ဗစ်တိုးရီးယားအမှု - ဖခင်ဖြစ်သူရဲ့ ဖွင့်ဟ ပြောဆိုချက်

ဗစ္တိုးရီးယားအမှု တရားမျှတရေး နိုင်ငံတဝန်း တောင်းဆိုမှုတွေ ဖြစ်ပေါ်နေ ဓာတ်ပုံ မူပိုင် Kaung Zaw Hein / MPA
Image caption ဗစ္တိုးရီးယားအမှု တရားမျှတရေး နိုင်ငံတဝန်း တောင်းဆိုမှုတွေ ဖြစ်ပေါ်နေ

နေပြည်တော် သပြေကုန်းမှာ ဖွင့်လှစ်ထားတဲ့ Wisdom Hill မူကြိုကျောင်းက အသက် ၃ နှစ်မပြည့်သေး တဲ့ မိန်းကလေးငယ် ဗစ်တိုးရီးယား (နာမည်ရင်းမဟုတ်) ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့က အဓမ္မ ပြုကျင့်ခံခဲ့ရတယ်ဆိုတဲ့ ဖြစ်စဉ်က ကာယကံရှင် သမီးငယ်ရဲ့ ဖခင် ဖြစ်သူကို ဘီဘီစီက သီးသန့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။ ကျူးလွန်ခံရသူရဲ့ ကလေးငယ်ရဲ့ လက်ရှိ အခြေအနေ၊ အမှု ဖြစ်ခဲ့တဲ့ ဖြစ်စဉ်၊ အရေးယူ ဆောင်ရွက်မှုတွေ နဲ့ ပတ်သက်ပြီး ကလေးငယ်ရဲ့ ဖခင် ဖြစ်သူ ပြောပြချက်ကို အောက်မှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်။

(မှတ်ချက် -- ကာယကံရှင် ကလေးငယ်နဲ့ မိသားစုရဲ့ ပုဂ္ဂလိက ဘဝ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာ အတွက် ဖခင် ဖြစ်သူရဲ့ နာမည်ကို ဖော်ပြမထားပါ။)

ဘီဘီစီ။ ။လက်ရှိ ကလေးရဲ့အခြေအနေ ဘယ်လိုရှိနေပါလဲ

ဖခင်။ ။ ကလေးကတော့ လောလောဆယ် လက်ရှိကတော့ အဆင်ပြေပါတယ်။ မသိစိတ်မှာ တော့ ဘာစိုးရိမ်မှု ရှိလဲ မသိဘူး။ အပြင်ပန်းကတော့ သာမန်ပါပဲ။ ပျော်ပျော်ရွှင်ရွှင်ပါပဲ။

ဘီဘီစီ။ ။ ကလေးတစ်ယောက်လို နေ့စဉ် ပုံမှန်လှုပ်ရှားသွားလာမှုတွေ ရှိနေလား။

ဖခင်။ ။ ဟုတ်ကဲ့။ ရှိပါတယ်။

ဘီဘီစီ။ ။ သူ့ကို စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုမျိုး တွေ့ဆုံဆွေးနွေးတာ၊ နှစ်သိမ့်ပေးတာတွေ လုပ်ဖို့ရှိလား။

ဖခင်။ ။ ရှိတယ်။ အဲဒါ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ လောလောဆယ် ကျွန်တော်တို့က မပြန်နိုင်သေး ဘူးလေ။ အစီအစဉ် ဆွဲထားတာတော့ရှိတယ်။ ကလေး မသိစိတ်မှာ ကျန်ခဲ့မှာစိုးလို့ ဒီအဖြစ်အပျက်ကြီးကို ဖျောက်ဖျက်ပေးချင်တာပေါ့။ လောလောဆယ်ကတော့ သာမန်လှုပ်ရှားမှု၊ သာမန် အတိုင်းအတာပါပဲ။

ဘီဘီစီ။ ။Video Conferencing နဲ့ တရားရုံးမှာ ကြားနာရမှာ ကလေးအတွက် စိတ်သက်သာရာ ရစေမလား။ ဘယ်လို သဘောရသလဲ။

ဖခင်။ ။ စိတ်သက်သာရာရစေတာပေါ့။ ကျွန်တော်က ပထမ စိုးရိမ်တာ သမီးကို လူတွေအများကြီးနဲ့ ကြောက်သွားမှာ၊ စိတ်ဒဏ်ရာရသွားမှာ အရမ်းစိုးရိမ်တယ်လေ။ အခုတော့ Video Conferencing နဲ့ဆိုတော့ အများကြီး သမီးအတွက် အထောက်အကူ ဖြစ်မယ်လို့ ထင်ပါတယ်။ ဝမ်းလည်း သာပါတယ်။

ဘီဘီစီ။ ။ကလေးက တရားရုံးမှာ ပြောတဲ့အချိန်မှာ စိတ်သက်သာရာ ရမယ်လို့ ယူဆလို့ရလား။ သူကရော ဖြစ်စဉ်ကို အမှန်အတိုင်း တိတိကျကျ ပြောနိုင်တဲ့အနေအထားရော ရှိလား။

ဖခင်။ ။ ဒါကတော့ သမီးရဲ့ အသက်အရွယ်နဲ့ အနေအထားပေါ်မူတည်ပြီး ကံသေကံမ မပြောနိုင်ဘူး။ ကလေးရဲ့ စိတ်ကို။

ဘီဘီစီ။ ။သူစပြီးတော့ အစ်ကို့ကိုပဲပြောတယ်လို့ နားလည်ထားတယ်။ တကယ် မိဘကို ကလေးက ပြန်ပြောတဲ့အချိန်မှာရော ဒီလို မျိုး ကျူးလွန်ခဲ့တဲ့သူ၊ နေရာ၊ အချိန် အကြမ်းဖျင်း ဘယ်နှကြိမ်လောက် ပြောတာရှိလဲ။ ဘယ်လိုပုံစံမျိုးတွေ ပြောခဲ့လဲ။

ဖခင်။ ။ သူဖြစ်စဉ် ဖြစ်ဖြစ်ချင်း သူ့မေမေ မေးတော့ ပြောတယ်။ ဒါသိပြီးသားဖြစ်တဲ့ "ကိုကို လုပ်တယ်၊ ကျောင်းမှာ၊ တီချယ်နှင်းနုသိတယ်" လို့ အကြမ်းဖျင်းပြောပြတာ။ သမီးမေမေကို ဖြစ်ဖြစ်ချင်းမှာ တစ်ကြိမ်ပြောတယ်။ နောက်တစ်ခါ ၁၇ ရက်နေ့ မနက်မှာ အမှတ် (၁) နယ်မြေ ရဲစခန်းရှေ့မှာ စခန်းမှူးတို့ တခြားရဲတွေရှေ့မှာ တစ်ခေါက် ထပ်ပြောတယ်။ နောက် နှစ်ကြိမ်။ ၁၂ ရက်နေ့မှာ စီအိုင်ဒီမှာ ကလေးကို ဆရာမ နှင်းနုနဲ့ ခေါ်မေးခိုင်းတော့ အဲလိုမျိုး တစ်ခေါက် ထပ်ပြောတယ်။ ၁၃ ရက်နေ့မှာ ကလေးကို ဆရာမ နှင်းနု မပါဘူး၊ တခြား ဆရာမနှစ်ယောက်နဲ့ ခေါ်မေးတော့လည်း အဲလိုပြောတယ်။ စုစုပေါင်း အကြမ်းဖျင်း လေးကြိမ်ပေါ့။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘီဘီစီ သီးသန့်ရတဲ့ ဗစ်တိုးရီးယား အမှု စီစီတီဗီ မှတ်တမ်း

ဘီဘီစီ။ ။ အခုနောက်ဆုံးတော့ တရားရုံးမှာ တင်ခံရတဲ့၊ စွပ်စွဲခံရတဲ့ အောင်ကြီးဖြစ်စဉ်နဲ့ ပတ်သက်လို့ရော ဒီကလေးလေးက ဆွဲထုတ်ပြတာမျိုး ဘယ်နှကြိမ်ရှိလဲ။ ယုံကြည်စိတ်ချတဲ့ ဖခင်ဖြစ်သူကို ပြောတာမျိုးလား။ ဘယ်လို ပြောခဲ့လဲ။

ဖခင်။ ။ ကလေးက စီစီတီဗီမှတ်တမ်းကို ကြည့်ပြီး ပထမတစ်ကြိမ်ပြောတာတော့ record မယူထားလိုက်ဘူး။ နောက်တစ်ကြိမ် ပြောတာတော့ record ယူနိုင်လိုက်တယ်။ ပထမတစ်ကြိမ်က တိုက်ဆိုင်မှုနဲ့ ကျွန်တော်ကြည့်နေတာကို သူ ဝင်ပြောတာပေါ့။ မေးတာတော့မဟုတ်ဘူး။ ရုတ်တရက်ကြီးဆိုတော့ မှတ်တမ်း မတင်လိုက်နိုင်ဘူး။

ဘီဘီစီ။ ။ နှစ်ကြိမ်လုံးမှာ သူပြောတဲ့ ဘုံတူညီတဲ့အချက်၊ စကားလုံးအနေနဲ့ဆိုရင်ကော ဘယ်စကားလုံးသုံးပြီး ပြောတာရှိလဲ။

