ဂျာဗားကျွန်းပေါ်က ဆူရာဘာယားက ထိန်းသိမ်းရေး စခန်းမှာ ထားလိုက်တာ ဖြစ်ပါတယ်။ သူတို့လိုပဲ

လှောင်အိမ်သေးသေးလေးတွေထဲမှာ ထည့်ခံထားရရာကနေ ကယ်တင်ထားတဲ့ တခြား ရှားပါး တိရစ္ဆာန်တွေရှိတဲ့ နေရာ ဖြစ်ပါတယ်။

Image caption မှောင်ခိုစျေးကွက်ထဲကို ရောက်လာတဲ့ ကိုမိုဒိုနဂါးပေါက်စ

ကျွန်တော်သာ ကိုမိုဒိုကျွန်းကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ပြီဆိုရင် ဒီ နဂါးတွေကို ဘယ်သူကမှ ခိုးမထုတ်ရဲစေရဘူးလို့ လိုင်စကိုဒတ်က ပြောပါတယ်။

သူလုပ်ချင်သလို ဘယ်တော့ လိုင်စကိုဒတ် လုပ်ခွင့်ရမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခုတော့ ကျွန်းကို စီမံအုပ်ချုပ်ပုံတွေကို အစိုးရက ပြန်လည်သုံးသပ်နေပါပြီ။

လောလောဆယ်မှာ ကိုမိုဒို အမျိုးသား ဥယျာဉ်ကို မိုင်ကိုးရာလောက် ဝေးတဲ့ မြို့တော်ဂျာကာတာမှာရှိတဲ့ အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင်နဲ့ သစ်တော ဝန်ကြီးဌာနက လှမ်းပြီး စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အင်ဒိုနီးရှားရဲ့ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေတွေအရ ဒေသခံ အုပ်ချုပ်ရေးမှူးတွေဟာ အုပ်ချုပ်ရေး အာဏာတွေ ပိုတိုးရလာနေပါတယ်။

လိုင်စကိုဒတ်က သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း သူပြောင်းလဲတားမြစ်ချင်တာနဲ့ တစ်သဘောထဲပဲလို့ အခိုင်အမာ ပြောပါတယ်။

"ကိုမိုဒိုကျွန်းကို သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာ ဖြစ်စေချင်တယ်" လို့ အခုလ အစောပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

"ဒါကြောင့် ကျွန်းကို လာလည်တဲ့သူဦးရေကို သေချာကန့်သတ်ထားမယ်။ ဝင်ကြေးကိုလည်း မြှင့်ထားမယ်" လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘာကို ပြောင်းပြောင်း၊ ပြောင်းမယ့် အစီအစဉ်ဟာ သေချာစနစ်တကျ စီမံပြီးမှ လုပ်ရမှာ ဖြစ်ပြီး ဟိုတစ်စ ဒီတစ်စ စိတ်ကူးတည့်ရာလုပ်တာမျိုး မဖြစ်ရဘူး။ မှန်မှန်ကန်ကန် စီမံပြောင်းလဲနိုင်အောင် ငွေသေချာရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ပဲလို့ သူက ပြောပါတယ်။

ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကတော့ ပြန်လည်သုံးသပ်ချက်တွေလုပ်နေဆဲဖြစ်လို့ နောက်ဆုံး ဆုံးဖြတ်ချက်ကို လတ်တလော သီတင်းပတ်တွေထဲမှာ ချဦးမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

၂၀၂၀ မှာ ပိတ်လိုက်မယ်ဆိုတာမျိုး အတိအကျ မပြောနိုင်သေးဘူးလို့ အဲဒီဝန်ကြီးဌာနက အကြီးတန်း အရာရှိတစ်ဦးဖြစ်တဲ့ ဝီရန်တိုက ပြောပါတယ်။

အဲဒါက လူတွေအများကြီးအတွက် သိချင်နေကြတာပဲ ဖြစ်ပါတယ်။ ဥပဒေအရ ပိတ်မယ်ဆိုရင်တောင် ဝန်ကြီးက နောက်ဆုံး ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

ဒေသ အုပ်ချုပ်ရေးမှူးရဲ့ စိတ်ကူးက ဆန်းသစ်ပါတယ်။ ဒါပေမဲ့ ဂျာကာတာ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ဖို့တော့ လိုပါသေးတယ်လို့ ဝီရန်တိုက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးက တကယ်လို့ သူ့ အစီအစဉ်အတိုင်းသာ ရှေ့ဆက်လုပ်ကြမယ်ဆိုရင် ရွာသားတွေဟာ တခြားကျွန်းတွေမှာ ပြောင်းပြီး အိမ်အသစ်တွေ သွားဆောက်နေကြရမယ်လို့ ပြောပါတယ်။

Image caption ပါဒါကျွန်းဟာ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားတဲ့ကျွန်းငါးကျွန်းထဲက တစ်ကျွန်းပါ။

ဒါပေမယ့် ကိုမိုဒိုရွာသားတွေကတော့ ဒီတိုင်း ငြိမ်မခံ တုံ့ပြန်ဖို့ ဆုံးဖြတ်ထားကြ ပါတယ်။

"ကျွန်မတို့သွားရင် ကိုမိုဒိုတွေလည်း ကျွန်မတို့နဲ့ အတူလိုက်လာရမယ်" လို့ ရွာသူ အင်ဒါက ပြောပါတယ်။

သူ့ ခင်ပွန်း ဟာဂျီကလည်း ဒီလို ဘိုးဘွားစဉ်ဆက်နေခဲ့တဲ့ နေရာကို စွန့်ရမယ့်အစား အသေခံတာက ကောင်းမယ်လို့ ဝင်ပြောပါတယ်။

အစိုးရက ၁၉၇၀ ကျော်ကာလတုန်းကလည်း သူတို့ကို ကျွန်းပေါ်က ဖယ်ဖို့ ကြိုးစားခဲ့ဖူးပြီး အဲဒီတုန်းကတော့ သူတို့ကို ခေါ်သွားတာနဲ့ ကိုမိုဒိုတွေလည်း ပင်လယ်ထဲ ခုန်ချပြီး သူတို့နောက်ကို လိုက်လာကြတယ်လို့ အခိုင်အမာပြောနေပါတယ်။

"ကျွန်တော်တို့နဲ့ ကိုမိုဒိုတွေကြေားက ဆက်ဆံရေးက အဲဒီလောက်ခိုင်မာပါတယ်။ ကျွန်တော်တို့ကတော့ ဒီမှာ ဆက်နေရအောင် တိုက်သွားမှာပါပဲ။"