သခင်ကိုယ်တော်မှိုင်း၊ တို့ဗမာအစည်းအရုံးနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု ခေါင်းဆောင်

burma ဓာတ်ပုံ မူပိုင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း
Image caption ကိုယ်တော်မှိုင်း စျာပန ရွှေတိဂုံရှေ့ ရောက်ချိန်

အဘိုးဆုံးချိန်က အိမ်ကို နို့လာပို့နေကျ အိန္ဒိယ အမျိုးသားကြီးလည်း ချုံးပွဲချ ငိုတယ်၊ တရုတ်မုန့်သည်ကြီးလည်း ငိုတယ်လို့ သခင်ကိုယ်တော်မှိုင်းရဲ့ မြေး ဒေါ်မြမြအေးက ပြောပါတယ်။

၁၉၆၄ ဇူလိုင်လ ၂၃ ရက်က အနိစ္စရောက်တဲ့ သခင်ကိုယ်တော်မှိုင်းကို မြန်မာပြည် လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ ရှေ့ဆောင် ခေါင်းဆောင်တယောက်အနေနဲ့ ပြည်သူတွေက လေးစားခဲ့ကြ လေးစားကြဆဲ ဖြစ်ပါတယ်။

ဒါကြောင့် သူကွယ်လွန်ချိန်မှာ ဒီအတိုင်း သင်္ဂြိုဟ်လိုက်ရင် မြေကြီးထဲမြုပ်သွားလိမ့်မယ် ဆိုပြီး ဂူဗိမာန်နဲ့ သေချာသင်္ဂြိုဟ်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဦးလေး သခင်ညီက ဆိုင်ရာကို မြေနေရာတောင်းပါလို့ အကြံပြုတဲ့ အတွက် ရွှေဂုံတိုင်ပန်းခြံမှာ ဂူဗိမာန်နဲ့ ထားရှိနိုင်တာပါ။

စာပေခေါင်းဆောင်

မြန်မာပြည်မှာ အမျိုးသားတွေ နာမည်ရှေ့က မစ္စတာတပ်တဲ့ ယဉ်ကျေးမှုကို ကလောင်နဲ့ ကလိခဲ့တဲ့ ကိုယ်တော်မှိုင်းကို ဦးလွန်း၊ ဆရာလွန်း စတဲ့ နာမည်တွေနဲ့လည်း သိကြပါတယ်။ ဋီကာဆောင်းပါးတွေ လေးချိုးကဗျာကြီးတွေနဲ့ မြန်မာစာပေဘက်ကနေ နိုင်ငံကို လှုံ့ဆော်ပေးခဲ့သလို တို့ဗမာအစည်းအရုံးမှာလည်း ခေါင်းဆောင်နာယကအနေနဲ့ တာဝန်ယူခဲ့ပါတယ်။

သီပေါမင်း ပါတော်မူတာကို ကြုံခဲ့ရတဲ့ ကိုယ်တော်မှိုင်းဟာ ငယ်စဉ်ကတည်းက စာပေနဲ့ အသက်မွေးခဲ့ပါတယ်။ ဦးပဏ္ဍိလေးဘဝနဲ့ သူရေးတဲ့စာ လက်သံပြောင်တဲ့အတွက် မြန်မာပြည်မှာ ပထမဆုံးလောက်ကျတဲ့ အသရေဖျက်မှုကို မော်လမြိုင်တိုင်းသတင်းစာပိုင်ရှင်တွေ ကြုံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း
Image caption ဂျပန်ခေတ် တပ်မတော်မင်္ဂလာဆောင်တခုမှာ ဗစိန်၊ မြ၊ သန်းထွန်း၊ ထွန်းအုပ် သခင်ဝန်ကြီးတွေနဲ့အတူ

ဇနီးရဲ့ ဆွေမျိုးတယောက်ပိုင်တဲ့ သူရိယတိုက်မှာ ဝင်လုပ်ရင်း နိုင်ငံရေး ဗဟိုချက်ထဲ ရောက်လာပါတယ်။ ဦးဥတ္တမ၊ ဦးဘဘေကနေ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နုတို့ခေတ်အထိ ကိုယ်တော်မှိုင်း ပတ်သက် ခဲ့ပါတယ်။