ဖခင်။ ။ သူကပြောတာတော့ အကြမ်းဖျင်းတော့ "မီးမီးဖင်ဖုကို ဆိတ်တာ အဲဒီကိုကို" လို့ပြောတယ်။

ဘီဘီစီ။ ။ ကလေးရဲ့ သဘောသဘာဝ ပေါ့။ လူစိမ်းတွေပေါ်ဆို သူဘယ်လို ဆက်ဆံလေ့ရှိလဲ။ ရင်းနှီးလွယ်လား။ ကလေးရဲ့စိတ်နေသဘောသဘာဝလေးကိုရော သိရမလား။

ဖခင်။ ။ သူက သာမန်ပဲ။ သာမန်ကလေးတွေ လိုပါပဲ။ အရမ်းစိမ်းရင်တော့ အနားကပ် ဘာကပ် မရှိဘူး။ ရင်းနှီးသွားတယ် တစ်ရက်၊ နှစ်ရက်တွေ့တယ်ဆိုရင်တော့ ခင်တယ်ပေါ့။ သွက်တယ် သမီးက။

ဘီဘီစီ။ ။ အဲတော့ စွပ်စွဲခံရတဲ့ သူအပါအဝင်ပေါ့ သူနဲ့ကလေးနဲ့ ရင်းနှီးနိုင်တဲ့ အနေအထားကြုံဖူးလား။ သူပြောပြတာမျိုးရော ရှိလား။

ဖခင်။ ။ မသိဘူး။

ဘီဘီစီ။ ။ ရဲကတော့ ဒီအမှုကို စစစ်တဲ့အချိန်မှာ လိုအပ်တဲ့ သက်ဆိုင်ရာ အနီးအနား ပတ်ဝန်းကျင်ကလူတွေကို ဒီအန်အေယူပြီး စစ်တယ်လို့ နားလည်ထားတယ်။ အဲဒီအချိန်မှာ စစ်ဆေးတဲ့လူတွေထဲမှာ သမီးနဲ့ အရင်တုန်းထဲက အကျွမ်းတဝင်တော့ မဟုတ်ပေမဲ့ သိဖူး၊ခင်ဖူး၊ ပြောဖူးတာမျိုး ရှိနိုင်တဲ့လူ ပါလား။

ဖခင်။ ။ အဲဒါကကျတော့ ဒီအန်အေ စစ်တာက ကျောင်းဘက်ကနေ ပတ်သက်တဲ့လူတွေနဲ့ သမီးနဲ့ သိဖူးမြင်ဖူးရင်းနှီးဖူးလားဆိုတာတော့ ကျွန်တော်တို့ မသိနိုင်ဘူး။ ကျွန်တော်တို့က မနက်ဆို ဖယ်ရီနဲ့တင်ပေး၊ ညနေဖယ်ရီ ပြန်လာတော့ ကြိုတာလေ။ ဟိုမှာ ကလေးနဲ့ ဘယ်သူတွေ ရင်းနှီးတယ် မရင်းနှီးဘူးဆိုတာ ကျောင်းဘက်က ပတ်သက်တဲ့ ဆရာဆရာမတွေ သူတို့တွေပဲ သိလိမ့်မယ်။ အိမ်ဘက်မှာတော့ အိမ်အောက်ဘက်က ကလေးလေးတစ်ယောက်ကိုတော့ စစ်တယ်။ ဆယ်တန်း ကလေးလေးတစ်ယောက်ကိုတော့ စစ်တယ်။ သူနဲ့ သမီးနဲ့ကတော့ ရင်းနှီးမှု မရှိဘူး။ သမီးနာမည်တောင် သူသေချာသိတာမဟုတ်ဘူး။

ဘီဘီစီ။ ။ အခုတော့ တရားရုံးရောက်နေတဲ့ အဆင့်ဖြစ်သွားပြီပေါ့လေ။ ပြီးခဲ့တဲ့ ဖြစ်စဉ်မှာ ပြန်ပြောရင်ရော အရေးယူဆောင်ရွက်မှု အခြေအနေပေါ်ဆိုရင် ဖခင်တစ်ယောက်အနေနဲ့ မိဘအနေနဲ့ ဆိုရင်ဘယ်လိုသဘောထားမျိုးရှိမလဲ။

ဖခင်။ ။ ဇူလိုင်လဆန်းပိုင်းမှာပေါ့။ ၂ရက်၊ ၃ရက်၊ ၄ရက်ပေါ့။ ကိုအောင်ကြီးကို တရားရုံးတင်မှု မတိုင်ခင်နဲ့ အဲဒီနောက်ပိုင်းကိုတော့ မပြောတော့ဘူး။ ဒါကတော့ တရားရုံးက ဆုံးဖြတ်လိမ့်မယ်။ အပြစ်ရှိတယ် မရှိဘူးဆိုတာက။ ပြောချင်တာက ကျွန်တော်တို့ စပြီး အမှုဖွင့်တဲ့ ၁၇ ရက်နေ့ပေါ့။ ၁၆ ရက်နေ့ည၊ ၁၇ ရက်နေ စပြီးတော့ ကိုအောင်ကြီးကို တရားရုံးစွဲမတင်ခင် အချိန်ထိ အပိုင်းအခြားကို ပြောလို့တော့ရပါတယ်။

ဘယ်လိုမြင်လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က အုန်းလက်ကို မြင်းလုပ်စီးပြီးတော့ သိုင်းချနေတာလိုပဲလို့ မြင်တယ်။ ပါးစပ်ကနေအော်ပြီးတော့ မြင်းလုပ်စီးနေတာ၊ လူကတော့ လှုပ်နေတာပဲ၊ ရှေ့တော့ မရောက်ဘူးပေါ့။ လုပ်တော့ လုပ်နေတာပဲ။ အလုပ်ပြီးမြောက်ခြင်း မရှိဘူးလို့တော့ မြင်တယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မူကြိုကျောင်းက ဆရာမ နှင်းနု နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း

ဘီဘီစီ။ ။ အမှုစပြီး ပထမ တိုင်ကြားတာကနေ စပြီးတော့ ဥပမာနဲ့ မှတ်မှတ်ထင်ထင် ဖြစ်နေတာတွေ ပြောလို့ရမလား။ ဥပမာ HARD DISK ကိစ္စ

ဖခင်။ ။ ဟာ့ဒစ်ကိစ္စက ဒီလို။ စီစီတီဗီ မှတ်တမ်းကို ကျွန်တော်တို့က ကြည့်ချင်တာလေ။ ကလေး ကျောင်းအဝင်ဝကို ဟိုဘက်ကျောင်းဆောင်ကနေ စီစီတီဗီ ရှိတယ်ဆိုတော့။ အဝင်အထွက် သိချင်လို့။ သိချင်တော့ ရဲစခန်းကို အကူအညီ တောင်းရတာပေါ့။ တောင်းတော့ ရဲစခန်းကနေပြီးတော့ သွားယူပေးတယ်။ ကျောင်းကို။ ၁၇ ရက် နေ့လယ်မှာ တခြမ်းရတယ်။ ညနေပိုင်း တခြမ်းရတယ်။ နောက် ၁၈ ရက်နေ့ကျမှ မနက် ၈ နာရီကနေ စောစောကရတဲ့ အခြမ်းနဲ့ ပေါင်းရတယ်။ ဆိုလိုတာက ၈ နာရီကနေ ၅ နာရီထိပေါ့။ ကြားထဲမှာတော့ လေးကြိမ်လောက်တော့ ပြတ်တာပေါ့။ ဒါက ကနဦးရတဲ့ အခြေအနေပေါ့။ စီအိုင်ရောက်မှတော့ တော်တော်များများ ပြန်ရတယ်။ အဲဒီ စီစီတီဗီမှတ်တမ်းက ဒီဖြစ်စဉ်မှာ တစ်ခုတည်းသောလို့ ပြောရမယ့် အထောက်အထားတစ်ခုခုပေါ့။ ဘာလို့ဆိုတော့ ကျောင်းရယ်၊ အိမ်ရယ်၊ ကားရယ်မှာ စီစီတီဗီရှိတာဆိုလို့ အဲဒီနေရာတစ်ခုပဲ ရှိတာကိုး။ အဲဒီနေရာကို အရမ်းအားကိုးခဲ့တယ်။ အဲဒီနေရာမှာ ပြည့်ပြည့်စုံစုံရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဒါနည်းနည်း စိတ်ရှင်းသွားနိုင်တာပေါ့။ ဒီမှာ ဖြစ်တယ်မဖြစ်ဘူး။ အဝင်အထွက်ကို ကြည့်ခြင်းအားဖြင့်ပေါ့။ ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး။

ဘီဘီစီ။ ။ အဲဒါကို ရဖို့အတွက် ပထမဆုံးက ရဲစခန်းကို ဆက်သွယ်ပြီးတော့ ကျောင်းကနေပြီးတော့ ၁၆ ရက်နေ့ မှတ်တမ်း ကြည့်ခွင့်ကို စဆက်သွယ်ခဲ့ရတာပေါ့။ ဆက်သွယ်တဲ့ ရက်က ၁၇ ရက်မှာ ဖြစ်မှာပေါ့။

ဖခင်။ ။ ကျွန်တော်တို့က ၁၆ ရက်နေ့ မှတ်တမ်း တင်မကဘူး၊ ၁၅ ရက်၊ ၁၄ ရက်တွေ ပါတောင်းသေးတယ်။ မေတ္တာရပ်ခံသေးတယ်။ ဘာလို့ဆိုတော့ ကလေးက ရင်းရင်းနှီးနှီး ရှိတယ်ဆိုတော့လေ။ ရုတ်တရက်ကြီး သူစိမ်းတစ်ယောက်က ဒီလို ဖြစ်စဉ်မျိုး ကျူးလွန်ဖို့ မလွယ်နိုင်ဘူးပေါ့။ ကျွန်တော်တို့က အဲလို သုံးသပ်တာကိုး။ ရင်းနှီးတဲ့သူပေါ့။ အိမ်ကျတော့လည်း အိမ်မှာ ဒီကို ပြောင်းလာတာ မကြာသေးဘူး။ အိမ်ကို လာလည်တဲ့သူကို မရှိတာ။ အသိမိတ်ဆွေကို မရှိတာ။ အမျိုးသမီးက မနက်ဆို ရုံးသွားတယ်။

သမီးကိုလည်း မူကြိုပို့တယ်။ ညနေပြန်လာတယ်။ အိမ်မှာ လာလည်သူ မရှိဘူး။ ရင်းနှီးတဲ့သူ မရှိဘူး။ ကျောင်းဘက်မှာ ရင်းနှီးတဲ့သူများ ရှိမလား၊ သမီးဆီ လာလည်တဲ့ သူငယ်ချင်းရှိမလား၊ ဘာလဲပေါ့။ ကျွန်တော်က ရိုးရိုးသားသားနဲ့ပေါ့။ ၁၄၊ ၁၅ လည်းတောင်းတယ်။ ဒါပေမဲ့ မန်မိုရီ ကတ်မလောက်ဘူး၊ ဘာဘူး ဆိုပြီးတော့.. ။ အမှတ် (၁) စခန်းက သူတို့ တောင်းပေးတယ်တဲ့၊ ဟိုဘက်က မန်မိုရီကတ် မလောက်ဘူးလို့ ပြောတယ်တဲ့။ အဲဒီနှစ်ခုကွာဟချက်က ဘာဖြစ်မလဲ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော်မရခဲ့ဘူး။ ကျွန်တော်တို့က ရခဲ့မယ်ဆိုရင် ဖြစ်တာကတော့ ၁၆ ရက်မှာ ဖြစ်တာ မှန်တယ်။ ၁၄၊ ၁၅ တော့မဆိုင်ဘူး။ ဒါပေမဲ့လည်း အထောက်အကူ တစ်ခုခု၊ ဝင်ထွက်သွားလာနေတာ ဖြစ်ဖြစ်၊ သမီးနဲ့ ရင်းနှီးမှု ရှိတာဖြစ်ဖြစ် ရနိုင်မလားလို့ ကျွန်တော်တို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့လည်း မရခဲ့ပါဘူး။

ဘီဘီစီ။ ။ အဲတော့ တကယ်ရလာတော့ကျတော့ လူစိမ်းဝင်သွားတယ်ဆိုတာကိုလည်း အစ်ကိုပဲ စတွေ့တယ်လို့ပဲ နားလည်ထားတယ်။ အဲဒီအနေအထားကို ပြန်ပြောပြပေးပါ။

ဖခင်။ ။ စတွေ့တယ်လို့ ပြောလို့ရတယ်ဗျ။ ၁၈ ရက်နေ့မှာ ကျွန်တော်တို့ ထွက်ဆိုချက်တွေ သွားပေးရတယ်။ နေ့လယ်ပိုင်းက ကျွန်တော့် အမျိုးသမီးသွားပေးတယ်။ ကျွန်တော်တို့က တစ်ယောက်တစ်လှည့် ကလေးထိန်းရတာကိုး။ ညနေပိုင်းက ကျွန်တော်သွားပေးတယ်။ အဲတော့ သူက စီစီတီဗီရလာပြီတဲ့။ ၁၇ ရက်နေ့တုန်းက နေ့တစ်ပိုင်းစာပဲရတယ်။ ၁၈ရက်နေ့မှာ ၈ နာရီက ပြန်စတဲ့ဟာ။ အဲဒီတော့ ကြည့်မယ်ပေါ့။ ညကျတော့ သွားကြည့်တာပေါ့။ မကြည့်ခင်မေးတယ် ဘာထူးခြားမှုရှိလဲဆိုတော့။ ဘာမှ မရှိဘူး။ သူတို့ ကြည့်ပြီးသလောက် ထူးခြားမှု ဘာမှ မရှိဘူး ပြောတယ်။ သူတို့က အကုန်လုံး ကြည့်ပြီးချင်မှ ကြည့်ပြီးလိမ့်မယ်ပေါ့။ ဒါ အပြစ်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကြည့်တော့ ထူးခြားတာကို စတွေ့တယ်။ ၃ နာရီ ၁၂ မိနစ်မှာ ဝင်သွားတာကို တွေ့တယ်။ အဲဒါကို ဒိုင်ယာရီ စာအုပ်ထဲမှာ ရေးမှတ်ထားပြီးတော့ အဲဒီက တာဝန်ကျတဲ့ တာဝန်မှူးကို ပြောခဲ့တယ်။ ကျွန်တော် တစ်ညလုံးကြည့်တယ်ဆိုတော့ ၁၈ ရက်မှာ ညကြည့်တော့ ၁၉ ရက် မနက်ရောက်သွားတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗစ်တိုးရီးယားအမှုက စွပ်စွဲခံ ကလေးနှစ်ယောက် ကျောင်းကိုမလာဖူးဘူး လို့ တာဝန်ခံငြင်း

ဘီဘီစီ။ ။ ဒီစီစီတီဗီယူတာ စယူတဲ့ အချိန်ကနေစပြီးတော့ ရဲဘက်က တခြားနည်းနဲ့ စီစီတီဗီထဲမှာ ပါတဲ့လူတွေ၊ မြင်ရတဲ့လူတွေ ၊ ကျောင်းပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေ သူတို့ ဘယ်လောက် စုံစမ်းဖော်ထုတ်နေတာကို အစ်ကို့အနေနဲ့ စီအိုင်ဒီက မလွှဲခင်ပဲဖြစ်ဖြစ်ပေါ့လေ၊ အဲဒီကာလ တစ်ခုကြားမှာ အစ်ကိုနဲ့ ရဲ တွေနဲ့ကြားမှာ အစ်ကို ပူးပေါင်းဆောင်ရွက်နေတဲ့ အချိန်မှာ ဘာတွေ၊ ဘယ်သူရဲ့ အလုပ်ပေါ်မှာ ဘယ်လိုမျိုး တွေ့မိ မြင်မိတာရှိလဲ။

ဖခင်။ ။ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်မသိဘူးဗျ။ သူတို့ကိုမေးတယ်။ မေးတော့ ဟိုဘက်ကလည်း အကုန်စစ်ပြီးပြီ။ တော်တော်များများ စစ်နေတယ်ပေါ့။ စစ်ပြီးတာလည်း စစ်ပြီးပြီ။ ဘာမှ ထူးခြားမှု မရှိဘူးလို့ပဲ ပြောတယ်။ ၁၈ ရက်မှာ စီစီတီဗီကြည့်တော့ အမျိုးသားတစ်ယောက် ဝင်သွားတာ ပြောခဲ့တယ်။ ၁၉ ရက်မှာပြောခဲ့တယ်။ ၁၉ ရက်နေ့လယ်လောက်ကျတော့ ဖုန်းဆက်လာတယ်။ အမှုစစ်ကပေါ့။ အဲဒါက အစ်ကိုရေတဲ့ အဲဒါက ဆရာမရဲ့ ဒရိုင်ဘာပါတဲ့။ သူက ဆရာမဆီကို လာတာတဲ့။ လာပြီးတော့ အဲဒီရှေ့မှာပဲ ထိုင်နေတာတဲ့။ ကျွန်တော် လှမ်းမေးပြီးပါပြီတဲ့။ သူထိုင်နေတယ်၊ သူကားလာတော့ ပြန်သွားတယ်ပေါ့။ သူဆိုဖာမှာ ထိုင်နေတာလဲ ကျွန်တော်မြင်ရပါတယ်တဲ့။ သူကတော့ အဲလိုပြောတယ်။ သူက ဟိုဘက်ကို လှမ်းပြန်မေးတာ နေမှာပေါ့။ ဘာထူးခြားတာလဲ ဘာလဲ ဆိုပြီးတော့၊ ဟိုဘက်က စစ်တာတော့ ကျွန်တော်လည်း မမြင်ရတော့ မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်ဆိုလိုတဲ့ သဘောက စစ်တာတော့ စစ်တာပဲပေါ့။ ရလဒ်တစ်ခု ရမလာခဲ့ဘူး။