အချိုးအကွေ့များတဲ့ မြန်မာပြည် နိုင်ငံရေးမှာ ဆရာကြီးရယ်လို့ ကိုယ်တော်မှိုင်းကို အများက လေးစားကြတာဟာ လူအများစုဘက်ကနေတတ်လို့ ဖြစ်တယ်လို့ လူထုဒေါ်အမာ စတဲ့ သူ့အတ္ထုပ္ပတ္တိ ရေးသူ တွေက သုံးသပ်ကြပါတယ်။

ကိုယ်တော်မှိုင်းဟာ နိုင်ငံရေးမှာ လာပင့်တဲ့သူရှိရင် ဘုမသိဘမသိ လိုက်သွားတတ်သူလို့ ဇဝနလို ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။ သူ့ကို အသုံးချသူတွေရှိတယ်လို့ ဝေဖန်နေကြတာကို သိကြောင်း၊ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အသုံးချရင် ချကြပါစေလို့ ဒဂုန်တာရာကို ကိုယ်တော်မှိုင်းက ဖွင့်ဟခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် ဒေါ်စန်းမြင့် လူထုလက်ရုံး ရေနံချောင်း
Image caption ကိုယ်တော်မှိုင်းကို ရေနံချောင်းမှာ ကြိုတဲ့သူတွေ

သူ့ဘဝမှာ နိုင်ငံလွတ်လပ်ရေး ရတဲ့အထိ ကြိုးပမ်းခဲ့ပြီးမှ ပြည်တွင်းစစ်ဖြစ်တာကို ကြုံရတဲ့ ကိုယ်တော်မှိုင်းဟာ ငြိမ်းချမ်းရေး မရရင် တိုင်းပြည်အေးချမ်းမှာ မဟုတ်ဘူးဆိုပြီး ဆက်လက် ကြိုးပမ်း ခဲ့ပါတယ်။ အာဏာရ အစိုးရဘက်က သူ့ကို ခဲနဲ့ပေါက်တဲ့အထိ အတိုက်အခံပြုပေမယ့် ငြိမ်းချမ်းရေးကို ရဖို့ ဆက်ပြီး တိုက်တွန်းခဲ့ပါတယ်။

နောက်ဆုံး ၁၉၆၃ မှာ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရနဲ့ တောတွင်းအဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်တာကို သူ့ကို အသိမပေးဘဲ ဖုံးထားတဲ့ကြားက သိသွားတဲ့အတွက် ဘုန်းဘုန်းလဲသွားခဲ့တယ်လို့ မြေးဖြစ်သူ ဒေါ်မြမြအေးက ဆိုပါတယ်။ သေသွားတဲ့ထိ ငြိမ်းချမ်းရေးကို စိတ်စွဲသွားခဲ့တယ်လို့ ပြောပါတယ်။

မြေးကိုဖမ်းသွား

ဒီအချိန်မှာပဲ မြေးဖြစ်သူ တက္ကသိုလ်ကျောင်းသား မောင်တင်အောင်ကို ဆဲဗင်းဇူလိုင် နောက်ဆက် နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ အစိုးရက ဖမ်းသွားပြီး ထောင် ၇ နှစ်ချခဲ့ပါတယ်။ ကိုယ်တော်မှိုင်းက မြေးဖြစ်သူ ကို မတွေ့လို့ မေးတဲ့အခါ အိမ်ကလူတွေက ဖေဖေ အိပ်နေတုန်း လာသွားတယ် ဆိုပြီး ညာပေးရပါတယ်။