ဘီဘီစီ။ ။ အဲတော့ ရဲက ပထမရက်တွေ အတွင်းမှာ စီစီတီဗီကြည့်ရတယ်။ ပြီးတော့ တကယ် ကျူးလွန်ခဲ့တာမျိုးကို ရဲက ဖြစ်ဖြစ်၊ မှုခင်းဆရာဝန်က ပဲ ဖြစ်ဖြစ်၊ တရားဝင် အကြောင်းတာမျိုးရှိလား။ ဘယ်အချိန်လောက်မှာ ပြောတာရှိလဲ။

ဖခင်။ ။ ကျွန်တော်တို့က ဆေးစာ တရားဝင်တော့ ပြန်ကျမလာသေးဘူးလေ။ ကျွန်တော်တို့က ဒီ ၁၆ ရက် ညကတည်းက ကျွန်တော်တော့ မရောက်သေးဘူးပေါ့။ ကျွန်တော့်အမျိုးသမီးက ဆေးရုံသွားတော့ သူတို့ ဆရာဝန် အချင်းချင်းပြောတဲ့စကားတွေ၊ ဖြစ်စဉ်ပေါ့။ ပထမ ကလေးအထူးကု ဆေးရုံကို သွားတာကိုး။ ဒါလောက်အထိ မထင်ထားဘူး။ အဲဒီကနေ မှုခင်းနဲ့ဆိုင်တယ်ဆိုပြီး ကုတင်တစ်ထောင်ကို လွှဲလိုက်တယ်ဆိုကတည်းက စိတ်ပူပန်မှုက အဲဒီမှာစတာ။ တခြားနေရာမှာ ဖြစ်တာမဟုတ်ဘူး။ ဒီနေရာမှာ ဖြစ်တယ်။ ရဲကေ့စ်၊ ဆေးပညာသဘောက ထဲထဲဝင်ဝင်မသိပေမဲ့၊ ပြစ်မှုတော့ မြောက်တယ်ဆိုတာ သိနေပြီ။ ခံစားမိနေပြီ။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာတော့ ကျိတ်ဆုတောင်းတာပေါ့လေ။ ကလေးအချင်းချင်း ဖြစ်ပါစေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခဲတံဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊ တွေးတာပေါ့။ ဒီလောက်အထိ ကြီးကြီးကျယ်ကျယ်လို့တော့ မတွေးခဲ့ဖူးပါဘူး။ ၁၇ ရက်ကျတော့ မှုခင်းဆရာဝန်နဲ့တွေ့ရတယ်။ သူကလည်း အကြမ်းဖျင်းတော့ ပြောပြတယ်။ ထိုးသွင်းတဲ့ဟာ ရှိတယ်ဆိုတာ ပြောပြတယ်။ ကျန်တဲ့ဆေးသိပ္ပံအရ တိတိကျကျတော့ မပြောပြဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ သိနေပြီလေ။ အဲတော့ကာ တိတိကျကျတော့ အဲဒီအချိန်တုန်းက မသိဘူးဗျ။ ကလေးတော့ တစ်ခုခုတော့ ဖြစ်ခဲ့တာ သိနေပြီ။

ဘီဘီစီ။ ။ အဲတော့ ဒီဟာက တစ်စုံတစ်ယောက်သောသူက ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာမျိုး ပြောတာလား။

ဖခင်။ ။ ။ ဒီဟာ ချော်လဲတာ မဖြစ်နိုင်ဘူးဆိုတာ သေချာသွားပြီ။ ပြစ်မှု မြောက်သွားပြီ။ ဘယ်လို မြောက်မှန်းသာ မသိတာ။ ကိုယ်က ရင်ထဲမှာ မိဘအနေနဲ့ ပူနေပြီ။ ပိုဆိုးသွားပြီပေါ့ဗျာ။

ဘီဘီစီ။ ။ နောက်ပိုင်း ဒီတစ်လ နှစ်လ ကြာလာတဲ့အချိန်မှာရော ဒီဆေးနဲ့ ပတ်သက်ပြီး တရားဝင်ပေါ့၊ ဖြစ်ဖြစ်ချင်းညမှာကတည်းက ကာကွယ်ဆေးတွေလည်း သောက်ရတယ်လို့ နားလည်ထားတယ်။ ဒီဆေးနဲ့ ပတ်သက်ပြီးတော့ တခြားထပ်ဆင့် follow up ဆောင်ရွက်တဲ့ဟာမျိုး ဘာတွေရှိလဲ။

ဖခင်။ ။ ဆေးနဲ့ပတ်သက်တဲ့ဟာကတော့ ဖြစ်ဖြစ်ချင်းညမှာပဲ ကာကွယ်ဆေးသောက်ရတယ်။ ကာကွယ်ဆေးထိုးရတယ်။ နောက် HIV ကာကွယ်ဆေးကို သူက ၂၈ ရက်သောက်ရတယ်။ တစ်ရက်ကို မနက် ၂ လုံး၊ ညနေ ၂ လုံး။ အဲဒီကာလကတော့ တော်တော်ဆိုးဆိုးခံရတဲ့ကာလပေါ့။ ဒုက္ခတော်တော်ရောက်ခဲ့တယ်၊ ဒီဆေးက အရမ်းပြင်းတယ်လေ။ လူကြီးတောင် တော်တော် သောက်ရတာလေ။ အဲဒီကာလတော့ တော်တော်ဒုက္ခရောက်ခဲ့တာပေါ့။

ဘီဘီစီ။ ။ အဲဒီအချိန်မှာရော ဆရာဝန်ကြီးဘက်က တစ်ခုခု အသိထပ်ပေးတာမျိုး ရှိလား။

ဖခင်။ ။ အဲလို မျိုးတော့မရှိဘူး။

ဘီဘီစီ။ ။ နှီးနှောတိုင်ပင်တဲ့ counselling ဆိုတာ အဲဒါမျိုးတွေကို လွှဲပေးဖို့ ဘာတွေ ဆွေးနွေးကြလဲ။

ဖခင်။ ။ နှီးနှောတိုင်ပင်တာ ဆေးမတိုက်ခင်က ခေါ်ပြောတယ်။ ခေါ်ပြီးတော့ ဆွေးနွေးတယ်၊ မိဘတွေကို။ သူတို့ သဘောနဲ့ သူတို့ တိုက်လို့မရဘူး။ မိဘတွေဆီက ခွင့်ပြုချက်ယူရတယ်။ ဆိုတော့ကာ ဒါကို မတိုက်ပဲ ထားလိုက်ရင် သွေးထွက်သွာတယ်၊ မိန်းမကိုယ်မှာ၊ ထိုးသွင်းရာ ရှိတယ်။ အစရှိသဖြင့်။ ပိုးရှိတဲ့သူဖြစ်နေမယ်ဆိုရင် ကလေးဘဝ တစ်လျှောက်မှာ ဒုက္ခရောက်မယ်။ ဆေး side effect ရှိပင်ရှိသော်ငြားလည်း ဆေးတိုက်သင့်တယ်ပေါ့။ မဘာတွေ ဆုံးဖြတ်ရမှာဆိုတော့လေ၊ ကျွန်တော်တို့ကလည်း နောက်ဆုံးတော့ တိုက်ရမှာပေါ့။

ဘီဘီစီ။ ။ ဖြစ်စဉ်အတွက် ကလေး စိတ်ဒဏ်ရာမရအောင် သူတို့ ထပ်ဆင့်ပြီးတော့ လမ်းညွှန်တာ၊ တစ်ယောက်ယောက်နဲ့တိုင်ပင်ဖို့ပြောတာမျိုးရှိလား။

ဖခင်။ ။ လိုအပ်ရင်တော့ Child Psychologist (ကလေး စိတ်ပညာ ဆိုင်ရာ ဆရာဝန်) တွေနဲ့ ပြဖို့တော့ ညွှန်ကြားတယ်။ ကျွန်တော်တို့ကလည်း ပြတော့ ပြမယ်။ ကိုယ့်ဒေသ မဟုတ်တော့လည်း သေချာ ဟိုဟာမဖြစ်ဘူးလေ။ ကလေးကလည်း ဆေးသောက်ရမယ့် အချိန်ပဲ ဒုက္ခရောက်တာ။ ဆေးသောက်ပြီးရင်တော့ သူက သာမန်ပဲဆိုတော့။ မပြဖြစ်သေးတာပါ။ ပြဖို့တော့ အစီအစဉ် ရှိပါတယ်။ သူရဲ့မသိစိတ် အတွင်းစိတ်မှာ ကျန်ခဲ့တာစိုးလို့လေ။ ဒီအဖြစ်အပျက်ကြီးကို။

ဘီဘီစီ။ ။ အခုလိုအနေအထားပေါ့လေ။ အမှုက ကြာလာတယ်။ အခုတော့ တရာရုံးရောက်သွားပြီ။ အဲဒီမတိုင်ခင်မှာလည်း လူထုရဲ့ ပူပေါင်းပါဝင်မှုပေါ့လေ။ သူတို့က တစ်ညီတစ်ညွတ်တည်း ဆန္ဒ ထုတ်ဖော်ကြတာတွေ ရှိတယ်။ အွန်လိုင်းရော ပြင်ပမှာရော။ အဲဒါကို ကိုယ်က ဖခင်တစ်ယောက် အနေနဲ့ ဘယ်လိုမျိုးသဘောထားလဲ။ ဘာတွေ ပြောချင်လဲ။

ဖခင်။ ။ ပထမတော့ ဒီအဖြစ်အပျက်ကြီးကို ကျွန်တော်တို့ မိသားစုထဲပဲလေ။ လွန်ရော ကျွံရော ဆွေမျိုးသားချင်းလောက်ပဲ သိကြတယ်။ ဒီဟာကြီးကို အမှုမှန်ပေါ်ချင်စိတ်ပဲ ရှိတယ်။ အခု လူထုအားလုံးက ဝိုင်းဝန်းပြီးတော့ အမှန်တရားကို တောင်းဆိုလာတာပေါ့လေ။ သူတို့တောင်းဆိုတာက သူတို့က သမီးလေးကို မြင်ဖူးတာမဟုတ်ဘူး။ တွေ့လည်း တွေ့ဖူးတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းမရှိတဲ့ ကလေးလေးအတွက် အမှန်တရားကို သူတို့ တောင်းဆိုတာလေ။ ဒီအမှန်တရားကို ကျွန်တော်တို့ လူကြီးတွေ ရှာပေးရမယ်။ ဒီသမိုင်းမှာ။ ရှာကိုရှာပေးရတော့မယ်။ အဲ့အတွက်ကို ကိုယ့်အသိစိတ်နဲ့ကိုယ် တောင်းဆိုကြတာ။ ကျွန်တော်တို့မိဘတွေအနေနဲ့ကတော့ အတိုင်းမသိပေါ့လေ။ အားလည်းရှိပါတယ်။ ဒီအတွက်။ ကျေးဇူးတင်တယ်လို့တောင် ပြောဖို့မက ပါဘူး။

ဘီဘီစီ။ ။ ဝိုင်းဝန်းကြတာက မိဘအတွက် အားအင်အပြင် အမှုမှန် ပေါ်ပေါက်ရေးအတွက် ဘယ်လောက် အထောက်အကူ ဖြစ်နိုင်လဲ။

ဖခင်။ ။ အထောက်အကူဖြစ်နိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ တစ်ယောက်တည်းထက်စာရင် လူအများက အမှန်တရားကို လိုချင်နေတာလေ။ အမှန်တရားကရှိတော့ရှိတယ် နောက်ကျတတ်တယ် ဆိုသလိုပေါ့။ တချိန်ချိန်တော့ ရောက်လာမှာပါ။ ကျွန်တော်တို့ဒါ စောင့်ရမှာပဲလေ။

ဘီဘီစီ။ ။ အဲတော့ ဒီဖြစ်စဉ် ဖြစ်သွားပြီးတော့ လူထုရဲ့အားရခဲ့တယ်ပေါ့။ ကိုယ်စပြီးတော့ ကိုယ့်ရင်သွေးကလေးငယ်ကို ယုံကြည်စိတ်ချစွာနဲ့ အပ်ခဲ့တဲ့ ကျောင်းဘက်ကရော ဒီဖြစ်စဉ်အပြီးမှာ ကာယကံရှင် မိဘတွေကို လူချင်း တွေ့တာ၊ ရှင်းပြတာ၊ တောင်းပန်တာမျိုးတွေ ဘယ်နှကြိမ် ရှိခဲ့လဲ။

ဖခင်။ ။ အဲဒါ သေချာကွဲကွဲပြားပြားပြောပြမယ်။ ၁၇ ရက်မှာ ကျောင်းကို သွားတယ်။ ကျောင်းကို သွားတယ်ဆိုတော့ ကျွန်တော်တို့က ဒီကျောင်းမှာ ကလေးလေး အပ်ထားတယ်။ ကလေးကလည်း ကျောင်းလို့ပြောတယ်။ မိဘကလည်း ဖယ်ရီကြိုပြီးချင်း တိုက်ပေါ်ရောက်တော့ ဘယ်သူမှလည်း အထိအတွေ့မရှိတော့ ကျောင်းကိုသွားကြတယ်ပေါ့။ ၁၇ ရက်နေ့။ သွားတော့။ အမှန်သွားတာ ဆိုတာ ကျွန်တော်တို့က သမီးလေးကို ကျောင်းစအပ်ကတည်းက သမီးလေးအခန်းမှာ စီစီတီဗီ တပ်ထားတယ်။ ဆရာမတွေ လုံလုံလောက်လောက် ထားတယ်။ အတန်းကြီးတွေနဲ့ တွဲမထားဘူး။ အဲလိုမျိုးကြောင့် အပ်ခဲ့တာလေ။ အပ်ခဲ့တော့ ဆေးရုံက ပြောသော်ငြားလည်း ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့ မထင်သေးဘူး။ စီစီတီဗီကြည့်ရင် ရှင်းသွားလိမ့်မယ် လို့ ယူဆထားတယ်။ အဲဒါကြောင့် ကျောင်းကိုသွားတာ၊ ကျောင်းကို စွပ်စွဲဖို့သွားတာမဟုတ်ဘူး။ စီစီတီဗီသွားကြည့်တာ။ ရောက်လည်း ရောက်ရော သမီးနေတဲ့ အခန်းမှာ စီစီတီဗီ မရှိဘူးတဲ့။ မတပ်ရသေးဘူး။ အရင်တုန်းက တပ်ထားတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ အဲဒီအခန်းကို ပြောင်းတာပေါ့နော်။ စီစီတီဗီ မတပ်ရသေးတာ။ လွန်ခဲ့တဲ့နှစ်လလောက်က စီစီတီဗီ ရှိတဲ့ အခန်းကနေ စီစီတီဗီမရှိတဲ့ အခန်းကို ပြောင်းတာ ကျွန်တော်တို့ မသိခဲ့ဘူး။ အကြောင်းလည်း မကြားခဲ့ဘူး။

အဲနေ့က တစ်ကြိမ်တွေ့တယ်။ ကျောင်းနဲ့။ ကျောင်းက တာဝန်ရှိသူနဲ့ တစ်ကြိမ်တွေ့တယ်။ သူတို့ အဲဒီတုန်းကတော့ သမီးတို့ စာသင်ကျောင်းမှာ တခြားတက်တဲ့ ကလေးတွေကို သူလိုက်ပြ ပေးတယ်။ နောက်တစ်ခါ ၁၂ ရက် ၊ ၆ လပိုင်းမှာ တစ်ခေါက် စီအိုင်ဒီမှာ ကျွန်တော်တို့ကို စောစောကပြောတဲ့ သမီးလေးကို ဆရာမနှင်းနုနဲ့ မေးခိုင်းတဲ့နေ့ပေါ့။ အဲဒီနေ့ ညနေပိုင်းမှာ စီအိုင်ဒီက တာဝန်ရှိတဲ့သူတွေက ကျွန်တော်တို့ကို အဲဒီကျောင်းကို ခေါ်သွားတယ်ဗျ။ ခေါ်သွားပြီးတော့ အခန်းတွေ လိုက်ပြတယ်။ အပေါ်ထပ်မှာ လူနေတဲ့ အခန်းတွေရယ်။ နောက်ဖေးမှာ အခန်းတွေရယ် လိုက်ပြတယ်။ လိုက်ပြတော့ ကျောင်းက တာဝန်ရှိသူတွေနဲ့ တစ်ခေါက် တွေ့တယ်။ ခုနက ပြောသလိုမျိုး တောင်းပန်တာတို့ ဘာမှတော့မရှိပါဘူး။ လူချင်းတွေ့တာ အဲဒီ နှစ်ကြိမ်ပဲရှိတယ်။ ကျန်တဲ့ဟာတော့ မရှိပါဘူး။

ဘီဘီစီ။ ။ အခင်းဖြစ်တယ်လို့ ယူဆနိုင်စရာရှိတဲ့ အခန်းထဲကို လိုက်ပြတဲ့အချိန်မှာရော သူတို့ တစ်ခုခုရှင်းပြ သလား၊ ဒီနေရာမှာတော့ ဆရာမရှိတယ်၊ ဒီနေရာမှာတော့ ကလေးအိပ်တယ် စသဖြင့် သူတို့က ဘယ်လိုရှင်းပြလဲ။

ဖခင်။ ။ ကွန်တော်လည်း မသိဘူးဗျ၊ ဘယ်လိုသဘောနဲ့ ခေါ်သွားလဲ မသိဘူး။ စီအိုင်ဒီက တာဝန်ရှိတဲ့သူက။ ကျွန်တော် သိပြီးသားဆိုလည်း ခေါ်သွားတယ်။ ပိုသိရတာဆိုပြီး ခေါ်သွားတာပေါ့။ သူတို့စိတ်ထဲမှာ ဘာအစီအစဉ်ရှိလဲ မသိဘူးပေါ့။ အပေါ်ထပ်တော့ မရောက်ဖူးဘူး။ အဲဒါ ဟုတ်ပါတယ်။ အပေါ်ထပ်တွေဘာတွေ လိုက်ပြတယ်။ အပေါ်ထပ်မှာ ဆရာမ အပျိုတွေ နေတာ။ နောက်ဖေးခန်းမှာ၊ အိမ်သာ၊ ရေချိုးခန်း၊ အဲဒီမျက်နှာချင်းဆိုင်မှာ အခန်းလွတ်ပေါ့။ဘေးမှာ ဖော်ရိန်နာ သားအမိနှစ်ယောက် နေနေကြတယ်။ အမျိုးသမီးပါပဲ။ အဲဒါတွေ လိုက်ပြတယ်။