ပြန်လွတ်ဖို့အတွက် ဟိုလူဒီလူတွေကို တွေ့ဖို့ ဘေးက အကြံပေးကြပေမယ့် ကိုယ်တော်မှိုင်းရဲ့ သမက် စာရေးဆရာ ဇေယျနဲ့ ဇနီးတို့ နှစ်ယောက်လုံးက အကူအညီမတောင်းဘဲ သားဆီ ထောင်ဝင်စာ သွားတွေ့ ကြပါတယ်။ တကယ်က အဲဒီအချိန်မှာ ဇေယျဟာ ရွှေပြည်ဦးဘတင်၊ လူထုဦးလှတို့နဲ့အတူ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက ဖွဲ့တဲ့ ယဉ်ကျေးမှုကောင်စီဝင် ဖြစ်ပါတယ်။

နောက်ဆုံး ကိုယ်တော်မှိုင်း ကွယ်လွန်ချိန်မှာ ထောက်လှမ်းရေးက မြေးကို တည ခေါ်လာပြီး အလောင်းကို ကန်တော့ခွင့် ပေးပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption စျာပနကို ပန်းခြင်းနဲ့ ရောက်လာတဲ့ မန္တလေး စာရေးဆရာများ

မဆုံးခင် အိပ်ရာထဲ လဲနေစဉ်ကလည်း သခင် သခင်မတွေက ငါးတွေ ငှက်တွေလွှတ်ပြီး ကုသိုလ်ပြုကြပါတယ်။ မန္တလေးက တပည့် လူထုဒေါ်အမာကလည်း ပုဏ္ဏားဆရာကြီး ဦးရာမနဲ့ ဗေဒင်တွက်ချက် ကြည့်ပါတယ်။ ဇူလိုင် ၂၂ ရက်မှာ တွက်ကတည်းက သုညကြွင်းနေပြီ ဖြစ်တဲ့အတွက် သက်တမ်းကုန်နေပြီလို့ မိခင် ဒေါ်မြရီက ပြောခဲ့ဖူးကြောင်း ကိုယ်တော်မှိုင်းရဲ့ မြေးဖြစ်သူ ဒေါ်မြမြအေးက ပြောပါတယ်။

နေမကောင်းစဉ်မှာ အနံ့အသက်မကောင်းတဲ့ ရပ်ကွက်ထဲမှာထက် အနေအထိုင် သက်သာအောင် တပည့် ဒေါက်တာဆင်ဖိုးက ဝင်ဒါမီယာက အိမ်ကို ခေါ်သွားမယ် လုပ်တော့လည်း ကိုယ်တော်မှိုင်းက ငြင်းပါတယ်။ ငါ့ရပ်ကွက်ပဲ ငါပြန်မယ်၊ ငါ့လူတွေနဲ့ပဲ ငါပေါင်းမယ်လို့ ဆိုတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption အနိစ္စရောက်ချိန်မှာ သတင်းစာမျက်နှာဖုံးက ဖော်ပြကြ

စမ်းချောင်းမှာ ခေါင်းချသွားတဲ့ ကိုယ်တော်မှိုင်းက သူနေတဲ့ ချမ်းသာလမ်းမှာ ပဲပြုတ်သည်တွေပဲ ရှိတယ်လို့ အရွှန်းဖောက်လေ့ ရှိပါတယ်။ ရပ်ကွက်ကလည်း သူ့ကို လေးစားတဲ့အတွက် ရပ်ကွက်ထဲက သူ့သြဝါဒယူတဲ့ လူငယ် အများအပြား နိုင်ငံရေးသမားတွေ ဖြစ်လာကြတယ်လို့ သိရပါတယ်။

တိရစ္ဆာန်တွေကို ချစ်တဲ့မှိုင်း

အဘိုးရှိစဉ်က မြေးတွေကို အင်္ဂလိပ်စာ သင်ဖို့ အားပေးပေမယ့် အင်္ဂလိပ်နာမည်နဲ့ ကျောင်းထားမှာကိုတော့ ခွင့်မပြုခဲ့ဘူးလို့ ဒေါ်မြမြအေးက ဆိုပါတယ်။ ဒါကြောင့် သူတို့ မောင်နှမသုံးယောက်စလုံးကို မြန်မာနာမည်နဲ့ပဲ အင်္ဂလိပ်လို သင်တဲ့ကျောင်းတွေမှာ ထားခဲ့ရပါတယ်။