ဘီဘီစီ။ ။ အဲဒီအချိန်မှာရော ပထမဆုံး ၁၇ ရက်တွေ့ခဲ့တာနဲ့ ကွာခြားချက်တွေ ရှိနေလား။

ဖခင်။ ။ ၁၇ ရက်တွေ့ခဲ့တာတော့။ ကြီးကြီးမားမားတော့ မရှိဘူးဗျ။ ကွဲခြားချက် ရှိတယ်မရှိဘူး ပြောဖို့မလွယ်ဘူး။ ၁၇ ရက်နေ့က ပြာယာခတ်နေတဲ့ အချိန် ဒီအခန်းက ဘယ်လိုဘာညာ သေသေချာချာ မှတ်မထားဘူး။ ဓာတ်ပုံတွေ ဘာတွေ ရိုက်မထားဘူး။ ဒီလိုပဲ ကြည့်ခဲ့တာကိုး။ အကြမ်းဖျင်းအားဖြင့်တော့ တူပါတယ်။

ဘီဘီစီ။ ။ အဲဒီတော့ ကလေးရှိနေတယ်လို့ သူတို့က အာမခံတယ်ပေါ့လေ။ ကလေးက အိပ်နေတဲ့နေရာမှာ ရှိနေတယ်။ တစ်ချိန်လုံး ဘယ်နေရာမှာရှိတယ် အဲဒါမျိုးတွေ ပြောလား။

ဖခင်။ ။ အဲလိုမျိုး အာမခံတာတော့ မရှိဘူး။ အဲလိုတော့ မပြောဘူး။ အဲလို အာမခံတာ အင်တာဗျူးတွေ ပါလာမှသာ သိတာ။ ကိုပညာကတော့ စိတ်မကောင်းဘူး ဆိုတာတော့ ပြောပါတယ်။ ကလေးအတွက် စိတ်မကောင်းဘူးပေါ့။

ဘီဘီစီ။ ။ အဲတော့ ၁၇ ရက်မှာ ကလေးလည်း ပါလား။

ဖခင်။ ။ ပါတယ်။ ပါတယ်ဆိုတာ ကလေးက အမေရော ပါတာကိုး။

ဘီဘီစီ။ ။ ဆရာမ နှင်းနုရောပါလား။

ဖခင်။ ။ နှင်းနုလည်း ပါတယ်လေ။ နှင်းနုလည်း စီအိုင်ဒီမှာ မေးပြီးတော့ ခေါ်လာတာကိုး။

ဘီဘီစီ။ ။ အဲဒီအချိန်မှာရောက ကလေးက တစ်စုံတစ်ခု ထူးခြားမှု ပြတာရှိလား။ သူမှတ်မိတာမျိုး ပြတာရှိလား။ ဒီနေရာမှာ သူဖြစ်ခဲ့တာ အဲဒါမျိုး ပြတာရှိလား။

ဖခင်။ ။ မပြဘူး။ သမီးက သူဆော့တဲ့ အခန်းထဲပဲ တန်းဝင်သွားတယ်။ သူနေတဲ့ အခန်းထဲပဲ ဆော့ဖို့ ပြုဖို့ သွားတယ်။ ထူးခြားမှုတော့ မပြဘူး။ အဲမှာတောင်မှ တီချယ်နှင်းနုနဲ့ အတူတူ သွားပြီးတော့ စကားပြောနေသေးတယ်။ ကျွန်တော့် အမျိုးသမီးလက်ကနေ လွတ်သွားပြီးတော့ ကျွန်တော့် အမျိုးသမီး ကလည်း စိတ်ပူတော့ လိုက်သွားတာပေါ့။ တခြားမဟုတ်ပါဘူး။ ကလေးကို မာန်မှာ ပြုမှာစိုးလို့။ ဟန့်မှာစိုးလို့။ မေးတော့ အဲဒါ သူက ကလေးကို ပုံဆွဲတန်းဆော့ရအောင်လို့ ပြောနေတာတဲ့။ ကလေးကလည်း အဲဒီမှာ ငုတ်တုတ်လေးထိုင်နေတယ်။ အဲဒါနဲ့ ကလေးကိုဒီအတိုင်းပဲ ပြန်ခေါ်လာခဲ့တယ်။ ဘာမှ မပြောဘူး။ ကလေးကလည်း သူ့ခမျာလည်း ပြောရပေါင်းလည်း များနေပါပြီ။ ကျွန်တော်လည်း တော်ရုံတန်ရုံ မမေးချင်ပါဘူး။ သူ့အသိ ဉာဏ် လေးနဲ့သူ ဒီအတိုင်းပဲနေစေချင်တယ်.. ကျွန်တော်ကတော့။

ဘီဘီစီ။ ။ ဒီအခန်းသစ်ပြောင်းခဲ့တာလည်း မိဘကို အသိမပေးဘူး၊ အခန်းထဲမှာ စီစီတီဗီ မရှိတာလည်း မသိခဲ့ဘူး။ အခု ဒါ သိရပါပြီ။ အခန်းသစ်ကို လှမ်းမြင်ရတဲ့ စီစီတီဗီ ပြတ်တောက်တာကိုရော ကျောင်းဘက်က မိဘကို ဘယ်လိုရှင်းပြလဲ။

ဖခင်။ ။ ကျွန်တော်တို့နဲ့ သူတို့က တိုက်ရိုက်ကို စကား မပြောတော့တာလေ။ သူတို့က ရဲစခန်းက မေးတော့ ဟိုက ဒေါင်းလုတ်ဆွဲပေးတာ ရဲစခန်းက ယူလာတယ်။ ကျွန်တော်တို့ လေ့လာချင်တယ်ဆိုရင် အဲဒီမှာကြည့်။ ဒါပဲ တိုက်ရိုက်ကို စကားမပြောတော့တာ။ ဒါက ကျွန်တော်တို့ မေးရမယ့် အလုပ်မဟုတ်ဘူး။ ရဲစခန်းရဲ့ မေးရမယ့် အလုပ်။ ဘာကြောင့် ဘယ်လို ပြတ်တယ်ဆိုတာ၊ ဒါ ရဲက စစ်ဆေးရမယ့် အလုပ်၊ ကျွန်တော်တို့က တိုက်ရိုက် စစ်ဆေးလို့ မရဘူးလေ။

ဘီဘီစီ။ ။ စီစီတီဗီကို ဘယ်လောက်အတိုင်းအတာအထိ ကြည့်ခဲ့ရလဲ။ ပြည့်ပြည်ဝဝ ကြည့်ခဲ့ရတယ်လို့ ပြောလို့ရလား။

ဖခင်။ ။ စီအိုင်ဒီရောက်တော့ သုံးကြိမ်လောက် ထပ်ပြတ်သေးတယ်။ အနည်းဆုံးအချိန်သည် ငါးမိနစ်လောက်ရှိတယ်။ နောက်ဆုံး စီအိုင်ဒီကို ကျွန်တော့်ကို ခေါ်တဲ့နေ့က အခြေအနေပေါ့။ အဲဒီနောက်ပိုင်းတော့ ထပ်ရချင်ရမယ်။ ကျွန်တော်နောက်ဆုံးသိရတဲ့ အခြေအနေက အဲဒါပဲ သုံးကြိမ် ပြတ်သေးတယ်။

ဘီဘီစီ။ ။ သတင်းစာရှင်းလင်းပွဲမှာတော့ စီစီတီဗီ ပြန်ရတယ်ဆိုတော့ သဘောမျိုးနားလည်လိုက်တယ်။ အဲဒါကို မိသားစုကို ထပ်ခေါ်ပြတာမျိုး ရှိလား။

ဖခင်။ ။ ခေါ်ပြတာ မရှိတော့ဘူး။ ကျွန်တော်တို့ကို ခေါ်ပြတယ်ဆိုတာလည်း ထွက်ဆိုချက် ယူစရာရှိရင်း ကြုံလို့ ခေါ်ပြတာ။ တကူးတကတော့ ခေါ်ပြတာမဟုတ်ဘူး။

ဘီဘီစီ။ ။ အမှုစဖြစ်ကတည်းက အမှုဖွင့်တာ အပြင် သက်ဆိုင်ရာ အုပ်ချုပ်ရေးဘက်က အဆင့်ဆင့် လှမ်းပြီး အကြောင်းကြားတာ၊ အသိပေးတာ၊ အကူအညီတောင်းခံတာမျိုးတွေ ဘာတွေလုပ်ဖူးပါလဲ။

ဖခင်။ ။ နိုင်ငံတော်သမ္မတကြီးတို့၊ လွှတ်တော်ထဲက အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီတို့ နောက်ဝန်ကြီးဌာနတွေတို့ တချို့ကို အသနားခံစာ သဘောမျိုး၊ တိုင်စာ သဘောမျိုး ပို့ဖူးပါတယ်။ တချို့ဌာနတွေတော့ ပြန်ကျလာပါတယ်။ ဒီအမှုကိုစောင့်ကြည့်ပြီးတော့ ဆောင်ရွက် နေတယ်။ တရားဥပဒေနဲ့ အညီဖြစ်အောင် စောင့်ကြည့်နေတဲ့ အကြောင်းပေါ့။ အဲလိုမျိုးစာတွေ ရောက်လာပါတယ်။

ဘီဘီစီ။ ။ အဲဒီမှာ လူ့အခွင့်အရေး ကော်မရှင်တို့၊ အဂတိ တိုက်ဖျက်ရေး တို့ရောပါလား။

ဖခင်။ ။ ပါတယ်ခင်ဗျ။ အဂတိ တိုက်ဖျက်ရေးကတော့ အခုချိန်ထိတော့ ပြန်စာ မလာသေးဘူး။

ဘီဘီစီ။ ။ လူ့အခွင့်အရေး ကော်မရှင်ကရော အကြောင်းပြန်ကြားတာ ရှိလား။

ဖခင်။ ။ ရှိပါတယ်။ လူ့အခွင့်အရေး ကော်မရှင်က ကျွန်တော်တို့ ရေးတဲ့ စာပေါ်မူတည်ပြီး သက်ဆိုင်ရာ ဌာနတွေကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုတဲ့ အကြောင်း အကြောင်းပြန်ထားပါတယ်။

ဘီဘီစီ။ ။ သမ္မတကြီးကို အဆင့်အမြင့်ဆုံး အနေနဲ့တင်တဲ့အခါ သမ္မတကြီးက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးတာမျိုးရော ဘာရှိလဲ။

ဖခင်။ ။ သမ္မတကြီးဘက်ကလည်း အဲလိုပေါ့လေ ဒီအမှုကို တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ကို လိုအပ်သလို ဆက်လက် စိစစ်ဆောင်ရွက်သွားမယ်လို့ အဲဒါမျိုး စာပြန်ရောက်လာတယ်။ ကျွန်တော်တို့ကိုလည်း နေပြည်တော်ကောင်စီမှာ ကျွန်တော်တို့ တိုင်တဲ့ တိုင်စာပေါ်မူတည်ပြီး ထွက်ဆိုချက် တောင်းပြီးတော့ အတည်ပြုတယ်။

ဘီဘီစီ။ ။ အဲဒါက သီးသန့် ကော်မတီ သဘောမျိုးခေါ်လိုက်တာလား။ ဘယ်လိုမျိုးခေါ်တာလဲ။

ဖခင်။ ။ တခြားဌာနတွေလည်းပါတယ်။ ကျွန်တော်တို့ မိသားစုကိုခေါ်ပြီး ထွက်ဆိုချက် ယူတယ်။ တိုင်စာကို အတည်ပြုတဲ့ သဘောပါပဲ။ ပြန်တင်ပေးရမယ်ပြောတယ်။ သူတို့ အဖွဲ့အစည်းသည် အမှုလိုက်တာမဟုတ်ဘူး။ စီအိုင်ဒီက လိုက်လိမ့်မယ်။ သူတို့က စိစစ်ပြီးတော့ ပြန်တင်ပေးမယ်ပြောတယ်။

ဘီဘီစီ။ ။ အဲဒါက အထူးကော်မတီလို ဖွဲ့ပေးလိုက်တာလား။ ဘယ်လို နားလည်လိုက်လဲဗျ။

ဖခင်။ ။ အသေးစိတ်တော့ မသိဘူး။ ၁၄ ရက်၊ ၆ လ အဲဒီနေ့က ခေါ်ပြီးတော့ နေပြည်တော် တိုင်းကြီးကြပ်ရေးမှူးရုံးမှာ ခေါ်ပြီးတော့ ကျွန်တော်တို့ မိသားစုနဲ့ တခြား ဌာနဆိုင်ရာ ဝန်ထမ်းတွေ အကုန်ပါတယ်။ ဒီဟာကို ခေါ်မေးတယ်။ မေးပြီးတော့ ကျွန်တော်တို့ ထွက်ဆိုချက်တွေ ပြန်ပေးရတယ်။ အဲဒါတွေ သူတို့ ပြန်တင်ပေးရတယ်။ သမ္မတဆီကို။

ဘီဘီစီ။ ။ အဲဒါပြီးတော့ သူတို့ဘက်က အရေးယူ ဆောင်ရွက်မှုမျိုး၊ ဆက်သွယ်လာမှုမျိုး ဘာများရှိလဲ။

ဖခင်။ ။ အဲလိုတော့ မရှိပါဘူး။

ဘီဘီစီ။ ။ ဒီအမှု အမှန်အတိုင်းဖြစ်မယ်လို့ မိဘတစ်ယောက်အနေနဲ့ ယုံကြည်ထားလား။ ဘယ်လောက်ယုံကြည်မှု ရှိလဲ။

ဖခင်။ ။ အမှုဆိုတာထက် ကျွန်တော့်သမီးလေးအတွက် အမှန်တရားသည် ပေါ်လာမယ်လို့တော့ ယုံကြည်တယ်။ အဲဒီယုံကြည်မှုကို ကျွန်တော်ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။ ဘယ်လောက်ကြာကြာ။ ဘာဖြစ်လို့လဲဆိုတော့လေ၊ ဒီကလေးငယ်လေး အပေါ် ကျူးလွန်သွားတယ် ဆိုတဲ့ပြစ်မှုကလေ၊ ကလေးငယ်လေး ဆိုတာ အင်မတန်ဖြူစင်ပါတယ်။ အမှန်တရားဆိုတာ မနေဘူးလိုပတော့ ယုံကြည်ပါတယ်။ ဒီတော့ ဘယ်လောက်ပဲ လိမ်လိမ် ဘယ်လောက်ပဲ ကွေ့ကွေ့ပတ်ပတ် တစ်ချိန်ချိန်တော့ အမှန်တရားဆိုတာ ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

ဘီဘီစီ။ ။ အဲဒီအတွက်ဆိုရင် လက်ရှိရှိနေတာတွေ အပြင် အထောက်အထားအသစ်တွေ ရလာဖို့ရော ဆက်ပြီး မျှော်လင့်ထားသေးလား။

ဖခင်။ ။ အရမ်းကြီး မျှော်လင့်တော့ မမျှော်လင့်ချင်ဘူး။ အဲဒါကြီးကတော့။ တရားကို နတ်စောင့်တယ် ဆိုတာမျိုးပေါ့၊ တစ်ခုခုတော့ ဖြစ်လာမှာပေါ့။ အရမ်းကြီးတော့ တိတိကျကျ ချက်နဲ့လက်နဲ့ မျှော်လင့်စရာတော့ ကျွန်တော့်အနေနဲ့ သိပ်တော့မရှိဘူး။ အခုအချိန်အထိ ကြာနေတာကိုက မဟုတ်တာလေ။

ဘီဘီစီ။ ။ ဒီအမှုကို အစအဆုံးသိနေတဲ့ ဖခင်တစ်ယောက်အနေနဲ့ မကျေလည်တဲ့ မေးခွန်းတွေရှိလား။

ဖခင်။ ။ မကျေလည်တဲ့ မေးခွန်းဆိုတာ သမီးလေးအမှုက ရိုးရိုးလေးနဲ့ ရှုပ်နေတာလေ။ ရှုပ်နေတယ်ဆိုတဲ့ စကားအရတော့ မရိုးသားမှု ပါနေလို့ပေါ့။ ပြောကြမယ်ဆိုရင် လူ ၁၀ ယောက်၊ နေရာ ၃ နေရာပဲ ရှိတာ။ အဲဒီ လူ ၁၀ ယောက်က ကျူးလွန်တယ်လို့ ပြောတာမဟုတ်ဘူး။ လူ ၁၀ ယောက်သည် အနီးစပ်ဆုံး သိရမယ်။ မသိလို့ မရဘူး။ သမီးလေးက သေသွားတာမှ မဟုတ်တာ။ ကျူးလွန်တဲ့သူက ခေါ်သွားပြီးတော့ သတ်ပစ်လိုက်ရင်တော့ မသိဘူးပေါ့။ သမီးလေးက ပြန်လာတာပဲ။ ဆိုတဲ့အခါကျတော့ ဒီ ဖြစ်စဉ်ကြီး ဖြစ်တာကို အနီးကပ်ဆုံး လူတစ်ယောက်ယောက်တော့ သိရမယ်။ မသိဘူးဆို လိမ်တာ။ မသိဘူး မသိဘူး မသိဘူး မသိဘူး မဖြေဘူး မသိဘူး ဖြစ်နေတာကိုက မဟုတ်သေးတာ။ ကျွန်တော်တော့ အဲလိုပဲ ယူဆတယ်။

ဘီဘီစီ။ ။ ဒီအမှုမှာ ရှုပ်ထွေးတဲ့ ထဲမှာ စီစီတီဗီ ကိစ္စရယ်၊ နောက်တစ်ခု ဒီအန်အေ ကိစ္စရယ် အဲဒီအပေါ်မှာရော မိဘ အနေနဲ့ ဘယ်လိုမေးခွန်းတွေ ထွက်လာလဲ။