အဘိုးက အင်္ဂလိပ်လို မပြောပေမယ့် နားလည်တဲ့သူ ဖြစ်တယ်လို့လည်း ဒေါ်မြမြအေးက ပြောပါတယ်။ အင်္ဂလိပ်စာကို ဖတ်ကြ၊ သူတို့က တိုးတက်တယ်လို့ မြေးတွေကို သင်ကြား ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဘိုးက မြေးတွေကို ဘုန်းကြီးစာ ပါဠိစာတွေ သင်ပေးတယ်လို့လည်း ပြောပါတယ်။

တခြားမြေးတွေကို ခင်စောနန်း၊ စောဥမ္မာ၊ စောယွန်းစတဲ့ နာမည်လှတာတွေ အဘိုးက ပေးပေမယ့် သူ့ကိုတော့ ညိုညိုဝဝလေးမို့ ဘုတ်ဆိုတဲ့ နာမည် ပေးခဲ့တယ်လို့လည်း ဒေါ်မြမြအေးက ပြောပါတယ်။

မြေးမကြိုက်မှာ စိုးလို့ ဒီနာမည်ဟာ ကြီးလာရင် အဘိုးရဲ့ အကျိုးကို ဆောင်ရွက်မယ့် ဗုဒ်လို့ ပေးတာ ဖြစ်ကြောင်း၊ ဘုတ်မဟုတ်ကြောင်း ကိုယ်တော်မှိုင်းက ရှင်းပြတယ်လို့လည်း ဆိုပါတယ်။

အဘိုးနဲ့ နေစဉ်က တိရစ္ဆာန်လေးတွေကို ကြင်နာသနားတတ်တဲ့အတွက် နှိပ်စက်တာကို မကြိုက်ဘူးလို့လည်း ဆိုပါတယ်။ အိမ်နားမှာလည်း ခွေးတွေ အကောင် ၃ဝ လောက် ရှိတဲ့အတွက် ခွေးတွေဆူတာ မကြိုက်လို့ ရိုက်ရင် အဘိုးက သူ့ကို ဆူတယ်လို့ ပြောပါတယ်။ ခွေးကိုရန်မူ ရိုက်တဲ့သူ၊ ရိုက်သူလည်းခွေး၊ ခွေးလည်းခွေး လို့ ဆုံးမတယ်လို့ ပြောပါတယ်။

ကွမ်းကြိုက်တဲ့ အဘိုးအတွက် မြေးတွေက ကွမ်းထောင်းပေးရတယ်လို့လည်း ဆိုပါတယ်။ ငယ်ငယ်နဲ့ မုဆိုးဖို ဖြစ်တဲ့ ကိုယ်တော်မှိုင်းဟာ ကလေးတွေကို မိထွေး နှိပ်စက်မှာ စိုးလို့ နောက်အိမ်ထောင် မပြုခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption ကိုယ်တော်မှိုင်း ခေါင်းချသွားတဲ့ ချမ်းသာလမ်းအိမ် နာဂစ်မှာ ပျက်စီး

အဘိုးသွန်သင်ခဲ့တဲ့အတိုင်း မြေးတွေ စိတ်ကြီးမဝင်ဘဲ လူသာမန်တွေလို နေကြတယ်လို့လည်း ဆိုပါတယ်။ ဆင်းရဲချမ်းသာမရွေး လူမျိုးစုံနဲ့ ပေါင်းသင်းတတ်ကြတယ်လို့လည်း သိရပါတယ်။ လူမှာ စိတ်ဓာတ်နဲ့ ခံယူချက် ကောင်းဖို့ အရေးကြီးတယ်လို့လည်း ဒေါ်မြမြအေးက ပြောပါတယ်။

ကိုယ်တော်မှိုင်းလိုပဲ သမက်ဖြစ်သူ ဇေယျဟာလည်း ပြန်ကြားရေး ဌာနမှာ ညွှန်ကြားရေးဝန် ဖြစ်ခဲ့ပေမယ့် စာရေးဆရာ တယောက်လိုပဲ နှိမ့်နှိမ့်ချချ နေသွားခဲ့သူ ဖြစ်ပါတယ်။