ဖခင်။ ။ စီစီတီဗီကတော့ ထားတော့။ ကျွန်တော်တို့လည်း စီစီတီဗီ ဆိုတဲ့ သဘောတော့ လက်လှမ်းမီသေးတယ်။ ဒါက လုံခြုံရေး ကင်မရာပေါ့။ လုံခြုံရေး ကင်မရာဆိုတာ လုံခြုံရေးအတွက် တပ်ထားတဲ့ ကင်မရာ။ ထူးခြားမှု ပြန်ကြည့်လို့ရတဲ့ ကင်မရာ။ ဒီအန်အေ။ ဒီအန်အေကိစ္စက ကျွန်တော်တို့က အကျွမ်းတဝင်ရှိတာ မဟုတ်ဘူး။ သူတို့တွေ့တယ် ပြောလည်း တွေ့တယ်ပေ့ါ။ မတွေ့ဘူးပြောလည်း မတွေ့ဘူး။ ပြစမ်းပါဦး ဘယ်နားတွေ့တယ် ယူကြည့်လို့ရတဲ့ဟာမျိုး မဟုတ်ဘူးလေ။ အဲတော့ ကျွန်တော်တို့ ဘာမှ မပြောနိုင်ဘူး။

ဘီဘီစီ။ ။ စိတ်ထဲမှာ ရှင်းလင်းဖို့ ဆိုရင်ရော မိဘတစ်ယောက်အနေနဲ့ သိရမယ့်တာဝန် ဒီအန်အေက အခိုင်မာဆုံး သက်သေလို့ ပြောလို့မရနိုင်ဘူးလားဗျ။

ဖခင်။ ။ ဒါတွေက ဒီအန်အေတို့ စီစီတီဗီတို့ ဆိုတာ ဒါတွေက အထောက်အကူပြုပေါ့။ အားကောင်းလာအောင် အထောက်အကူပြုလို့ရတာပဲရှိတယ်။ ဒါကြီးကို သေသေချာချာကြီး ဒါကြီးတစ်ခုနဲ့ ဒါလို့ ပြောလို့မရဘူးလို့ ကျွန်တော်ထင်တယ်။ ဒီဟာက ဘေးနားကနေ အထောက်အကူပြုတဲ့ ပစ္စည်းပေါ့။ သက်သေတစ်ခုပေါ့။ အဲလိုပဲ ။ ဒါဘယ်လောက်ထိ အားကောင်းလဲ၊ ဘယ်လောက်ထိတွေ့လဲ၊ ဘယ်လောက်ထိ ရလဲ ဆိုတာတော့ ပညာရှင်တွေပဲ နားလည်မှာပေါ့။

ဘီဘီစီ။ ။ ဒီအန်အေစစ်တာ အစ်ကိုတို့ဘက်မှာ ဘယ်သူတွေ ရှိလဲ။

ဖခင်။ ။ ကျွန်တော်သိသလောက် ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးကို ခေါ်စစ်တဲ့နေ့ကတော့ ကျွန်တော်တို့ တိုက်အောက်က ကောင်လေးတစ်ယောက်ကို စစ်တယ်။ တခြားလူတွေတော့ စစ်မစစ်တော့ မသိဘူး။ စစ်တော့စစ်မှာပဲ။ ဘာလို့လဲဆိုတော့ အဲဒီကောင်လေးကလည်း ငယ်လည်းငယ်တာကိုး။ ဆယ်တန်းဆိုတော့။ ကျန်တဲ့သူတွေကတော့ ရုံးဝန်ထမ်းတွေဆိုတော့ မနက်သွား၊ ညနေပြန်တာပေါ့။ ကိုယ့်အိမ်ကိုယ်ပြန်ရောက် တံခါးပိတ်နေကြနေတဲ့သူတွေ ဆိုတော့ သူတို့တော့ ခေါ်မေးတာ မြန်းတာ ရှိမယ်ထင်တယ်။ စစ်မစစ်တော့ သိပ်မသိဘူး။

ဘီဘီစီ။ ။ အဲဒါကို တိုက်ပြီးစစ်မယ်ဆိုရင် သူတို့ဆီမှာ အထောက်အထားတွေ၊ သတင်းစာရှင်းလင်းပွဲမှာ အဲဒီကိစ္စ မရှင်းလင်းလိုက်ဘူးပေါ့လေ။ သူတို့ဘက်မှာ တိုက်စစ်စရာရော ခိုင်ခိုင်မာမာ ရှိတယ်လို့ မိဘတွေကို ပြောထားတာရှိလား။

ဖခင်။ ။ ကျွန်တော်တို့တော့ တရားဝင်ပြောထားတာမရှိဘူး။ သူတို့မှာ တစ်ခုခု ရှိလို့နေမှာပေါ့။

ဘီဘီစီ။ ။ အဲတော့ တစ်ခုခုရှိလို့သာ ကျန်တဲ့သူတွေကို ဒီအန်အေ လိုက်ယူတယ်ပေါ့လေ။အဲလို မိဘကနားလည်တယ်ပေါ့။

ဖခင်။ ။ အဲလို အကြမ်းဖျင်းယူဆလို့ရတယ်။ ကျွန်တော်တို့ပါ ယူသွားတာကိုး။

ဘီဘီစီ။ ။ အဲတော့ ဒီအန်အေ တူတဲ့ လူ ရှိတယ်၊ မရှိဘူး အကြောင်းကြာတာမျိုး၊ ဥပမာ စွပ်စွဲခံရတဲ့သူတွေထဲကပေါ့လေ။

ဖခင်။ ။ အဲလိုတော့ မရှိဘူး။ ဒါပေမဲ့ ဧရာဝတီမှာတော့ ဖတ်လိုက်ရတယ်။

ဘီဘီစီ။ ။ ဒီအန်အေကို ဘောင်းဘီကနေ တွေ့တယ်ဆိုတာမျိုး ပြောလား။

ဖခင်။ ။ မသိဘူးဗျ၊ တရားဝင်တော့ ဘာမှ မပြောဘူး၊ အဲလိုမျိုးမပြောဘူး။

ဘီဘီစီ။ ။ ကလေးရဲ့အနာဂတ်ကို မိဘအနေနဲ့ ဘာတွေ စဉ်းစားထားလဲ။ သူ့ဘဝ လုံခြုံစိတ်ချစွာ ဆက်သွားဖို့ ဆိုရင်။ ကလေးမိဘအနေနဲ့ ဘာတွေ တောင်းဆိုချင်လဲ။ ဘာတွေ ပြောချင်လဲ။

ဖခင်။ ။ ကလေးအနာဂတ်အတွက်ကတော့ အများကြီး လုပ်ရဦးမှာပေါ့။ လောလောဆယ်တော့ အဲဒါစဉ်းစားဖို့ထက်ကို အမှန်တရားကို ရှာတဲ့လမ်းမှာတင် မပြီးသေးဘူး ဖြစ်နေတာတွေ၊ အဲဒါတွေ ပြီးမှ သမီးအတွက်ကို အရိပ်မဲ မစွန်းအောင်၊ နောက်သမီးကို အရွယ်ရောက်တဲ့အချိန်ကျရင် သမီးကို strong ဖြစ်အောင် လုပ်ပေးရမယ်။ အခုတော့ အမှန်ကိုရှာရင်းနဲ့ အချိန်တွေကုန်ပြီးတော့။ နှစ်လလည်း ပြည့်သွားပြီ။

ဘီဘီစီ။ ။ လက်ရှိအလုပ်ပေါ့။ နှစ်ယောက်လုံးက အလုပ်လုပ်နေရတဲ့ သူတွေဆိုလည်း ဒီနှစ်လကို ဘယ်လို ဖြတ်ကျော်ခဲ့လဲ။

ဖခင်။ ။ နှစ်ယောက်စလုံးက လစာမဲ့ ခွင့်တင်ထားတယ်ဗျာ။ ဖြတ်သန်းတာကတော့ ဒီလိုပါပဲဗျာ။ ဒီအမှန်တရား ရှာမတွေ့မချင်း အလုပ်လည်း ဝင်ဖြစ်မှာ မဟုတ်သေးဘူး။ ကျွန်တော်က ဒီကိစ္စကို အမှန်တရားရှာတွေ့ပြီဆိုတာနဲ့ လုံးလုံးမေ့လိုက်ရတော့မှာ။ မေ့ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း လိမ်ရမယ်။ ကလေးကိုလည်း ဒါကို မေ့ဖျောက်နိုင်အောင်၊ ကလေးအပေါ်ကို တတ်နိုင်သလောက် နည်းနိုင်သမျှ အနည်းဆုံး ကြိုးစားမယ်၊ သက်ရောက်မှု၊ အများကြီး ပြန်ကြိုးစားရဦးမယ်။ ဒါပေမယ့် အဲဒါတွေ မရောက်ခင် ကြားထဲမှာကို အမှန်တရားအတွက်ကို ရှာတာ နှစ်လ ကျော်သွားပြီ။ ခုနပြောသလိုပေါ့၊ ကျွန်တော်တို့ အုန်းလက်မြင်းနဲ့ စီးနေရသလိုပါပဲ။