စာအုပ်တွေ ထုတ်ခွင့်မရခဲ့

ကိုယ်တော်မှိုင်း မရှိတဲ့နောက် သူ့စာအုပ်တွေမှာ နိုင်ငံရေးတွေပါတဲ့အတွက် ပြန်ထုတ်ခွင့် ခက်ခဲတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ၁၉၇၆ မှာ သူ့ရာပြည့်အထိမ်းအမှတ် တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြ ခဲ့ကြပါတယ်။ ၁၉၈၈ အရေးအခင်း ဖြစ်ချိန်မှာတော့ ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်း ရိုင်းခဲ့ရခဲ့ပြီ အဘိုးရေ ဆိုပြီး ကျောင်းသားသီချင်းတပုဒ် ထွက်လာခဲ့ပါတယ်။

၁၉၉၆ ခုနှစ်က ထုတ်တဲ့ စာပေဂျာနယ် မှာ သူ့ပုံနဲ့ မျက်နှာဖုံး တင်ထုတ်လို့ မရခဲ့ပါဘူး။

သူ့မွေးနေ့၊ ကွယ်လွန်တဲ့နေ့တွေမှာ ပြုလုပ်တဲ့ အခမ်းအနားတွေကိုလည်း စောင့်ကြည့်တာတွေ ကြိုတင် ခွင့်တောင်းရတာတွေ ရှိခဲ့ပါတယ်။ တချိန်က ဒီအခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည် စတဲ့ ထိပ်တန်း နိုင်ငံရေးသမားတွေ တက်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Myawaddy
Image caption ကိုယ်တော်မှိုင်းသမက် ဆရာဇေယျ

အသက် ၈၉ နှစ်မှာ ကိုယ်တော်မှိုင်း ကွယ်လွန်ချိန်မှာ အိမ်နားနီးချင်း မြန်မာ့အသံ ဦးကျော်မင်းက ၇ နာရီ သတင်းမှာ ပါအောင် လွှင့်ပေးတဲ့အတွက် နိုင်ငံက ချက်ချင်းသိသွားခဲ့ပါတယ်။

ကုလသမဂ္ဂ ဦးသန့်ကအစ နယ်စုံက လာကန်တော့ကြတဲ့ စျာပနမှာ ရှေ့ဆုံးက ဂူသွင်းပြီးတဲ့အထိ စမ်းချောင်းက လူတွေ လိုက်ပို့လို့မပြီးတဲ့ လူတန်းကြီး ရှည်တာကိုလည်း ကြုံခဲ့ရပါတယ်။

သူနဲ့ ရင်းနှီးတဲ့ စုဘုရားလတ်ဂူ အနားမှာပဲ ကိုယ်တော်မှိုင်းကို မြှုပ်နှံခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ခုချိန်ထိ သူ့နာမည်နဲ့ လမ်း၊ ကြေးရုပ် ရယ်လို့ ထင်ထင်ရှားရှား မရှိပေမယ့် အနှစ် ၉ဝ၊ ၁ဝဝ ကျော်က ကိုယ်တော်မှိုင်းရဲ့ စာချိုးတွေကို နိုင်ငံရေး လောကမှာ သုံးစွဲနေကြတာကို တွေ့ရပါတယ်။

သူနဲ့အတူ လွတ်လပ်ရေးတိုက်ယူခဲ့ကြတဲ့ ဖဆပလတွေ အစိုးရလုပ်ချိန်မှာ သူ့ကို ဒေါက်တာဘွဲ့ မပေးပေမယ့် အရှေ့ဂျာမနီက ပေးခဲ့သလို ဆိုဗီယက်ကလည်း ငြိမ်းချမ်းရေး စတာလင်ဆု ပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ကိုယ်တော်မှိုင်းနဲ့ ပြည်ပရောက် မြန်မာကိုယ်စားလှယ်များ